အပိုင်း ၇
Viewers 12k


Chapter 7



နောက်တစ်နေ့နံနက် အရုဏ်တက်ချိန်ထိတိုင်အောင် ဟွားရှောင်ဝူ လှုပ်ရှားနိုင်ချေ။ ထိုအရာအားလည်း မည်သူမျှ ကယ်တင်မပေးနိုင်ချေ။ ဟွားရှောင်ဝူမှာ ခိုးကြောင်ခိုးဝှက်ဖြင့် ပုန်းအောင်ရန်ပြင်နေသည့် ယင်ရှောင်ရှောင်းအား ရန်လိုစွာကြည့်လိုက်သည်။ ကံကောင်းသည်မှာ ယင်ရှောင်ရှောင်း၏ ယခုခန္ဓာကိုယ်မှာ သေးသွယ်ကာ လှုပ်ရှားရလွယ်ကူသဖြင့် ပုန်းအောင်းရန်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။ ယင်ရှောင်ရှောင်း သက်ပြင်းချလိုက်သည်။

“တပိုင်.. မြန်မြန်ထပြီး ငှက်ဥသွားရှာချေ..”

အပြင်ဘက်ရှိ ဟွားရှောင်ရှောင်း၏ လောဆော်ခြင်းခံလိုက်ရသည့် ယင်တပိုင်မှာ တစိုးတစိမျှပင် အတွန့်တက်ခြင်းမရှိဘဲ ငှက်ဥများရှာရန်ထွက်သွားလေသည်။

အချိန်အနည်းငယ် ကြာပြီးသည့်နောက်တွင် နေလုံး တဖြည်းဖြည်း မြင့်တက်လာသည်ကြောင့် ပိုမိုပူပြင်းလာသည်။ ယင်ရှောင်ယိ၊ ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ယင်ရှောင်စစ်တို့မှာ နေပူဆာလှုံရန်အတွက် ဂူထဲမှ ထွက်သွားကြသည်။ ဟွားရှောင်ဟွားမှာ ဟွားရှောင်ဝူအား ပါးစပ်မှာ ကိုက်ချီကာဖြင့် ဂူအပြင်သို့ ပစ်လိုက်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်းအား ဆွဲထုတ်ရန် ပြန်လာလေသည်။

“ယင်ရှောင်ရှောင်း.. အပြင်ထွက်ပြီး နေပူဆာလှုံချေ..”

ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်း ပုန်းအောင်းနေသည့်နေရာအား ရှာတွေ့ပြီးဖြစ်သည်။

ယင်ရှောင်ရှောင်း ခေါင်းဆန့်ကာဖြင့် ဂူဝင်ပေါက်အား ကြည့်လိုက်သည်။

ဟိုလီရှစ်!

အပြင်ဘက်ရှိနေရောင်မှာ အတော်လေး ပူပြင်းနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။

အဲလောက်တောင် ပူလောင်နေတာကို နေပူဆာလှုံရမယ်ပေါ့..

ယင်ရှောင်ရှောင်း ပြတ်ပြတ်သားသား နောက်ပြန်ဆုတ်လိုက်သည်။

“သားမသွားဘူး..”

ဟွားရှောင်ဟွားမှာ ချက်ချင်းဆိုသလို ယင်ရှောင်ရှောင်းအား ပါးစပ်ဖြင့် ကိုက်ချီလိုက်ပြီး ရုန်းကန်နေမှုအား လျစ်လျူရှုကာဖြင့် ဂူအပြင်ဘက်သို့ ခေါ်ဆောင်ကာ ဟွားရှောင်ဝူနံဘေးသို့ ပစ်လိုက်သည်။

“ရှောင်ရှောင်း.. ရှောင်ရှောင်းလေး.. ဒီကိုလာပြီး ကောကောကို အဖော်လုပ်ပေး..”

ယင်ရှောင်ရှောင်းမှာ သူ၏နံဘေး၌ လဲလျောင်းကာဖြင့် ရှိနေသည်ကြောင့် ဟွားရှောင်ဝူ အလွန်ပျော်ရွှင်နေမိသည်။

ယင်ရှောင်ရှောင်းမှာ ပစ်ပေါက်ခံရခြင်းကြောင့် မူးဝေကာဖြင့်ရှိနေပြီး ဟွားရှောင်ဝူပြောသည်အား ရှင်းရှင်းလင်းလင်း မကြားလိုက်ချေ။ အသိစိတ်ပြန်လည်လာသည့်အခါတွင် ပူလောင်နေသည်ကို ခံစားရပြီး သူ၏ ငွေရောင်ခန္ဓာကိုယ်မှာ ပန်းရောင်ဖျော့ဖျော့သို့ပင် ပြောင်းလဲနေလေပြီ။ ယင်ရှောင်ရှောင်း ခုန်ပေါက်ကာဖြင့် ပြန်လှည့်လိုက်ပြီး ဤမျှလောက်သော အပူချိန်အား မခံနိုင်သည်မှာ သိသာလှသည်။

ရလဒ်အနေဖြင့် ယင်ရှောင်ရှောင်းမှာ ဂူထဲသို့ ပြန်သွားပြီး ရှက်ရွံ့ကာ စိတ်ထိခိုက်နေလေသည်။

ဤအကြိမ်တွင်မူ ဟွားရှောင်ဟွား သူ့အား မတားတော့ချေ။ သို့သော်လည်း ဟွားရှောင်ဟွား၏ စိတ်ထဲ၌ အတော်လေး ထူးဆန်သည်ဟု ခံစားမိလေသည်။ မြွေများမှာ နေပူဆာလှုံခြင်းအား အလွန်သဘောကျသည့် သတ္တဝါများဖြစ်ကြသည်။ ရှောင်ရှောင်းမှာ မည်သည်ကြောင့် နေပူဆာလှုံရခြင်းအား မနှစ်သက်သည်ကို မသိရသေးချေ။

ဂူအတွင်းသို့ ပြန်လည်ရောက်ရှိသည့်အခါမှသာ ယင်ရှောင်ရှောင်း စိတ်သက်သာရာရတော့သည်။ သူ့အနေဖြင့် နေပူထဲ၌ တစ်မိနစ်ခန့် နေလိုက်မည်ဆိုလျှင် ချက်ပြုတ်ပြီးသား ဖြစ်သွားမည်ဟုပင် ခံစားနေရသည်။

ယင်ရှောင်ရှောင်းမှာ အပြင်ဘက်သို့ ကြည့်လိုက်ပြီး မသိစိတ်မှနေ ဂူ၏အတွင်းဘက် ပိုနက်သည်အထိ ဆုတ်လိုက်မိသည်။

အဲဒီအပြင်မှာ အပူချိန်က အနည်းဆုံး ၄၀ ဒီဂရီပဲနော်.. ဘယ်လိုလုပ်ပြီး အဲလောက်ပူနေတာလား..

ခေတ္တမျှစဉ်းစားကြည့်သည့်တိုင်အောင် နားမလည်လာနိုင်သေးသည်ကြောင့် ယင်ရှောင်ရှောင်း လက်လျော့လိုက်သည်။

ငါ့ခန္ဓာကိုယ်က မြွေဖြစ်လာတာကြောင့် များလား..

သူ၏ အသိဉာဏ်များမှာ ယခင်ကထက် ပိုမိုနည်းပါးလာသည်ဟု ခံစားနေရသည်ကြောင့် ယင်ရှောင်ရှောင်းမှာ ဝမ်းနည်းပူဆွေးနေတော့သည်။

ထိုပူဆွေးနေမှုကြီးမှာ အပူချိန်လျော့ကျပြီး ငှက်သိုက်တစ်ခုအား ဆွဲကာဖြင့် ယင်တပိုင် ပြန်မလာခင်အထိပင် ဖြစ်သည်။

ယင်ရှောင်ရှောင်းတို့အိမ်မှ အတော်လေးဝေးသည့်နေရာတွင်သာ ငှက်သိုက်များရှိနေခြင်းဖြစ်သည်ကြောင့် မြွေများ၏ မြန်ဆန်သည့် သွားလာမှုအရှိန်နှင့်ပင် ယင်တပိုင်ပြန်လာသည့်အချိန်၌ အတော်လေး နောက်ကျနေပြီဖြစ်သည်။ အကြောင်းအရင်းမှာ အတော်လေး ရိုးစင်းလှသည်။ ရာသီဥတု အတော်လေးကောင်းမွန်သည်ကြောင့် ယင်တပိုင်မှာ နေ့လယ်ခင်းတွင် နေပူဆာလှုံရင်း အိပ်ပျော်သွားခြင်းပင်။

ဤတစ်ကြိမ်တွင် ယင်တပိုင် ယူလာခဲ့သည့် ဥအရေအတွက်မှာ ဟွားရှောင်ဟွား ယူဆောင်လာခဲ့သည်ထက် များပြားသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုဥများမှာ တစ်ဒါဇင်ထက်ကျော်မည်ဟု ယင်ရှောင်ရှောင်း ခန့်မှန်းလိုက်သည်။ သူ့အနေဖြင့် ယင်တပိုင်မှာ ငှက်သိုက်အမြောက်အများအား ဖျက်ဆီးပစ်ခဲ့မည်ကို စိုးရိမ်ပူပန်နေမိသည်။

မိသားစုတစ်ခုလုံး သူ့အားဝိုင်းရံလာသည်ကိုကြည့်ရင်းဖြင့် ယင်ရှောင်ရှောင်းမှာ မျက်လုံးများပင်အောင့်လာသည်ဟု ခံစားရသည်။

မိသားစု၏ “မိခင်” နေရာ၌ရှိသူ ဟွားရှောင်‌ဟွားမှာ အတော်လေး မောက်မာကာ တည့်တိုးဆန်ပြီး ယင်တပိုင်အားလည်း နားပူနားဆာ လုပ်တတ်သည်။ သူ၏ အကျင့်စရိုက်မှာ မကောင်းဟု ဆိုရမည်။ ကလေးဆန်ကာ ရိုးစင်းသည့်အပြင် မြွေပေါက်လေးများအားလည်း ယဥ်ကျေးမှုမရှိချေ။ သို့သော်လည်း သူသည် “မိခင်”ကောင်း တစ်ကောင်ဖြစ်သည်မှာ သံသယဖြစ်ဖို့ရန်ပင် မလိုချေ။ သူ၏ နှလုံးသားထဲ၌ မြွေပေါက်လေးများအား အမှန်တကယ် ချစ်မြတ်နိုးပေသည်။

“ဖခင်” တာဝန်ထမ်းဆောင်ရသည့် ယင်တပိုင်မှာ စကားနည်းသူ ဖြစ်သော်ငြား ဟွားရှောင်ဟွားအား အလွန်အကျူး ချစ်မြတ်နိုးလေသည်။ ထို့အပြင် စိတ်ရှည်ကာ လိုက်လျောပေးတတ်သူလည်းဖြစ်သည်။ ကလေးများနှင့် အကန့်အသတ်ဖြင့်သာ ဆက်ဆံပြောဆိုသော်ငြား ဟွားရှောင်ဟွားနည်းတူ သူတို့အား ချစ်ခင်မြတ်နိုးလေသည်။

ယင်ရှောင်ယိမှာ စကားနည်းသူဖြစ်ပြီး ယင်တပိုင်နောက် ဒုတိယနေရာမှ လိုက်လေသည်။ သူသည် အစ်ကိုအကြီးဆုံးနေရာနှင့် အသင့်တော်ဆုံးဖြစ်သည်။ ညီငယ်လေးများအား သူ့နည်းသူ့ဟန်နှင့် ကာကွယ်စောင့်ရှောက်ပေးတတ်သည်။

ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့မှာပင် ဟွားရှောင်ဟွား၏နောက်တွင် အစဉ်လိုက်ရှိကြလေသည်။ သူတို့အားလုံးမှာ ကလေးဆန်ကာ ရိုးစင်းလှသည်။ တစ်ခါတစ်ရံတွင် အလွန်စကားများသော်လည်း အလွယ်တကူပင် စိတ်ကျေနပ်ပျော်ရွှင်တတ်သည်။ ဤကဲ့သို့သော အမူအကျင့်မှာ ပြင်ပကမ္ဘာ၌ မြွေတစ်ကောင်အား အလွယ်တကူ အနိုင်ကျင့်ခြင်းခံရမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သို့သော်လည်း ဤကမ္ဘာပေါ်ရှိ မြွေပွေးများအတွက်မူ ဤသဘာဝမှာ အမှန်တကယ်ကိုပင် ကျေနပ်ဖွယ်ရာဖြစ်သည်။

ယင်ရှောင်စစ်မှာမူ ဤမိသားစုတွင် ရင့်ကျက်မှုအရှိဆုံးဟု ဆိုရပေမည်။ ဤမိသားစုတွင် ရှိမနေသည့် အရေးပါသည့် ဗဟုသုတနှင့် အပြုအမူများကို ဖုံးကွယ်ထားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုအသိဉာဏ်များမှာ ဝန်တစ်ခုဖြစ်နေခြင်းကြောင့်ပင်။ သို့သော်လည်း သူ၏မိသားစုအား ချစ်မြတ်နိုးဆဲပင်။ ထို့အပြင် မိသားစု၏ ကလေးဆန်ဆန် မိုက်မဲမှုကြောင့် စိတ်အနှောင့်အယှက်မဖြစ်လိုခြင်း သို့တည်းမဟုတ် စိတ်ဒေါသထွက်လာမည်မှ ကာကွယ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ယခင်ဘဝမှ မှတ်ဉာဏ်များနှင့် မြွေတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာသည့် ယင်ရှောင်ရှောင်းထံတွင် ကိုယ်ပိုင်မိသားစုတစ်ခု ရှိလာပြီဖြစ်သည်။ မြွေရေခွံနှင့် မိသားစုတစ်ခုပင်။ မည်သို့ပင်ဖြစ်စေ ယခင်ဘဝတွင် မိသားစုအချစ်အား ကြုံတွေ့ဖူးခြင်းမရှိခဲ့ပေ။ သူအကြောက်ဆုံးသော မြွေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်တိုင်အောင် ဤမြွေများသည် သူ၏မိသားစု ဖြစ်လာခဲ့ပြီး သူ့အား ချစ်ခင်ကာ အလွန်အမင်း အလိုလိုက်ကြသည့်အတွက် ယင်ရှောင်ရှောင်းမှာ မြွေများအား ကြောက်ရွံ့ရမည့် အကြောင်းပြချက်အား ထပ်မံတွေးတောနိုင်ခြင်း မရှိတော့ချေ။

လိုရင်းအားပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်း မြွေများအား မကြောက်တော့ချေ။ ယင်ရှောင်ရှောင်းမှာ အမှန်တကယ်တွင် အထနှေးသူဟု ဆိုရမည်။ ယခုအခါတွင် သူ့အနေဖြင့် အဖြစ်မှန်များအား တည်ငြိမ်စွာပင် လက်သင့်ခံနိုင်သွားပေပြီ။ သူ့အနေဖြင့် မြွေတစ်ကောင်ဖြစ်လာပြီး အရာအားလုံးမှာ ခွေးသွေးဆန်လှသည်အား သိရှိကာစတွင်မူ မတည်ငြိမ်နိုင်ခဲ့ချေ။

ထိုထိုသော အကြောင်းများစွာကြောင့် ယင်ရှောင်ရှောင်း၏ မျက်လုံးများမှာ မျက်ရည်များပြည့်လာပြီး ရွှေပဲသီးလေးကြွေကျသလိုပင်။ ထို့နောက်တွင် သူ၏ အသည်းအူများအား ဖြတ်တောက်ခြင်းခံရသကဲ့သို့ ငိုကြွေးလေသည်။

(ရွှေပဲသီးလေးကြွေကျသလို = ကလေးများငိုသည့်အခါသုံးသည့် ဗန်းစကား)

ယင်တပိုင်မှာ ယင်ရှောင်ရှောင်းအား ရစ်ခွေထားခြင်းဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်း၏ မျက်ရည်များအား မြင်လိုက်ရသည့်အခါ ဟွားရှောင်ဟွားနှင့် မြွေပေါက်လေးများမှာ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုကြောင့် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်မိသည်။

ထို့နောက်တွင် ယင်ရှောင်ရှောင်းမှာ ပို၍ပင် ဆိုးဆိုးဝါးဝါး ငိုကြွေးလာသည်။ ပိုငိုလေလေ ပိုမိုနာကျင်လေလေဖြစ်သည်။

သူတို့က ငါငိုတာကို မြင်ရဲ့သားနဲ့ မျက်နှာတွေက ဘာဖြစ်နေကြတာလဲ..

ယင်ရှောင်ရှောင်းတွင် ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။

သူတို့က ငါ့ကို မချစ်ကြဘူးပဲ.. 😊

အဆုံးတွင် ယင်ရှောင်စစ်မှာ ကိုယ်စားလှယ်အနေနှင့် အရှေ့သို့တွန်းပို့ခြင်း ခံလိုက်ရသည်။ တိတ်တဆိတ်ဖြင့် ယင်ရှောင်ရှောင်းထံသို့ ရွေ့သွားလေသည်။ ထို့နောက်တွင် ခေတ္တမျှ တုံ့ဆိုင်းနေလိုက်သေးသည်။

“‌ရှောင်ရှောင်းရေ.. မင်းဘာလုပ်.. မင်းဘာလုပ်နေတာလဲဟင်..”

ယင်ရှောင်ရှောင်း လျစ်လျူရှုထားသည်။

ယင်တပိုင်၏အလှည့်သို့ရောက်လာသည်။

“ရှောင်ရှောင်းရေ.. ဘာဖြစ်လို့လဲ သားသား..”

ယင်ရှောင်ရှောင်း လျစ်လျူရှုထားဆဲပင်။

ထို့ကြောင့် ဟွားရှောင်ဟွား အော်ဟစ်လိုက်သည်။

“ယင်-ရှောင်-ရှောင်း!”

ကျွတ်.. ကျွတ်.. သူ့အသံက တကယ်ကိုပဲ ပတ်ပတ်လည်ကို တုန်ဟည်းသွားနိုင်တယ်..

ယင်ရှောင်ရှောင်းမှာ အငိုရပ်ကာ ကြောင်အသွားသည်။ မျက်ရည်အပြည့်နှင့် မျက်လုံးများအား ဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလို ဟွားရှောင်ဟွားအားမြင်လိုက်ရသည်။ ဟွားရှောင်ဟွားအနေဖြင့် ယင်ရှောင်ရှောင်း၏ ဘာဖြစ်နေသည်ကို နားမလည်သော်ငြား ယင်ရှောင်ရှောင်းအား ဤအနေအထားဖြင့် မြင်လိုက်သည့်အခါတွင် ချက်ချင်းဆိုသလို နှလုံးသားလေး နူးညံ့သွားတော့သည်။ သူ၏အသံမှာလည်း မသိမသာ နူးညံ့လာသည်။

“ရှောင်ရှောင်းလေးက အခုဘာလုပ်နေတာလဲဟင်..”

“... သား.. သားငိုနေတာ..” ယင်ရှောင်ရှောင်း ရှိုက်ကာဖြင့်ပြောသည်။

“ငိုတာလား.. အဲဒါက ဘာလဲ..”

မြွေအားလုံး သိချင်နေကြသည့် အကြောင်းအား ယင်တပိုင်မေးလိုက်သည်။

ယင်ရှောင်ရှောင်းမှာ ဆွံ့အကာဖြင့် ကြည့်နေမိသည်။ တစ်ချက်တစ်ချက် ရှိုက်ကာဖြင့် သူ၏ပတ်လည်ရှိ မြွေများအား ကြည့်လိုက်ပြီး ထိုမြွေအားလုံးတို့မှာ နားမလည်နိုင်ဘဲ ရှိနေသည်ကို သိလိုက်ရသည်။ ယင်ရှောင်ရှောင်းမှာ တစ်ခုခု ဆုံးရှုံးသွားသလိုပင်။

မြွေတွေက ငိုတယ်ဆိုတာ ဘာမှန်းမသိဘူးဆိုတာ ဖြစ်နိုင်မလား..

ရုတ်တရက်ဆိုသလို “တိရိစ္ဆာကမ္ဘာ” တွင် ကြည့်ခဲ့ဖူးသည့် အပိုင်းတစ်ခုအား မှတ်မိလိုက်သည်။ ထိုထဲတွင်ပြောထားသည်မှာ ကုန်းမြွေများမှာ မျက်ရည်မကျနိုင်သော်လည်း ရေမြွေများမှာမူ ဆားပျော်ဝင်မှုပမာဏအပေါ်မူတည်၍ မျက်ရည်ကျနိုင်သည် ဟူ၍ဖြစ်သည်။

ယင်ရှောင်ရှောင်းမှာ အဆင်မပြေမှုကြောင့် နောင်တရသွားမိသည်။ သူ့အား လွဲမှားစွာ နားလည်ထားကြကြောင်း သိလိုက်ရသည်။ သူသည် အမှန်တကယ်ကိုပင် သာမန်မြွေမဖြစ်နိုင်ဘဲ မျက်ရည်လည်းကျနိုင်သေးသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း မျက်နှာမှာ ပန်းရောင်သန်းလာပြီး အမြီးမှာလည်း ဟိုဒီယမ်းနေလေတော့သည်။