Chapter 8
“ချစ်စရာလေး.. အရမ်းချစ်စရာကောင်းတာပဲ.. တကယ်ကို အရမ်းအရမ်းကြီး ချစ်စရာကောင်းလိုက်တာ..”
ဟွားရှောင်ဝူမှာ အကောင်းမြင်တတ်သူဖြစ်သည်။
ရှောင်ရှောင်းရဲ့ ခန္ဓာကိုယ်လေးက ပန်းရောင်လေးသန်းနေတာ.. အရမ်းချစ်စရာကောင်းတာပဲ..
ဘာလို့များ အဲလောက်တောင် ချစ်စရာကောင်းရတာလဲနော်..
အခြားမြွေများမှာ တိတ်ဆိတ်နေကြသော်လည်း စိတ်ထဲ၌မူ ပြောင်းဆန်လျက်ရှိနေကြခြင်းပင်။
ရှောင်ရှောင်းက ရှက်နေတာ..
ရှောင်ရှောင်းလေးက ရှက်တတ်တာပဲ..
ဒီပန်းရောင်ခန္ဓာကိုယ်လေးက တကယ်ကို ချစ်စရာကောင်းလွန်းတာပါနော်.. ဘယ်လိုမှကို ငြင်းမရဘူး..
ဟွားရှောင်ဟွား သွားရည်ယိုလာသည်။ သူ့မိသားစု၏ သားငယ်လေးမှာ အလွန်ချစ်ဖို့ကောင်းလှသဖြင့် မြန်မြန်ဆန်ဆန် ရှေ့သို့သွားကာဖြင့် ယင်ရှောင်ရှောင်းအား ပွေ့ဖက်လိုက်သည်။
ယင်ရှောင်ရှောင်း တတ်နိုင်သ၍ အကောင်းဆုံး ကြိုးစားရှင်းပြလေသည်။
“အာ.. ငိုတယ်ဆိုတာကလေ.. မျက်ရည်လို့ခေါ်တဲ့ အရည်တွေက မျက်လုံးကနေ စီးကျလာတာ.. မိုးရွာသလိုမျိုးပေါ့.. ဒါပေမဲ့ ငန်တယ်..”
ဟွားရှောင်ဝူ ချက်ချင်းဆိုသလို အပြေးအလွှားဖြင့် မခြောက်သေးသည့် မျက်ရည်များအား လျက်လိုက်သည်။
“ဟမ်.. တကယ်ကြီးငန်တာ..”
“မျက်ရည်တွေကျရတဲ့ အဓိပ္ပါယ်ကကော..”
မျက်ရည် ငန်သလား မငန်ဘူးလားကိုသာ စိတ်ဝင်စားနေသည့် ဟွားရှောင်ဝူနှင့် ယှဥ်လျှင် ယင်ရှောင်စစ်မှာ အလေးအနက်ရှိနေလေသည်။ ယင်ရှောင်စစ်မှာ မျက်ရည်များ၏ အကြောင်းအား ပို၍ ဂရုစိုက်လေသည်။
“ဘာကြောင့်လဲဆိုတော့..”
ယင်ရှောင်ရှောင်း ခေါင်းလေးစောင်းကာဖြင့် စဉ်းစားလိုက်သည်။
“ငိုတာက လူ... မြွေတစ်ကောင်ရဲ့ ခံစားချက်ကို ဖော်ပြပေးနိုင်တယ်.. ဥပမာပြောရရင် တစ်စုံတစ်ယောက်ရဲ့ နာကျင်မှု ပျော်ရွှင်မှု စတာတွေကို ဖော်ပြပေးနိုင်တယ်..”
ယင်ရှောင်ရှောင်း ရှင်းပြနေရင်းနှင့်ပင် မြွေများမှာ ပို၍ ရှုပ်ထွေးလာကြသည်။
အဲတော့ ဘာလို့များ ပျော်လည်း ငို ဝမ်းနည်းလည်း ငို နာကျင်လည်း ငိုကြတာတုန်း..
ပျော်တယ်ဆိုတာနဲ့ နာကျင်ဝမ်းနည်းတယ်ဆိုတာက လုံးဝကို ဆန့်ကျင်ဘက်အရာကြီးလေ.. မဟုတ်ဘူးလား..
အဆုံးတွင် ဟွားရှောင်ဟွားမှာ မြွေအားလုံး၏ ရှုပ်ထွေးနေမှုကြောင့် ထုတ်မေးလိုက်သည်။
ဘယ်လိုရှင်းပြရမတုန်း..
တရုတ်သမိုင်းနဲ့ ယဥ်ကျေးမှုက ကျယ်ပြန့်ပြီး ကိုးကားစရာလည်း အတော်လေးများတယ်..
ယင်ရှောင်ရှောင်းမှာ ဂူအမိုးအား မော့ကြည့်ကာဖြင့် သောကဝေနေလေသည်။
“ငါတို့မြွေမျိုးနွယ်စုသမိုင်းမှာ ရှောင်ရှောင်းလိုမျိုး ငိုနိုင်တဲ့မြွေဆိုတာ မရှိခဲ့ဖူးဘူး.. အဲတော့ ဒီအကြောင်းကို တခြားမြွေတွေကို ပြောပြလို့ လုံးဝမဖြစ်ဘူးနော်.. နားလည်လား..”
ယင်တပိုင်ပြောသည်။
ယင်ရှောင်ရှောင်းမှာ ယင်တပိုင်၏ မျက်နှာပေါ်ရှိ တည်ကြည်လေးနက်သည် အမူအရာအား ကြည့်ကာဖြင့် အနည်းငယ်မျှ ရစ်ခွေကာ နာခံစွာဖြင့် တုံ့ပြန်လိုက်သည်။
ဟွားရှောင်ဟွားက ယင်တပိုင်အား အမြီးဖြင့် ရိုက်လိုက်သည်။ ယင်တပိုင် သူ့အား ကြည့်လာလေသည်။
မင်းက ဘာကိစ္စနဲ့ ရှောင်ရှောင်းကို တင်းကြပ်နေရတာလဲ..
ဟွားရှောင်ဟွားထံမှ သင်ကြားပေးခြင်းခံလိုက်ရသည်ကြောင့် ယင်တပိုင် ဒေါသတကြီးဖြစ်လာသည်။
ယင်တပိုင် အဝေးသို့မောင်းထုတ်ခံလိုက်ရသည်ကို မြင်ပြီး ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွားအား မေးလိုက်သည်။
“မြွေမျိုးနွယ်ထဲမှာ ရေမြွေတစ်ကောင်လေးတောင်မှ မရှိဖူးဘူးလားဟင်..”
ယင်ရှောင်ရှောင်း၏မေးခွန်းအား ကြားပြီးသည့်နောက်တွင် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ တူညီသည့် ဦးတစ်ရာသို့ အတူတကွ ကြည့်လိုက်ကြပြီးနောက် ယင်ရှောင်ရှောင်းထံသို့ အကြည့်ပို့လိုက်ကြသည်။ ဟွားရှောင်ဟွားမှာ အတင်းဖျစ်ညှစ်ကာ ပြုံးပြလာပြီး ထိုအပြုံးမှာ အစွယ်များထုတ်ပြနေသည်နှင့်ပင် တူနေသည်။
“မရှိခဲ့ဖူးဘူး.. ဒီကမြွေတွေအားလုံးက ကုန်းမြွေတွေချည်းပဲ.. မြွေမျိုးနွယ်စုသမိုင်းဆိုတာက ဒီတောင်တန်းမှာရှိတဲ့ မြွေတွေအားလုံးရဲ့ သမိုင်းကြောင်းကိုဆိုလိုတာပဲ..”
ယင်ရှောင်ရှောင်း ခေါင်းညိတ်ကာ အဝေးသို့ထွက်သွားလိုက်သည်။
ဖေဖေနဲ့ ပါပါးတို့က အခုလေးတင်ပဲ သူတို့ဟာသူတို့တောင် မရည်ရွယ်ဘဲ နေရာတစ်ခုကို ကြည့်လိုက်ကြသလိုပဲနော်..
ဘာများဖြစ်နေတာလားပဲ..
အဲဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်..
ယင်ရှောင်ရှောင်းသည်လည်း ထိုနေရာသို့ တစ်ချက်ကြည့်လိုက်မိသည်။
အာ.. ကောင်းပြီလေ.. အခွင့်အရေးရလာမယ် ဆိုရင် သွားကြည့်ရသေးတာပေါ့..
ယင်တပိုင် ယူလာခဲ့သည့် ငှက်သိုက်ထဲမှ ဥများအား ယင်ရှောင်ရှောင်း ယူကာဖြင့် နေရာတကျ ပုံထားလိုက်သည်။
ကောင်းလိုက်တာ ကောင်းလိုက်တာ..
ဆူဖြိုးဖြိုး ဖြူဖွေးဖွေး ဥလေးတွေ.. အရသာရှိလိုက်မယ့်ဖြစ်ခြင်း..
ယင်ရှောင်ရှောင်းအမြီးဖြင့် ဟွားရှောင်ဝူ၏မျက်နှာအား ‘ဖြန်း’ခနဲ မြည်အောင် ရိုက်လိုက်သည်။
“ဟွားရှောင်ဝူ.. ငါ့ဥတွေကို မထိနဲ့..”
ယင်ရှောင်ရှောင်း ဟွားရှောင်ဝူအား မျက်နှာချင်းဆိုင်လိုက်သည်။
“ဟီးဟီး.. ရှောင်ရှောင်းလေးမှာ ငှက်ဥတွေအများကြီး ရှိနေတာပဲကို.. ဘာလို့ ကောကောကို နည်းနည်းလောက် မပေးရတာလဲ..”
ဟွားရှောင်ဝူမှာ ယင်ရှောင်ရှောင်းထံမှာ မျက်နှာသာရရှိရန်အတွက် လှည့်ပတ်နေလေသည်။
ယင်ရှောင်ရှောင်း ခေါင်းခါလိုက်သည်။
“လုံးဝပဲ..”
သူ၏အစာကို ကာကွယ်ရန်အတွက် အခြားကလေးများနှင့် တိုက်ခိုက်ဖို့ရန်ပင် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
“ဟွားရှောင်ဝူ.. ရှောင်ရှောင်းရဲ့ဥတွေကို ခိုးဖို့ လုံးဝခွင့်မပြုဘူးနော်..”
ဟွားရှောင်ဟွားက ဟွားရှောင်ဝူအား အော်လိုက်သည်။
ဟွားရှောင်ဝူ ဝမ်းနည်းသွားရှာသည်။ ယင်ရှောင်ရှောင်းမှာ ဂုဏ်ယူစွာဖြင့် ‘ဟွန့်’ခနဲ နှာမှုလိုက်ပြီး စတင်စားသောက်လေသည်။
ဟွားရှောင်ဝူ သွားရည်ယိုနေစဥ်မှာပင် ယင်ရှောင်ရှောင်း စားသောက်ပြီးစီးသွားပြီဖြစ်သည်။
အရမ်းအရသာရှိတာပဲ..
ယင်ရှောင်ရှောင်း စားသောက်ပြီးသည့်နောက်တွင် အကြိမ်အနည်းငယ်ခန့် လှိမ့်လိုက်သည်။ ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်းထွေးထုတ်ထားသည့် ဥခွံများအား ကြည့်ကာဖြင့် သွားရည်ယိုနေလေသည်။
“အားးးး”
ယင်ရှောင်ရှောင်း ဗိုက်အင့်နေလေသည်။ ငှက်ဥများမှာ လွန်စွာအရသာရှိလှသည်။ သို့သော်လည်း တစ်နေ့တွင် သူ့အနေဖြင့် ငှက်ဥများစားသောက်နေရခြင်းအား ငြီးငွေ့လာသည့်အချိန်သို့ မလွှဲရှောင်သာဘဲ ရောက်လာပေလိမ့်မည်။ သို့သော်လည်း သူ့အနေဖြင့် ငှက်ဥများအား နေ့စဉ်နေ့တိုင်း စားသောက်ရပေဦးမည်။ သူစားသောက်နိုင်မည့် အစားအစာများကို တိုးချဲ့ဖို့ရန် စတင်စဉ်းစားနေရပြီဖြစ်သည်။ ယင်ရှောင်ရှောင်း သူ၏ သေးသွယ်ပိန်လှီသည့် ခန္ဓာကိုယ်လေးအား ကြည့်လိုက်ပြီး အနည်းငယ်မျှ ကြီးထွားလာသည်အထိ အစောင့်ရှောက်ခံအနေဖြင့် နေရပေဦးမည်ဟု တွေးလိုက်လေသည်။
ယင်ရှောင်ရှောင်း သန်းဝေလိုက်သည်။
ဒါက မြွေပေါက်လေးတွေရဲ့ ခန္ဓာကိုယ်ပဲလေ..
စားပြီးတာနဲ့ ချက်ချင်းပင်ပန်းလာရော..
အဲတော့.. အိပ်ရတော့မှာပေါ့..
ထို့ကြောင့် ယင်ရှောင်ရှောင်း ခန္ဓာကိုယ်အား ရစ်ခွေလိုက်ပြီးနောက်တွင် အိပ်ပျော်သွားတော့သည်။ ဟွားရှောင်ဝူမှာလည်း အလျင်စလိုပင် ယင်ရှောင်ရှောင်းကိုယ်ပေါ်သို့တက်ကာ အိပ်ပျော်သွားတော့သည်။ ယမန်နေ့ညက ယင်ရှောင်ရှောင်းနှင့်အတူ မအိပ်ခဲ့ရသဖြင့် ယခုအချိန် အိပ်ရမည်ဖြစ်သည်။
“ဂူရဲ့ဟိုးအထဲမှာ ဘာတွေရှိမလဲ မသိဘူးနော်..”
“သွားကြည့်ကြမယ်လေ.. အိုခေနော်..”
ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ ဂူအတွင်းပိုင်သို့ အတူတကွ ထွက်သွားကြသည်။
ယင်ရှောင်ယိ တွေးတော့ပြီးသည့်နောက်တွင် ယင်ရှောင်စစ်နံဘေးသို့ တိုးသွားလိုက်သည်။
“ရှောင်စစ်ရေ.. ငါတို့နှစ်ကောင်ကော ဘာလုပ်ကြမတုန်း..”
‘မင်းနဲ့ ဘယ်သူကများ တစ်ခုခုလုပ်ချင်နေလို့လဲ’
ယင်ရှောင်စစ် စိတ်ထဲတွင် အော်ဟစ်နေလိုက်သည်။ သို့သော်လည်း ယင်ရှောင်ယိ၏ ကြည်လင်ကာ အပြစ်ကင်းမဲ့သည့် အကြည့်များကို မြင်လိုက်ရသည့်အခါတွင် စကားများကို ပြန်မြိုသိပ်လိုက်ရသည်။
‘ကောင်းပါပြီ ကောင်းပါပြီ.. မင်းငါ့ကို အနိုင်ရသွားပါပြီ.. ငါမင်းနဲ့အတူသွားပြီး ဆော့ပေးမယ် ဟုတ်ပြီလား..’
“အပြင်သွားပြီးလျှောက်ကြည့်ကြရင်ကော..”
ယင်ရှောင်စစ် အကြံပြုသည်ကို ယင်ရှောင်ယိ လက်ခံလိုက်သည်။
ထို့နောက်တွင် ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့ ဂူအပြင်သို့ ဦးတည်သွားကြလေသည်။
ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့အား အာရုံစိုက်နေမိသည်ကြောင့် ဟွားရှောင်ဟွားမှာ စိတ်ပူနေလေသည်။ ယင်တပိုင် သူ၏ခန္ဓာကိုယ်ဖြင့် ဟွားရှောင်ဟွားအား ရစ်ပတ်လိုက်သည်။
“သူတို့သွားပါစေ.. ဟုတ်ပြီလား.. ဒီတောင်တန်းမှာ အန္တရာယ်မရှိပါဘူးကွာ.. ပြီးတော့ သူတို့မှာ မှတ်ဉာဏ်အမွေတွေလည်း ရှိနေသေးတယ်လေ.. အဲဒါကြောင့် ဘာကိုမလုပ်သင့်ဘူးဆိုတာ သိကြပါတယ်ကွာ..”
ဟွားရှောင်ဟွားမှာ အသံခပ်အုပ်အုပ်ဖြင့် ပြောလာသည်။
“ငါက ရှောင်ယိနဲ့ ရှောင်စစ်ကို ပူနေတာမဟုတ်ဘူး.. ရှောင်ယိက ရိုးသားပြီး ရှောင်စစ်က ထက်မြက်တယ်.. တစ်ဇွတ်ထိုးနိုင်တဲ့ ရှောင်အာ၊ ရှောင်စန်းနဲ့ ရှောင်ဝူတို့တောင်မှပဲ သူတို့မသွားသင့်တဲ့နေရာကို သိကြတယ်.. ငါက ရှောင်ရှောင်းကို စိတ်ပူနေမိတာ..”
“အမှန်အတိုင်းပြောရရင် ရှောင်ရှောင်းရဲ့ အခြေအနေက နည်းနည်းတော့ ထူးဆန်းနေတယ်.. စဉ်းစားကြည့်မယ်ဆိုရင် ဒီတောင်တန်းမှာ မှတ်ဉာဏ်အမွေမပါဘဲ မွေးဖွားလာတဲ့ မြွေတစ်ကောင် ရှိခဲ့ဖူးတယ်လေ.. ကိုယ်ကတော့ အဲဒီနေရာကပဲ ရှောင်ရှောင်းရဲ့ အခြေအနေကို ရှင်းပြနိုင်မယ် ထင်တာပဲ..”
“အဲဒီနေရာလား..”
ဟွားရှောင်ဟွားမျက်နှာမှာ ဖြူဖျော့သွားလေသည်။
“မေ့လိုက်တော့.. မေ့လိုက်တော့.. ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ရှောင်းက အခုအဆင်ပြေနေတယ်လေ.. ဒီအကြောင်းကို နောက်မှပဲ ပြောကြမယ်.. ဟုတ်ပြီလား..”
ယင်တပိုင် ခေါင်းညိတ်လိုက်သည်။
“ကိုယ်လည်းပဲ အဲလိုတွေးမိတယ်.. အဲဒီနေရာကိုသွားပြီး တစ်ခုခုဖြစ်အောင် မွှေလိုက်ဖို့ မလိုဘူးလေနော်.. အိုး.. စကားမစပ်.. ရှောင်ရှောင်းမှာ မှတ်ဉာဏ်အမွေလည်းမရှိ ငှက်ဥပဲစားတဲ့အပြင် ငိုလည်းငိုနိုင်သေးတယ်လေ.. အဲဒါကို မင်းသိတယ်မလား.. ဒီအကြောင်းကို လျှောက်မပြောရဘူးနော်..”
ဟွားရှောင်ဟွား ယင်တပိုင်အား တည်ငြိမ်စွာဖြင့် လှည့်ကြည့်လိုက်သည်။
“မင်းပြောစရာမလိုဘူး.. ငါဘာပြောသင့်တယ် ဘာကိုမပြောသင့်ဘူးဆိုတာ သိပြီးသား.. အေး ဒါပေမဲ့ ကလေးတွေကို ရှောင်ရှောင်းအကြောင်း လျှောက်မပြောဖို့ မင်းပြောထားသင့်တယ်နော်..”
ယင်တပိုင်ခေါင်းညိတ်လိုက်သည်။
ယင်ရှောင်ရှောင်းနိုးလာသည့်အခါ ကောင်းကင်မှာ မှောင်မည်းနေပြီဖြစ်သည့်အပြင် မြွေပေါက်လေးများမှာလည်း ယင်ရှောင်ရှောင်းအား ရစ်ခွေကာဖြင့် မုန့်ကြိုးလိမ်ထုံးပုံစံ ဖြစ်နေပြီးဖြစ်သည်ကြောင့် အိပ်ချိန်သို့ရောက်လေပြီ။ ယင်ရှောင်ရှောင်း လှည့်ကြည့်လိုက်သည့်အခါ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့အား မတွေ့ရချေ။
ယင်ရှောင်ရှောင်းမှာ ကောင်းမွန်စွာ အနားယူပြီးဖြစ်သည်ကြောင့် ထို မုန့်ကြိုးလိမ်ထုံးအဖြစ်မှ ရုန်းထွက်ချင်နေမိသည်။ သို့သော်လည်း အရှုံးပေးလိုက်ရသည်။ သူပိုရုန်းလေလေ ပို၍ တင်းကြပ်လာလေလေဖြစ်သည်။
ယင်ရှောင်ရှောင်းမှာ အရုဏ်တက်ချိန်ထိတိုင်အောင် ညည်းညူနေလေတော့သည်။