Chapter 192
(ဝေ့ရွှယ်သည် အတားအဆီးတစ်ခုဖြစ်သည်)
စုမုန့်က သက်ပြင်းချပြီး
“တစ်ကယ်တော့ ကျွန်မ အိမ်ပြန်ရင် မြန်မြန်ပြန်ကောင်းလာမှာပါ……ကျိန်စာသုံးလိုက်ရတဲ့အတွက် အားနည်းလာတာ…ဆေးရုံဟာ ယင်စွမ်းအင်တွေ ပြည့်နေတဲ့နေရာလေ… ဒီမှာနေနေရတာ ကျွန်မရဲ့ကျန်းမာရေးကို အဟန့်အတားဖြစ်စေလိမ့်မယ်"
စုမုန့်သည် ဝေ့ထင်၏ စိုးရိမ်ပူပန်နေမှုကို ငြင်းပယ်ခြင်းမရှိတော့ပေ။ ဆေးရုံက ဆင်းရသည့် အကြောင်းရင်းအမှန်ကို မပြောပြသရွေ့၊သူမကို ပြန်လွှတ်မှာမဟုတ်မှန်း သေချာသည်။
!!
လူတစ်ယောက်မှာ သူ့ကို တစ်ကယ်ဂရုစိုက်ပေးသူ ရှိဖို့ မလွယ်ကူပေ။ ထို့အပြင်၊ယခင်ဘဝတွင် သူမ မေတ္တာငတ်ခဲ့ရသည့်အတွက် ယခု တခြားသူများ၏ ကြင်နာတရားအတွက် ကျေးဇူးတင်နေမိသည်။
မျှော်လင့်ထားသည့်အတိုင်း စုမုန့် စကားကိုကြားပြီးနောက် ဝေ့ထင်သည် သူမအား မတားတော့သလို၊ ဘာမှထပ်မပြောတော့ပေ။ ယင်းအစား သူမအား ထွက်ခွာခွင့်ပြုရန် အစပြုခဲ့သည်။
“ကောင်းပြီလေ၊ မင်းပြန်ပြီး အနားယူလို့ရတယ်…ဆေးရုံဆင်းဖို့ ကိစ္စတွေ ကိုယ်တို့ လုပ်လိုက်မယ်"
ဝေ့ထင် နောက်ဆုံးတွင် နောင်တရသွားသလို ပြောလိုက်သည်။ စုမုန့် ဘာမှပြန်မပြောခင် သူက ဆက်ပြီးပြောသည်။
"မင်းကိုပြုစုဖို့ ကိုယ့်ရဲ့ ဆရာဝန်ကို လွှတ်လိုက်မယ်"
"ကောင်းပါပြီ"
ဝေ့ထင်က သူမကို စောင့်ကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရသည်။ဤသည်ကလည်း တစ်မျိုးကောင်း၏။တစ်ကယ်လည်း သူ့ဂရုစိုက်မှုက သူမ ပြန်လည်ကျန်းမာလာရေးအတွက် အကျိုးရှိပေလိမ့်မည်။
ဝေ့ထင်က ကျူးရွှင်းကို ဖုန်းခေါ်ပြီး သူက စုမုန့် အား ပြန်ခေါ်သွားစဉ်မှာ ဆေးရုံဆင်းမည့်ကိစ္စတို့အား လုပ်ပေးဖို့ ပြောလိုက်သည်။
ကျူးရွှင်းက အတော်လေး အလုပ်ကြိုးစားသူပင်။ဝေ့ထင် အမိန့်ပေးလိုက်ပြီးပြီးချင်း မိနစ်အနည်းငယ်အတွင်းမှာ ပြီးသွားပြီဟု အကြောင်းပြန်လာခဲ့သည်။
သူတို့အတူ လမ်းလျှောက်လာသောအခါ စုမုန့်သည် ဝေ့ထင်နှင့် ခပ်ဝေးဝေးတွင်သာ နေခဲ့သည်။ယခုအချိန်တွင် ဝေ့ထင်နှင့် သူမ၏ ဆက်ဆံရေးအား ဘယ်လိုဖြေရှင်းရမည်ကို သူမ မတွေးခဲ့မိပေ။
သို့သော် ဝေ့ထင်သည် သူမ အတွေးများကို နားမလည်ခဲ့ပေ။ သူမ သူ့ကို ရန်ငြိုးထားသေးသည်ဟုသာ တွေးပြီး သူမကို အလွန်အမင်း ဖိအားမပေးချင်တော့။ထို့ကြောင့် သူမ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိမထားမိသလိုမျိုး ဟန်ဆောင်ကာ နောက်က တိတ်တဆိတ် လိုက်လာခဲ့သည်။
"ဝေ့ရွှယ်အတွက် စိတ်မပူပါနဲ့.မင်း ကျေနပ်လောက်တဲ့ အဖြေတစ်ခု ကိုယ် ပေးမယ်"
သူတို့နှစ်ယောက်ကြားမှ နားလည်မှုလွဲထားသမျှကို ရှင်းပြီးသားမို့ သူမနှင့် ပတ်သတ်နေသည့် ပြဿနာတို့အား သူ ဘယ်လိုစဉ်းစားထားသလဲဆိုသည်ကို အသိပေးသင့်သည်ဟု ဝေ့ထင် တွေးမိ၏။
"ကျေနပ်လောက်တဲ့အဖြေ ဟုတ်လား"
ဝေ့ထင်က ဝေ့ရွှယ်ဟု ပြောလိုက်သဖြင့် စုမုန့် ရပ်ပြီး သူ့ကိုလှည့်ကြည့်လိုက်၏။ဝေ့ထင် ခေါင်းညိတ်ပြသည်။သူက ပြောသာပြောသော်လည်း၊သူသည် ဝေ့ရွှယ်နှင့်အတူ ကြီးပြင်းခဲ့၍ မောင်နှမလို ချစ်ခင်နေမှာမလွဲချေ။ထို့ကြောင့် သူက ဝေ့ရွှယ်နှင့်ပတ်သတ်၍ ဖြေရှင်းမည်ဆိုသည်ကို သူမ မယုံပေ။စောစောက သူ့အပေါ်ထားမိသော စိတ်ကောင်းကလေးသည် ဝေ့ရွှယ်ဆိုသော နာမည်ကြောင့် ချက်ချင်း ပျောက်ကွယ်သွားသည်။သူမ၏ တည်ငြိမ်နေသော စိတ်ကို တူဖြင့်ထုရိုက်ခံရသလို ဆတ်ဆတ်ခါသွားရ၏။ ဝေ့ရွှယ် သည် သူမ၏ အကြီးမားဆုံးရန်သူဖြစ်သည်။ ဝေ့ရွှယ် ဝေ့မိသားစုတွင်ရှိနေသရွေ့၊ သူမ ဝေ့ထင်နှင့် ပြန်လည်သင့်မြတ်မှာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် ဝေ့ထင်အတွက် ခံစားချက်များ ပြန်လည် ဖြစ်ပေါ်လာပြီးသည်နှင့် သူမ၏ လက်စားချေခြင်းအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်လာပေလိမ့်မည်။
"ကျွန်မ သွားတော့မယ်… ရှန့်ကျန်းကိုပြောဖို့မေ့သွားတာကို ရုတ်တရက် အခုမှ သတိရသွားတယ်…ကျွန်မ သူ့ကို သွားတွေ့လိုက်ဦးမယ်…ရှင် ကျွန်မကို သူ့ကို သွားတွေ့ခွင့်မပေးဘူးဆိုရင် ကျူးရွှင်းကို ထားခဲ့လိုက်…ရှင် အလုပ်ရှုပ်ရင်လည်း ကျွန်မတစ်ယောက်တည်းပြန်လိုက်မယ်… ဘာပဲဖြစ်ဖြစ် သိပ်မဝေးပါဘူး"
စုမုန့်သည် ဝေ့ထင် နှင့် မသွားချင်တော့၍ သူနှင့်ခွဲခွာရန် အကြောင်းပြချက်ရှာပြီး၊သူမအား လိုက်ပို့မည့်ကိစ္စကို ပိတ်ပင်ချင်မိသည်။
ဝေ့ထင်က သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ စုမုန့် အဘယ်ကြောင့် ရုတ်တရက် အေးစက်လာသည်ကို သူ မသိသေး။ သူက ဝေ့ရွှယ်လို့ ပြောခဲ့တာကြောင့်လား…
အတိတ်က ဝေ့ရွှယ်သည် သူမအား အနိုင်ကျင့်သည့်ကိစ္စမှာ သူမ နှလုံးသားထဲမှာ အဖုအထစ်ပမာဖြစ်နေဟန်တူသည်။မည်သို့ပင်ဖြစ်စေ၊သူသည် သူမစိတ်ထဲက ထိုအဖုအထစ်ကို ဖြေဖျောက်ဖို့ ကူညီရမှာပင်။ထိုအတွက် အထိရောက်ဆုံးနည်းလမ်းက သူမ၏ ကမ္ဘာထဲကနေ ဝေ့ရွှယ်ကို ပျောက်ကွယ်သွားအောင်လုပ်ဖို့ပင်။
ဝေ့ထင် မျက်လုံးများ မှုန်ကုပ်သွားပြီး သူမကို အတင်းမတားတော့ဘဲ သူမ ဆန္ဒကို လိုက်လျောလိုက်သည်။ကျူးရွှင်းကို ဆက်နေဖို့ပြောပြီး သူမအား အိမ်ပြန်ပို့ခိုင်းလိုက်သည်။
စုမုန့်က ရှန့်ကျန်းကို လာတွေ့သည့်အခါ သူသည် ကုတင်ပေါ်မှာ လဲလျောင်းနေပြီး ဖုန်းထဲက တီဗီရှိုးကြည့်နေသည်။ ဆက်တိုက်ဆိုသလို ဟက်ဟက်ပက်ပင် ရယ်မောနေ၏။ စုမုန့် လာမှန်းတောင် မသိလိုက်ဘဲ အတော်လေး စိတ်ပါဝင်စားစွာ ကြည့်နေလေသည်။
“တော်တော် ပျော်နေပုံရတယ်…လူတစ်ယောက်လုံး ဝင်လာတာတောင် မသိဘူး"
စုမုန့် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး စားပွဲပေါ်မှ လိမ္မော်သီးတစ်လုံးကို ကောက်ယူလိုက်သည်။သူမ အသံကိုကြားတော့မှ ရှန့်ကျန်း သည် လူတစ်ယောက် ဝင်လာမှန်းသိပြီး ဖုန်းကို အမြန်ချပစ်လိုက်သည်။
"ဥက္ကဌဝေ့ ထွက်သွားပြီလား… ဘာလို့ရုတ်တရက်ကြီး ကိုယ့်ကိုလာရှာတာလဲ"
စုမုန့် နှင့် ဝေ့ထင်၏ ပျော်ရွှင်စရာအချိန်ကို နှောက်ယှက်မိခြင်းကြောင့်၊ စုမုန့်က သူ့အား ရန်တွေ့လာခြင်းလားဟု ရှန့်ကျန်း တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် သူ အခန်းထဲသို့ဝင်သွားသောအခါ၊နှစ်ယောက်သား အတော်လေး ရင်းနှီးနေကြသလိုမျိုး ဖြစ်နေတာကြောင့်ပင်။
(နာကြည်းသော ဇနီးသည်လို...)
"ရှင့်ကို ကျွန်မ လာတွေ့တာ သူနဲ့ ဘာဆိုင်လို့လဲ"
စုမုန့်က လိမ္မော်သီးကို ပါးစပ်ထဲထည့်လိုက်ရာ အတော်ချဉ်နေတာကြောင့် မျက်လုံးများပင် မှိတ်သွားရကာ မျက်ရည်ပင်လည်လာရသည်။
"ဥက္ကဌဝေ့ မပြန်သေးဘဲ မင်း ကိုယ့်ကို လာတွေ့တာသာ သူသိရင် သူ လျှောက်တွေးနေလိမ့်မယ်…ပြီးတော့ မင်း အပြစ်တင်ခံရမှာကို စိတ်ပူတာလည်းပါပါတယ်"
သို့သော်လည်း ရှန့်ကျန်းသည် အမြဲလိုလို ထူးဆန်းသော စကားကိုသာ ပြောဆိုတတ်သောကြောင့် စုမုန့် သူ့စကားကို စိတ်ထဲမထားပေ။ရှန့်ကျန်းက ဆက်ပြောသည်။
"မင်း ကိုယ့်ကို လျှောက်ပြောတယ်ဆိုပြီး အပြစ်မတင်ပါနဲ့… တကယ်တော့ ဟိုတစ်ခါ မင်းကို လာတွေ့တုန်းက၊ ဥက္ကဌဝေ့နဲ့ မင်းရဲ့ဆက်ဆံရေးက ပြောင်းလဲသွားတာကို ကိုယ် သတိထားမိတယ်… အရင်တုန်းကဆို မင်းတို့နှစ်ယောက်အတူရှိနေရင် မင်းက သူ့ကို အမြဲတမ်း အေးစက်စက်ကြီး ပြောတယ်မလား… ဒီတစ်ခါတော့ မင်း ပုံစံက တည်ငြိမ်နေသလိုပဲ"
"ဥက္ကဌဝေ့က သူ့မိန်းမနဲ့ သားသမီးတွေကို စွန့်ပစ်တတ်မယ့် လူတစ်ယောက်လို့ ကိုယ်လည်း အရင်က ထင်ခဲ့တာ၊တစ်ကယ်လည်း သူ့အပေါ် ထားတဲ့ မင်းရဲ့ သဘောထားက စွန့်ပစ်ခံရတဲ့ ဇနီးသည် တစ်ယောက်လိုပဲလေ"
စုမုန့် “…”
သူမက စွန့်ပစ်ခံရလို့ အရမ်းနာကျည်း ဒေါသကြီးနေတဲ့ ဇနီးတစ်ယောက်လို ဖြစ်နေသလား…တစ်ကယ်က ယောက်ျားကို လက်စားချေတဲ့သူနဲ့ တူနေတာမလား…
“ဒါပေမယ့် သူနဲ့ ကိုယ် ပေါင်းကြည့်မှ သူက မင်းကို အရမ်းဂရုစိုက်တာကို တွေ့ရတယ်… မင်းဒုက္ခရောက်တဲ့အချိန်တွေတိုင်း သူက မင်းကို အချိန်မီကူညီတတ်တယ်… အထူးသဖြင့် ဒီတစ်ခါပေါ့…ဟုတ်တယ် မင်း ဒီတစ်ခါ ဘယ်လိုပြန်လာသလဲ သိလား"
စုမုန့် ခေါင်းယမ်းလိုက်သည်။ အဖြစ်အပျက်ကို သူမ သိပ်ဂရုမစိုက်။ သူမ မူးမေ့လဲမသွားမီ ဘုရားကျောင်းထဲ၌ ရှိနေသည်ကိုသာ သတိရပြီး အိပ်ရာမှနိုးလာသောအခါ ဆေးရုံသို့ ပြန်ရောက်နေပြီဖြစ်သည်။
သူမ သတိမေ့နေတာ ကြာပြီဖြစ်သော်လည်း ဘုရားကျောင်းသည် ဤနေရာနှင့် အလွန်ဝေးသောကြောင့် ကားမောင်းရန် နာရီအနည်းငယ်ကြာသည်။ ဝေ့ထင်က သူမအား ပြန်ခေါ်လာခြင်းကိုသာ သိလိုက်သည်။ ဘယ်လိုပြန်ခေါ်လာသလဲ ဆိုသည်ကိုတော့ တစ်ကယ် မသိချေ။
စုမုန့် တစ်ကယ်မသိမှန်း ရှန့်ကျန်း ကမြင်လျှင်
" မင်းကို ဥက္ကဌဝေ့က ရဟတ်ယာဉ်နဲ့ ပြန်ခေါ်လာတာလေ… ရဟတ်ယာဉ်က ဟိုနားမှာ ရပ်ထားတာ… ဟိုနားက နေရာလွတ်ကို မြင်လား”
ရှန့်ကျန်းသည် အထပ်မြင့်အခန်းတွင်နေထိုင်သောကြောင့် ဆေးရုံ၏အပြင်ဘက်ကို မြင်နိုင်သည်။ပတ်တီးပတ်ထားသည့်လက်ဖြင့် စုမုန့် မြင်နိုင်ရန် ဆေးရုံအပြင်ဘက်ရှိ လွတ်နေသောနေရာကို ပြလိုက်ရင်း စိတ်လှုပ်ရှားစွာနှင့် ပြောလေသည်။
“အဲဒီနေရာပဲ…ကိုယ် မနေ့ညက ဒရာမာကြည့်နေတုန်း အပြင်မှာ အသံတစ်ခု ကြားလိုက်ရတယ်လေ…အပြင်ကို မျှော်ကြည့်တော့ ရဟတ်ယာဉ် တွေ့ရတာပဲ”
“အဲဒီတုန်းက ဆေးရုံကို ရဟတ်ယာဉ်နဲ့လာရအောင် ဘယ်သူကများ အရမ်းချမ်းသာသလဲလို့ တွေးနေမိတယ်… နောက်ပိုင်းမှာ ဆရာဝန်က ကျူးရွှင်း နဲ့ ဖုန်းပြောနေတာကို ကြားတော့မှ အဲ့ဒီလူက ဥက္ကဌဝေ့ ဆိုတာ သိလိုက်ရတယ်…မင်းရုတ်တရက် မူးလဲသွားလို့ သူက မင်းကို ဆေးရုံပို့ဖို့ ရဟတ်ယာဉ်နဲ့ ချက်ချင်း စီစဉ်ပေးတယ်ဆိုပဲ"
"ကျွတ်ကျွတ်...ဒါမျိုးက တီဗွီစီးရီးထဲက သူဌေးက သူ့ဇနီးကို အရမ်းချစ်ပြနေတာနဲ့တောင် တူနေသေးတယ်"
“တစ်ကယ်တော့ မင်း ဥက္ကဌဝေ့ကို မမုန်းဘူးဆိုရင်လည်း၊ သူ့ခံစားချက်တွေကို မင်း လက်ခံဖို့ ကြိုးစားသင့်တယ်လို့ ထင်တယ်...မင်းတို့က မကွာရှင်းရသေးဘူးလေ… တရားဝင်လက်ထပ်ထားကြတာ… မင်းတို့ရဲ့ဆက်ဆံရေးကို ပြုပြင်လိုက်ရင် လူတိုင်းအတွက် ပျော်ရွှင်စရာကောင်းလာမှာ မဟုတ်ဘူးလား"
ရှန့်ကျန်း၏ စကားများသည် နည်းစနစ်ကျလွန်းလှသည်။သူက တည်ငြိမ်သောလေသံဖြင့် ပြောသော်လည်း သူ့ခန္ဓာကိုယ်က ကြောက်ကြောက်လန့်လန့်ဖြစ်နေသလိုပင်။ သူ့လက်ထဲတွင် ဖုန်းကိုင်ထားကာ စုမုန့်ကို ထိတ်လန့်တကြားနှင့် လှမ်းကြည့်သည်။
ရှန့်ကျန်းက အလွန်ယုံကြည်စိတ်ချရပုံမပေါ်သော်လည်း၊ စုမုန့် သူ့စကားကို အလေးအနက် ထားမိသည်။ သူမသည် ရှန့်ကျန်း၏ စကားများပေါ်တွင် လုံးလုံးလျားလျားအာရုံစိုက်နေသောကြောင့် ပုံမှန်မဟုတ်သော သူ့အပြုအမူကိုလည်း သတိမထားမိပေ။
ဝေ့ထင်က သူမကို စိတ်ပူနေခဲ့တာလား…
သတိလစ်နေချိန်တွင် ဘာတွေဖြစ်ခဲ့မှန်း မသိသော်လည်း ရှန့်ကျန်း ပြောတာမှန်သည်။ ဟိုးအရင်တုန်းကလည်း ဝေ့ထင်သည် သူမကို တခြားကိစ္စတွေမှာ အများကြီး ကူညီပေးခဲ့၏။သူမ ထိုအဖြစ်တွေကို ဘယ်တုန်းကမှ အသိအမှတ်မပြုရဲသည့် အကြောင်းရင်းက ဝေ့ထင်ကို ရန်သူအဖြစ် အမြဲ ဆက်ဆံနေတာကြောင့်ပင်။
ယခုတော့ နားလည်မှုလွဲမှားခြင်းများကို ရှင်းထုတ်လိုက်ပြီဖြစ်ရာ အမုန်းမြူခိုးများအားလုံး ပျောက်ကွယ်သွားပြီး ဝေ့ထင် သူမအတွက် လုပ်ပေးသောကိစ္စမှန်သမျှသည် တစ်ခုပြီးတစ်ခု စိတ်ထဲမှာ ပေါ်လာရသည်။
"ကွဲအက်နေတဲ့ မှန်တစ်ချပ်က ပြန်ကောင်းလာဖို့ နည်းလမ်းရှိလား"
စုမုန့် အသံက အနည်းငယ်တုန်ယင်နေ၏။
“ကွဲသွားတဲ့ မှန်တစ်ချပ်က ပြန်ကောင်းနိုင်သလား၊မနိုင်ဘူးလားဆိုတာတော့ ကိုယ်လည်း မသိပါဘူး…ဒါပေမယ့် အဲ့ဒီမှန်က အရမ်းမာပြီး အစကတည်းက ကွဲတာမဟုတ်ဘဲ ဖုန်မှုန့်တွေကြောင့် အမြင်မှားပြီး ကွဲသွားတယ်လို့ ထင်မိခဲ့ရင် ဘယ်လိုလုပ်မလဲ…ဒဏ်ခံနိုင်တဲ့ မှန်တွေလည်း အများကြီးရှိတာပဲ…ကြီးကြီးမားမားကြီး ပြုတ်ကျတာမျိုး မဟုတ်ရင် ကိစ္စမရှိပါဘူး”
“တစ်ခါတစ်လေမှာ လူတွေကြားက ဆက်ဆံရေးက အရမ်း နားလည်ရခက်တယ်…အရမ်း ပေါင်းသင်းဆက်ဆံရေးကောင်းသူနှစ်ယောက်ဟာလည်း နောက်ဆုံးမှာ မသက်ဆိုင်သူတစ်ချို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ပြတ်တောက်သွားချင် သွားတတ်တယ်… တစ်ဖက်သားက အမှားမလုပ်ဘဲ နားလည်မှုလွဲနေတယ်ဆိုရင် တစ်ဖက်သားရဲ့အမှားကို တရားသေကြီး ဆုပ်ကိုင်ထားဖို့ မလိုပါဘူး”
ရှန့်ကျန်း ပြောပြီးနောက် ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားလိုက်သည်။
xxxxxxx