Chapter 193
( ရှန့်ကျန်းမှာ ဦးနှောက်ရှိနေတယ်)
နားလည်မှုလွဲနေခဲ့တာ ဟုတ်သလား…
စုမုန့်သည် သူမနှင့် ဝေ့ထင် နားလည်မှုလွဲခြင်းအကြောင်းကို စတွေးကြည့်ခဲ့သည်။သူက ဘာမှလုပ်ထားသူမဟုတ်။အားလုံးက ဝေ့ရွှယ်ကြောင့် သူမတို့နှစ်ယောက်ကြားတွင် ကမောက်ကမဖြစ်နေရခြင်းသာ။တစ်ယောက် အပေါ် တစ်ယောက်ထားသည့် ခံစားချက်တွေလည်း လျော့ပါးလာရသည်။
သို့သော်လည်း ယခုအခါတွင် နားလည်မှုလွဲမှားမှုကို ရှင်းထုတ်လိုက်ရာ၊ဝေ့ထင်သည် သူမကို လုံးဝလက်မလွှတ်ချင်ခဲ့မှန်း မြင်လာရသည်။
သူမကော…သူမ ခံစားချက်တွေကို လက်ခံပြီး သူနဲ့ပြန်စသင့်သလား…
ဝေ့ထင်သည် သူမကို ဝန်ခံပြီးကတည်းက၊ သူမ သူ့အကြောင်းကို အာရုံပြောင်းကာ တွေးနေမိခဲ့သည်။ ယခု ရှန့်ကျန်းကပါ ပြောလာတာကြောင့် သူမ၏ အတွေးများသည် ပြန်ပြောင်းလာခဲ့၏။
သူမ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် တစ်စုံတစ်ခု မှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။နေစမ်းပါဦး... ရှန့်ကျန်း အတွေးတွေက ဘာလို့ရုတ်တရက် အနုပညာဆန်လာတာလဲ…
"ရှင် တစ်ခုခုသိထားသလား"
စုမုန့်က မေးခွန်းထုတ်လိုက်သည်။
ရှန့်ကျန်းသည် စုမုန့် သတိပြုမိမည်ဟု မမျှော်လင့်ထား၍ တစ်ချက်ကြောင်အမ်းသွားကာ ခြောက်ကပ်ကပ်ရယ်မောပြီးပြောလိုက်သည်။
"ဒါကို ဘယ်လိုခေါ်လဲဆိုတော့ ဘေးနားကကြည့်နေတဲ့သူက၊ကာယကံရှင်ထက် အဖြစ်သနစ်အမှန်တွေကို ပိုမြင်ရသလိုမျိုးလေ…မင်းက ဥက္ကဌဝေ့ကို အမြဲတမ်း မလိုမုန်းထားနေတော့ သူက မင်းအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာကို နားမလည်ဘူးဖြစ်နေတာ... ကိုယ်က ဘေးကနေ တစ်ချိန်လုံး စောင့်ကြည့်နေတော့ မင်းထက် သဘာဝကျကျနဲ့ ပိုသိတယ်လေ"
"ကိုယ် ထင်တာမမှားဘူးဟုတ်လား…ဥက္ကဌဝေ့က မင်းအပေါ် ထားတဲ့ သူ့ရဲ့စိတ်ရင်းမှန်ကို ထုတ်ပြတယ်မလား…"
ရှန့်ကျန်းက စုမုန့်ကို မျက်ခုံးပင့်ကာ မေးလိုက်သည်။သူက တီဗွီစီးရီးထဲမှ အဓိကဇာတ်ကောင်လို ပြုံးနေသော်လည်း၊ သူ့ခေါင်းမှ ပတ်တီးကြောင့် သူ့မျက်နှာအမူအရာကို စုမုန့်ကတော့ သတိမထားမိပေ။သူ မင်းသားလို ပုံဖမ်း၍မရတာကြောင့် နောက်ဆုံးလက်လျှော့ကာ မပြုံးဘဲ နေရပေတော့၏။
ရှန့်ကျန်း ပြောပြီးနောက် ဝေ့ထင်သည် သူမအပေါ် အဘယ်ကြောင့် ဤမျှကောင်းမွန်ကြောင်း စုမုန့် မတွေးတောဘဲ မနေနိုင်ပေ။ ဘေးကကြည့်သူ ရှန့်ကျန်း တောင် မြင်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
သူမ မျက်နှာ အမူအရာ ပျက်ယွင်းသွားသည်ကို ရှန့်ကျန်း သတိပြုမိလိုက်သည်။ သေချာတာက၊ဝေ့ထင် သည် စုမုန့် ဘာတွေတွေးနေမှန်းမသိနိုင်ပေ။ထို့ကြောင့် သူ တစ်ချက် စဉ်းစားပြီးနောက်
“မင်း သိတယ်မလား၊ ကိုယ်တို့က သေခြင်းတရားနဲ့ နီးစပ်တဲ့အရာတစ်ခုကို အတူတူဖြတ်သန်းဖူးတယ်လေ… သေခြင်းတရားနဲ့ အတူတူဖြတ်သန်းရတယ် ဆိုပြီး အရမ်းကြီး ပြောလို့မရပေမယ့်လည်း ကိုယ်တို့ရဲ့ဆက်ဆံရေးက သာမန်လူတွေထက် ပိုကောင်းတာ သေချာတယ်မဟုတ်လား”
“ဒါ့အပြင် မင်းက ကိုယ်ရဲ့သူဌေးဆိုပြီး စိတ်ထဲမှာ အမြဲပဲ တွေးနေပြီးသားပါ…နောက်ဆို မင်း ဘဝအတွက် ဘာပဲရွေးချယ်ပါစေ မင်းရဲ့အနားမှာ ကိုယ်က အခိုင်အမာရပ်တည်ပေးမယ်… ဒါဆို မင်း ဥက္ကဌဝေ့ကို ဘယ်လိုမြင်လဲဆိုတာ ကိုယ့်ကိုပြောပြချင်လား"
"ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးတယ်နော်...အရမ်းသိချင်နေတာတော့ မဟုတ်ဘူး…ဒါပေမယ့် မင်း အခု အရမ်း ရှက်နေတယ် ဆိုတာ မင်း ကိုယ်တိုင်တောင် မသိလိုက်ဘူးမလား... "
"ဟုတ်တယ် မင်း အခုတော့ အရင်လို ပြတ်ပြတ်သားသား မဆုံးဖြတ်တတ်ဘူးလို့ ခံစားရတယ်…ဒီမှာ သူဌေး၊ တစ်ခုခုမှားနေပြီလေ...အရင်ကတော့ မင်းဘာပဲလုပ်လုပ် စိတ်အေးအေးထားပြီး ဖြေရှင်းဖို့စဉ်းစားနေတတ်တာ...ဒီလောက် စိတ်ရှုပ်ထွေးပြီး ဝေခွဲမရတာမျိုး မင်း တစ်ခါမှမဖြစ်ဖူးဘူး"
သူမ တစ်ကယ်ပဲ ဝေခွဲမရဖြစ်ပြီး ရှက်နေမိတာလား...
“ရှင် နားမလည်ပါဘူး…ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ကျွန်မ အများကြီး ဖြတ်သန်းခဲ့ရတာကြောင့်ပါ”
ထို့နောက် စုမုန့် သည် ယခင်ဘဝက ဝမ်းနည်းဖွယ်အတွေ့အကြုံနှင့် သူမ၏ သနားစရာကောင်းသော ကလေးကို ပြန်ပြောင်းသတိရမိ၏။သူမ ကလေးအကြောင်းကို တွေးရင်း ဝမ်းဗိုက်ကို ထိကြည့်လိုက်သည်။
ဤဘဝတွင် သူမသည် ဝေ့ထင်နှင့် ခွဲခွာရန် ရွေးချယ်ခဲ့သည်။ ထိုနေ့တွင် သူတို့နှစ်ဦး ဘာမှမကျူးလွန်ခဲ့သောကြောင့် သူမ၏ ကလေးအား ထာဝရနှုတ်ဆက်သွားရပြီဟု ဆိုလိုခြင်းဖြစ်သည်။၎င်းသည် သူမ မွေးဖွားပြီးနောက် သူမကို ဝမ်းနည်းစေသည့်တစ်ခုတည်းသော အရာလည်းဖြစ်သည်။
"သူဌေး၊ အထူးသဖြင့် ဘက်ပေါင်းစုံမှာ ထူးချွန်တဲ့ ဝေ့ထင်လို လူမျိုးကို မင်းဘဝမှာ တွေ့ဖို့က မလွယ်ဘူး…ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လာရင် သဘာဝတရားနဲ့ပဲ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ထားနိုင်ရင် ပိုကောင်းတယ်…မင်း အမုန်းစိတ်ကို အတင်းအကြပ်ကြီး မထားပါနဲ့… ကိုယ့်ဘာသာ ကြိုးစားကြည့်ပြီး ပြန်ချစ်လို့ရတာတွေလည်းရှိသေးတယ်…မကြိုးစားကြည့်ဘဲ ခါးသလား၊ချိုသလားဆိုတာ ဘယ်လိုလုပ်ပြီး သေချာသိနိုင်မလဲ”
“ဘဝက ဆယ်စုနှစ် နည်းနည်းလေးပဲ ကြာတာ... ဒီလိုအသေးအမွှားကိစ္စကြောင့် ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့… မင်းနှလုံးသားရဲ့အလိုကိုပဲ လိုက်နာရမယ် …ဒါဆို အသက်ရှင်ရတာ ဘယ်လောက်မှ မကြာလည်း တန်ပါတယ်"
ရှန့်ကျန်း ပြောနေရင်း ပို၍ စိတ်လှုပ်ရှားလာသည်။နောက်ဆုံးတော့ သူ့စကားကြောင့် သူလည်း စိတ်ခွန်အားဖြစ်သွားရ၏။သူ့စကားလုံးတွေက ဒဿနဆန်လွန်းနေသည်။
စုမုန့်သည် ရှန့်ကျန်းက ဤမျှလေးနက်သော စကားကို ပြောလာမည်ဟု မမျှော်လင့်ခဲ့ပေ။
"ရှင် ပုံမှန်လို သိပ်ပြီးဂရုမစိုက်တဲ့ပုံစံနဲ့ ဒီလိုအမှန်တရားတွေပြောနိုင်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး…ကြည့်ရတာ ခပ်အအယောင်ဆောင်တဲ့သူက အရမ်းဉာဏ်ကောင်းနေတာမျိုး နေမယ်"
ခပ်အအယောင်ဆောင်တဲ့သူက အရမ်းဉာဏ်ကောင်းနေတာမျိုးလား... ရှန်းကျန့်သည် စုမုန့်က သူ့ကို ချီးကျူးသလား၊ လှောင်ပြောင်နေသလား မသိတာကြောင့် ခဏလောက် တွေးလိုက်မိသည်။
"ကိုယ် နည်းနည်းပါးပါးကျွမ်းကျင်တဲ့ ဖုန်းရွှေပညာရှင် တစ်ယောက်ပါ၊ အဲဒီ့ လူလိမ်တွေလို မလိမ်ညာတတ်ဘူးလေ....ကိုယ်က ဒီလိုစကားမျိုး သိပ်ပြောတတ်တာပေါ့"
ရှန့်ကျန်းသည် စုမုန့် ဘာကိုဆိုလိုမှန်း မသိသော်လည်း၊ထုံးစံအတိုင်း အကောင်းမြင်ကြည့်တတ်သည်။သူ့ကို ချီးကျူးသည်ဟု ယူဆလိုက်၍ သူ ချက်ချင်း ဂုဏ်ယူသွားသလို ခံစားလိုက်ရ၏။သူက ခေါင်းကို အနည်းငယ် ချီထားကာ ရင်ကိုကော့ထားလိုက်သည်။
သူ့တစ်ကိုယ်လုံး ပတ်တီးအထူကြီးဖြင့် ပတ်ထားသော်လည်း စုမုန့် သူမည်မျှ ပျော်ရွှင်နေသည်ကို မြင်နေရ၏။အကယ်၍ ရှန့်ကျန်း မှာသာ အမြီးရှိလျှင် ကောင်းကင်မှာ လှုပ်နေမှာ သေချာသည်။
(ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်သွားရန်)
“ဟင်း....”
စုမုန့် သည် ရှန့်ကျန်း ၏ ဂုဏ်ယူနေဟန်အကြည့်ကို မြင်ပြီး အမြင်ကပ်လာကာ သူနှင့် ဆက်ပြီး စကားမပြောချင်တော့ပေ။နဂိုကတည်းက၊စိတ်မတည်မငြိမ်ဖြစ်နေသည့် သူမမှာ ရှန့်ကျန်း ၏စကားက သူမ နှလုံးသားကို ပို၍ပင် ဖရိုဖရဲဖြစ်စေခဲ့သည်။
တစ်ကယ်တော့ ရှန့်ကျန်း စကားတွေက တော်တော်ကို အဓိပ္ပါယ်ရှိလှသည်။ သို့သော် သူမသည် ဤဘဝတွင်သာမက ယခင်ဘဝက ပြဿနာကို လျစ်လျူရှုထားမိခဲ့သည်။
ယခင်ဘဝတွင်၊ သူမသည် သူတို့မိသားစု၏ မကောင်းဘက်ခြမ်းကို မြင်ခဲ့ရသည်။ယခုဘဝမှာတော့ တစ်ချို့တွေကို ယုံကြည်မိသေးသည်။ အကယ်၍ သူမသာ မှားယွင်းစွာရွေးချယ်မိလျှင်၊ ဝေ့ထင် နှင့် လက်တွဲပြီးနောက် ယခင်ဘဝကလို အဖြစ်အပျက်မျိုး ထပ်မံဖြစ်ခဲ့ပါက သူမ ဘာလုပ်မလဲ...သူမ ကံကောင်းသောကြောင့်သာ ယခုတစ်ကြိမ် ပြန်လည်မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်ကြိမ်လည်း ပြန်လည်မွေးဖွားနိုင်မည်ဟု သူမ မယုံကြည်ရဲပေ။
စုမုန့် စိတ်က အတွေးလွန်နေပြီး လိမ္မော်သီးက ချဉ်နေတာကိုတောင် မေ့သွားသည်။ လိမ္မော်သီးတစ်လုံးလုံး စားကုန်သွား၍ ရှန့်ကျန်းတောင် ပါးစပ်အဟောင်းသားဖြစ်နေရတော့သည်။
သူမ စားနေသည့် လိမ္မော်သီးကို ကြည့်ရင်း သူပါ သွားရည်ယိုလာရသည်။ ထိုလိမ္မော်သီးတွေက ချဉ်လွန်း၍ သူ တစ်လုံးတောင် မကုန်လိုက်။သို့သော် စုမုန့်ကတော့ တစ်လုံးကို ပြိုက်ကနဲပင် ကုန်သွားလေသည်။ထင်ထားသည့်အတိုင်း၊သူ၏ သူဌေးက သူ့ထက် သန်မာသည်။
ရှန့်ကျန်း သူမကို လက်မထောင်ပြချင်သော်လည်း၊ သူ့လက်မှာ ပတ်တီးများနှင့်တုပ်ထားကြောင့် လက်ပင်မမြှောက်နိုင်ပေ။
ရှန့်ကျန်း နှင့် အချိန်အတော်ကြာ စကားပြောပြီးနောက်၊ စုမုန့် သည် အချိန်ကို ကြည့်လိုက်ရာ နာရီဝက်နီးပါး ကုန်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဝေ့ထင် ထွက်သွားပြီဖြစ်၍ သူမ ပြန်သွားဖို့ဆုံးဖြတ်လိုက်၏။
စုမုန့် ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ရှန့်ကျန်း က ရှောင်ပိုင်ကိုပါ ခေါ်သွားရန် အမြန်သတိပေးလိုက်သည်။
"မင်းရဲ့အဖော်လေးကိုပါ ခေါ်သွားလေ"
စုမုန့် ကလည်း ရှောင်ပိုင် ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။သူမကို တွေ့လိုက်ရလျှင်၊ အိပ်ပျော်နေသည့် မြေခွေးကလေးက ချက်ချင်း နိုးလာသည်။
ရှန့်ကျန်းက ဖြူစင်ချင်ယောင်ဆောင်နေသူ မြေခွေးလေးအားကြည့်ကာ မဲ့ကာရွဲ့ကာဖြင့်
"ကြည့်စမ်း...သူ့သခင်ရှေ့ကျ လိမ္မာနေလိုက်တာ...သူက ဟန်ဆောင်နေတာနော်...ငါ့ရှေ့မှာတော့ သူက တစ်ကယ့်ဆရာကြီးလို အခန့်သားနဲ့...ငါ တစ်ခါလေး အစာကျွေးဖို့ မေ့သွားလို့ တကယ်ကိုက်ပစ်လိုက်တာနော်…တော်သေးလို့ အသားကိုထိမသွားတာ"
ရှောင်ပိုင်သည် ရှန့်ကျန်း တိုင်ပြောနေသည်ကို နားလည်ပုံရသည်။ ရှန့်ကျန်း ကို ဟင်းကနဲ အသံမြည်ပြရင်း စုမုန့် ၏ ရင်ခွင်ထဲမှာ နေရာပြင်၍ဆက်အိပ်လိုက်လေသည်။
"ရှင့်ကို အစာမကျွေးဖို့ ကျွန်မ ပြောမိလို့လား...ဘယ်သူက အစားမစားရရင် စိတ်ကြည်ပါ့မလဲ...သူက စကားမပြောနိုင်တော့ ရှင် အာရုံစိုက်လာအောင် ကိုက်တာပါ"
ပြောရင်း သူမက ရှောင်ပိုင်၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ရှန့်ကျန်းကို ရှောင်ပိုင်က ကိုက်လိုက်တာကို တွေးပြီး သူမ ဝေ့ရွှယ် ၏ ဒဏ်ရာကို ရုတ်တရက် သတိရမိသွားသည်။ ရှောင်ပိုင်သာ အင်အားပိုသုံးပြီး ကိုက်ခဲ့လျှင် ရှန့်ကျန်းသည်လည်း ဝေ့ရွှယ်ကဲ့သို့ ဖြစ်လာနိုင်ပေလိမ့်မည်။
စုမုန့်သည် ဤမြေခွေးလေးကို အလွန်အဖိုးတန်ပြီး၊သူ မည်မျှပင် စောဒကတက်လျှင်တောင် အသုံးမဝင်ကြောင်း သိလိုက်ရ၍ ရှန့်ကျန်း ဘာမှ ထပ်မပြောတော့ပေ။သူက ကုတင်ပေါ်ထိုင်ပြီး သက်ပြင်းချကာ
"အင်း၊ ငါ့တစ်ကိုယ်လုံးမှာ အေမွှးတွေမရှိတာတော့ သနားစရာပဲ၊ မဟုတ်ရင် ငါလည်း လူတိုင်းဆီက အချစ်ခံရမှာ သေချာတယ်"
လူတွေက တိရိစ္ဆာန်လေးတွေကို ချစ်ကြသော်လည်း၊တကယ်တမ်းက သူတို့၏ နူးညံ့သည့် အမွေးတွေကို ပိုနှစ်သက်ကြတာပင်။လူတစ်ယောက်က ကိုယ်တီးလုံး ချွတ်ထားလျှင်၊သို့မဟုတ် တိရစ္ဆာန်လေးတွေကို တစ်ကိုယ်လုံး အမွှေးရိတ်ထားလိုက်လျှင် ထိုသို့ချစ်နေမှာမဟုတ်တော့။
စုမုန့်သည် ရှန့်ကျန်း စကားကို ကြားသောအခါတွင် သူမကိုယ်ကို တစ်ကိုယ်လုံး အမွှေးများပေါက်နေသလိုမျိုး စိတ်ကူးကြည့်မိပြီး လန့်သွားရ၏။ အရမ်းကြောက်စရာကောင်းတယ်...
သူမလည်း ရှန့်ကျန်းကို နှုတ်ဆက်ပြီးနောက် ရှောင်ပိုင်အား ပွေ့ကာ ဆေးရုံမှ ထွက်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဝေ့ထင် ထွက်သွားပြီဖြစ်သည်။ ကျူးရွှင်း တစ်ယောက်သာ ဆေးရုံရှေ့ရှိ ခုံတန်းလျားတွင်ထိုင်၍ သူမကို စောင့်နေသည်။
"သခင်မလေး၊ အခုပြန်တော့မလား"
ကျူးရွှင်းသည် ကားဆီသို့ လျှောက်လာပြီး စုမုန့် ကို တံခါးဖွင့်ေပးလိုက်သည်။ စုမုန့် တက်သွားပြီးနောက် သူလည်း ယာဉ်မောင်းထိုင်ခုံမှာ ထိုင်လိုက်သည်။
"သခင်မလေး၊ ဝေ့မိသားစုကို ပြန်မလား ဒါမှမဟုတ် ရှေးဟောင်းလမ်းကို သွားမလား"
ကျူးရွှင်းက မေးသည်။ဝေ့ထင် မထွက်သွားခင်မှာ သူမ ဘယ်ကိုသွားသည်ဖြစ်စေ၊ သူမ ခိုင်းသလို လိုက်ပို့ပေးရမည်ဟု သူ့အားပြောထားသည်ပင်။
“ရှေးဟောင်းပစ္စည်းဆိုင်ကို သွားရအောင်”
စုမုန့်က မဆိုင်းမတွပြောသည်။
“ကောင်းပါပြီ”
ဆယ်မိနစ်လောက်ကြာလျှင်၊ ရှေးဟောင်းပစ္စည်းဆိုင်ရှေ့မှာ ကားရပ်သွားသည်။ ကားရပ်သွားသော်လည်း စုမုန့် သည် ကားပေါ်မှ အလျင်စလို မဆင်းလာခဲ့ဘဲ နောက်ကြည့်မှန်ကိုကြည့်ရင်း နောက်မှာ ကားတွေရှိမရှိကြည့်သည်။ ဝမ်လဲ့နှင့်အတူ ထွက်သွားသည့်နေ့မှာ သူမနောက်ကို လိုက်လာသော လူအနည်းငယ်ကို တွေ့ခဲ့ရ၍ ယခုတစ်ခါ ပို၍ သတိထားနေရလေပြီ။ မကြာသေးမီက အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်၍၊သူမ အလိုလို နိုးကြားနေရလေသည်။ သူမတွင် ရွေးချယ်စရာမရှိပေ။ သူမသာ သတိမထားမိပါက တစ်နေ့တွင် ကံဆိုးပြီး အကြောင်းပြချက်မဲ့စွာ ပြန်ပေးဆွဲသူများနှင့် ကြုံတွေ့ရနိုင်သည်။ ထို့နောက် သူမ ဘဝတစ်သက်တာလုံး ပြီးဆုံးသွားပေလိမ့်မည်။
ကျူးရွှင်းသည် ကားကို ခဏရပ်ထားသော်လည်း စုမုန့်က မထွက်သေးတာကြောင့်မေးလိုက်သည်။
"သခင်မလေး၊ တခြား ဘာကိစ္စရှိသေးလို့လဲ”
စုမုန့်က နောက်ကြည့် မှန်ကို ခဏလောက် စိုက်ကြည့်ရင်း နောက်မှာ ကားမရှိမှ ပြောလိုက်သည်။
"တောင်းပန်ပါတယ်နော်... အခု နည်းနည်း သတိထားနေရလို့ စောင့်ကြည့်နေတာပါ...ကျွန်မ အဆင်ပြေပါတယ်... လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်"
သူမ ပြောပြီးသည်နှင့် ကားပေါ်က ဆင်းသွားလိုက်သည်။
ကျူးရွှင်းသည် စုမုန့်ကိုကြည့်လိုက်ရာ သူမ၏ မျက်လုံးများက တောက်ပပြီး အားအင်ပြည့်ဝနေသည်ကို တွေ့လိုက်ရသည်။ သူမကို ကြည့်ရတာ လုံးဝ အခြေအနေကောင်းနေတာပင်။
xxxxxxx