အပိုင်း ၁၉၄
Viewers 15k

Chapter 194

( ရှေးဟောင်းစာအုပ်)


ဥက္ကဌဝေ့က သူမကို အတင်းလာခိုင်းခဲ့တာများ...‌ ဝေ့ထင်က စောစောကလေးတင် စုမုန့်ကို အပြင်ထွက်ဖို့ ပိတ်ပင်ထားတာမလား...သူမကို ထောင်ချသလိုမျိုး မထူးမခြားနားကြီး ထားထားတာလေ…


ကျူးရွှင်း ထိုအကြောင်းကို ပိုတွေးလေလေ၊ ထူးဆန်းလာသလိုမျိုး ခံစားမိလေသည်။သူက စုမုန့် ကို စာနာစိတ်နှင့် ကြည့်လိုက်သည်။ပြီးလျှင် သူမ ဝေ့ထင်ကို ဘာကြောင့် မုန်းသလဲဆိုသည်ကိုလည်း သူ နောက်ဆုံးသိသွားရ၏။


စုမုန့်မှာ ကျူးရွှင်း တွေးနေတာကို မသိသေး၍ သနားစဖွယ်  သူ့အကြည့်ကြောင့် သူမ စိတ်ရှုပ်သွားသည်။ကံကောင်းထောက်မစွာ၊ ကျူးရွှင်း သည် သူမ ကြည့်နေတာကြောင့် ဆက်မကြည့်သင့်တော့မှန်း သဘောပေါက်ကာ တစ်ချက်သာကြည့်လိုက်ပြီး လှည့်ထွက်ဖို့ပြင်လိုက်သည်။


 "သခင်မလေး၊ ဥက္ကဌဝေ့က တစ်ခုခုလိုအပ်ရင် သူ့ကို ဆက်သွယ်လို့ရတယ်လို့ပြောပါတယ်...အခု ကျွန်တော့်ကို သွားခွင့်ပြုပါဦး" 


 ကျူးရွှင်းက သူမကို နှုတ်ဆက်ပြီး ကားကိုလှည့်ကာ မောင်းထွက်သွားသည်။


စုမုန့်သည် ရှေးဟောင်းပစ္စည်းဆိုင်အဝင်ဝတွင် ရပ်ကာ ဆိုင်ကို စောင့်ကြည့်နေမိသည်။ယခုအချိန်မှာတော့ ဆိုင်အဝင်ပေါက်ကို ပြုပြင်ပြီးခဲ့ချေပြီ။  နာကျဲဟု အမည်ပေးထားသူက တော်တော်လေးကို အားကိုးရ၏။ ရက်အနည်းငယ်အတွင်းမှာပဲ ဆိုင်အဝင်ဝကို လုံးလုံးလျားလျား ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ ၎င်းကို ပြန်လည်မွမ်းမံထားရုံသာမကဘဲ အလွန်အဆင့်မြင့်ပြီး ပိုလှအောင်လည်း လုပ်ထားပေးသည်။ 


သူမ အပြင်ပန်းကိုကြည့်ပြီး အလွန်ကျေနပ်မိသည်။အတွင်းခန်းက ဘယ်လောက်ကောင်းသလဲဆိုသည်ကိုတော့ သူမ မသိသေး။  ရှေးဟောင်းပစ္စည်းဆိုင်၏တံခါးသည် တစ်ဝက်သာ ပိတ်ထားသောကြောင့် သူမ တွန်းဖွင့်ပြီး အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။


အချိန်ကလည်း သိပ်မကြာသေးတာကြောင့် ပြန်လည်မွမ်းမံ၍ မပြီးပြတ်သေးပေ။ အလုပ်သမားတွေက အလုပ်ကြိုးစားလျက်ရှိသည်။ဆိုင်ထဲမှာ လျှပ်စစ်ဓာတ်အားနှင့် နံရံကို ဖြိုဖျက်နေသံတွေ ကြားနေရ၏။ အသံတွေက ဆူညံနေတာကြောင့် စုမုန့် ဝင်လာသည်ကို ဘယ်သူမှ သတိမထားမိကြသေး။


ပြုပြင်မွမ်းမံ၍ မပြီးပြတ်သေးသော်လည်း ပုံပေါ်နေပြီဖြစ်သည်။သူမ လှည့်ပတ်ကြည့်လိုက်သည်။ အားလုံးပြုပြင်မွမ်းမံပြီးနောက် ရှေးဟောင်းဆိုင်သည် လုံးဝခြားနားသွားမည်ဟု သူမ ခံစားမိသည်။


ယခု တံခါးကို ပြင်ထားတာကြောင့်၊အလုပ်သမားများလည်း ဆိုင်ထဲမှာပဲ ရှိနေကြဟန်တူသည်။သူမ အခန်းသည် ဒုတိယထပ်တွင်ရှိသောကြောင့် ပထမထပ်မှ အသံများက အနည်းငယ်သက်သာသလိုပင်။သို့သော် သူမ တစ်နေ့လုံး အခန်းထဲတွင် နေရလျှင် ဆူညံသံကြောင့် သေနိုင်သည်ဟု တွေးမိသည်။


စုမုန့်က ခေါင်းဆောင်နှင့်တူသူဆီ လာပြီး သူ့ကိုလှမ်းအော်ကြသည်။သို့သော် ထိုသူက မကြားရသဖြင့် သူ့ပုခုံးပေါ် လက်တင်လိုက်သည်။ အလုပ်သမားက လှည့်ကြည့်ကာ သူမနောက်က‌နေ၍ ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်လာခဲ့သည်။


 "ပြုပြင်မွမ်းမံတာက အပြီးသတ်ဖို့ ဘယ်လောက်ကြာမလဲ"  


အလုပ်သမားက ခဏလောက် စဉ်းစားပြီး လက်သုံးချောင်း ထောင်လိုက်သည်။  


"ဘာမတော်တဆမှုမှ မရှိရင် သုံးရက်အတွင်း ပြီးသွားမှာပါ"


သုံးရက်က အချိန်မကြာသော်လည်း၊သူမ အလုပ်ကို နှောင့်နှေးစေသည်။  နောက်ဆုံးတွင် သူမ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာဖို့ အရေး ဆူညံသံများကြားတွင် နေရန်သာ ရွေးချယ်ခဲ့သည်။ အောက်ထပ်မှ ပြုပြင်မွမ်းမံသံများ ဆက်လက်ထွက်ပေါ်လာသည်။ထို့ကြောင့် နားကြပ်ရှာပြီး တပ်ထားမှသာ သူမလည်း နားပူ သက်သာလာရသည်။ သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ ရှောင်ပိုင် ကလည်း နားရွက်ကို လက်သည်းလေးဖြင့် အုပ်ထားကာ သူမ ဝယ်ပေးထားသော အလုံပိတ် ကြောင်အိပ်ရာထဲမှာ ကွေးနေ၏။


 နားကြပ်တပ်ပြီးဖြစ်၍ ဆူညံသံတွေ လျော့သွားသလိုပင်။စုမုန့်သည် ဆရာပေးထားသော စုတ်ပြဲနေသည့် ဂါထာမန္တာန်စာအုပ်ကို ထုတ်ယူလိုက်သည်။  မည်မျှစုတ်ပြတ်ထားသလဲ ဆိုလျှင်၊ စာရွက်ကို လက်တစ်ဖက်တည်းဖြင့်လှန်ရန်ပင် မဝံ့ရဲချေ။သူမသာ သတိမထားမိပါက ပြဲသွားနိုင်သည်။အဓိကအကြောင်းအရင်းမှာ ဤစာအုပ်ဟာ အချိန်အတော်ကြာပြီးဖြစ်သလို၊ ရာသီဥတုဒဏ်ကြောင့်လည်းပါ၏။ ကံကောင်းစွာဖြင့်၊ စာအုပ်သည် ကြည့်မကောင်းသော်လည်း စာသားများက အလွန်အသုံးဝင်သည်။


သူမသည် စာအုပ်ကို အစမှ အဆုံးထိ ကူးယူပြီး အသစ်အတိုင်း သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့သည်။နောက်ဆို၊ လိုအပ်ပါက သုံးနိုင်ရန်၊ကူးယူနေစဉ်တွင်လည်း ၎င်းကို အလွတ်ကျက်နိုင်သည်။ စာအုပ်သည် ဖုန်းရွှေပညာရှင် လောကရှိ ဂါထာမန္တာန်အားလုံးနီးပါးကို မှတ်တမ်းတင်ထားပြီး အများစုကို အပြင်မှာပင် ရှာမတွေ့နိုင်။


ဝေ့ထင် ကို ကူညီဖို့ ကောက်ရိုးရုပ်လေးများအား အသုံးပြုခဲ့သော ကျိန်စာများကိုလည်း ဤစာအုပ်မှ သင်ယူခဲ့ခြင်းပင်။ဂါထာများက အစွမ်းထက်သလို၊ ဘေးထွက်ဆိုးကျိုးတွေလည်း ပြင်းထန်သည်။ ကံကောင်းစွာနှင့်၊ စာအုပ်ထဲမှာ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေဖို့ နည်းလမ်းတွေလည်း မှတ်တမ်းတင်ထား၏။ထို့ကြောင့် သူမ ပြန်ရှာရခြင်းပင်။ 


 စာအုပ်က ကောင်းသော်လည်း သူမ မကြိုက်တာ တစ်ခုရှိသည်။ စာအုပ်တွင် မာတိကာ ဇယားမပါသောကြောင့် သူမကိုယ်တိုင် တစ်ရွက်ချင်း လှန်ကြည့်ရခြင်းပင်။ အဆိုးဆုံးမှာ ဂါထာများ၏ အဆင့်များနှင့် ဘေးထွက်ဆိုးကျိုးများသည် တူညီခြင်းမရှိသောကြောင့် ၎င်းတို့ကို ဂရုတစိုက် ရှာဖွေရန် လိုအပ်သည်။ကံကောင်းစွာပင်၊ စာအုပ်က သိပ်မထူပေ။လိုက်ရှာဖို့သိပ်လည်းအချိန်ကုန်မှာမဟုတ်။


သူမသည် ဤရက်အနည်းငယ်ကြာ ပြန်လည်သက်သာလာဖို့ အနားယူနေစဉ်၊စာများလည်း ဖတ်နိုင်မည်ဖြစ်၏။  သူမ ပြန်လည် ကောင်းမွန်လာသောအခါတွင်၊ အတတ်ပညာ အနည်းငယ်ကို သင်ယူပြီး ဖုန်းရွှေ ပြဿနာအား ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။


 တစ်ဖက်မှာ ဝေ့မိသားစု၌…


အမေဝေ့သည် သူမ၏ချမ်းသာသော သူငယ်ချင်းများနှင့် မာဂျောင်းကစားနေသည်။ဝေ့ရွှယ်က ဘေးမှာထိုင်ပြီး သူတို့ကစားနေတာကို ကြည့်သည်။တစ်ခါတစ်ရံ၊သူမက သူတို့အတွက် အဆာပြေမုန့်များ ယူလာကာ ကော်ဖီလည်း ဖျော်ပေးရသည်။


 အခန်းထဲတွင် ကြွေပြားများ တရှပ်ရှပ်ကျနေသည့် အသံတစ်ခုတည်းသာ ကြားနေရ၏။ဘယ်သူမှ စကားမပြောကြ။အမေဝေ့ခေါ်ခဲ့သော မာဂျောင်းသူငယ်ချင်းများအားလုံးသည် ဝေ့မိသားစုထက် များစွာနိမ့်ကျသော မိသားစုများမှ ဖြစ်သည်။ဝေ့မိသားစုထက် နိမ့်ကျသော မိသားစုနောက်ခံရှိသူများသာ သူမကို ရင်ပေါင်မတန်းရဲကြမှာပင်။သူမကို အမြဲဖားယားပြီး အလိုလိုက်အကြိုက်ဆောင်နေသူများသာ။


(တွက်ချက်မှုအမှား)


စုမုန့်သည် အဘိုးဝေ့၏ မွေးနေ့ပွဲ၌ သူမ ထောင်ကျခဲ့ရသည့်ကိစ္စကို ဖော်ထုတ်ခဲ့သည်။ထို့ကြောင့်  သူမသည် အသိုင်းအဝိုင်းထဲတွင် ဟာသဖြစ်လာခဲ့သည်။


 ဝေ့မိသားစုမှ သိက္ခာရှိသော သခင်မသည် သူ့ချွေးမ၏လှည့်စားခြင်းခံရသည်ဟုဆိုကာ လူတိုင်းက ရယ်မော လှောင်ပြောင်ကြသည်။ သူတို့ အသိုင်းအဝိုင်းမှာ ချွေးမက အနိုင်ကျင့်ခံရတာမျိုး ရာဇဝင်မှာ မရှိချေ။ အခြားမိသားစုများတွင်လည်း ချွေးမကိုသာ အပြစ်ပေးကြသည်၊သူမလို ချွေးမဖြစ်သူက ပြန်အနိုင်ယူတာမျိုး မဟုတ်ပေ။


 သူဌေးမတွေက သူမကို နောက်ကွယ်မှာ လှောင်ပြောင်ရုံတင်မကဘဲ၊ ရှေ့မှာလည်း လှောင်ပြောင်ကြသည်။ထို့ကြောင့် သူမကို တကယ်ကို မျက်နှာပျက်ခဲ့ရ၏။ အဘိုးဝေ့၏ အကာအကွယ်ကြောင့်သာမဟုတ်လျှင်၊သူမ စုမုန့် ကို လွှတ်ထားမည်မဟုတ်ပေ။


 လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမနှင့်ပတ်သက်သည့် သတင်းသည် နေရာအနှံ့ ပျံ့နှံ့ခဲ့ပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။  သူမ အပြင်မထွက်ရဲတော့ဘဲ မာဂျောင်းကစားခြင်းဖြင့်သာ အိမ်ထဲမှာ နေခဲ့ရ၏။


 တခြားအမျိုးသမီးတွေက အမေဝေ့၏ ညှိုးမှိုင်းနေသည့် မျက်နှာကိုကြည့်ပြီး ဘာမှ မပြောရဲကြပေ။ သူတို့လည်း သူမနှင့် တိတ်တိတ်ဆိတ်ဆိတ်သာ မာဂျောင်းကစားကြသည်။


မည်သို့ပင်ဆိုစေကာမူ၊ သူမကို လာတွေ့ရခြင်းမှာ သူမနှင့် စကားပြောရန်မဟုတ်ပေ။ အမေဝေ့၏ လတ်တလောအခြေအနေကြောင့် သူတို့သည် သူမဘက်က ပြတ်ပြတ်သားသား ရပ်တည် ကြောင်းသိစေဖို့ လာကြခြင်းသာ။အမေဝေ့ကို ကပ်ထားနိုင်သရွေ့ ဝေ့မိသားစု၏ ကုမ္ပဏီနှင့်လည်း ပူပေါင်းခွင့်ရနိုင်သည်။


 "အမေ ပင်ပန်းနေတယ်မလား...သမီး  ပခုံးကို နှိပ်ပေးမယ်…  စိတ်မပူပါနဲ့ အမေနဲ့ အန်တီတို့ ကစားနေတာကို မနှောင့်ယှက်ပါဘူး"  


ဝေ့ရွှယ်က သူတို့ကို ဘေးကနေ ကြည့်နေရင်း အမေဝေ့ ပခုံးတွန့်နေသည်ကို မြင်လိုက်ရသောအခါ၊သူမက ထိုသို့ပြောလိုက်ခြင်းပင်။ 


"ရှောင်ရွှယ်က အရမ်းသိတတ်တာပဲ"


ဝေ့ရွှယ်က အလွန်ဉာဏ်ကောင်းသဖြင့် အမေဝေ့၏ အမူအရာမှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ တခြားမာဂျောင်းသူငယ်ချင်းတွေကလည်း အမေဝေ့၏ ချီးကျူးသံကိုကြားလျှင်၊ဝေ့ရွှယ်ကို ချီးမွမ်းကြသည်။  


"ရှောင်ရွှယ်က တကယ် လိမ္မာတာပဲ...အရမ်းလည်း လှတယ်…အရမ်းလည်း နူးညံ့သိမ်မွေ့တယ်.…ဘယ်လိုကောင်လေးမျိုးက သူမနဲ့ လိုက်ဖက်မှာပါလိမ့်" 


 “ဟုတ်တယ်၊ သခင်မဝေ့က ကလေးတွေကို ကောင်းကောင်းသင်ပေးနိုင်တယ်နော်… ဝေ့ထင်ဆို အရမ်းတော်တယ်၊ ဝေ့ရွှယ်ကလည်း ဉာဏ်ကောင်းတယ်...ဟင်း ကျွန်မတို့ မိသားစုက ကလေး‌နှစ်ယောက်ကတော့ နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြတာပဲ သိတယ်...အစ်ကိုကြီးက ညီမလေးကို ဘယ်လိုဂရုစိုက်ရမှန်း မသိသလို၊ ညီမလေးကလည်း အစ်ကိုကြီးကို အလိုက်မသိတတ်ဘူး...ကျွန်မတို့မိသားစုကတော့ တနေ့လုံး ကမောက်ကမ ဖြစ်နေတာပဲ”


 "ဟယ် နင် ဘယ်လိုပြောတာလဲ…ငါတို့လို မိသားစုငယ်လေးက ဝေ့မိသားစုနဲ့ ဘယ်လိုယှဉ်နိုင်မလဲ…ဝေ့မိသားစုက မွေးကတည်းက ကလေးတွေကို လေ့ကျင့်ပေးထားတာ”


မာဂျောင်းသူငယ်ချင်းများ၏ ချီးကျူးစကားများကို နားထောင်ရင်း ဝေ့ရွှယ် မျက်နှာပေါ်ရှိ အပြုံးသည် ထိန်းမနိုင်သိမ်းမရ တောက်ပနေခဲ့သည်။ သို့သော် အမေဝေ့ စိတ်ဆိုးနေသောကြောင့် အေးအေးဆေးဆေးနှင့် လျစ်လျူရှုဖို့ဟန်ဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားနိုင်ခဲ့သည်။ သူမ အန်တီများကို ကျေးဇူးတင်ကြောင်း ပြေပြစ်စွာ ပြောကာ ခေါင်းညိတ်ပြရင်း အသာအယာပြုံးပြနေရ၏။ 


 လူတိုင်းက သူမကို ချီးကျူးနေရင်း  မာဂျောင်းကစားလည်း မပျက်ကြပေ။အစက ပုံပန်းပျက်ခဲ့ရပြီး အရှက်ရသွားသော အိမ်ကြီးသည် ယခု အနည်းငယ် အသက်ဝင်လာသည်။အမေဝေ့၏ မျက်နှာအမူအရာကလည်း ပိုကောင်းလာသည်။ သို့သော် ထိုစဉ် တံခါးဖွင့်သံ ရုတ်တရက်ထွက်ပေါ်လာပြီး အစေခံက  


“သခင်လေး ပြန်လာပါပြီလား"


 "အင်း၊ ဒုတိယ သခင်မလေး ဘယ်မှာလဲ"  


သူ့အသံက  တိုးလျလျပင်။


 ဤအသံကို ဝေ့ရွှယ် ကြားလိုက်သောအခါ ချက်ချင်း ဝမ်းသာသွားရ၏။သူမ အလွမ်းဆွတ်ဆုံးသူ ပြန်လာခဲ့လေပြီ။ သူတို့နှစ်ယောက် မတွေ့ရသည်မှာ ရက်အနည်းငယ်သာ ရှိသော်လည်း သူမအတွက် ဆောင်းဦးသုံးရာသီလို ရှည်ကြာလှသည်။ သူမ သူ့ကို လွမ်းဆွတ်နေရလေ၏။


ထို့ကြောင့် ဝေ့ထင် ပြန်လာပြီး သူမအား ပထမဆုံးမေးသည်ကို ကြားလိုက်ရသောအခါ ဝေ့ရွှယ် အလွန်ဝမ်းသာသွားခဲ့သည်။သူမ ချက်ချင်းထပြီး တံခါးပေါက်ဆီသို့ ပြေးသွားလိုက်သည်။


 "ရှောင်ရွှယ်နဲ့ ဝေ့ထင် ဆက်ဆံရေးက တကယ်ကောင်းတာပဲ...သူ့အစ်ကို ပြန်လာပြီဆိုတာ ကြားတာနဲ့ အမြန်သွားကြိုတာပဲ... ကောင်းလိုက်တာ"


ဝေ့ရွှယ် နံဘေးတွင်ထိုင်နေသော အန်တီက စိတ်လှုပ်ရှားစွာ ပြောသည်။


 "မှန်တယ်…သမီးက ငယ်ငယ်လေးကတည်းက အစ်ကို့ကို အရမ်းတွယ်ကပ်တာ… သူ့အစ်ကိုနဲ့ဆို သဘောတွေကျလို့...သူတို့အရမ်းရင်းနှီးနေတာကိုတွေ့တော့ ငါလည်း စိတ်ချမ်းသာရတယ်"


 ဝေ့ထင်ပြန်လာကြောင်းကို ကြားလိုက်သောအခါ၊ အမေဝေ့၏မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။ သူမလည်း အပြင်ထွက်ကြည့်ချင်သော်ငြား၊ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအပေါ်  ဝေ့ထင်၏ သဘောထားကို တွေးလိုက်ရာ၊သူမ မျက်နှာက ချက်ချင်းအေးစက်သွားပြန်သည်။


ဝေ့ရွှယ်သည် ဝေ့ထင်ကိုတွေ့ရန် စိတ်အားထက်သန်နေသောကြောင့် မြန်မြန်လျှောက်လာရာ၊သူမဆီသို့ လျှောက်လာနေသော ဝေ့ထင်ကို ဝင်ဆောင့်လုနီးပါး ဖြစ်သွားသည်။သူတို့နှစ်ယောက်ကြားက အကွာအဝေးမှာ ခြေတစ်လှမ်း၏ တစ်ဝက်သာ ရှိသည်အထိ နီးကပ်သွား၏။သူမ ယခု ခြေလှမ်းယိုင်သွားပါက၊ဝေ့ထင် ရင်ခွင်ထဲသို့ ဝင်မိသွားမည်ဖြစ်သည်။


 "အာယား"


သူမ အမြန်ပင် ဝေ့ထင် နှင့် နီးစပ်ရန် နည်းလမ်းကို ချက်ချင်း စဉ်းစားခဲ့သည်။သူမ ဟန်ချက်ပျက်သွားပါက၊ ဝေ့ထင် ရင်ခွင်ထဲသို့ ပစ်ဝင်သွားမည်ဖြစ်သည်။သူမကို ဝေ့ထင်က သေချာပေါက် ဖမ်းပေးမည်ဟု ယုံကြည်ထားသောကြောင့်၊ကိုယ့်ကိုယ်ကို ဟန်ချက်ထိန်းဖို့ကိုပင် မစဉ်းစားခဲ့ပေ။သို့သော် သူမ တစ်ကယ်ကို အတွေးလွန်နေခဲ့ခြင်းဖြစ်သည်။ လက်တွေ့မှာမူ ဝေ့ထင်က သူမကို ဖမ်းမထားဘဲ ဘေးကနေတောင် ရှောင်ထွက်သွား၏။


 ထို့ကြောင့် ဝေ့ထင်က ရုတ်ချည်း ရှောင်တိမ်းလိုက်တာကြောင့်၊ရှောင်မည်ဟု မမျှော်လင့်ထားသူ ဝေ့ရွှယ် ခမျာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ဗိုင်းကနဲလဲကျသွားတော့သည်။



xxxxxx