Chapter 195
(ဝေ့ထင် မှားခဲ့သည်)
“အား”
ဝေ့ရွှယ် နှာခေါင်းကနာကျင်သွားရသလို၊ပူနွေးသော အရည်တစ်ခုလည်း ထွက်လာသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူမ လဲကျရာမှ မှင်တက်မိနေသောကြောင့် ချက်ချင်း မထနိုင်သေး။
ဝေ့ရွှယ် ရုန်းရင်းဆန်ခတ်ဖြစ်သံက ကျယ်လွန်းသောကြောင့် မာဂျောင်းကစားနေသော အမေဝေ့ ထိတ်လန့်သွားခဲ့သည်။သူမသည် သူငယ်ချင်း သုံးယောက်နှင့်အတူ ထွက်လာပြီးကြည့်လိုက်ရာ၊ ဝေ့ရွှယ်မှာ အိန္ဒြေမဲ့စွာ ကြမ်းပြင်မှာ ကားယားဖြစ်နေပြီး၊ဘေးက ဝေ့ထင်မှာလည်း မကူညီဘဲ ရပ်ကြည့်နေသည်ကို တွေ့ရ၏။
အမေဝေ့သည် ဝေ့ရွှယ်ကို ကူညီရန် အမြန်သွားလိုကသည်။ ဝေ့ရွှယ် ၏နှာခေါင်းမှာ သွေးထွက်နေပြီး မျက်နှာနှင့်အဝတ်အစားများအားလုံး သွေးစွန်းနေသည်ကို မြင်လိုက်သောအခါ ကူညီဖို့ ပြင်မိသည်။ သို့သော်လည်း သွေးကိုမြင်ပြီး ဘယ်နေရာကစ၍ ကူညီရမှန်း တစ်ချက်တွေဝေသွားရကာ၊ခဏကြာမှ တစ်ရှူးယူလာဖို့ အစေခံများအား အမြန်ခေါ်လိုက်သည်။အစေခံများအား ခိုင်းပြီးနောက် ဝေ့ထင်ဘက်လှည့်ကာ
"မင်းညီမ လဲကျသွားတာကို မင်း မမြင်ဘူးလား...မင်း ဘာလို့မကူညီတာလဲ"
“သူမဘာသာ လဲကျသွားတာပါ”
ဝေ့ထင်က အေးစက်သောအမူအရာဖြင့် ပြောသည်။သူ့ပုံစံက ကိုယ်ချင်းစာပုံလည်းမပေါ်။ ဝေ့ထင် ပြောချင်တာက ဝေ့ရွှယ်သည် တမင်တကာ သူမဘာသာ လဲကျအောင်လုပ်ခြင်းဟုဆိုလိုသော်လည်း အမေဝေ့သည် ရှင်းရှင်းလင်းလင်း နားလည်မှုလွဲရ၏။သူမ အထင်က ဝေ့ရွှယ် မတော်တဆ လဲကျသွားခြင်းအား ဝေ့ထင်က တမင် မကူညီခဲ့ခြင်းဟု မြင်သွား၏။သူမ သားဖြစ်သူကို စူးစိုက်ကြည့်ရုံမှတစ်ပါး၊ပြောစရာပင်မရှိတော့။ သူမ တစ်ခုခု ပြောချင်သော်လည်း ဘေးတွင် အပြင်လူများ ရှိနေသောကြောင့် သူမ ကြမ်းတမ်းစွာ မပြောသင့်ပေ။ မဟုတ်ပါက၊သူမအား လှောင်ရယ်စရာ တစ်ကွက်တိုးလာပေမည်။
“အာ...ညီမလေးနဲ့ ဈေးဝယ်ထွက်ဖို့ ပြောတာကို အခုမှ ရုတ်တရက် သတိရသွားတာပဲ…မေ့တော့မလို့..အခုဘယ်အချိန်ရှိပြီလဲ… အမေဝေ့ တောင်းပန်ပါတယ်… ဒါပေမယ့် နောက်တစ်ခါ နဲ့ထပ်ပြီး မာဂျောင်းကစားမယ်… ဟုတ်လား"
မဒမ်တစ်ယောက်က အလျင်စလိုပြောသည်။ကျန်သုံးယောက်ကလည်း ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။ အခြေအနေ မဟန်၍ အမြန်ထွက်သွားဖို့ အကြောင်းပြချက် ရှာခဲ့ကြသည်။
ဒီလူတွေ ဘာကိုဆိုလိုမှန်း အမေဝေ့ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ...သူတို့၏ အရိပ်အခြည်သိတတ်မှုကို မြင်လိုက်ရသဖြင့် သူမ ကျေနပ်စွာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ထို့နောက် အစေခံဆီမှ တစ်ရှူးကိုယူကာ ဝေ့ရွှယ်အား ပေးလိုက်သည်။ အခြားမဒမ် သုံးယောက် ထွက်သွားပြီးနောက် ဝေ့ထင်ကို စတင်ပြီး ပြစ်တင်ရှုတ်ချလိုက်သည်။
"မင်း အိမ်ပြန်မလာတာလည်း ရတယ်...မင်းအမေ ထောင်ကျတာကိုလည်း ဂရုမစိုက်တာလည်းရတယ်… မင်း မိသားစုကို အရှက်ခွဲဖို့ အပြင်လူဘက်က နေပေးရင်လည်း ရသေးတယ်..ဒါတွေအားလုံးကို ငါ မျက်ကွယ်ပြုနိုင်တယ်.. ဒါပေမယ့် မင်းညီမကို ဘာလို့ အနိုင်ကျင့်တာလဲ"
"ဘာဖြစ်လို့လဲ… မင်းကို အဲဒီ စုမုန့်က ဆေးများခပ်ထားတာလား.…မင်းက သူမဆီက မကျေနပ်ချက်တွေကို မင်းရဲ့မိသားစုကို ဒေါသတွေ လာပုံချဖို့ အိမ်ပြန်လာခဲ့တာလား…ရှောင်ရွှယ် ခမျာ မင်းပြန်လာတာကို အရမ်းပျော်နေတာ… သူမက မင်းကို လာကြိုဖို့ အရမ်းပျော်ပြီး ထွက်သွားတာကို မင်း သူ့ကို ဘယ်လို ဆက်ဆံလိုက်တာလဲ… သူ လဲကျသွားတာကို တောင် မင်း သူမကို မကူညီဘူးလား"
"အမေ…ပေါ့လျော့မိတဲ့ သမီး အပြစ်ပါ……အစ်ကိုဝေ့ထင် ပြန်လာတာကိုကြားရတာ အရမ်းပျော်နေတော့ ခြေထောက်ကို ဂရုမစိုက်ဘဲ ခလုတ်တိုက်မိသွားတာပါ…အစ်ကိုဝေ့ထင်နဲ့ ဘာမှမဆိုင်ဘူး… အမေတို့ ထွက်လာတုန်းက သူက သမီးကို ကူညီဖို့ လုပ်နေတာပါ"
ဝေ့ရွှယ်သည် ဝေ့ထင်အား သူမကြောင့် အဆူခံရမှာစိုးမိသည်။သူ အဆူခံရလျှင် သူမအပေါ် အာဃာတထားမမည်ကို စိုးရိမ်မိ၏။ ဝေ့ထင်က သူမကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေမှန်း သိသော်လည်း သူ့အတွက် ပြန်ကာ၍ ပြောရသေးသည်။
“သမီးက သိပ်သဘောကောင်းလွန်းတယ်..ကိုယ် အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ပြန်အနိုင်ယူရမလဲဆိုတာ ဘယ်တော့မှ မသိဘူး.. တခြားသူတွေကိုလည်း အမြဲ အကောင်းချည်ပြောနေတတ်တယ်...နောက် သမီး လက်ထပ်ရင် အမေ ဘယ်လိုစိတ်ချမ်းသာနိုင်မှာလဲ"
အမေဝေ့က လက်ကို မြှောက်လိုက်ပြီး ဝေရွှယ်မျက်နှာကို ထိဟန်ပြုလိုက်သည်။ သို့သော်လည်း ဝေ့ရွှယ် ၏ မျက်နှာက သွေးများကို မြင်လိုက်ရသောအခါ၊ သူမ လက်သည် လေထဲတွင် တန့်သွားကာ ခေါင်းထိပ်ကိုသာ ထိလိုက်သည်။သို့သော် သူမ၏မျက်လုံးများသည် ကြင်နာမှုအပြည့်နှင့်ပင်။
သူ့အမေက သူမအား လက်ထပ်ဖို့ စကားပြောလိုက်သည်နှင့်၊ ဝေ့ရွှယ် မျက်နှာက ချက်ချင်းနီရဲသွားသည်။သူမက ဝေ့ထင်ကို တစ်ချက် ခိုးကြည့်ပြီး
“အမေ...သမီး လက်ထပ်ဖို့ စောလွန်းနေပါသေးတယ်...သမီး အမေနဲ့တောင် တစ်ဝကြီးမနေရသေးဘူး"
ဝေ့ရွှယ်နှင့် အမေဝေ့တို့မှာ ဆက်ဆံရေးကောင်းနေသည်။သူတို့ နှစ်ယောက်အချင်းချင်း ဂရုစိုက်နေကြပုံမှာ တစ်ကယ့် သားအမိအရင်းနှင့်မခြားပေ။
ဝေ့ထင်က ဝေ့ရွှယ်ကို အကြည့်ပြောင်းလိုက်သည်။ ဝေ့ရွှယ်သည် သူမ၏ အိမ်ထောင်ရေးအကြောင်းပြောနေချိန်တွင် နီရဲသောမျက်နှာဖြင့် သူ့အား တိတ်တဆိတ်ကြည့်နေသည်ကိုလည်း သူသတိပြုမိသည်။ ဤသည်မှာ နှစ်အတော်ကြာပြီးနောက်၊သူမကို လေးလေးနက်နက် သေချာကြည့်မိခြင်းဖြစ်၏။
အကယ်၍ အတိတ်ကဆိုလျှင်၊သူသည် ဝေ့ရွှယ်၏ လုပ်ရပ်ကို တစ်ကယ်အမှန်အတိုင်းထင်ကာ သူမကို ဖမ်းပင်ဖမ်းပေးထားမိပေလိမ့်မည်။သို့သော် သူက သူ့ကို ချစ်ကြောင်း သိလာကတည်းက သူမ၏ အပြုအမူများကို ကြည့်ပြီး တစ်ခုခု မှားနေမှန်း သိလိုက်ရသည်။
ဝေ့ရွှယ် သူ့ကိုကြည့်သည့်ပုံစံက ညီမလေးတစ်ယောက်က အစ်ကိုဖြစ်သူကိုကြည့်ခြင်းထက် ပိုပြီးစိတ်အားထက်သန်နေသည်။
ဝေ့ရွှယ်က သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အသားအား တမင်ထိချင်နေသည်ပင်။ ယခင်ကလည်း သူမအား ကလေးဆန်သည်ဟု တွေးပြီး ညီမလေးတစ်ယောက်သဖွယ် ဆုံးမခဲ့ရဖူးလေသည်။ သူ အချိန်တိုင်း ရှောင်နေမိသော်လည်း၊ယခုတော့ သူမ၏ လုပ်ရပ်တွေက သူ့ကို လေးလေးနက်နက် စဉ်းစားလာစေသည်။
ဒါ့အပြင် ဝေ့ရွှယ် က သူမဘာသာ နမော်နမဲ့နဲ့ ဂရုမစိုက်လို့ လဲကျသွားတယ်လို့ သူ့ကို ကာကွယ်ဖို့ ဘာပြောခဲ့တာလဲ...ဝေ့ရွှယ် လဲမကျမီ မတ်တတ်ရပ်နေသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။သူမက ရည်ရွယ်ချက်ရှိရှိ လဲကျဟန်ဆောင်လိုက်သည်မှာ ထင်ရှားလှ၏။
ဝေ့ရွှယ်သည် ဝေ့ထင်၏ ဆက်တိုက်ကြည့်နေသော အကြည့်အောက်တွင် စိတ်လှုပ်ရှားစပြုလာသည်။နှလုံးခုန်မြန်လာပြီး မျက်နှာကလည်း နီမြန်းလာရသည်။ သူမ အကြည့်ကို အမြန်လွှဲလိုက်သည်။သူမ၏ လုပ်ရပ်တွေက ဝေ့ထင် သံသယစိတ်တွေကို နှိုးဆွပေးနိုင်မလားဆိုသည်ကို မသိသော်လည်း၊ သရုပ်ဆောင်စွမ်းရည်က တော်တော်လေး ကောင်းမွန်နေမှာ သေချာသည်။ ဝေ့ထင် ဘာမှရိပ်မိဟန်မတူပေ။
(ထပ်ဆူပြန်သည်)
"ရှောင်ရွှယ် သမီး မျက်နှာက ဘာလို့ဒီလောက်နီနေတာလဲ... ပြီးတော့ အရမ်းလည်း ပူနေသလိုပဲ... နေမကောင်းဘူးလား...အမေ ဆရာဝန်ခေါ်လိုက်ရမလား"
ဝေ့ရွှယ် ၏ အသားအရေမှာ နီးမြန်းနေသည်ကို မြင်လိုက်ရသဖြင့် အမေဝေ့က သူမ မျက်နှာကို လက်နှင့်ထိလိုက်သည်။ ဝေ့ရွှယ်၏ မျက်နှာသည် အလွန်နီရဲနေပြီး ပူနေမှန်း သူမ သိလိုက်ရသည်။ ဝေ့ရွှယ် မှာ လဲကျသွားပြီး ဒဏ်ရာရသွားသည်ဟုထင်ကာ သူမအလွန်ထိတ်လန့်သွားမိ၏။
“နေကောင်းပါတယ် အမေ ..ခုနက ရှော့ခ်ရသွားတာပါ…ခဏနေကောင်းသွားမှာပါ… အမေ၊ မာဂျောင်းမကစားရလို့ သမီး တောင်းပန်ပါတယ်"
ဝေ့ရွှယ်က ဆောလျင်စွာ ရှင်းပြပြီး တောင်းပန်၍ အကြောင်းအရာကို ပြောင်းလိုက်သည်။ထိုအချိန်တွင် ဝေ့ထင်သည် သူမကို စိုက်ကြည့်လိုက်ပြန်သည်။သူမလုပ်ခဲ့သည့် အရာတွေ ပေါ်သွားမှာ ကြောက်၍ ထိုအကြောင်းကို ဆက်ပြောရဲဟန်မတူပေ။
"ဆရာဝန်ကို သေချာကြည့်ခိုင်းလိုက်လေ" ဝေ့ထင်၏ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ကွဲထွက်သွားသည်။
!!
"အင်"
ဝေ့ရွှယ်သည် ဝေ့ထင်၏ စကားကြောင့် ကြောင်အမ်းသွားရ၏။အခု ဝေ့ထင် က သူမကို အခု စိတ်ပူနေတာလား...သူမလည်း သတိပြန်ဝင်လာသောအခါ၊ နှလုံးသားထဲမှာ ချိုမြိန်သည့်ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ ဝေ့ထင် က သူမကို တစ်ကယ် ဂရုစိုက်ပေးလေသည်။
သို့သော်လည်း၊ ဝေ့ထင် က အတန်ကြာစဉ်းစားပြီးမှ
"မင်းရဲ့ဒဏ်ရာကို ဆရာဝန်နဲ့ ကုလိုက်ပါ..ပြီးရင် စာကြည့်ခန်းထဲမှာ ငါ့ကိုလာတွ့"
ဝေ့ထင် ပြောပြီးသည်နှင့် ဝေ့ရွှယ် နှင့် အမေဝေ့ကိုပင် မကြည့်ဘဲ အပေါ်ထပ်သို့ တန်းပြီးတက်သွားသည်။
အမေဝေ့သည် ဝေ့ထင်က သူမအား တောင်းပန်လာမည်ကို စောင့်နေသော်လည်း လျစ်လျူရှုလာမည်ဟု မျှော်လင့်ထားခဲ့ပေ။သူမကိုတောင် တစ်စက်မှ ဂရုမစိုက်ပေ။
“ငါ ဒီလိုသားမျိုးကို ဘာလို့ မွေးထားမိပါလိမ့်...အရိုင်းအစိုင်းမ စုမုန့်ကိုကျ အရမ်း စေတနာထားပြီး အမေကိုတောင် ဂရုမစိုက်ဘူး"
ဝေ့ထင်က ဘာမှပြန်မပြောသော်လည်း၊သူသည် စုမုန့်နှင့်အတူရှိနေသည်ဟု အမေဝေ့ ထင်မိ၏။စုမုန့်သည် သူမနှင့် ပဋိပက္ခဖြစ်ဖူးထား၍ ထိုနာမည်ကို တွေးရင်း သူမ ခေါင်းကိုက်လာမိသည်။
"အမေ၊ စိတ်မပူပါနဲ့…အစ်ကိုဝေ့ထင်က အဲဒီလိုလူမဟုတ်ဘူး… အမေ သူ့အပေါ် နားလည်မှုလွဲမှားတာ ဖြစ်ရမယ်...အစ်ကို့ရဲ့ကုမ္ပဏီက အရမ်းကြီးတာဆိုတော့ နေ့တိုင်း အစ်ကိုလည်း အလုပ်တွေအများကြီးလုပ်ရမှာပေါ့...သူ အရမ်းပင်ပန်းနေမှာပဲ"
"သမီးတို့ သူ့ကို ပိုနားလည်ဖို့ လိုပါတယ်၊ စုမုန့် က အစ်ကို ဝေ့ထင် နဲ့ ပြန်ပေါင်းဖို့ လက်မလျှော့ပေမယ့် သူတို့က လမ်းခွဲပြီးသားပါ… အမေ စိတ်ပူစရာ မလိုတော့ပါဘူး" ဝေ့ရွှယ်က အမေဖြစ်သူကို ကမန်းကတန်း ဖြေသိမ့်လိုက်သည်။
“သမီးတို့ နှစ်ယောက်လုံးက ငါ့သားသမီးတွေပဲ...ဒါပေမယ့် စရိုက်တွေက ဘာလို့ ကွာခြားနေရတာလဲ...ဝေ့ထင် ကသာ သမီးလို တစ်ဝက်လောက် ဉာဏ်ကောင်းရင် အမေလည်း သူ့ကို စိတ်ပူနေမှာ မဟုတ်ဘူး"
စုမုန့်နှင့် ဝေ့ထင်တို့ကို ယှဉ်ကြည့်ပြီး ဝေ့ရွှယ်ကို အမေဝေ့ ပိုချစ်ခင်လာရလေသည်။
“မင်းတို့ စောစောကတည်းက အောက်ထပ်မှာ ငြင်းခုံနေတာ ကြားတယ်...ဘာတွေ ငြင်းခုံနေကြတာလဲ... မင်းကတော့ ငါ့ကို နေ့တိုင်း အေးအေးဆေးဆေးကို ပေးမနေတော့ဘူး"
အဖေဝေ့သည် အနီးမှုန်မျက်မှန်ကို တပ်ကာ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း အခန်းထဲက ထွက်လာသည်။သူက ဒုတိယထပ်ရှိ လက်ရန်းမှာ ရပ်ပြီး ပြောဆိုလျက်ရှိ၏။စောစောက သူသည် စာရွက်စာတမ်းအချို့ကို ဖတ်နေရင်း အောက်ထပ်တွင် ဆူညံနေသောကြောင့် အာရုံမစိုက်နိုင်ဖြစ်ကာ ဆင်းလာခြင်းပင်။
"ရှင့်ရဲ့သားက အိမ်ပြန်လာတာကို မိဘတွေကိုတောင် ဂရုမစိုက်ဘူး… နှုတ်ဆက်စကားတောင် မပြောဘူး...အိမ်ပြန်ရောက်လာပြီး အရင်ဆုံး စာကြည့်ခန်းထဲ သွားသတဲ့လေ…အတောင်စုံပြီဆိုတော့ သူတို့ကို ထိန်းချုပ်လို့မရတော့ဘူး...ရှင်တို့က တစ်ကယ်ကို သားအဖပီသတယ်"
အမေဝေ့ ဒေါသအလွန်ထွက်ကာ ခင်ပွန်းဖြစ်သူကိုလည်း ဆူပူကြိမ်းမောင်းလိုက်သည်။
"မင်းကလည်း ဟာသပဲ"
အဖေဝေ့မှာ သူဘာမှလည်းမလုပ်ဘဲ အပြစ်တင်နေ၍ နားမလည်နိုင်အောင် ဖြစ်သွားသည်။
“အဖေ၊ အမေ၊ အစ်ကို ဝေ့ထင်က အရေးတကြီးလုပ်စရာရှိလို့ထင်တယ် …သမီးကို ခေါ်နေတာ…သမီး အပေါ်တက်ပြီးကြည့်ရမှာလား"
ဝေ့ရွှယ်က မေးသည်။
"သွား...သွား... ငါမသေမချင်း စုမုန့်ကို ဝေ့မိသားစုဆီ ပြန်လာခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ နင့်အစ်ကိုကိုပြောလိုက်…"
အမေဝေ့က အေးစက်စွာပြောသည်။
“ဟုတ်ကဲ့ အမေ"
ဝေ့ရွှယ်သည် စုမုန့်အား အမေဝေ့ မည်မျှ မုန်းတီးသည်ကို မြင်လိုက်ရသောအခါ မပျော်ဘဲ မနေနိုင်ဘဲ ဝမ်းသာသွားမိသည်။ ကြည့်ရသည်မှာစုမုန့်က ဝေ့မိသားစုဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးထင်သည်။
အမေဝေ့ထံမှ ခွင့်ပြုချက်ရပြီးနောက် သူမ ချက်ချင်းလှည့်၍ ဝေ့ထင်၏ စာကြည့်ခန်းဆီသို့ လျှောက်လာခဲ့သည်။
"အောင်မာ ငါ့ကို လာပြောနေသေးတယ်...သူက ငါ့သားဆိုပေမယ့် မင့်သားလည်းဟုတ်တယ်လေ..."
ဝေ့ရွှယ် အပေါ်ထပ်တက်ပြီးနောက် အဖေဝေ့သည် အောက်ထပ်သို့ဆင်းလာပြီး မေမေဝေနှင့် စကားများစပြုလာသည်။ သို့သော် သူမ နှလုံးသားထဲတွင် ဝေ့ထင် သာရှိသဖြင့်၊ ဝေ့ထင်ကို တတ်နိုင်သမျှ အမြန်ဆုံးတွေ့ချင်နေတာကြောင့် မိဘများကို ဂရုမစိုက်တော့။
ဝေ့ထင်၏ စာကြည့်ခန်းတံခါးကို ရောက်သည့်အခါ၊သူမ ဖုန်းကို ထုတ်ပြီး မိတ်ကပ်ကို သေချာကြည့်လိုက်သည်။နှာခေါင်းသွေးလျှံထား၍ မျက်နှာပေါ်တွင် သွေးများကျန်နေသေးသည်ကို တွေ့လိုက်ရသောအခါ သူမ အံ့အားသင့်သွားသည်။ ကံကောင်းသည်က၊ သူမ ကြိုတင်ကြည့်မိသည်ပင်။မဟုတ်ပါက၊ဝေ့ထင်သာ သူမအား ဤပုံစံနှင့်မြင်သွားလျှင် သူမ သေလောက်အောင် ရှက်မိပေမည်။
ဝေ့ရွှယ် တံခါးကိုမခေါက်သေးဘဲ နံဘေးက ရေချိုးခန်းထဲကို အမြန်လျှောက်သွားပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်သည်။သူမ ပုံစံက ကြည့်၍အဆင်ပြေပြီဆိုမှ ဝေ့ထင်၏ စာသင်ခန်းတံခါးဆီသို့ ပြန်သွားခဲ့သည်။ထို့နောက် သူမ လက်ကို မြှောက်လိုက်ပြီး တံခါးကို ညင်သာစွာခေါက်လိုက်သည်။
"အထဲဝင်ပါ"
ခွင့်ပြုချက်ရပြီးနောက် ဝေ့ရွှယ်လည်း တံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။
xxxxxxx