Chapter 196
(ဝေ့ထင် စစ်ဆေးမေးမြန်းခြင်း)
ဝေ့ထင်သည် စားပွဲနောက်တွင် ထိုင်နေသည်။ စားပွဲပေါ်တွင် စာရွက်စာတမ်း အနည်းအကျဉ်းရှိသည်။သူ့မျက်လုံးများသည် တစ်စုံတစ်ခုကို စစ်ဆေးနေသကဲ့သို့ ကွန်ပျူတာနှင့် စာရွက်စာတမ်းများကြားအား အပြန်ပြန်အလှန်လှန် ကြည့်နေလျက်ရှိသည်။
ဝေ့ထင်၏ ချောမောသော မျက်နှာကို ကြည့်လိုက်ရင်း ဝေ့ရွှယ် စိတ်ဝင်တစားမရှိဘဲ မနေနိုင်တော့ပေ။သူသည် အလွန်ချောမောသော ယောက်ျားတစ်ယောက်ဖြစ်ပြီး ထူးချွန်ထက်မြက်ကာ မိသားစုနောက်ခံကောင်းသူဖြစ်သည်။ ဤကမ္ဘာပေါ်တွင် သူ့ထက် ထူးချွန်သူ တစ်ယောက်မှ မရှိနိုင်ပေ။
သူသည် သူမ၏အစ်ကိုဖြစ်သော်လည်း ကံကောင်းထောက်မစွာပင်၊အစ်ကိုအရင်းမဟုတ်ပေ။ ထို့ကြောင့် သူမမှာ အခွင့်အရေးရှိသေးသည်။ အနာဂါတ်မှာ ဘာပဲ ဖြစ်ခဲ့ပါစေ၊ သူမ ဝေ့ထင် ကို ရရပေမည်။ထိုကဲ့သို့ ထူးချွန်သော အမျိုးသားတစ်ဦးတည်းသာ သူမကို လက်ထပ်ဖို့ ထိုက်တန်သည်။သူမ ဝေ့ထင် ကို တချိန်လုံး စိုက်ကြည့်နေတာမို့ အသံလည်းမထွက်မိပေ။
!!
ဝေ့ထင်သည် သူ့လက်ထဲရှိ စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ခေါင်းကိုသာ မော့လိုက်သည်။
သူ ခေါင်းမော့ကြည့်လိုက်လျှင်၊ဝေ့ရွှယ်က ရွှန်းရွှန်းစားစားကြီး သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့အမြင်ထဲတွင်၊ဝေ့ရွှယ်သည် အမြဲတမ်း တိတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့သော ကလေးမလေးဖြစ်သည်။ အများအားဖြင့် သူမသည် အခြားသူများအတွက် အမြဲစဉ်းစားလေ့ရှိပြီး အလွန်စာနာတတ်သူဖြစ်သည်။ ရံဖန်ရံခါမှ ဝုန်းဒိုင်းကြဲကာ ဆိုးတတ်သော်လည်း၊လိမ္မာသူပင်။ သူမသည် အသက်ကြီးသူများနှင့်လည်း တရိုတသေတလေးတစား ဆက်ဆံတတ်ပြီး လူတိုင်းက သူမအား ခြွင်းချက်မရှိ ချစ်ခင်ကြသည်။
ဝေ့ရွှယ်၏ အကျင့်စာရိတ္တကောင်းမွန်မှုကြောင့် စုမုန့်အား ပြုစုစောင့်ရှောက်ရန် သူကလည်း အပ်ထားခြင်းဖြစ်သည်။စုမုန့် ဘာပဲပြောပြော သူမကို ဘယ်တော့မှ သံသယမ၀င်ခဲ့ဘဲ ယုံကြည်ခဲ့သည်။
သို့သော် သူမအပေါ် ယုံကြည်မှုကြောင့် စုမုန့် ကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရ၏။ကံကောင်းစွာပင်၊ သူတို့နှစ်ဦးကြားမှ နားလည်မှုလွဲမှားမှုကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
“မင်း ကြီးပြင်းလာတာကို ငါက ကြည့်လာတာလေ…ဒါပေမယ့် မင်း ဒီလောက် သရုပ်ဆောင်ကောင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး"
ဝေ့ထင်က ကုလားထိုင်ပေါ် ပြန်မှီပြီး အေးစက်စွာ ပြောလိုက်သည်။ယခုအချိန်တွင် သူ့ပုံစံက ရန်လိုလျက်ရှိ၏။
"အစ်ကိုဝေ့ထင် ဘာကိုဆိုလိုတာလဲ"
ဝေ့ရွှယ် သည် ဝေ့ထင် ၏စကားကြောင့် စိတ်ရှုပ်ထွေးနေပုံရပြီး စိုးရိမ်နေမိသည်။ ဝေ့ထင် က ဘာလို့ ဒီလိုမျိုး ရုတ်တရက် ပြောရတာလဲ...တစ်ခုခုကို သူ ရှာတွေ့သွားတာလား
သို့သော် ဝေ့ထင်၏မေးခွန်းမှာ မရှင်းမလင်းဖြစ်နေသည်။ဘာပဲဖြစ်ဖြစ် သူမ ထိတ်လန့်၍ မဖြစ်၊သို့မဟုတ်ပါက ဝန်ခံလိုက်ခြင်းနှင့် အတူတူပါပင်။
ဝေ့ရွှယ် နားမလည်နေသဖြင့် ဝေ့ထင်သည် သူမ တကယ်နားမလည်တာလား၊သို့မဟုတ် ဟန်ဆောင်နေသလားကို မသိချေ။သူက ကွေ့ဝိုက်မနေဘဲ တည့်သာပြောလိုက်သည်။
"မင်း ငါ့အကြောင်းကို ဘယ်တုန်းက စပြီး တခြားအတွေးတွေ တွေးနေတာလဲ...နောက်ပြီး မင်း မွေးစားထားတာကို ဘယ်တုန်းကစပြီး သိခဲ့တာလဲ"
ဝေ့ရွှယ်သည် ဝေ့ထင်က ဤကိစ္စကို တိုက်ရိုက်ပြောလာဖို့ မမျှော်လင့်ထားမိချေ။ ဝေ့ထင်ကို သူမ ချစ်သော်လည်း ယခုအချိန်တွင် ထိုအကြောင်းကို သူ့အား ပေးမသိနိုင်သေး။ သူမ၏ အစီအစဥ်ကလည်း မပြီးပြတ်သေးသောကြောင့်၊မသိနားမလည်ဟန်ဆောင်ရပေတော့မည်။
“အစ်ကို ဝေ့ထင်၊သမီးတို့ မိဘတွေ ရန်ဖြစ်တုန်းက မိသားစု နောက်ခံအကြောင်း မတော်တဆ ကြားခဲ့ရတယ်.... ဝေ့မိဘတွေက ညီမကို ပြုစုပျိုးထောင်ဖို့လည်း မလွယ်တာကြောင့် မသိဟန်ဆောင်နေခဲ့တာ…သူတို့ကို စိတ်မကောင်းမဖြစ်စေချင်တဲ့အတွက် ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပါဘူး”
“ညီမရဲ့ မိဘအရင်းက ဘယ်သူလဲဆိုတာ ညီမလည်း မသိဘူး...ညီမကို မွေးစားထားတယ်လို့ပဲသိတယ်၊ ဒါပေမယ့် အစ်ကိုက ညီမရဲ့ အရင်းနှီးဆုံးမိသားစုဝင်ပဲ"
ဝေ့ရွှယ် သည် ဝေ့ထင် ကို သူမနှစ်သက်သည့်ကိစ္စအပေါ် တိုက်ရိုက်ကျော်သွားခဲ့ပြီး ဝေ့ထင် ၏အာရုံစိုက်မှုကို ပြောင်းလဲစေရန်အတွက် မွေးစားခြင်းအကြောင်းကို သူမ,သိကြောင်း ပထမဆုံးဝန်ခံခဲ့သည်။
တစ်ကယ်တမ်း ဝေ့ထင် သည် မွေးစားခြင်းအကြောင်းကို သိနေပြီဖြစ်သော်လည်း၊ သူမ သိပ်ဂရုမစိုက်ပေ။တခြားကိစ္စ တစ်ခုခုကို ပြောနေပါက၊ သူ့ကို လှည့်စားနိုင်မှာ သေချာသည်။သို့သော် သူမကို စူးစမ်းချင်စိတ် ဖြစ်စေသော အရာတစ်ခု ရှိခဲ့သည်။ဤ အကြောင်းကို သူမ ဘယ်သူ့ကိုမှ မပြောခဲ့ဖူး၊သူမမှာလည်း စုမုန့် မှလွဲ၍ အခြားပြိုင်ဘက်မရှိချေ။ဝေ့ထင် ကို ဤကိစ္စကို တိုင်တန်းဖို့ ဘယ်သူမှ အားနေကြတာလည်းမဟုတ်ပေ။ စုမုန့် ကသာ လုပ်နိုင်သူပင်။
ဝေ့ရွှယ် မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။ဒါဆို စုမုန့် က ဝေ့ထင် ကို ပြောပြခဲ့တာလား...
"အစ်ကိုဝေ့ထင်!"
သူမက စုမုန့် အကြောင်းကို ဝေ့ထင် အား တိုင်ရန် ပြင်လိုက်သော်လည်း...
"မင်း ငါ့အကြောင်း ဘယ်တုန်းက မဟုတ်တာတွေ စပြီး တွေးနေတာလဲ"
ဝေ့ထင်က ဝေ့ရွှယ် ဤအကြောင်းအရာအား ရှောင်သွားသဖြင့် စိတ်ရှည်ရှည်နှင့် ထပ်မေး၏။
"အစ်ကိုဝေ့ထင်၊ စုမုန့် ကများ တစ်ခုခုပြောခဲ့တာလား...စုမုန့် က အမေ့ကို ထောင်ချပြီးတဲ့ နောက်မှာ ညီမကို ခွင့်မလွှတ်ဘူးလို့ ပြောသေးတာ...ညီမ အရမ်းကြောက်တယ်"
“မင်းကို တတိယအကြိမ် မမေးပါရစေနဲ့"
ဝေ့ထင် သည် သူမပြောသမျှကို မကြားချင်တော့ဘဲ အထူးသဖြင့် စုမုန့် နှင့်ပတ်သက်သော လီစယ်ထားသည်များကို မကြားချင်တော့။သူ့ မျက်နှာက မည်းမှောင်နေပြီဖြစ်သည်။ သူ့မျက်ခုံးတွေကလည်း အနည်းငယ် တွန့်သွားကာ စိတ်ဆိုးနေသလို ဖြစ်နေရသည်။
ဝေ့ရွှယ် သည် သူမ ရှောင်လွှဲနိုင်မည် မဟုတ်မှန်းမြင်လိုက်ကာ၊ ဝေ့ထင် ကိုလည်း ဆက်ပြီး ဒေါသမဆွရဲတော့ပေ။ သူမ မျက်လုံးများမှာ နီရဲလာပြီး ငိုရှိုက်လိုက်ရင်း
"အစ်ကိုဝေ့ထင်...မဟုတ်ဘူး...ညီမက အစ်ကို့ရဲ့ညီမပါ...အစ်ကို့ကို မဟုတ်တာတွေ ဘယ်လိုလုပ်ပြီး တွေးရဲမှာလဲ"
" စုမုန့်က ပြောတာလားဟင်...သူမကလေ ညီမက ဝေ့မိသားစုရဲ့ သမီးအရင်းမဟုတ်မှန်းသိတော့ ညီမကို အရမ်းနှိမ်ခဲ့တာ..သူမဆီက ပစ္စည်းတွေ လုယူမှာကို ကြောက်လို့ ညီမကို မောင်းထုတ်ချင်နေတာ...အစ်ကိုဝေ့ထင်၊ ညီမတို့အတူကြီးပြင်းခဲ့တယ်မလား...အစ်ကို ညီမကို ယုံပါ...ညီမတို့ကြားထဲမှာ သူများတွေ ဝင်ပါတာကို မယုံပါနဲ့"
(ကိစ္စကို ဖော်ထုတ်လိုက်သည်...)
အဆုံးတွင် ဝေ့ရွှယ် တုန်လှုပ်လာပြီး မျက်ရည်များ ကျဆင်းလာသည်။သူမသည် မူလကဖြူစင်ပြီး သနားစရာကောင်းပုံရသည့် ရုပ်ခံလေးရှိသဖြင့်၊ ယခု မိုးရေထဲတွင် သစ်တော်သီးပွင့်ကဲ့သို့ ငိုကြွေးနေသဖြင့် မြင်သူတိုင်းက သူမကို နှစ်သိမ့်ပေးရန်အတွက် ရင်ခွင်ထဲတွင် ပွေ့ဖက်ထားချင်နေကြမည်ဖြစ်သည်။
သို့သော်လည်း ဝေ့ထင် အတွက်၊ ဤလုပ်ရပ်သည် အသုံးမဝင်ရုံသာမက ဝေ့ရွှယ်၏ တုံ့ပြန်မှုသည် ရှိုးတစ်ခုသာ ဖြစ်ကြောင်း သူသိသောကြောင့်၊ စိတ်အနှောင့်အယှက်ဖြစ်မိသည်။
"မင်းရဲ့ ယောင်းမကိုတောင် အပြစ်တင်ချင်သေးတာလား... ငါ မင်းလို မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး... တစ်ကယ်ကို မင်းက အကြံအစည်တွေ ပြည့်နေတာပဲ"
ဝေ့ရွှယ်က စုမုန့် အကြောင်း မကောင်းပြောပြီး သူ့ကိုယ်သူတော့ ကာကွယ်နေသေးသည်။ ထို့ကြောင့် ဝေ့ထင် ဒေါသတကြီးဖြင့် စားပွဲကို ဆောင့်ရိုက်လိုက်သည်။
ဝေ့ထင် ဒေါသထွက်နေသည်ကို မြင်လိုက်ရ၍ ဝေ့ရွှယ် ပိုလို့တောင် ဝမ်းနည်းသွားရ၏။ သူမသည် စားပွဲဘေးသို့ လျှောက်သွားပြီး ဝေ့ထင် လက်ကို ကိုင်ကာ အသနားခံဖို့ ပြင်သော်လည်း၊ ဝေ့ထင်က သူမ လက်ကို ရှောင်လိုက်သည်။
"အစ်ကိုဝေ့ထင် ၊ စုမုန့်က ညီမကို အခုထိ ဒေါသထွက်နေသေးတာလားဟင်...ညီမ သူမကို ဘာလုပ်မိမှန်းတောင် မသိဘူး...သူမ တကယ်စိတ်ဆိုးရင် ညီမ ချက်ချင်းသွားတောင်းပန်လိုက်မယ်... ဟုတ်လား "
ဝေ့ရွှယ် သည် ဝေ့ထင် ၏ လုပ်ရပ်တွေကြောင့် ကြောက်လန့်နေရကာ စကားပြောရင်း ငိုနေပြီး အလွန်စိတ်မကောင်းဖြစ်နေပုံရသည်။
"မင်း ငါ့ရှေ့မှာတောင် ဟန်ဆောင်နေတုန်းပဲ... ငါ့မှာ သက်သေမရှိရင် မင်းဆီလာခဲ့မှာ မဟုတ်ဘူး"
ဝေ့ထင် အေးစက်စွာပြောပြီး စာရွက်စာတမ်းများကို သူမ ရှေ့သို့ ပစ်ချလိုက်သည်။ထို့နောက် သူ့နှလုံးသားထဲက ဒေါသကို ဖျောက်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားနေမိသည်။
ထိုအခါ ဝေ့ရွှယ်သည် အချက်အလက်ထဲက ဓာတ်ပုံတွေကိုမြင်ပြီး မျက်လုံးပြူးသွားသည်။ ဝေ့ထင် ဓာတ်ပုံတွေရိုက်ထားမည်ဟု သူမ မထင်ထားပေ။သူမ ထိုဓာတ်ပုံအနည်းငယ်ကိုကောက်ကိုင်လိုက်မိ၏။ ဓာတ်ပုံတွေတင်မက၊ယခင်က သူမ ပြောခဲ့ဖူးသည့် စကားတွေလည်း အသံမှတ်တမ်းတင်ထားသည်။
“ညီမ…ညီမ…"
ဒီအဆင့်အထိ ဖြစ်နေတာလား...သူမ ဘာပြောရမှန်းမသိတော့ဘဲ ဘယ်လို ချောချောမွေ့မွေ့လုပ်ရမည်ဆိုသည်ကို လျင်မြန်စွာတွေးလိုက်သည်။သို့သော်လည်း၊ သူမ ကောင်းကောင်းမတွေးနိုင်ခင်မှာ ဝေ့ထင်က ဆက်ပြောသည်။
"ငါ့မှာ အသံဖိုင်တွေ အများကြီး ကျန်သေးတယ်... မင်း ထပ်ပြီး ဆင်ခြေပေးရင် မင်းအရင်က ပြောခဲ့တာတွေကို ငါ လူတွေကြားအောင်ပြောပစ်လိုက်မယ်"
"မင်း စုမုန့်ကို တောင်းပန်ရမှာဆိုပေမယ့် ဒီကိစ္စကို တောင်းပန်ရုံနဲ့ ဖြေရှင်းလို့ မရဘူး...မင်း ဒီနေရာကနေ ထွက်သွားရမှာ…မင်းက အိမ်မှာ တာဝန်ကျေတဲ့ သမီးဖြစ်နေတော့ ငါ အဖေနဲ့အမေကို မပြောဘူး"
ဝေ့ထင် အသံက အေးစက်သွားသည်။
"အစ်ကိုက ညီမကို တကယ် မောင်းထုတ်ချင်တာလား"
ဝေ့ရွှယ်၏ မျက်နှာသည် မယုံနိုင်စရာ အံ့ဩရိပ်များဖြင့် ပြည့်နေသည်။ သူမ အမှားလုပ်မိလျှင် ဝေ့ထင် ဆီက အဆူခံရလိမ့်မည်ဟုလည်း တွေးနေမိသည်။အဆိုးဆုံးကတော့ သူမ အပြစ်ပေးခံရပြီး အပြင်ထွက်နိုင်မည် မဟုတ်တော့။ သူမ လက်ခံရပေတော့သည်။သို့သော် ဝေ့ထင်သည် သူမအား နှင်ထုတ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူမ ထွက်သွားလျှင် စုမုန့် ၏ဆန္ဒကို လိုက်နာသလိုဖြစ်သွားမှာ မဟုတ်ဘူးလား...
"မနက်ဖြန် မင်းကို လေဆိပ်လိုက်ပို့ဖို့ ကားသမား လွှတ်ပေးမယ်... မင်း နိုင်ငံခြားကို သွားလို့ရပေမယ့် ဒီအကြောင်း မင်း အဖေနဲ့အမေကို မပြောနဲ့...မဟုတ်ရင် မင်း လုပ်ထားသမျှ ငါပြောပြမယ်... ပြီးရင် မင်းကို ဝေ့မိသားစုထဲက ထုတ်ပစ်မယ်"
ဝေ့မိသားစုမှနှင်ထုတ်ခံရတော့မည်ဟု ကြားသောအခါ ဝေ့ရွှယ် စကားစဲသွားသည်။ သူမ ဝေ့ထင်ကို မျက်လုံးနီနီကြီးနှင့်သာ ကြည့်နေမိသည်။ သူမ မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် နာကြည်းမှုအရိပ်အယောင်များ ရှိနေသည်။
ဝေ့ထင်သည် သူမကို မပတ်သတ်ချင်တော့၍ နိုင်ငံခြားကို သွားခွင့်ပြုလိုက်ခြင်းသာ။သူပြောပြီးနောက် သူမကို ဂရုမစိုက်ဘဲ စာကြည့်ခန်းမှ ထွက်လာခဲ့သည်။
ဝေ့ရွှယ်၏ မျက်လုံးများ နီရဲသွားသည်။ ဝေ့ထင် မှတစ်ဆင့် သူမကို လက်စားချေသူမှာ စုမုန့်ပင်။ယခင်က စုမုန့် သည် ယုန်ဖြူလေးတစ်ကောင် ဖြစ်ခဲ့ဖူးသည်ကို တွေးမိပြီး သူမ ယူကျုံးမရဖြစ်နေရလေသည်။
" စုမုန့်…နင် အစ်ကိုဝေ့ထင် ဆီကို လာနိုင်မယ်လို့ ထင်နေတာလား...နင်က ငါ့ကို လွယ်လွယ်လေး အနိုင်ယူနိုင်တယ်လို့များတကယ်ထင်နေတာလား"
ဝေ့ရွှယ် ကျိန်ဆဲလိုက်ပြီး မျက်နှာကလည်း ရက်စက်မှု ရိပ်ယောင်များဖြင့် ပြည့်နှက်နေသည်။
သူမ မျက်ရည်တွေကို သုတ်ပြီးနောက် စာကြည့်ခန်းထဲက ထွက်လာရာ၊အစေခံ တစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့လိုက်၏။ အစေခံက သူမကိုမြင်သောအခါ ခေါင်းငုံ့ကာ နှုတ်ဆက်လေသည်။ ဝေ့ရွှယ်သည် သူမကို အလွန်ရင်းနှီးနေပုံရသည်ဟု မြင်လိုက်သည်။ထိုမိန်းကလေးသည် သူမကို ကြောက်နေသလိုမျိုး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။
“ခေါင်းကို မော့စမ်း"
အစေခံမလေးခမျာ ကြောက်နေသော်လည်း၊ ဝေ့ရွှယ် အမိန့်ကို နားထောင်ဖို့ကလွဲ၍ ရွေးချယ်စရာ မရှိ၍ မော့လိုက်ရသည်။
ဝေ့ရွှယ် သည် သူမကို သေချာကြည့်ပြီးနောက် သတိရသွား၏။ထိုနေ့က သူမ နောက်ကွယ်ကနေ သူမ စကားကို ခိုးနားထောင်နေတဲ့ အိမ်အကူမဟုတ်လား...တစ်ဆက်တည်း၊ဝေ့ထင် သည် အကြောင်းပြချက်မရှိ ဘယ်လိုသိလာရသလဲဆိုတာကို တွေးတောရင်း သူမ မျက်လုံးများက မှုန်ကုပ်သွားသော်လည်း၊နှုတ်ခမ်းထောင့်များကတော့ အပြုံးရိပ်များဖြင့် ဖုံးလွှမ်းနေသေးသည်။
"ငါနဲ့လိုက်ခဲ့စမ်း..."
ကြည်လင်သော ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မိုက်သွားသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုးကြိုးတစ်ခု ကျရောက်ခဲ့သည်။
လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများသည် မိုးရေစိုရွှဲကာ ထိတ်လန့်တကြားဖြင့် အရိပ်ကို ရှာဖွေကြသည်။ တချို့က မိုးသည်းထန်စွာရွာနေ၍ အတင်း ပြေးကြသည်။
စာအုပ်ဖတ်နေသည့် စုမုန့်လည်း မိုးခြိမ်းသံကြောင့် ထိတ်လန့်သွားရ၏။ သူမ အမြန်ထပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။သူမ ဆိုင်ထဲကို လာနေသည့် ရင်းနှီးနေသာ လူရိပ်အား မြင်နေရလေသည်။ သူမ လှည့်၍ အောက်ထပ်သို့ ဆင်းသွားရင်း လမ်းတစ်ဝက်လောက်မှာ အခန်းထဲက မီးတွေ ရုတ်တရက် မှိတ်သွားပြီး စက်သံတွေလည်း ရပ်တန့်သွားသည်။
xxxxxx