Chapter 197
(မင်းက လက်ထပ်ပြီးပြီလား...)
"မစ္စစု၊ မီးပြတ်သွားပြီ"
လျှပ်စစ်မီးမငြိမ်းခင် အောက်ထပ်က အလုပ်သမား ခေါင်းဆောင်သည် စုမုန့် ဆင်းလာသည်ကိုတွေ့လျှင် ပြောပြသည်။
"ကောင်းပြီ ဒါဆို ဒီနေ့ အလုပ်တွေ ရပ်လိုက်မယ်...အနားယူပါ"
ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်အိမ်လုံးက ဘာမှမမြင်ရလောက်အောင် မှောင်နေရသည်။ စုမုန့် သည် လှေကားလက်ရန်းကို ဂရုတစိုက်ကိုင်ကာ ဆင်းလိုက်သည်။ ယခုလောက်ဆို အပြင်ကလူလည်း အထဲကို ဝင်လာနေပေလောက်ပြီ။
မျှော်လင့်ထားသလိုပင်၊ ရောက်ရှိလာသူမှာ ဝေ့ထင်၏ ပုဂ္ဂလိကဆရာဝန် ဖန်းေမာဖြစ်သည်။
ဖန်းမောသည် လက်ထဲတွင် ဆေးသေတ္တာတစ်ခုကို ကိုင်ဆောင်ထားသည်။ထီးတောင်မဖွင့်နိုင်၍ ကြက်တစ်ကောင်လို မိုးရေများ ရွှဲနစ်နေသည်။လူပုံက ခပ်ချောချောဖြစ်သော်လည်း ယခုအချိန်တွင်တော့ သနားစရာကောင်းနေ၏။
" ဆေးသေတ္တာက ရေစိုခံတာ တော်သေးတာပေါ့..မဟုတ်ရင် ကျွန်တော်တော့ မတွေးရဲစရာပဲ"
ဖန်းမော ဝင်လာချိန်မှာ ပထမဆုံးလုပ်ခဲ့သည်က ရှေးဦးသူနာပြုစုသည့် ကိရိယာများကို အရင်စစ်ဆေးလိုက်ခြင်းဖြစ်သည်။ထို့နောက် ဆံပင်နှင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ခဲ့သည်။
"ရှင် ဘာလို့ဒီလောက်မြန်မြန် ရောက်လာတာလဲ"
ဝေ့ထင် အလုပ်များနေ၍ ရက်အနည်းငယ်အကြာတွင် သူမအတွက် ဆရာဝန်တစ်ဦး ပို့ပေးမည်ဟု သူမ ထင်ထားခဲ့သည်။ ယခုတော့ သူမ ပြန်လာပြီး သိပ်မကြာခင်မှာ ဆရာဝန်ရောက်လာရ၏။
သူမ မေးပြီးနောက် ဖန်းမောအတွက် မျက်နှာသုတ်ပုဝါတစ်ထည်ယူရန် အခန်းထဲသို့ လှည့်ပြန်သွားမိသည်။ ရေမသုတ်ပါက မနက်ဖြန် သူပါ အခြားလူနာဖြစ်လာနိုင်ဖွယ်ရှိသည်။
ဖန်းမောက စုမုန့် ပြန်လာတာကိုစောင့်နေပြီး မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။
“ကျွန်တော် ဒီနေ့ မလာရင် စစ်တပ်ထဲကို ပို့မယ်လို့ ဥက္ကဌဝေ့က ပြောလိုက်တယ်လေ...ကျွန်တော် အမြန်လာရတော့တာပေါ့"
"စစ်တပ်ထဲကို..."
စုမုန့် စိတ်ရှုပ်သွားသည်။
သူ မပြောသင့်တာတစ်ခု ပြောမိပြီဖြစ်ေသာကြောင့် ဖန်းမော သိသွားကာ မြန်မြန် ပါးစပ်ပိတ်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ဥက္ကဌဝေ့က အရမ်းစမတ်ကျပြီး ပြတ်ပြတ်သားသား လုပ်တတ်တာကို ခင်ဗျား မသိဘူးလား..ပြီးတော့ ခင်ဗျားက သူ့အတွက် အရမ်းအရေးကြီးတယ်လေ…ခင်ဗျား တစ်ခုခုဖြစ်နေမှာစိုးလို့ ကျွန်တော့်ကို မြန်မြန်လာဖို့ ခြိမ်းခြောက်လိုက်တာဗျ"
ဘေးနားက အလုပ်သမားတွေက သူတို့ နှစ်ယောက်ကို သတိထားမိကာ၊ ခေါင်းဆောင်က
"မစ္စစု၊ ဒါက မင်းရဲ့ရည်းစားလား..သူက အရမ်းချောတယ်နော်"
သူမ မဖြေခင်မှာ ဖန်းမော အံ့သြသွားပြီး
"မဟုတ်ဘူး၊ ကျွန်တော်က သူမ ခင်ပွန်းရဲ့ ပုဂ္ဂလိကဆရာဝန်ပါ... သူမကို ဆေးစစ်ဖို့ လာခဲ့တာပါ"
ဝေ့ထင်သာကြားလျှင် သူ့ကို သတ်လိမ့်မည်ဖြစ်သည်။
"မစ္စစုက လက်ထပ်ပြီးပြီလား"
အလုပ်သမားခေါင်းဆောင်က မယုံကြည်နိုင်ဖြစ်သွားသည်။ သူက စုမုန့် ကို သေချာကြည့်ပြီး
"မင်းဒီမှာလာနေတာလို့ ကြားတယ်…ဘာလို့လဲ၊မင်းတို့ လင်မယား ရန်ဖြစ်ပြီး ခွဲနေကြတာလား"
စုမုန့် "..."
ဤပြုပြင်ရေးလုပ်သားတွေက ယခုလို အတင်းအဖျင်းပြောတတ်လိမ့်မည်ဟု သူမ မထင်ထားပေ။ သူမ နှုတ်လွန်သွားသူ ဖန်းမောကို တစ်ချက် စိုက်ကြည့်နေလိုက်သည်။
ထိုအခါ သူ ခေါင်းငုံ့ပြီး သူမကို မကြည့်ရဲတော့ပေ။ သူသည် စုမုန့် နှင့် ဝေ့ထင် ၏ဆက်ဆံရေးအကြောင်းကို သိပြီး စုမုန့်က ရန်ငြိုးထားတတ်ကြောင်းကိုလည်း သူသိသည်။ဤလင်မယားအောက်မှာ အလုပ်လုပ်ရတာက မလွယ်လှချေ။
"လာ၊ ခင်ဗျားကို ဆေးစစ်ပေးပါရစေ... ပြီးရင် ကျွန်တော် ဆေးရုံကို ပြန်သွားရမယ်"
ပြောဆိုပြီး သူက ရှုပ်ပွနေသည် ပထမထပ်ကို လှမ်းကြည့်လိုက်ပြီး
" ဒီ့ထက် သန့်တဲ့ အခန်းရှိလား....ဒီမှာက ရှုပ်လွန်းပြီး ဖုန်တွေ အရမ်းများနေတယ်"
စုမုန့်ကလမ်းလျှောက်ကာ အရင်ထွက်သွားလိုက်သည်။
"အင်း ဒုတိယထပ်ကို သွားရအောင်"
သူမ ဆေးရုံက ပေးလာသည့် စစ်ဆေးမှုရလဒ်ကို ဖန်းမော ကြည့်ရှုပြီး သူမကို ထပ်မံစစ်ဆေးခဲ့သည်။ထိုအခါ ချီစွမ်းအင်နှင့် သွေးအနည်းငယ် ဆုံးရှုံးသွားရုံမှလွဲ၍ သူမ၏ ခန္ဓာကိုယ်တွင် ဘာအမှားအယွင်းမှ မရှိကြောင်း တွေ့ရှိခဲ့သည်။ထို့နောက် ဆေးကို အချိန်မီသောက်ဖို့နှင့် တစ်ခုခုရှိလျှင် သူ့ကို ဆက်သွယ်ဖို့ ပြောခဲ့သည်။ ထို့နောက် သူသည် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှပင် အမြန်ပြန်ထွက်သွားခဲ့သည်။
ဖန်းမော ထွက်သွားသည်မှာ သုံးလေးရက်ရှိပြီဖြစ်သော်လည်း ဝေ့ထင်သည် သူမကို လာမတွေ့သေးပေ။ ဖုန်းလည်းမခေါ်ခဲ့ပေ။ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာ ယခုဆို ပြုပြင်မွမ်းမံမှုက ပြီးစီးခဲ့ပြီဖြစ်သည်။ ပထမထပ်မှာ လုံးဝအသစ်ဖြစ်ပြီး စင်တွေကလည်း နောက်ဆုံးမော်ဒယ်ဖြစ်ကာ အားလုံး အီလက်ထရောနစ် စတိုင်များပင်။
သူမကို မည်သူမှ မနှောင့်ယှက်ကြသောကြောင့် စုမုန့်သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကစပြီး၊ ရှေးဟောင်းစာအုပ်ကို ဖတ်နေခဲ့သည်။ သူမသည် စာအုပ်ပါ ပညာရပ်အားလုံးကို အလွတ်ကျက်ထားသောကြောင့် နောက်ဆို၊ မည်သည့်အန္တရာယ်နှင့် ကြုံတွေ့ရပါစေ၊သူမ မကြောက်တော့ပေ။ ဝေ့ထင် မရှိသော်လည်း သူမ ကိုယ့်အသက်ကို ကယ်တင်ရန် ဤပညာရပ်များ ရှိလာရသည်။
ပဉ္စမနေ့တွင်၊ ကောရှန်း သည် အပြင်မှပြန်လာသည်။သူ့ပုံစံက လန်းဆန်းနေကာ ဒေသထွက် ပစ္စည်းများပါ ပါလာသော်လည်း ဝေ့ထင်က မလာသေးပေ။
ခုနစ်ရက်မြောက်နေ့မှာ ရှန့်ကျန်း ဆေးရုံက ဆင်းနိုင်ပြီဟု ဆေးရုံက အကြောင်းကြားခဲ့သည်။ စုမုန့် သူ့ကိုခေါ်ဖို့ ကားမောင်းသွားလိုက်သည်။ သူမတို့ အပြန်လမ်းတွင် ရှေးဟောင်းလမ်းအ၀င်ဝ၌၊ ရင်းနှီးသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ဝေ့ထင်သည် ကားကို မှီ၍ စုမုန့်ကို ကြည့်နေလေသည်။
စုမုန့်သည် သူမ၏ကားကို ဝေ့ထင် မသိနိုင်ဟု ထင်ကာ တည့်တည့်ဖြတ်မောင်းဖို့ ပြင်နေသည်။ သို့သော် ဝေ့ထင်သည် သူမအား စောင့်မျှော်နေပုံရကာ ကားရပ်ရန် လက်ဟန်ပြလေ၏။ထို့ကြောင့် သူမ ကားကိုရပ်ဖို့ကလွဲလို့ ရွေးစရာမရှိတော့။ သူမ ပြတင်းပေါက်မှန်ကို ချလိုက်ပြီး
"ဥက္ကဌဝေ့...ဘာကိစ္စလဲ"
စုမုန့်သည် ယခင်ကလိုပင် ပြောဆိုနေ၍ ဝေ့ထင် စိတ်ပျက်သွားရ၏။သူ မျက်မှောင်တစ်ချက်ကြုတ်ပြီး သူမအား တံခါးဖွင့်ပေးဖို့ လက်ဟန်ပြလိုက်သည်။
(အဝေးကို လွှတ်လိုက်ပါပြီ)
“ပြောစရာရှိရင် ကားအပြင်မှာ ပြောလို့ရတယ်....ရှင့်အသံကို ကြားရပါတယ်"
စုမုန့်သည် တံခါးဖွင့်ရန် ရည်ရွယ်ချက်မရှိပေ။
စုမုန့်က သူ့ကို လျစ်လျူရှုနေတာကြောင့်၊ ဝေ့ထင် ကားနောက်ခန်းမှာ ထိုင်နေသည့် ရှန့်ကျန်းကို ကြည့်လိုက်၏။ ရှန့်ကျန်းကလည်း ချက်ချင်းသဘောပေါက်ပြီး
“ကိုယ် လေညှင်းသွားခံလိုက်ဦးမယ်... နေ့တိုင်း ဆေးရုံမှာနေရတာ ပျင်းတယ်..."
သူက ပြောပြီး လမ်းလျှောက်တုတ်ကို လက်တစ်ဖက်နှင့် ထောက်ကာ ကားပေါ်ကနေ ဆင်းလိုက်သည်။
စုမုန့်သည် ရှန့်ကျန်း ဤမျှ သူရဲဘောကြောင်တတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဝေ့ထင်က သူ့ကို တစ်ချက်လေး ကြည့်ရုံဖြင့်၊ ထွက်ပြေးသွားသည်။ သူမ သူ့ကို ဆေးရုံမှ ချက်ချင်းကြိုမိ၍ ချက်ချင်း စိတ်မကောင်းဖြစ်မိသည်။အတော် ကြောက်တတ်တဲ့လူ... စောစောက သိခဲ့လျှင် သူ့ကို ဆေးရုံမှာပဲ ဆက်နေခွင့်ပေးမိမည်ဖြစ်၏။
"ဘာလဲ"
စုမုန့်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။ သူမ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူမ ဘယ်လိုခံစားရသလဲ ဆိုတာကို ဘယ်သူမှ မပြောနိုင်ပေ။
"မင်း ဝေ့ရွှယ်ကို ထပ်မတွေ့ရတော့ပါဘူး...သူ့ကို နိုင်ငံခြားကို ပို့လိုက်ပြီ"
ဝေ့ထင်က ချင်ချင်း ကားရှေ့ခန်းဆီသို့လျှောက်ကာ ရှေ့ခုံမှာ ဝင်ထိုင်ဖို့ပြင်ရင်းပြောလေသည်။
"သူမကို နိုင်ငံခြားပို့တယ် ဟုတ်လား… ပြန်မလာတော့တာ သေချာလား"
စုမုန့်က ဝေ့ထင်ကို ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဝေ့ထင် သည် ဝေ့ရွှယ်ကို အလွန်ဂရုစိုက်ဆဲဖြစ်သည်။ သူမက ဝေ့ထင်ထံ သက်သေအထောက်အထားများစွာ ပေးခဲ့ပြီး ဖြစ်သော်လည်း ဝေ့ထင်၏ ပြစ်ဒဏ်သည် ဝေ့ရွှယ်ကို နိုင်ငံခြားသို့သာ ပို့ခဲ့သည်လေ။သူမ မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လိုက်သည်။
"ကိုယ် သူမကို နိုင်ငံခြားကို လွှတ်လိုက်ပြီ…သူမ ပြန်မလာနိုင်ပါဘူး…ကိုယ့်မိဘတွေကတော့ သူမကို အရမ်းချစ်ကြတာဆိုတော့ သူမရဲ့ အကြောင်းကို မပြောဖြစ်ခဲ့ဘူး…သူတို့သိသွားရင် နောက်ပိုင်းမှာ အခက်အခဲတွေ အများကြီးရှိလာလိမ့်မယ်”
ဝေ့ထင်သည် မူလက ဝေ့ရွှယ် အား၊ စုမုန့် ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခိုင်းချင်သော်လည်း သူရုတ်တရက် အရေးတကြီး တာဝန်တစ်ချို့ လုပ်နေရ၍ မပြောဖြစ်ခဲ့ခြင်းသာ။ထို့ကြောင့်၊ ဝေ့ရွှယ် တစ်ယောက် စုမုန့်အား ဖုန်းနှင့်တောင်းပန်စကားပြောဖို့ သူ စောင့်နေရုံပင်။
တစ်ဖက်မှာ၊ ရလဒ်ကြောင့် စုမုန့် အနည်းငယ် စိတ်ပျက်သွားသည်။ ဝေ့ရွှယ်၏ ပြစ်ဒဏ်သည် နိုင်ငံခြားသို့သာ ပို့ပေးရုံလေးဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဝေ့ရွှယ်သည် ဝေ့မိသားစုမှ ထွက်ခွာရန် ဆိုသည်မှာ ပြင်းထန်သော ပြစ်ဒဏ်ဖြစ်သော်လည်း၊သူမ မျှော်လင့်ထားသည့် ပြစ်ဒဏ်နှင့်တော့ ဝေးကွာလျက်ရှိ၏။ ယခင်ဘဝတွင်၊ သူမသည် ဝေ့ရွှယ်ကြောင့် များစွာခံစားခဲ့ရသည်။ထို့ကြောင့် ယခုဘဝမှာတော့ အရာအားလုံးကို ဝေ့ရွှယ် ပြန်ပေးဆပ်စေချင်သည်။
"သူမ နိုင်ငံခြားမှာ နေမယ်လို့ ရှင် ထင်လား"
သူမ မော့ကြည့်လိုက်ပြီး ဝေ့ထင်ကို ဂရုမစိုက်သလို ပြောလိုက်သည်။ထို့နောက် သူမ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ထိုင်ခုံနောက်သို့မှီလိုက်သည်။
“သူမကို စောင့်ကြည့်ဖို့ လူတစ်ယောက်လွှတ်ထားပါတယ်”
ဝေ့ထင်က ဆိုသည်။
"ဝေ့ရွှယ်ရဲ့အကျင့်ဆိုးတွေက ရှင် စိတ်ကူးယဉ်ထားတာထက် ပိုဆိုးတယ်… သူမကို စောင့်ကြည့်ဖို့ လူလွှတ်လည်း ဘာထူးမှာလဲ…တစ်နေ့တော့ သူမ ပြန်လာမှာပါ…ကျွန်မ ပြောတာကိုယုံလား"
စုမုန့် သူ့ကို ဖြေဖို့အခွင့်မပေးဘဲ
“အဲ့ဒီကိစ္စကို အလောင်းအစားလုပ်ရင် ဘယ်လိုလဲ…ကျွန်မ အနိုင်ရရင် ကျွန်မတို့ လမ်းခွဲရလိမ့်မယ်…ရှင်အနိုင်ရရင် ကျွန်မတို့ ကွာရှင်းပြတ်စဲတာကို ရပ်လိုက်မယ်"
"မင်းက ဘာကိုလောင်းချင်လဲ"
ဝေ့ထင်က မျက်မှောင်ကြုတ်ကာ မေးသည်။
" ဝေ့ရွှယ် ဘယ်တော့ပြန်လာမလဲဆိုတာ လောင်းကြည့်ရအောင်…ကျွန်မကတော့ တစ်လမပြည့်ခင် သေချာပေါက် ပြန်လာမယ်လို့ ထင်ပါတယ်"
သူမက အသေအချာ ပြောလိုက်လေ၏။
"သူမကို ကိုယ် သေသေချာချာ စောင့်ကြည့်နေပါတယ်"
ဝေ့ထင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သူမ လွတ်မြောက်နိုင်တဲ့လမ်း မရှိဘူး"
"ရှင် သူမကို နားမလည်သေးဘူးပဲ"
ဝေ့ရွှယ်သည် လူကိုပါ ပြန်ပေးဆွဲပြီး သတ်ပစ်နိုင်သူဖြစ်သည်။ သို့သော် စုမုန့် နောက်ဆုံးအပိုင်းကို မပြောတော့ပေ။ ဝေ့ထင် အား ဤဘဝတွင် မဖြစ်ခဲ့ဖူးသော အရာကို ပြောခဲ့လျှင်ပင် သူမစကားကို ယုံမှာမဟုတ်ပေ။
နှစ်ယောက်သား အတန်ကြာ စကားပြောပြီးနောက် စုမုန့် သူ့ကို စကားမပြောချင်တော့ဘဲ ဝေ့ထင်ကို မောင်းထုတ်လိုက်လေသည်။
"ရှင်ကိုယ်တိုင် လမ်းလျှောက်ချင်တာလား"
သူမက ရှန့်ကျန်းကို အေးစက်စွာ မေးသည်။
"ဟင့်အင်း...ဟင့်အင်း ကိုယ် လမ်းလျှောက်ပြန်သွားရင် ခြေထောက်က တစ်ခါ ထပ်ဖြစ်နေလိမ့်ဦးမယ်...ကားပေါ်တက်ချင်တယ်"
ယခုလောလောဆယ် ဝေ့ထင် စိတ်ကောင်းဝင်မနေကြောင်း ရုတ်တရက် သတိရသွားပြီး၊ ရှန့်ကျန်း က သူ့ကို ယဉ်ယဉ်ကျေးကျေးလေးပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဥက္ကဌဝေ့…သူဌေးက ခင်ဗျားအပေါ် အမြင်ပြောင်းနေပါပြီ…ခင်ဗျားနည်းနည်းလေး ပိုကြိုးစားရင် သူမက ခွင့်လွှတ်ပါလိမ့်မယ်”
စုမုန့် သည် ရှန့်ကျန်းနှင့် ဝေ့ထင်တို့ စကားစမြည်ပြောနေသည်ကိုမြင်ပြီး
“ရှင်ကို သုံးစက္ကန့်အချိန်ပေးမယ်…ရှင် ကားပေါ်မတက်လာရင် ကျွန်မ ချက်ချင်းမောင်းသွားတော့မယ်"
ထိုအခါမှ ချက်ချင်း ရှန့်ကျန်း ကားပေါ်တက်သွားသည်။စုမုန့် ကားကိုမနှိုးခင် သူက ဝေ့ထင်အား တစ်ချက်ကြည့်လိုက်သည်ကို၊စုမုန့် သတိမထားမိလိုက်ချေ။
ကားထွက်ပြီး သိပ်မကြာခင်မှာပဲ ရှန့်ကျန်း၏ ဖုန်းက စာအိတ်နီအီမိုဂျီတပ် ထားသည့် ဖုန်းကောလ်တစ်ခု ဝင်လာလေသည်။
"ဘယ်သူကြီးလဲ...သူက ရှင့်ကို စာအိတ်နီပေးထားတာလား"
သူမက စိတ်ဝင်တစား မေးသည်။ ရှန့်ကျန်းသည် သူမနှင့်အတူ အမြဲရှိနေခဲ့သည်။ရှေးဟောင်းပစ္စည်းဆိုင်သို့ အတူတူသွားလာဝင်ထွက်သည့်အပြင်၊ အများအားဖြင့် သူမနှင့်အတူ မစ်ရှင်များ ပြုလုပ်လေ့ရှိသည်။ စာအိတ်နီကို ဘယ်သူပေးတာလဲ... သူမ နောက်ကွယ်မှာ သူတစ်ယောက်တည်း ကိုယ်ပိုင်အလုပ်တစ်ခုလုပ်ခဲ့တာ ဖြစ်နိုင်သလား… သို့သော် ရှန့်ကျန်းသည် ကိုယ်ပိုင်အလုပ်တစ်ခုလုပ်ရအောင် အရည်အချင်းမရှိသူပင်။
"ဒါက လျှို့ဝှက်ချက်ပဲ"
ရှန့်ကျန်းက သူမကို မပြောပြချေ။ သူက ထိုဖုန်းကိုမကိုင်ဘဲ ဒူးထောက်ကာ လက်အုပ်ချီနေပုံ အီမိုဂျီတစ်ခု ပို့ပြီးနောက် ဖုန်းကိုပြန်ထည့်ထားလေသည်။
ဝေ့ထင်က သူ့ထံ အချိန်မရွေး သတင်းပို့ရန်၊စာအိတ်နီတစ်ခုဖြင့် လာဘ်ထိုးထားကြောင်း စုမုန့်ကို ရှန့်ကျန်း မပြောရဲပေ။ သူမကို ပြောပြလျှင် တားမှာ သေချာသည်။သူမသာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ပြီး သူလည်း ငွေရှာနိုင်မလဲ...စုမုန့်ကို ကာကွယ်ဖို့ ဝေ့ထင်ကိုလည်း လိုအပ်တယ်မလား...
xxxxxx