အပိုင်း ၁၁၂
Viewers 30k

🍵Chapter 112

- ထို့နောက် ကောင်လေးနှစ်ယောက်က မြေကြီးပေါ်သို့ပြုတ်ကျသွားလေသည်။


သူက သူမအိမ်မှပြန်သွားသွားချင်းပင် ပေဟယ်သို့ဆက်တိုက်သွားခဲ့၏။ ထိုအချိန်တွင် သူကအလုပ်ခရီးမှပြန်ရောက်ကာစဖြစ်သည်။ အလုပ်ခရီးတွင် သူကပင်ပန်းလွန်း၍ အသံတောင်ဝင်သွားခဲ့၏။ သူခံစားနေရသည်များကို ဘေးဖယ်ထားပြီး ပေဟယ်သို့သွားခဲ့သည်မှာ .......သူမအတွက်ကြောင့်ဖြစ်သည်။


ထုံရွှယ်လူသည် သူမပါးစပ်ထဲသို့ တစ်ယောက်ယောက်က ပျားရည်စမ်းထားသည့် စွံပလွံသီးများအား လက်တစ်ဆုပ်အပြည့်ထည့်လိုက်သလို ခံစားမိသွားသည်။ သူမရင်ထဲတွင်ပျံ့နှံ့သွားသည့် ချိုမြိန်မှုကိုခံစားမိသလို အချဉ်အရသာတစ်စွန်းတစ်စကလည်း သူမနှာခေါင်းကိုမွှန်သွားစေပြီး မျက်ရည်ဝဲလာစေ၏။


“ကျေးဇူးပါ ရဲဘော်ဝမ်”


သူမက ကျန်းမိသားစုအကြောင်းကို အမေရှောင်စီမှကြားသောအခါ ကျန်းဟွာရုံက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ထိပါးထား၍ဖြစ်မည်ဟု ထင်ခဲ့၏။သူက သူမ၏မောင်များကိုသာမကဘဲ အခြားသူများအပေါ်တွင်ပါ ပြစ်မှုကျူးလွန်ခဲ့သောကြောင့် သူနှင့်ထိုက်တန်သည်ကို ရသွားသောအခါ သူမစိတ်ချမ်းသာသွားသည်။ 


၎င်းက ကျန်းဟွာရုံကိုဝဋ်လည်စေရန်အတွက် သူတို့၏ဆုတောင်းများကို ဘုရားသခင်က ကြားသွားခြင်းလောက်သာဖြစ်မည်ဟု သူမထင်ခဲ့၏။ ကျန်းမိသားစုရရှိသွားသော အပြစ်ဒဏ်အားလုံးသည် ပြင်ပအင်အားမှလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


အမှန်တွင်မူ တချိန်လုံး၌ ဝမ်ရူကွေ့ကသာ ဤကိစ္စများကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်နေ၏။

“ကိစ္စမရှိပါဘူး”


သူမ၏ကြည်လင်သောမျက်လုံးများက အရောင်တောက်နေကာ သူ့အပေါ်ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေ၏။ သူမဆီမှ ထိုသို့ကြည့်ခံလိုက်ရသောအခါ ဝမ်ရူကွေ့က ရင်ခုန်လာပြန်သည်။


ထုံရွှယ်လူက သတိလက်လွတ်ဖြင့် နီရဲနေသောသူ၏နားရွက်ဖျားများကို တစ်ချက်ကြည့်မိသွားပြီးနောက် အလေးအနက်မေးလိုက်သည်။

“ရဲဘော်ဝမ် ရှင်က လူတိုင်းအပေါ်ဒီလိုမျိုးကောင်းတာလား”


ဝမ်ရူကွေ့က အနည်းငယ်လန့်သွားပြီးမှ ရေရွတ်လာ၏။

“မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ပါဘူး ကိုယ်က မင်းအပေါ်ဘဲကောင်းတာပါ”


သူကပြောပြီးပြီးချင်းပင် သူ့စကားများတော်တော်လွန်သွားသည်ဟု သတိပြုမိသွားသည်။

“အဲ့ဒါ ကျွန်တော်ဆိုလိုချင်တာက အဲ့လိုမဟုတ်.....”


ထုံရွှယ်လူက အနည်းငယ်မျက်ခုံးပင့်လိုက်သည်။

“ဒါဆိုရင် ရဲဘော်ဝမ်က ဘာကိုပြောချင်တာလဲ၊ ရှင်က အခြားအမျိုးသမီးရဲဘော်တွေကိုလည်း အချိန်တိုင်းမှာဒီလိုဘဲ ကူညီပေးတာလား”


ဝမ်ရူကွေ့က ခေါင်းပြုတ်မတတ်ခေါင်းခါပြလိုက်သည်။

“မဟုတ်ပါဘူး ကျွန်တော်က အခြားအမျိုးသမီးရဲဘော်တွေကို မကူညီပါဘူး”

တစ်ခါမှမကူညီခဲ့ဖူးပါဘူး။


ဝမ်ရူကွေ့က စည်းကမ်းကြီးသည့်ဆရာမရှေ့တွင် ရောက်နေသော မူကြိုကျောင်းသားလေးလိုပင် ဘယ်လိုတောင်စိတ်လှုပ်ရှားနေသည်ကိုမြင်သောအခါ ထုံရွှယ်လူကမထိန်းနိုင်ဘဲ ရယ်လိုက်လေသည်။


“စိတ်လျှော့ပါ ရဲဘော်ဝမ် ကျွန်မကရှင့်ကိုစနေတာပါ၊ အဲ့ဒီလိုကြားလိုက်ရလို့ ကျွန်မအရမ်းဝမ်းသားပါတယ်”


ညနေခင်းနေရောင်က နီရဲနေပြီဖြစ်သောသူမ၏ပါးများအပေါ်ဖြာကျနေ၏။


သူမ၏မျက်နှာကိုကြည့်ကာ ဝမ်ရူကွေ့က လုံးဝအကြည့်မလွှဲနိုင်တော့ပေ။


ရုတ်တရက်ဆိုသလိုပင် တံခါးခေါက်သံထွက်လာကာ မရင်းနှီးသောယောက်ျားအသံကိုကြားလိုက်ရ၏။

“ကျူးကျူးရေ အထဲမှာလား”


ထုံရွှယ်လူပြန်မဖြေရသေးခင်မှာပင် တစ်ဖက်ရှိဝေ့ကျူးကျူးက အော်ပြောလာ၏။

“အဲ့ဒါက သမီးရဲ့ရုပ်ဆိုးဆိုးအကိုကြီးဘဲ”


ထိုသို့ပြောပြီးနောက် သူမက ထုံမျန်မျန်ဘေးနားမှထွက်လာကာ တံခါးဆီသို့ခြေထောက်တိုလေးများဖြင့် ပြေးသွားသည်။


ထုံရွှယ်လူက မနေနိုင်ဘဲသိချင်သွားသည်။ သူတို့ကြားထဲရှိ နူးညံ့သောလေထုက ပျောက်ကွယ်သွားလေသည်။


ခနကြာပြီးနောက်တွင် ဝေ့ကျူးကျုးက အရပ်ရှည်သည့်လူငယ်လေးနှင့်အတူ အထဲသို့ဝင်လာ၏။


လူငယ်လေးက အသက်17-18လောက်ရှိ၏။ သူကအရပ်ရှည်ကာ အတော်လေးကြည့်ပျော်ရှူပျော်ရှိပေသည်။ နည်းနည်းလေးတောင်ရုပ်မဆိုးပေ။ သူ၏ရုပ်ရည်နှင့်ပတ်သက်ပါက ထောက်ပြနိုင်သည့်တစ်ခုတည်းသောအရာမှာ သူ၏အညိုရောင်အသားအရေသာဖြစ်လိမ့်မည်။


သူက ထုံရွှယ်လူကိုမြင်သောအခါ ခနတန့်သွားသည်။ ထို့နောက် ရှက်နေသောမျက်နှာဖြင့်ပြောလာ၏။

“မင်္ဂလာပါ မင်းကရဲဘော်ထုံဖြစ်ရမယ် ကျွန်တော်က ဝေ့ရန်လို့ခေါ်ပါတယ် ဝေ့ကျူးကျူးရဲ့အကိုပါ”


ထုံရွှယ်လူက ပြန်ပြုံးပြလိုက်သည်။

“မင်္ဂလာပါ ကျွန်မကထုံရွှယ်လူလို့ခေါ်ပါတယ် နင့်အကြောင်းကို အဖွားရှန်နဲ့ ကျူးကျူးတို့ဆီက အများကြီးကြားထားပါတယ်”


ဝေ့ကျူးကျူးကဝင်ပြောလာ၏။

“အမကြီးရွှယ်လူ သမီးအကိုကအရမ်းရုပ်ဆိုးတာကို အမကြီးရောသဘောတူလား၊ အကိုကမွေးစားခံရထားတာလို့ သမီးထင်တယ်”


လူတိုင်း “……”

ထုံရွှယ်လူက အော်ရယ်မိမတတ်ဖြစ်သွားသည်။


ဝေ့ရန်ကပို၍တောင် ရှက်သွေးဖြာသွားသည်။ သူကသူ့ညီမလေးကိုငုံ့ကြည့်ကာ ဒေါသထွက်သယောင်တချက်စိုက်ကြည့်လိုက်သည်။


“ပေါက်ကရတွေပြောတာ ရပ်တော့၊ ငါတို့ တစ်မိဘတည်းကမွေးလာတဲ့ မောင်နှမတွေလေ၊ ငါကရုပ်ဆိုးတယ်ဆိုရင် နင်လည်းရုပ်ဆိုးနေမှာဘဲ”


ထိုကိစ္စကိုသတိပြုမိသွားသောအခါ ဝေ့ကျူးကျူးကထိတ်လန့်သွားပြီး မျက်စိပြူးသွားသည်။

“အကိုကညာပြောနေတာ၊ ညီမလေးတို့ကရုပ်မတူပါဘူးနော်၊ ညီမလေးက အမကြီးရွှယ်လူလိုဘဲ နှစ်ယောက်လုံးလှကြတယ်”


မောင်နှမနှစ်ယောက်အချင်းချင်း စကားစစ်ထိုးနေသည်ကိုကြည့်ကာ ထုံရွှယ်လူက သူတို့၏ဆက်ဆံရေးသည် အလွန်ရယ်စရာကောင်းသည်ကိုသိသွား၏။


သူတို့ဘေးရှိ ဝမ်ရူကွေ့သည် သတိမပြုမိစွာ မျက်မှောင်ကြုတ်သွား၏။ သူ့နှလုံးသားက အခုန်ရပ်လုနီးပါးဖြစ်သွားပြီဖြစ်သည်။


ထုံရွှယ်လူ၏အပြုံးက ဝေ့ရန်ကိုပို၍တောင်ရှက်ရွံ့သွားစေသည်။


သူက သူယူလာသော အိတ်တစ်လုံးနှင့် ဟင်းသီးဟင်းရွက်အနည်းငယ်အား ပေးလာ၏။

“အဖွားက ကျွန်တော့်ကို ဒါတွေယူသွားခိုင်းလို့ပါ”


ထုံရွှယ်လူက သူ့ဆီမှယူကာ အိတ်ထဲကိုကြည့်လိုက်သည်။ အိတ်ထဲတွင်ရှိသောအရာမှာ အဖြူရောင်စကတ်တစ်ခုဖြစ်သည်။


စကတ်ချုပ်ပြီးသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ခါးနေရာက မတော်ပေ။ ရှန်ဝမ်ရုန်က အကောင်းဆုံးဖြစ်အောင်ချုပ်ရန် စိတ်အားထက်သန်နေသဖြင့် ထုံရွှယ်လူဆီသို့အခုမှရောက်လာခြင်းဖြစ်သည်။


ထုံရွှယ်လူက ကျေးဇူးတင်လိုက်သည်။

“နင်အိမ်ပြန်ရောက်တဲ့အခါ အဖွားရှန်ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”


ဝေ့ရန်က သူမကိုထပ်မကြည့်ရဲတော့ပေ။ သူက နားလည်ကြောင်း‌ပြလိုက်ပြီးနောက် ဝေ့ကျူးကျူးကိုခေါ်ကာပြန်သွားသည်။


ဝေ့ရန်ထွက်သွားသောအခါ ဝမ်ရူကွေ့က လျှို့ဝှက်စွာပင် စိတ်သက်သာရသွားသလို သက်ပြင်းချလိုက်သည်။


ထုံရွှယ်လူက ကောင်းကင်ကိုကြည့်ကာ ပြောလိုက်သည်။

“ရဲဘော်ဝမ် ရှင်ခနနေပြီး ညစာပါတစ်ခါထဲစားသွားလိုက်ပါလား”


ဝမ်ရူကွေ့က ခနရပ်သွားပြီး ခေါင်းညိတ်ပြလိုက်ပါသည်။

“ကျွန်တော်နေလိုက်ပါမယ် ကျေးဇူးပါ”


“ကိစ္စမရှိပါဘူး”


🍵


ရက်နှင့်ချီအောင် လေ့ကျင့်ခဲ့ပြီးနောက် ထုံကျားရှင်းက စက်ဘီးစီးတတ်သွားပြီဖြစ်သည်။


သို့သော်ငြား သူ့ခြေထောက်များကလုံလုံလောက်လောက် မရှည်သေးသဖြင့် သူစက်ဘီးနင်းပါက ဘားတန်းပေါ်၌သာထိုင်ရ၏။ ညီအကိုနှစ်ယောက်က ကျောင်းမှပြန်လာသည့်လမ်းတွင် အလှည့်ကျစက်ဘီးစီးလာကြသည်။


လမ်းကြားသို့ရောက်သောအခါ ထုံကျားမင်စက်ဘီးစီးရမည့်အလှည့်ဖြစ်သည်။


ရုတ်တရက်ဆိုသလိုပင် ထုံကျားမင်က စက်ဘီးနောက်ခုံတွင် လူတင်ပြီးနင်းနိုင်၊မနင်းနိုင်ဆိုသည်ကို သိချင်သွားသည်။ ထို့ကြောင့် သူကနောက်လှည့်ကာ ထုံကျားရှင်းအားပြောလိုက်သည်။


“နောက်ကတက်လိုက်၊ ငါနင်းကြည့်မယ်”


ထုံကျားရှင်းက မျက်လုံးပြူးသွားသည်။

“အကိုသေချာရဲ့လား”


ယောက်ျားများက အရည်အချင်းအားမေးခွန်းခံရသည်ကို မကြိုက်သလို ကောင်လေးများကလည်း မကြိုက်ပေ။


ထုံကျားရှင်းက သူ့စွမ်းရည်ကိုသံသယဝင်နေသောအခါ ရုတ်တရက်ဆိုသလိုပင် ထုံကျားမင်က ယှဉ်ပြိုင်လိုစိတ်ပြင်းလာ၏။

“နောက်ကသာတက်လိုက်စမ်းပါ”


သူ၏ဒုတိယအကိုက ယုံကြည်ချက်ရှိနေသည်ကိုမြင်သောအခါ ထုံကျားရှင်းက နောက်ခုံတွင်တက်ထိုင်လိုက်သည်။

“ရပြီ၊ ကျွန်တော်အသင့်ဖြစ်ပြီ”


နောက်တွင်‌လူတစ်ယောက် အပိုပါလာသောအခါ စက်ဘီးကပိုပြီးလေးသွားသည်။


ထုံကျားမင်က ခနလေးအတွင်းမှာပင် စက်ဘီးကိုမထိန်းနိုင်တော့ပေ။ သူကမျက်နှာမပျက်ချင်သဖြင့် အတတ်‌နိုင်ဆုံးကြိုးစားရာ ရှက်ရွံ့မှုနှင့်အားစိုက်ထုတ်မှုတို့ကြောင်း သူ့မျက်နှာကနီရဲလာ၏။ နောက်‌ဆုံးတွင် စက်ဘီးက ဒယိမ်းဒယိုင်ပုံစံဖြင့် ရှေ့သို့ရွေ့လာလေသည်။


ဒုတိယအကိုက တကယ်ပင် သူ့ကိုတင်ပြီးနင်းနိုင်သည်ကို မြင်သောအခါ ထုံကျားရှင်းက ပျော်ရွှင်စွာပြောလိုက်သည်။

“ဒုတိယအကိုက အခုဆိုလူတောင်တင်ပြီးနင်းနိုင်နေပြီဘဲ အံ့ဩစရာကြီး၊ အခုကစပြီး ကျွန်တော်တို့ကျောင်းသွားရင်............”


ထုံကျားရှင်းပြော၍မပြီးသေးခင်မှာပင် စက်ဘီးက ရုတ်တရက်တစ်ဖက်သို့ယိုင်သွားသည်။


ဘန်းခနဲအသံနှင့်အတူ ကောင်လေးနှစ်ယောက်ရော စက်ဘီးပါမြေကြီးပေါ်သို့လဲကျသွားသည်။


နှစ်ယောက်လုံးက နာကျင်မှုဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။


ထုံကျားမင်က ထရပ်လိုက်ပြီးနောက် သူ့ဒူးကသွေးထွက်နေသည်ကို ဂရုမစိုက်ဘဲ သူ့ညီလေးအားအဆင်ပြေမပြေစစ်ဆေးရန် လှည့်ကြည့်လိုက်သည်။


သို့သော် သူဘာမှမပြောရသေးခင်မှာပင် ထုံကျားရှင်း၏နာကျင်နေသောအသံကိုကြားလိုက်ရ၏။


“စက်ဘီးပျက်သွားပြီ၊ အဲ့ဒါအကုန်အကိုကြီးကြောင့်ဘဲ ဒုတိယအကို လူတင်ပြီးစက်ဘီးမနင်းနိုင်ဘူးဆိုရင်လဲ ကိုယ့်ကိုကိုယ်ဖိအားမပေးသင့်ဘူးလေ”


ထုံကျားမင်: “……”


ထုံကျားရှင်း၏စိတ်ထဲတွင် စက်ဘီးက သူ့အကိုထက်ပိုပြီးအရေးကြီးတာလား။


အမြဲလိုလိုပင် အမှန်တရားက နာကျင်ရပေသည်။


ထုံကျားရှင်း၏ရှုထောင့်မှဆိုပါက စက်ဘီးသည် သူ၏အဖိုးတန်ဆုံးသောရတနာဖြစ်သည်။


ထုံကျားရှင်းက သူ့၏ဒဏ်ရာများကိုတောင် ဂရုမစိုက်နိုင်ပေ။ သူကစက်ဘီးကို မလိုက်သောအခါ စက်ဘီး၏အရှေ့ပိုင်းက ကွေးသွားသည်ကို သတိပြုမိသွားသည်။ သူ့နှလုံးသားလေးက တကယ်ပင်ဆိုးဝါးစွာကိုက်ခဲသွားလေသည်။


ထုံရွှယ်လူက သူတို့နှစ်ယောက်အိမ်ပြန်ရောက်လာချင်းမှာပင် စက်ဘီးမှောက်ခဲ့ကြောင်းသိသွားသည်။


သို့သော်ငြား သူမကဘာမှသိပ်မပြောလိုက်ပေ။ သူတို့ကကောင်လေးများဖြစ်သည်။ ယောက်ျားလေးများက အရေပြားထူ၏။ စက်ဘီးတစ်ခါလောက်မှောက်သည်က ကိစ္စကြီးမဟုတ်ပေ။


ဝေ့မိသားစုက ပိန်းဥတစ်ချို့ပို့ပေးလာသဖြင့် ညစာအတွက် သူမ၏အကြံမှာ ဟက်ခါအစာသွပ်တို့ဖူး၊ ကြက်သွန်ဖြူနုတ်နုတ်စင်းပါသည့်အရွက်ကြော်နှင့် ကြွပ်ရွပြီးချိုသောပိန်းဥကြော်တို့လုပ်ရန်ဖြစ်သည်။

(Tn: Hakka ဆိုတာက တရုတ်တောင်ဘက်မှာရှိတဲ့ Chinese-Idianလူမျိုးစုအမည်ပါ၊ သူတို့ချက်ပြုတ်တဲ့ဟင်းလျာကို Hakkaဟင်းလျာလို့ခေါ်ပါတယ်၊ ဝက်သား၊ပုစွန်၊မှိုစသဖြင့်အသားမျိုးစုံအဓိကပါပြီး၊ ရသာစုံဆော့စ်နဲ့ရောနယ်ထားသော ဟင်းလျာမျိုးပါ)


ဟက်ခါအစာသွပ်တို့ဖူးလုပ်ရန် သူမက တို့ဖူး၏အလယ်တွင် အပေါက်တစ်ခုကိုဖောက်ပြီးနောက် အသင့်ပြင်‌ထားသောအသားကိုထည့်ကာ အိုးထဲသို့ထည့်ကြော်လိုက်သည်။

(Tn:တို့ဖူးတုံးလေးတွေကိုမှ အလယ်ကနေ လေးထောင့်ပုံစံထပ်ဖောက်ထားတာပါ)


တို့ဖူးမျက်နှာပြင်နှစ်ဖက်လုံးက ရွှေရောင်သန်းလာသောအခါ ရေအနည်းငယ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကိုထည့်လိုက်ပြီး ဟင်းအနှစ်ပြစ်လာသည်အထိ နှပ်ထားလိုက်သည်။


ဝမ်ရူကွေ့က သူမဘေးတွင်ထိုင်ကာ ပိန်းဥအခွံခွာပေးနေ၏။ သူကအတော်လေးအာရုံလွင့်နေကာ အချိန်နှင့်အမျှ သူမကိုလှည့်ကြည့်နေတတ်သည်။


တစ်ဖက်ရှိ ထုံရွှယ်လူကမူ ချက်ပြုတ်စရာများကိုပြင်ဆင်ရာတွင် အလွန်အာရုံစိုက်ထားသဖြင့် လျင်မြန်နေသည်မှာ သူလက်တွေ့စမ်းသပ်ချက်များလုပ်နေသကဲ့သို့ပင်ဖြစ်သည်။


သူတို့နှစ်ယောက်ကြားရှိ တူညီမှုကိုတွေ့သောအခါ ဝမ်ရူကွေ့၏နှုတ်ခမ်းထောင့်များက မထိန်းချုပ်နိုင်စွာ ကွေးညွတ်သွားသည်။


သူ့အကြည့်ကိုသတိပြုမိသောအခါ ထုံရွှယ်လူကလှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

“ရဲဘော်ဝမ် ဂရုစိုက်ပြီးလုပ်ပါ၊ ရှင့်လက်ကိုထပ်ပြီး ဒဏ်ရာရစေလို့မဖြစ်ဘူး”


ဝမ်ရူကွေ့က သတိပြန်ဝင်လာကာ သူ့နားရွက်ဖျားများက နီရဲသွားသည်။

“အရင်တစ်ခါက မတော်တဆဖြစ်သွားတာပါ၊ ကျွန်တော်.....ကျွန်တော်က တကယ်ကို ကောင်းကောင်းချက်တတ်ပါတယ် တကယ်ပြောတာပါ”


သူက သူမ‌ပြောခဲ့သည်များကို အမြဲတမ်းမှတ်မိနေ၏။

(Tn;ထုံရွှယ်လူက ဟင်းချက်တတ်တဲ့ယောက်ျားတွေကို တမူထူးခြားတဲ့သူတွေလို့ပြောခဲ့လို့ပါ)


သို့သော်ငြား သူကထုတ်ပြောလိုက်သောအခါ အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။

သူ၏အချက်အပြုတ်စွမ်းရည်သည် သူမနှင့်ယှဉ်ပါက ဘာမှမဟုတ်ပေ။


ထုံရွှယ်လူက သူမ၏စကားများသည် သူ့ဘဝထဲတွင်အားကောင်းသည့် သက်ရောက်မှုမျိုးဖြစ်စေကာ ပုံမှန်အားဖြင့် ဘာကိုမှစိတ်မဝင်စားသောယောက်ျားကို သူသက်တောင့်သက်သာဖြစ်သောနေရာများကိုကျော်လွန်ပြီး ပြောင်းလဲနိုင်ရန်ကြိုးစားစေမည်ဟု ထင်ထားမှာမဟုတ်ပေ။ သူမက သူ့ကိုပြုံးပြလိုက်သည်။


“ဟုတ်ပါပြီ ဒါဆိုရင်နောက်တစ်ချိန်ချိန်ကျရင် ရဲဘော်ဝမ်ရဲ့လက်ရာကို ကျွန်မစားခွင့်ရချင်မိပါတယ်”


ဝမ်ရူကွေ့က ခန‌ေလာက်တွေးကြည့်ပြီးနောက် လေးနက်စွာခေါင်းညိတ်ပြလိုက်သည်။

“သေချာပေါက်စားရမှာပါ”


ထုံရွှယ်လူက ဟက်ခါအစာသွပ်တို့ဖူးကြော်လုပ်ပြီးသောအခါ အရွက်ကိုကြက်သွန်ဖြူဖြင့်ကြော်ရန် စတင်လိုက်သည်။


အရွက်ကြော်ပြီးသည်နှင့် သူမကဒယ်အိုးကိုဆေးကြောကာ ချိုမြိန်ပြီးကြွပ်ရွသောပိန်းဥကြော်ရန် အတွက် အသင့်လုပ်လိုက်သည်။


ဝမ်ရူကွေ့က ပိန်းဥများကို သေးသေးလေးများဖြစ်အောင် လှီးထားပြီးသားဖြစ်သည်။ ထို့ကြောင့် ထုံရွှယ်လူက အိုးထဲသို့ဆီထည့်ပြီး ပိန်းဥများကိုကြော်လိုက်ရုံသာလို၏။


ချိုမြိန်သော ပိန်းဥကြွပ်ကြော်သည် ဆီနှင့်သကြားပမာဏအများအပြားလို၏။ ပုံမှန်အားဖြင့်ဆိုပါက သူမက ဤကဲ့သို့ပိန်းဥကြော်ကို လုပ်မည်မဟုတ်သော်လည်း သူမက ဝမ်ရူကွေ့အပေါ်အကြွေးအများကြီးတင်ထားပေသည်။


သူမက သူ့အပေါ်အခုထိကျေးဇူးပြန်မဆပ်နိုင်သေးသဖြင့် အခုချိန်တွင် သူမလုပ်နိုင်သမျှအရာအားလုံးမှာ သူ့အတွက်အရသာရှိသောစားစရာများလုပ်ပေးရန်သာဖြစ်သည်။