အပိုင်း ၁၁၃
Viewers 30k

🍵Chapter 113

“မင်းနဲ့ မင်းကောင်‌မလေးက မင်းတို့ဆက်ဆံရေးကို ဘယ်လိုမျိုးတရားဝင်ထုတ်ပြလိုက်တာလဲ”



ဆီပူလာသောအခါ သူမကပိန်းဥများကိုထည့်ပြီး အ‌တွင်းရောအပြင်ပါကြွပ်ရွသွားသည်အထိ ကြော်လိုက်သည်။ ပိန်းဥကြော်ပြီးနောက် နောက်တစ်ဆင့်မှာ သကြားကိုပြင်ဆင်ရန်ဖြစ်သည်။


သူမက ဒယ်အိုးထဲသို့ သကြားနှင့်ရေအနည်းငယ်ကိုထည့်လိုက်ကာ ပွက်ပွက်ဆူသည်အထိထားလိုက်သည်။ သကြားရည်ကပူစီဖောင်းထလာသောအခါ သူမက ကြော်ထားသောပိန်းဥများကို ဒယ်အိုးထဲပြန်ထည့်လိုက်ပြီး နှစ်ဖက်လုံးရွှေညိုရောင်သန်းလာသည်အထိ ကြော်လိုက်သည်။


အရသာရှိသည့် ရနံ့ကမီးဖိုချောင်ထဲတွင် ပြည့်နှက်လာသည်။ အစောပိုင်းက ဗိုက်မဆာသောဝမ်ရူကွေ့တောင်မှ ဗိုက်ဆာလာလေသည်။ သူက မထိန်းနိုင်ဘဲ အကြိမ်အနည်းငယ်လောက် တံတွေးမြိုချလိုက်သည်။


ထုံရွှယ်လူက ပိန်းဥကြွပ်ကြော်တစ်ခုကိုယူကာ ဝမ်ရူကွေ့ကိုပြောလိုက်သည်။

“ရဲဘော်ဝမ် ဒါကိုမြည်းကြည့်ပြီး အချိုက လုံလောက်ရဲ့လားဆိုတာကို ကျွန်မကိုပြောပြပါဦး”


သူမလက်ထဲမှတူကိုကြည့်ကာ ဝမ်ရူကွေ့၏နှလုံးသားက စည်းချက်လွတ်သွားပြီး လေးလံစွာခုန်ပေါက်လာသည်။


ဒီတစ်ကြိမ်တွင် သူတို့နှစ်ယောက်က နီးကပ်စွာရပ်နေသဖြင့် ထုံရွှယ်လူက သူ၏ရင်ခုန်သံကိုကြားရပေသည်။ သူမ၏အပြုံးက နက်ရှိုင်းသွားသည်။


“ရဲဘော်ဝမ်”

သူမက သူမ၏အပြုံးကိုထိန်းချုပ်ကာ နောက်တစ်ခေါက်ထပ်ခေါ်လိုက်သည်။


ဝမ်ရူကွေ့က သတိပြန်ဝင်လာသော်လည်း သူ့နားရွက်ဖျားများကမူ ပုံမှန်အတိုင်း သူ၏ရှက်ရွံ့မှုကို ဖော်ပြနေ၏။

“ကျွန်တော်သိပါပြီ ”


ထုံရွှယ်လူက သူ၏တုံ့ပြန်မှုကြောင့် မအံ့ဩသွားပေ။ အကယ်၍သူသာ သူမ၏တူမှပိန်းဥကြော်ကို စားလိုက်မည်ဆိုပါက သူက သူမသိသော အရာအားလုံးကိုရှက်တတ်သည့် ဝမ်ရူကွေ့ဖြစ်တော့မည် မဟုတ်ပေ။


ထို့ကြောင့် သူမကတုန့်ဆိုင်းမနေဘဲ သူ့ကို တူကမ်းပေးလိုက်သည်။

“ဒီမှာတူယူလိုက်”


ဝမ်ရူကွေ့က သူမလက်ထဲမှတူကိုယူလိုက်သောအခါ သူ့လက်များက သူမလက်ကို မတော်တဆထိမိသွားသည်။ ထိုအထိ‌အတွေ့က သူ့လက်ကိုတုန်ယင်သွားစေကာ တူကိုအောက်ပြုတ်ကျလုနီးပါးဖြစ်သွားစေ၏။


သူ့နားရွက်များက သွေးထွက်လုမတတ် နီရဲလာသည်ကိုမြင်သောအခါ ထုံရွှယ်လူက သူ့ကိုဆက်ပြီးမစတော့ရန် ဆုံးဖြတ်လိုက်သည်။


နောက်ဆုံးတွင် ထုံရွှယ်လူတစ်ဖက်လှည့်သွားသောအခါမှ ဝမ်ရူကွေ့က အသက်ပြန်ရှူနိုင်သွားသည်။


မျှော်လင့်ထားသလိုပင် ပိန်းဥက အပြင်ဘက်တွင်ကြွပ်ရွကာ အတွင်း၌နူးညံ့နေ၏။ အပြင်ဘက်ကချိုနေကာ တစ်ကိုက်ကိုက်ရုံဖြင့်ပင် လူတစ်ယောက်၏ရင်ထဲအထိ ချိုမြိန်သွားစေ၏။


ထုံရွှယ်လူက အသီးအရွက်များကိုကိုင်ပြီး ဝမ်ရူကွေ့ဘက်ပြန်လှည့်လာသည်။

“အရသာဘယ်လိုနေလဲ ရဲဘော်ဝမ်”


ဝမ်ရူကွေ့က လေးနက်စွာဖြေလာသည်။

“အရသာရှိတယ်”


ထုံရွှယ်လူက ပြုံးလိုက်ကာ သူမ၏အပြုံးက မျက်လုံးထဲထိတောင်ရောက်နေ၏။

“ရှင်ကြိုက်လို့ ကျွန်မဝမ်းသာပါတယ်


ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်။။။။


ဝမ်ရူကွေ့၏အဖြေမှာ ကျယ်လောင်နေသော သူ၏ရင်ခုန်သံများသာဖြစ်သည်။


ထုံရွှယ်လူက ထုံကျားမင်နှင့်ထုံကျားရှင်းတို့ကို ဟင်းပန်းကန်သယ်ခိုင်းလိုက်ပြီး သူမကမူ ပိန်းဥကြွပ်ကြော်ကိုယူကာ ဝေ့မိသားစုအိမ်သို့သွားရန်လုပ်လိုက်သည်။


ခုနလေးတင် ဝေ့ရန်က ဘယ်လိုတောင်ရှက်နေပြီး ထုံရွှယ်လူအားပြုံးပြခဲ့သည်ကို သတိရသွားသောအခါ တူကိုကိုင်ထားသည့် ဝမ်ရူကွေ့၏လက်များက တင်းကြပ်သွားသည်။

“အဲ့ဒါတွေကို အိမ်နီးချင်းတွေဆီသွားပေးမလို့လား ရဲဘော်ထုံ”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။


ဝမ်ရူကွေ့၏မျက်တောင်များက လှုပ်ခတ်သွား၏။

“အပြင်မှာမှောင်နေပြီ၊ မင်းမောင်နှစ်ယောက်ကိုပါ ခေါ်သွားလိုက်ပါလား”


သူမရဲ့မောင်နှစ်ယောက်ကိုလား။


သူတို့ကရော အမှောင်ကိုမကြောက်တော့ဘူးလား။


ထုံရွှယ်လူသည် သူမမောင်နှစ်ယောက်က ဘယ်ကဘယ်လိုကပ်ပါလာသည်ကို ဂရုမစိုက်နိုင်ပေ။ ဝမ်ရူကွေ့က အကြံပေးလာပြီဖြစ်သဖြင့် သူမက ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကိုခေါ်ကာထွက်သွားလိုက်သည်။


ထုံကျားမင်က ဘာမှသိပ်မတွေးသော်လည်း ထုံကျားရှင်းကမူ သူ့စိတ်ထဲတွင်ငြီးငြူလိုက်သည်။


ဒီအသွားအပြန်လုပ်တာက သူ့ရဲ့အဖိုးတန်တဲ့စားသောက်ချိန်လေးတွေကို နှောင့်နှေးစေတယ်။


ထို့ကြောင့် သူက ဝေ့မိသားစုအိမ်သို့ လှစ်ခနဲပြေးသွားပြီး လေ‌လိုပင် သူ၏ညစာဆီသို့ပြန်ရောက်လာသည်။


ဟက်ခါအစာသွပ်တို့ဖူးကြော်က လတ်ဆတ်ကာနူးညံ့နေ၏။ မှိုရောထားသောဝက်သားအစာသွပ်အနံ့ကလည်း အံ့ဩစရာကောင်းလောက်အောင် မွှေးကြိုင်နေပြီး အရသာရှိပေသည်။ ဒီထက်ပိုပြီးအရသာရှိတာမျိုးက မရှိနိုင်တော့ပေ။


ထုံကျားရှင်းက တို့ဖူးကြော်အနှစ်များကို ထမင်းပေါ်သို့လောင်းချကာ ပလုတ်ပလောင်းစားနေလိုက်သည်။


ထုံမျန်မျန်ကမူ ဝမ်ရူကွေ့လိုပင် ချိုမြိန်သော ပိန်းဥအကြွပ်ကြော်ကို အကြိုက်ဆုံးဖြစ်သည်။


ထုံရွှယ်လူက ပိန်းဥကြော်တစ်ခုကို တူဖြင့်ယူလိုက်သည်။


ပေါက်စီလုံးလေးက တူကိုကိုင်ထားပြီး ပါးများက ရှဉ့်လေးလိုပင်ဖောင်းကားနေသည်မှာ အလွန်ချစ်စရာကောင်းပေသည်။


ညစာစားပြီးနောက်တွင် ညီအစ်ကိုနှစ်ယောက်က ပန်းကန်ဆေးရန်သွားလိုက်ကြသည်။


ထုံရွှယ်လူက ကျန်သေးသည့် ပိန်းဥအကြွပ်ကြော်များအပြင် ဂန္ဓာမာပန်းခြောက်များကိုထုတ်ပိုးကာ ဝမ်ရူကွေ့အားပြန်ယူသွားခိုင်းလိုက်သည်။


ထုံရွှယ်လူက ဝမ်ရူကွေ့ကို တံခါးနားထိလိုက်ပို့လာ၏။

“နောက်တစ်ပတ်စနေနေ့က ဘာနေ့လဲဆိုတာသိလား ရဲဘော်ဝမ်”


ဝမ်ရူကွေ့က ခနလောက်တွေးကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

“မသိဘူး”


နောက်တစ်ပတ်တနင်္ဂ‌နွေနေ့သည် ဆောင်းလယ်ပွဲတော်နေ့ဖြစ်ကာ ထိုရက်မတိုင်ခင်စနေနေ့ကိုမူ ဘာနေ့မှန်းသူမသိပေ။


ထုံရွှယ်လူက နူးညံ့စွာပြုံးပြလိုက်သည်။

“အဲ့ဒီနေ့က ကျွန်မမွေးနေ့ပါ၊ ကျွန်မက ရဲဘော်ဝမ်၊ ရဲဘော်ဖူနဲ့ ကျန်းတန့်ဟုန်တို့ကို ကျွန်မတို့အိမ်မှာ ညစာလာစားဖို့ဖိတ်ချင်လို့ပါ၊ ရဲဘော်ဝမ်‌ကရော ဘယ်လိုသဘောရလဲ”


ထုံရွှယ်လူက ကျန်းတန့်ဟုန်၏ခွန်အားနှင့် တောင့်တောင့်ခံနိုင်မှုကို လေးစားမိသည်။ သူမက ကျန်းတန့်ဟုန်နေရာတွင်ဆိုပါက ကျန်းတန့်ဟုန်လောက်ကောင်းကောင်းမလုပ်နိုင်မည်ကို စိုးမိပေသည်။


အခုတွင် ကျန်းတန့်ဟုန်က မြို့ပေါ်တွင်တစ်ယောက်တည်းဖြစ်ကာ သူမ၏ပတ်ဝန်းကျင်မှ ဝေဖန်လေကန်မှုများကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် ထုံရွှယ်လူက အမှန်ပင်သူမတတ်နိုင်သလောက် တစ်ခုခုလုပ်ပေးချင်မိသည်။


ထို့အပြင် ကျန်းတန့်ဟုန်က အလွန်ဉာဏ်ကောင်းသောသူဟု သူမခံစားမိပေသည်။


 ကျန်းဟွာရုံတကယ်အပြစ်ရှိသော်လည်း လူအများ၏မျက်လုံးထဲတွင် သူမကကျေးဇူးမသိတတ်ကာ သူမကိုပြုစုပျိုးထောင်ခဲ့ပေးသော မိသားစုအပေါ် ကျေးဇူးကန်းလိုက်ခြင်းဖြစ်သည်။သူမက တစ်ကိုယ်ကောင်းဆန်ကာ နှလုံးသားမဲ့သည်ဟု ထင်ကောင်းထင်နေနိုင်သည့် **ပန်းနုသွေးများလည်းရှိနေနိုင်ပေသည်။(သူက မယ်တော်မယ်ရီလို့သုံးထားတာပါ ) 


သူမက ကျန်းဟွာရုံကိုသာတိုင်ကြားချင်ပါက ဤလောက်ထိဆိုးမည်မဟုတ်ပေ။ သို့သော်သူမက သူမ၏ယောက္ခထီးနှင့် ခင်ပွန်းကိုပါတိုင်ကြားချက်ဖွင့်ချင်နေ၏။ ဤစကားများထွက်သွားသည်နှင့် သူမရင်ဆိုင်ရမည့်ဖိအားများက ‌ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်။


သူမက ဒီအကြောင်းကိုလည်း သိနေလောက်ပြီးဖြစ်မည်။ထို့ကြောင့်သာ သူမက သူမ၏ခန်းဝင်ပစ္စည်းများကို တိုင်းပြည်ဘဏ္ဍာအဖြစ်လှူဒါန်းလိုက်ပြီး သူမအတွက် သာမာန်အလုပ်တစ်နေရာကိုသာ ရွေးချယ်လိုက်ခြင်းဖြစ်သည်။


လူတစ်ယောက်က ကိတ်မုန့်ကိုမစားဘဲနေ၍မရသလို အများကြီးစားလို့လည်းမဖြစ်ပေ။ သူမ၏ခန်းဝင်ပစ္စည်းများကိုလှူဒါန်းလိုက်ခြင်းဖြင့် အခြားသူများက သူမအပေါ်မနာလိုဖြစ်မည်ကို တားဆီးလိုက်နိုင်ကာ တစ်ချိန်တည်းတွင် အစိုးရအရာရှိများ၏ရင်ထဲတွင် ပုံရိပ်ကောင်းတစ်ခုချန်ထားသလိုဖြစ်သွားပေသည်။


အနာဂတ်တွင် သူမကအကူအညီတစ်ခုခုလိုလာပါက သူမ၏ရိုးသားဖြောင့်မတ်ခြင်းကြောင့် ‌သေချာပေါက်ဝင်ကူညီပေးမည့် လူများရှိလာနိုင်ပေသည်။


ဝမ်ရူကွေ့က တောင်းပန်လိုသည့်လေသံဖြင့်ပြောလိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ်၊ စနေနေ့က မင်းမွေးနေ့ဆိုတာကို မသိခဲ့ဘူး သေချာပေါက်လာခဲ့မှာပါ”


ထိုသို့ပြောပြီးနောက် သူကခနတန့်သွားပြီးမှ ထပ်ပေါင်းပြောလာသည်။

“ရဲဘော်ကျန်းက လာမလာကိုတော့ ကျွန်တော်လည်းမသေချာဘူး”


ထုံရွှယ်လူက လက်ခါပြလိုက်သည်။

“အဲ့ဒါဆိုလည်း ဘာမှမဖြစ်ပါဘူး၊ သူမကိုဖိတ်တဲ့အကြောင်းသာ အသိပေးပေးပါ၊ သူမသဘောကျရင် လာလို့ရပြီး သဘောမကျဘူးဆိုရင်လည်း ကိုယ့်ကိုကိုယ်ဖိအားပေးနေစရာမလိုပါဘူး”


ဝမ်ရူကွေ့က သူမပြောသည်ကိုနားလည်ကြောင်းပြလိုက်သည်။ 

“မင်းမွေးနေ့မှာ အထူးတလယ်လိုချင်တဲ့အရာများရှိလား ရဲဘော်ထုံ”


ထုံရွှယ်လူပြန်မဖြေနိုင်သေးခင်မှာဘဲ ထုံမျန်မျန်က ချိုချိုအီအီအသံလေးဖြင့် ကြားဝင်ကာ အော်ပြောလာ၏။

“မမကြီးက စစ်အနွေးထည်တစ်ခုလိုချင်နေတာ”


ဒီတစ်ချိန်တွင် ဝမ်ရူကွေ့က လျင်မြန်စွာ‌တုံ့ပြန်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“သိပါပြီ”


ထုံရွှယ်လူက အနည်းငယ်ပျာယာခတ်သွားပြီး လျင်မြန်စွာပြန်ပြောလာ၏။


“အဲ့ဒါကြောင့် စိတ်ဒုက္ခအဖြစ်မခံပါနဲ့ ရဲဘော်ဝမ်၊ ရှင်ဘာမှယူပေးလာစရာမလိုပါဘူး လူသာရောက်အောင်လာခဲ့”


သူမချုပ်ခိုင်းထားသည့် အဝတ်များကိုရသည့်နေ့တွင် စစ်အနွေးထည်လိုချင်သည်ဟု ဒီအတိုင်းပြောလိုက်မိခြင်းဖြစ်သည်။ ထုံမျန်မျန်က သူမဖြတ်သွားရင်းပြောခဲ့သည်ကို မှတ်မိနေမည်ဟု သူမ မထင်ထားခဲ့ပေ။


ဝမ်ရူကွေ့က သူမကိုကြည့်လိုက်သည်။

“အဲ့ဒါက ‌နည်းနည်းလေးတောင် စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး”


ဝမ်ရူကွေ့ပြန်သွားပြီးနောက် ထုံရွှယ်လူက သစ်သားတံခါးကိုတင်းကြပ်စွာပိတ်လိုက်သည်။ သူမနောက်လှည့်လာသောအခါ ပေါက်စီလုံးလေးခေါင်းငုံ့ပြီး ဝမ်းနည်းနေပုံပေါ်သည်ကို တွေ့လိုက်ရလေသည်။


သူမက ထုံမျန်မျန်ဆီလျှောက်သွားကာ ခေါင်းကိုပွတ်ပေးလိုက်သည်။


“မျန်မျန်ဘာဖြစ်လို့လဲ၊ ဘာလို့အရမ်းစိတ်ဓာတ်ကျနေသလိုဖြစ်နေတာလဲ”


ထုံမျန်မျန်က မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်ပြီး သတိတကြီးမေးလာ၏။


“မမကြီး မျန်မျန်ကတစ်ခုခုမှားတာပြောမိသွားတာလား” 


ထုံရွှယ်လူက ဆောင့်ကြောင့်ထိုင်ကာ သူမ၏ပါးဖောင်းဖောင်းလေးကို မွှခနဲအသံမြည်အောင်နမ်းလိုက်သည်။

“မျန်မျန်က ဘာမှားတာကိုမှ မပြောခဲ့ပါဘူး၊ မမကြီးကမျန်မျန်ကို အပြစ်မတင်ပါဘူးကွယ်”


သူတို့မိဘများက အစောကြီးဆုံးပါးသွားတာကြောင့်လားမသိ၊ ထုံရွှယ်လူသည် သူမ၏မောင်နှမများက သာမာန်ကလေးများထက်စာလျှင် ပို၍စိတ်ထိခိုက်လွယ်သည်ကို‌သိလိုက်ရသည်။


ထုံမျန်မျန်၏မျက်လုံးဝိုင်းကြီးများက သူမစကားကိုကြားသောအခါ အရောင်ပြန်တောက်သွားသည်။ သူမ၏တက်ကြွသောပုံမှန်အနေအထားကို ပြန်ရောက်သွားကာ မမကြီး၏မျက်နှာကိုကိုင်ပြီး ပြန်နမ်းလိုက်လေသည်။


***

ထိုအချိန်တွင် ဝမ်ရူကွေ့က စစ်ဝန်ထမ်းအိမ်ရာသို့ ပြန်ရောက်ကာစဖြစ်သည်။


သူ့ကိုပြန်တွေ့ရမည်ဟု မထင်ထားသောအဖိုးဝမ်က ဦးနှောက်ခြောက်သွားလေသည်။

“မင်းကဘယ်လိုဖြစ်လို့ မြို့ထဲမှာရှိနေသေးတာလဲ ငါကမင်းကိုဌာနဆီပြန်သွားပြီလို့တောင် ထင်နေတာ”


ဝမ်ရူကွေ့ပြန်မဖြေနိုင်ခင်မှာပင် အဖိုးဝမ်က သူ့လက်ထဲမှအိတ်ကို သတိထားမိသွားသည်။


အဖိုးဝမ်ကမျက်ခုံးပင့်ကာ မေးလိုက်သည်။

“မင်းလက်ထဲမှာ သယ်လာတာက‌ဘာတွေလဲ၊ ဘာလို့ဒီလောက်တောင်မွှေးနေတာလဲ”


ဝမ်ရူကွေ့က သူ့မျက်နှာပေါ်တွင်ဘာအမူအရာမှမ‌ပြဘဲ တည်ငြိမ်စွာပြန်ဖြေ၏။

“ကျွန်တော့်သူငယ်ချင်းတစ်ယောက် လုပ်ပေးလိုက်တာပါ”


သူငယ်ချင်းတစ်ယောက်=မြက်နုလေး


အခုချိန်တွင် အဖိုးဝမ်က ထိုစကားလုံးများကို တုံ့ပြန်နိုင်စွမ်းအလွန်မြင့်နေ၏။ ‘သူငယ်ချင်း’ဟူသော စကားလုံးက ချက်ချင်းပင် မြက်နုလေးအားသတိရသွားစေ၏။

“အဲ့ဒါတွေကို မြက်နုလေးလုပ်ပေးလိုက်တာလား၊ မြန်မြန် ငါ့ကိုပေးမြည်းကြည့်”


ဝမ်ရူကွေ့က ဤစားစရာများကို သူ့အဖိုးဆီမှကွယ်ဝှက်ထား၍မရနိုင်ကြောင်း သိပေသည်။ ထို့ကြောင့် သူက နာခံစွာပင် သကြားကပ်ပိန်းဥကြွပ်ကြော်များကို အဖိုးဝမ်လက်ထဲထည့်ပေးလိုက်သည်။


အဖိုးဝမ်က သူ့ကိုအလွှတ်မပေးသေးဘဲ ဆက်မေးလာ၏။

“ဟိုဘက်အိတ်ထဲကရော ဘာတွေလဲ”


“ဂန္ဓာမာပန်းခြောက်တွေ”


ဂန္ဓာမာပန်းခြောက်မှန်းသိလိုက်ရသောအခါ အဖိုးဝမ်က ချက်ချင်းပင်စိတ်မဝင်စားတော့ပေ။