အပိုင်း ၁၁၄
Viewers 30k

🍵Chapter 114

-“မင်းနဲ့ မင်းကောင်‌မလေးက မင်းတို့ဆက်ဆံရေးကို ဘယ်လိုမျိုးတရားဝင်ထုတ်ပြလိုက်တာလဲ”(၂)



ဝမ်ရူကွေ့က ဂန္ဓာမာပန်းခြောက်များကိုယူကာ အပေါ်ထပ်သို့တက်တော့မည့်အချိန်တွင် အဖိုးဝမ်ကသူ့ကိုမေးလာ၏။


“မြက်နုလေးနဲ့ ပတ်သက်တဲ့မင်းခံစားချက်တွေကို ရှင်းသွားပြီလား”


ဝမ်ရူကွေ့က ဘာမှပြန်မပြောပေ။


အဖိုးဝမ်အတွက် ထိုအမူအရာမှတစ်ဆင့် အခြေအနေကိုခန့်မှန်းရန်မခက်ပေ။


“ကောင်စုတ်လေး မင်းက မြက်နုလေးဆီကနေ စားဖို့သောက်ဖို့ဘဲသိတယ်၊ အခုဆိုလျှင် သူမအပေါ်အကြွေးအများကြီးတင်နေတာ မင်းမရှက်ဘူးလား၊ သူမကိုပြန်ပေးဆပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက သူမနဲ့လက်ထပ်လိုက်တာဘဲ”


“……”


အပေါ်ထပ်သို့ တက်နေသောဝမ်ရူကွေ့က အဖိုးဝမ်၏ အဓိပ္ပါယ်မရှိသော စကားများကိုကြားသောအခါ ခြေလှမ်းချော်ပြီး လှေကားတစ်ထစ်ကို ကျော်လုနီးပါးဖြစ်သွားသည်။


ဝမ်ရူကွေ့က အပေါ်ထပ်တွင်အနားယူသွားသောအခါ အဖိုးဝမ်က ဦီးလေးဇုန်းကိုခေါ်ကာ သကြားကပ်ပိန်းဥကြွပ်ကြော်များကို ပြန်ကြော်ခိုင်းလိုက်သည်။


ဦးလေးက စတင်စားတော့မည့်အချိန်တွင် အဖိုးဝမ်က သူ့ကိုတားလာပြီး ဂရုစိုက်သောလေသံဖြင့် ပြောလာ၏။


“ရှောင်ဇုန်း ဆရာဝန်က မင်းကိုသွေးတွင်းသကြားဓာတ်မြင့်နေတယ်လို့ပြောထားတယ်လေ၊ တစ်ခုထက်ပိုပြီး မစားသင့်ဘူး”


ဦးလေးဇုန်း ; “…….”

ဗိုလ်မှူးရေ၊ ဗိုလ်မှူးကသာ တကယ်‌သွေးတွင်းသကြားဓာတ်မြင့်နေတဲ့သူပါနော်။


ဝမ်ရူကွေ့က ရေချိုးပြီးနောက် အိပ်ရာပေါ်တွင်လှဲလိုက်သည်။ သူကမျက်နှာကျက်ကိုစိုက်ကြည့်နေကာ နည်းနည်းလေးတောင် အိပ်မငိုက်နေပေ။


သူက ခုနက အဖိုးဝမ်ပြောခဲ့သည့်စကားများကို စဉ်းစားနေမိသည်။

မင်းကမြက်နုလေးကို သဘောကျနေတာ။

“သဘောကျတာလား”

သူက ထိုစကားလုံးကို သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲရေရွတ်နေလိုက်သည်။


ချက်ချင်းဆိုသလိုပင် ထုံရွှယ်လူ၏အပြုံးက သူ့စိတ်ထဲပေါ်လာသောအခါ သူ့နှလုံးသားထိန်းချုပ်မရနိုင်အောင် ဒုန်းစိုင်းခုန်လာလေသည်။


နောက်တစ်နေ့တွင် သူက ဌာနသို့ပြန်သွားလိုက်သည်။


သူထိုင်သာထိုင်ရသေးချိန်တွင် ကျိုးရန်က သူ့ဆီရောက်လာ၏။

“မင်းခွင့်ထပ်ယူပြန်တာလား”


ဝမ်ရူကွေ့က သာမာန်လောက်သာပြန်ဖြေလိုက်သည်။

“အိမ်မှာလုပ်စရာလေးရှိလို့ပါ”


ကျိုးရန်က အထဲသို့ဝင်လာသောအခါ သူ့စားပွဲပေါ်မှ ဂန္ဓာမာပန်းခြောက်များကို သတိပြုမိသွားသည်။

“အိုး ကောင်းလိုက်တာ၊ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်တည်းက ငါလည်ပင်းယားနေတာ၊ ဒီထဲငါနည်းနည်းသုံးမယ်နော်”


သူက ဂန္ဓာမာပန်းခြောက်အနည်းငယ်ယူတော့မည့်အချိန်တွင် ဝမ်ရူကွေ့က အိတ်ကိုဖြတ်ယူသွားပြီး အံဆွဲထဲထည့်ကာသော့ခတ်ထားလိုက်သည်။


? ? ?

စိတ်ရှုပ်သွားသော ကျိုးရန်ကသတိတကြီးထားကာ ပြောလာ၏။


“ရူကွေ့ အခုတလောမှာ မင်းပုံစံကထူးဆန်းလာတယ်လို့ ငါခံစားမိတယ်၊ ဘယ်ဘယ်ညာညာအချိန်တိုင်း ခွင့်ယူတာကိုထားဦး၊ မင်းကအရမ်းကိုတွန့်တိုတတ်လာတယ်နော်”


သူတို့က ဂန္ဓာမာပန်းခြောက်အနည်းငယ်အကြောင်းပြောနေခြင်းဖြစ်သည်။ ဘာလို့သူက အံဆွဲထဲထိပါသော့ခတ်သိမ်းလိုက်ရတာလဲ။


ဝမ်ရူကွေ့က သော့မခတ်ထားသော အံဆွဲထဲမှဖန်တဟိုင်ခြောက်*များကိုထုတ်ကာ သူ့ကိုပေးလာ၏။


“ဒါတွေက ပိုပြီးသက်ရောက်မှုရှိတယ် အဲ့ဒါယူသွားလိုက်”

(Tn: Scaphium affine အသီးခြောက်ပါ၊ malva nutလို့လည်းခေါ်ပါတယ် Chineseလိုဆို Pang Da haiလို့ခေါ်ပါတယ်)


ကျိုးရန်က ဖန်တဟိုင်ခြောက်များကိုရသွားသဖြင့် ဂန္ဓာမာပန်းခြောက်များကို ဂရုမစိုက်တော့ပေ။ သူပြန်တော့မည်အချိန်တွင် ဝမ်ရူကွေ့ကသူ့ကိုတားလာ၏။ 


“ကျိုးရန် မင်းကောင်မလေးကို မင်းချစ်တယ်ဆိုတာကို ဘယ်လိုသိသွားတာလဲ”


ကျိုးရန်တစ်ယောက် လန့်သွားလေသည်။

“ရူကွေ့ မင်းဘာလို့မေးတာလဲ၊ မင်းကောင်မလေးရနေပြီလား”


ဝမ်ရူကွေ့က ကြောင်အစွာမျက်တောင်ခတ်လိုက်သည်။

“မဟုတ်ပါဘူး၊ ငါ့ဆီမှာ သူ့ကိုယ်သူ မိန်းကလေးတစ်‌ယောက်ကို ကြိုက်၊မကြိုက်မသေချာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် သူကငါ့ကိုမေးခိုင်းလိုက်လို့ပါ”


ကျိုးရန်၏ပါးစပ်က အတိုင်းသားဟသွားသည်။

“ဒါဆိုရင်တော့ မင်းလူမှန်ကိုမေးလိုက်မိတာဘဲ၊ ပြောရမယ်ဆိုရင် မင်းသူငယ်ချင်းက အရမ်းနှေးကွေးလွန်းလို့ သူ့ကိုယ်သူ မိန်းကလေးကိုကြိုက်၊မကြိုက်တောင် မသိဘူးပေါ့”


“ဟမ်..ထားလိုက်ပါ ငါမင်းကိုပြောပြမယ်၊ မင်းလူတစ်ယောက်ကိုကြိုက်ပြီဆိုရင် သူမကိုဘဲတစ်ချိန်လုံးတွေ့ချင်နေမယ်၊ သူမအတွက်အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုဘဲ ‌စဉ်းစားနေမယ်၊ သူမပြုံးလိုက်ရင် လူတိုင်းထက်မင်းက ပိုပျော်သလို သူမဒုက္ခရောက်ရင်လည်း မင်းကအရမ်းစိုးရိမ်ပြီး သူမအတွက်ဘာမဆိုလုပ်ပေးနိုင်ဖို့ ဆုတောင်းမိလိမ့်မယ်”


မတ်ခွက်ကိုင်ထားသည့် ဝမ်ရူကွေ့၏လက်က တုန်ယင်သွားကာ ရေမှောက်ကျလုနီးပါးဖြစ်သွားသည်။


သူကအပြင်ဘက်တွင် ပုံမှန်အတိုင်းတည်ငြိမ်နေသော်လည်း သူ့ရင်ထဲတွင်မူမုန်တိုင်းထန်နေပြီဖြစ်သည်။


သူက ကျိုးရန်ပြောလာသည့် အရာအားလုံးကို ခံစားနေရ၏။


ဒါဆို သူကရဲဘော်ထုံကိုကြိုက်နေတာပေါ့။


ဝမ်ရူကွေ့က စိတ်လွင့်နေသည်ကိုမြင်သောအခါ ကျိုးရန်က သူ့မျက်နှာရှေ့တွင် လက်ဖျောက်တီးလာ၏။

“ဟယ်လို ကမ္ဘာကြီးပေါ်မှ ဝမ်ရူကွေ့ဆီသို့၊ မင်းမှာအခြားမေးစရာရှိသေးလား”


ဝမ်ရူကွေ့က သတိပြန်ဝင်လာသော်လည်း အနည်းငယ်နီလာသော သူ၏နားရွက်ဖျားများကို မကွယ်ဝှက်နိုင်ပေ။

“မင်းနဲ့ မင်းကောင်မလေးက ချစ်သူဖြစ်သွားအောင် ဘယ်လိုလုပ်လိုက်တာလဲ”


ကျိုးရန်က နားရွက်တပ်ချိတ်သည်အထိ ပြုံးလာ၏။

“အိုးးအဲ့ဒါကလွယ်ပါတယ် မင်းကအသံကျယ်ကျယ်ထုတ်ပြောလိုက်ရုံဘဲ၊ ‌မိန်းကလေးတွေက ပုံမှန်အားဖြင့် ရှက်တတ်ကြတယ်လေ အဲ့ဒါကြောင့် ငါတို့ယောက်ျားတွေက ပိုပြီးတိုက်ရိုက်ဆန်ရမယ်”


ကျိုးရန်က စိတ်ပါဝင်စားစွာဖြင့် အတွေ့အကြုံရှိသော သမီးရည်းစားဆက်ဆံရေးနည်းပြကြီးလို သရုပ်ဆောင်သွားသည်။ ဝမ်ရူကွေ့‌တွင် ထပ်မေးစရာမေးခွန်းမရှိတော့သည်ကို သေချာသွားကာ နောက်ဆုံးတွင် သူကဖန်တဟိုင်ခြောက်များကိုယူကာ စိတ်ကျေနပ်စွာဖြင့်ထွက်သွားလေသည်။


ကျိုးရန်က ဝမ်ရူကွေ့ရုံးခန်းထဲမှထွက်လာသောအခါ ကျောင်းပေါရှန်းနှင့် ဆုံလေသည်။


ကျိုးရန်လက်ထဲမှ ဖန်တဟိုင်ခြောက်များကိုမြင်သောအခါ ကျောင်းပေါရှန်း၏မျက်လုံးအိမ်များက မှေးကျဉ်းသွားသည်။


ကျိုးရန်က သူ့ကိုရိုသေစွာနှုတ်ဆက်လာ၏။

“ခေါင်းဆောင်ကျောင်း”


ကျောင်းပေါရှန်းက သူ့လက်ထဲမှ ဖန်တဟိုင်ထုပ်အားစိုက်ကြည့်နေသည်ကိုမြင်သောအခါ ကျိုးရန်ကရှင်းပြလိုက်သည်။

“ဖန်တဟိုင်‌ခြောက်တွေက ခေါင်းဆောင်ပေးတာလို့ ကျွန်တော့်ကိုရူကွေ့ပြောပြပါတယ်၊ ဒီတလောအတွင်းမှာ ကျွန်တော်လည်ပင်းယားနေလို့ သူ့ဆီကနည်းနည်းတောင်းခဲ့တာ”


ကျောင်းပေါရှန်းက လျင်မြန်စွာသတိပြန်ဝင်လာ၏။

“အိုးးဟုတ်တယ် ဖန်တဟိုင်ခြောက်တွေက လည်ပင်းအတွက်အတော်လေးကောင်းတာ”


ထိုသို့ပြောပြီးနောက် သူက ကျိုးရန်ပုခုံးကိုပုတ်ပေးပြီး လျင်မြန်စွာလှည့်ထွက်သွား‌လိုက်သည်။


ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် သူ့မိန်းမက ဝမ်ရူကွေ့နှင့် သူ့သမီးအကြောင်းကိုသာပြောနေသဖြင့် သူကဒီနေ့တွင် ရေအတိမ်အနက်ကိုစစ်ဆေးရန်အတွက် ဆုံးဖြတ်ကာ ရောက်လာခဲ့ခြင်းဖြစ်သည်။


ကျိုးရန်လက်ထဲမှ ဖန်တဟိုင်ခြောက်များကိုမြင်သောအခါ သူ၏မေးခွန်းက အဖြေရသွားပြီဟုခံစားလိုက်ရသည်။


***

နောက်တစ်နေ့တွင် ထုံရွှယ်လူက စားဖိုမှူးလိုင်စင်လျှောက်ထားလိုက်သည်။ စားဖိုမှူးလိုင်စင်အတွက် စာမေးပွဲများကို လတစ်လ၏အစပိုင်းတွင် ပြုလုပ်လေ့ရှိသည်။


သူမလိုင်စင်ဖြေခွင့်လျှောက်‌ပြီးသောအခါ နောက်စာမေးပွဲအတွက် ‌ပြင်ဆင်ရန် လတဝက်လောက် အချိန်ရသေးပေသည်။ လိုင်စင်‌ဖြေခွင့်လျှောက်ပြီးသောအခါ သူမက လျှိုတုံချန်အား သတင်းပို့လိုက်သည်။


လျှိုတုံချန်က သူမကိုကောင်းကောင်းလေ့ကျင့်ပြီး စားဖိုမှူးလိုင်စင်ရအောင်လုပ်ရန် အားပေးလာ၏။


အစိုးရစားသောက်ဆိုင်များသည် ဘယ်လောက်ရောင်းရမည်ဟူ၍ အထူးရည်မှန်းချက်များမရှိသော်လည်း အစိုးရအရာရှိများက သူတို့စားသောက်ဆိုင်တွင်စားခဲ့ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်အကြောင်းအား ပြောပြခဲ့ကြသည့်အတွက် လျှိုတုံချန်က အစည်းအဝေးတွင် ထပ်ချီးကျူးခံလိုက်ရသည်။


သူက မတ်ခွက်နှစ်ခွက်ကို ဆုချီးမြှင့်ခံရသည့်အတွက်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့ပေသည်။


အစိုးရစားသောက်ဆိုင်တွင် သူအလုပ်လုပ်သည်မှာ 5-6နှစ်လောက်ရှိပြီဖြစ်သော်လည်း တစ်ခါမှ ချီးကျူးမခံခဲ့ရပေ။စီမံရေးဌာနမှလူများသည် သူဘယ်သူလဲဆိုတာတောင် မသိကြပေ။


အခုတွင် ရာနှင့်ချီသောလူများ၏ရှေ့၌ ချီးကျူးခံလိုက်ရသောအခါ သူက လူတကာ၏နာမလိုစရာဖြစ်လာသည်။


သူကတစ်နေ့ကုန်တွေးကြည့်လိုက်ပြီးနောက် ထုံရွှယ်လူအား မတ်ခွက်တစ်ခွက်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူက သူမအားအနာဂတ်တွင်ဆက်ပြီးကောင်းကောင်းလုပ်ရန် အားပေးရ‌ပေမည်။


ထိုသို့တွေးပြီးနောက် မီးဖိုချောင်နားသို့လျှောက်လာသောအခါ စကားပြောသံများကိုကြားလိုက်ရ၏။


မုန့်ချင်းချင်းက သိချင်စွာမေးလာ၏။

“ရွှယ်လူရေ နင့်မှာကောင်လေးရှိလား”


ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။

“မရှိပါဘူး နင်ရော”


မုန့်ချင်းချင်းက အနည်းငယ်ရှက်ရွံ့သွားသည်။

“ဟင့်အင်း ငါ့မှာလည်းမရှိဘူး.......နင်က ဘယ်လိုကောင်လေးကိုသဘောကျတာလဲ”


ထုံရွှယ်လူက ခနလောက်တွေးကြည့်ကာ ပြန်ဖြေ၏။

“အရည်အချင်းရှိပြီး တာဝန်သိတတ်တဲ့သူ‌မျိုးပေါ့.....ပြီးတော့ကြည့်‌လည်းကြည့်ကောင်းရမယ်”


မုန့်ချင်းချင်း၏ မျက်လုံးများကအရောင်တောက်သွားသည်။

“ငါလည်းအတူတူဘဲ၊ ငါက လေးထောင့်ဆန်ဆန်မျက်နှာနဲ့ အရည်အချင်းရှိပြီး တာဝန်သိတတ်တဲ့ယောက်ျားမျိုးလိုချင်တယ်”


ထုံရွှယ်လူ :“…….”


ငါပြောတဲ့အထဲမှာ လေးထောင့်ပုံစံမျက်နှာမပါပါဘူးနော်။


မီးဖိုချောင်ဝင်ပေါက်၏အပြင်တွင် ရပ်နေသော လျှိုတုံချန်က ခိုက်ခိုက်တုန်သွားလေသည်။


အရည်အချင်းရှိရမယ်။။ 

အစိုးရ‌စားသောက်ဆိုင်၏မန်နေဂျာတစ်ယောက်ဖြစ်သော သူ့ကို လူအများအပြားက မနာလိုဖြစ်ကြ၏။


တာဝန်သိတတ်ရမယ်။။

သူက အလွန်တာဝန်သိတတ်သောသူဖြစ်သည်။ သူကအချိန်နှင့်အမျှ သူ့အစ်မကြီးအပေါ် ပိုက်ဆံထောက်ပံ့ပေးနေဆဲဖြစ်သည်။


လေးထောင့်ပုံစံမျက်နှာ။။။

သူ့ဘဝတစ်လျှောက်လုံးတွင် သူ့ထက်ပိုပြီး မျက်နှာလေးထောင့်ဆန်သောသူမျိုးကို မတွေ့ခဲ့ဖူးပေ။


လျှိုတုံချန်က ဆံပင်သပ်လိုက်ပြီးနောက် ထုံရွှယ်လူရောမုန့်ချင်းချင်းကပါ သူ့ကိုကြိုက်နေသည်ဟု ထင်သွားသည်။


ထုံရွှယ်လူနှင့် မုန့်ချင်းချင်းတို့သည် အလွန်ကောင်းမွန်သော မိန်းကလေးများဖြစ်သည်။


ထုံရွှယ်လူက လှပပြီး အလွန်ကောင်းမွန်စွာချက်ပြုတ်နိုင်၏။ မုန့်ချင်းချင်းက ထုံရွှယ်လူလောက်မလှသော်လည်း သူမ၏မိဘများကအသက်ရှိနေဆဲဖြစ်ကာ အကိုနှစ်ယောက်လည်းရှိ၏။ တစ်ဖက်ရှိထုံရွှယ်လူကမူ မိဘများမရှိတော့ဘဲ သူမထက်ငယ်သည့် မောင်နှမသုံးယောက်ကို စောင့်ရှောက်နေရ၏။


ထိုအရာက လျှိုတုံချန်ကို တုန့်ဆိုင်းသွားစေ၏။


သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုသူရွေးရမှာလဲ။


ဟူးးးးးဘယ်သူကပိုတော်တာလဲဆိုတာက တကယ်ကိုစိတ်အနှောင့်အယှက်ပေးတာဘဲ။


ထုံရွှယ်လူက လျှိုတုံချန်သည် သူမနှင့်မုန့်ချင်းချင်းတို့အားကြည့်နေသည်ကို သတိပြုမိသွားသည်။ တစ်ခါတစ်လေတွင် သူကခေါင်းညိတ်သလို နောက်တစ်ခါတွင်မူမျက်မှောင်ကြုတ်သွားလေသည်။


သူ့ပုံစံက ကျောချမ်းစေသော အရူးတစ်ယောက်နှင့်တူနေ၏။


ကံကောင်းစွာဖြင့် သူကဘာမှဆက်မလုပ်လာပေ။ မဟုတ်ပါက သူမက သူ့မျက်နှာကိုထိုးပစ်လိုက်ပြီဖြစ်သည်။


အချိန်များကလျင်မြန်စွာ ကုန်ဆုံးသွားကာ ဆောင်းလယ်ပွဲတော်မတိုင်မီတစ်နေ့သို့ရောက်လာသည်။


ဆောင်းလယ်ပွဲတော်မတိုင်မီတစ်နေ့ဖြစ်သဖြင့် အစိုးရစားသောက်ဆိုင်က နေ့လယ်စာရောင်းချိန်ပြီးသောအခါ ဝန်ထမ်းများကိုအိမ်ပြန်ခွင့်ပေးရန်အတွက် ဆိုင်ပိတ်လိုက်လေသည်။ သူတို့က တနင်္လာနေ့မတိုင်ခင်အထိ ဆိုင်ပြန်ဖွင့်မည်မဟုတ်ပေ။


ပိတ်ရက်ရှည်အပြင် အစိုးရစားသောက်ဆိုင်၏ ဝန်ထမ်းများဖြစ်သောကြောင့် သူတို့တစ်ယောက်ချင်းစီက ဝက်သားတစ်ကျင်း၊ အသီးအရွက်တစ်ချို့နှင့် အလွန်ကောင်းမွန်သည့် ဂျုံမှုန့်များကိုရလေသည်။


ဝန်ထမ်းများ၏ အကျိုးခံစားခွင့်က တကယ်ကိုတစ်ခုခုပင်။