အပိုင်း ၁၁၅
Viewers 30k

🍵Chapter 115

 “..ရှင်..ကျွန်မကိုသဘောကျလား”(2)



အလုပ်မှပြန်လာပြီးနောက်တွင် ထုံရွှယ်လူက အဖွားရှန်နှင့်အတူ ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့သွားလိုက်သည်။


ပွဲတော်အချိန်ဖြစ်သောကြောင့် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီက လူများနေကာ လမုန့်များကိုထုတ်ရောင်းသည်နှင့် ချက်ချင်းကုန်သွားသည်။


သူတို့နှစ်ယောက်လုံးက လူထုနှင့်တိုက်ခိုက်ရာတွင် မတော်သဖြင့် နှစ်ယောက်လုံးသည် လမုန့်တစ်ခုမှမရလိုက်ပေ။


ဤအချင်းအရာက ထုံရွှယ်လူကို ယခုကာလတွင် ကုန်ပစ္စည်းများက ဘယ်လိုတောင်ရှားပါးနေသည်ကို သတိပြုမိသွားစေ၏။ သူမနေခဲ့သောခေတ်တွင် လမုန့်များသည် လူများလိုချင်သည်ထက် ပေါများ၏။ လမုန့်မဝယ်နိုင်သောအခြေအနေမျိုးသည် တစ်ခါမှမဖြစ်ခဲ့ဖူးပေ။


အခြားပစ္စည်းများကိုလည်း တစ်ပုံစံတည်းပင် ဝယ်ရန်ခက်ခဲ၏။ အဆုံးတွင် ထုံရွှယ်လူက ဝက်အူ၂ကျင်းသာ ဝယ်နိုင်ခဲ့သည်။


ဤဝက်အူများကို ဝယ်နိုင်သည်မှာလည်း အခြားသူများက ဝက်အူကိုဆေးကြောရန် ဆားပမာဏအများအပြားနှင့် ချက်ပြုတ်ရာတွင်ထည့်ရမည့် ဟင်းခတ်အမွှေးအကြိုင်များကို အကုန်မခံနိုင်သောကြောင့်ဖြစ်သည်။ မဟုတ်ပါက သူမက ဝက်အူကိုတောင် ဝယ်နိုင်မည်မဟုတ်ပေ။


ရှန်ဝမ်ရုန်က ဝက်အူဝယ်ရန်စိတ်မဝင်စားသဖြင့် အရွက်တစ်ချို့သာဝယ်လိုက်သည်။


သူမကလုံးဝစိတ်မပူပေ။ သူမအိမ်တွင်စိုက်ထားသည့် ဟင်းရွက်အများအပြားရှိကာ အခြားပစ္စည်းများကိုလည်း သိုလှောင်ထားပေသည်။ အကယ်၍သူတို့က တစ်ခုခုလိုလာလျှင်တောင်မှ ဝေ့ကျီကောင်းက သူ့ဘာသာကြည့်လုပ်နိုင်ပေသည် ။


ချက်ပြုတ်ရမည့် ပစ္စည်းများက အကန့်အသတ်ရှိသောကြောင့် ထုံရွှယ်လူက ခနလောက်တွေးကြည့်ပြီးနောက်တွင် ဖက်ထုပ်အနည်းငယ်၊ ဝက်အူကိုအရသာစပ်ထားသည့်အရည်ထဲတွင်နှပ်ထားပြီး ချက်ကာ အဆာပြေအဖြစ် ရင်အေးစေသော ပဲပင်ပေါက်ဟင်းချိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


ကောင်းကင်က တဖြည်းဖြည်းမှောင်လာ၏။


ဝမ်ရူကွေ့က‌လည်း ရောက်လာလေသည်။

သူနှင့်အတူ ဖူကျန့်ယိနှင့် အသက်၃၀အရွယ် အမျိုးသမီးတစ်‌ယောက်ကိုလည်း ခေါ်လာခဲ့၏။


ထုံရွှယ်လူက ကျန်းတန့်ဟုန်လိုက်မလာမှာကို စိုးရိမ်နေခဲ့၏။ သူမက ကျန်းတန့်ဟုန်ကိုမြင်မြင်ချင်းပင် ချက်ချင်းသူမအနားသွားလိုက်သည်။

“ဒါက ရဲဘော်ကျန်းဘဲဖြစ်ရမယ်”


ကျန်းတန့်ဟုန်က ထုံရွှယ်လူ၏မျက်လုံးများကို စိုက်ကြည့်လာ၏။ ထုံရွှယ်လူ၏မျက်လုံးထဲတွင် လှောင်ပြောင်လိုစိတ်၊ အထင်သေးစိတ်များ လုံးဝမရှိသည်ကို မြင်သောအခါမှ သူမကပြုံးပြလိုက်သည်။


“မင်္ဂလာပါ ရဲဘော်ထုံ ကျန်းတန့်ဟုန်လို့ခေါ်ပါတယ်”


သူမသည် ဝမ်ရူကွေ့ဆီမှ အဖိတ်ခံရချိန်တွင် တကယ်လန့်သွားခဲ့သည်။


သူမ၏ဦးလေးကို ကျေးဇူးမသိတတ်စွာ သေဒဏ်ကျစေပြီး ကျန်းမိသားစုတစ်ခုလုံးကို ‌ပြန်လည်ပြုပြင်ရေးလယ်သို့ပို့လိုက်‌သည့်အတွက် လူတချို့ကသာ သူမကိုကိုယ်ချင်းစာသည်ဟုဆိုကြ၏။


လူတစ်ချို့က သူမနှင့်နီးစပ်လိုကြ၏။ သို့သော်ငြား သူမက သူမခင်ပွန်းနှင့်ယောက္ခမမိသားစုကိုပါ တရားစွဲမည့်အကြောင်းထွက်လာသောအခါ လူများကသူမကိုကြည့်သည့် အကြည့်များသည် ပိုပိုပြီးထူးဆန်းလာပေသည်။


သူမက အခြားသူများဘယ်လိုကြည့်သည်ကို ဂရုမစိုက်ပေ။ သူမလုပ်မည့်အရာများကို ဘယ်သူကမှမတားနိုင်ပေ။


သူမက ဆောင်းလယ်ပွဲတော်ကို တစ်ယောက်တည်းဖြတ်သန်းရန် အပြည့်အဝပြင်ဆင်ပြီးသားဖြစ်သည်။ ပြီးခဲ့သည့်ဆယ်နှစ်လုံးတွင် သူမကဒီလိုဘဲဖြတ်သန်းလာခဲ့၏။


သို့သော်ငြား ဝမ်ရူကွေ့က အမျိုးသမီးရဲဘော်တစ်ယောက်၏မွေးနေ့သို့ သူမကိုဖိတ်လာလေသည်။


သူမကလန့်သွားကာ လူအများရယ်စရာဖြစ်အောင် အဖိတ်ခံရတာလားဟူ၍ အနည်းငယ်စိုးရိမ်မိသွား၏။


သို့သော်ငြား ဝမ်ရူကွေ့အပေါ်တွင် သူမယုံကြည်သောကြောင့် မွေးနေ့ကိုလိုက်ရန်ဆုံးဖြတ်လိုက်သည်။


ထုံရွှယ်လူက ကြင်နာစွာပြုံးပြလိုက်သည်။

“အစ်မလာလို့ ကျွန်မအရမ်းဝမ်းသာတာဘဲ၊ လာလေ လူတိုင်းအထဲဝင်ကြပါ”


လူတိုင်းက အထဲဝင်လာပြီးနောက် ဖူကျန့်ယိက ချက်ချင်းပင် အနံ့ရသွားသည်။

“ရဲဘော်ထုံ မင်းဒီနေ့ ဘာအရသာရှိတာတွေချက်ထားတာလဲ”


သူကခွေးနှာခေါင်းများရှိနေတာလား၊ ဒီလောက်အဝေးကြီးကို အနံ့ရသေးတယ်လား၊ ထုံရွှယ်လူက သူမဘာသာတွေးလိုက်သည်။


“ဖက်ထုပ်၊ ဝက်အူနှပ်နဲ့ အဆာပြေအတွက် ပဲပင်ပေါက်ဟင်းချို”


ဖူကျန့်ယိက မျက်မှောင်ကြုတ်လိုက်သည်။

“ဝက်အူလား၊ အဲ့ဒါကအနံ့နံတယ်မဟုတ်ဘူးလား၊ ဒါပေမယ့် မင်းချက်တာကျ မွှေးနေရော”


“ဝက်အူက သေသေချာချာဆေးဖို့ဘဲလိုတာပါ၊ ဖက်ထုပ်အတွက် အစာသွပ်တွေက အဆင်သင့်ဖြစ်နေပြီ၊ ရှင်လက်သွားဆေးပြီး ဖက်ထုပ်စထုပ်တော့လေ ”


ဖက်ထုပ်လုပ်ရခြင်း၏ပျော်ရွှင်မှုမှာ လူတိုင်းအတူတူထိုင်ပြီး အတူတူဖက်ထုပ်အစာသွပ်ရခြင်းပင်ဖြစ်သည်။ အထူးသဖြင့် နှစ်သစ်ကူးသည့်ကာလများတွင် ပြုလုပ်လေ့ရှိသည်။ လူတိုင်းအတူထိုင်ပြီး ဖက်ထုပ်လုပ်သောအခါ အချင်းချင်းစကားပြောကာ ရယ်မောကြပြီး ပွဲတော်အငွေ့အသက်များရပေသည်။


ထုံရွှယ်လူက လူတိုင်းကို ဧည့်ခန်းထဲသို့ခေါ်လာပြီး ထုံကျားမင်တို့နှင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူမက ပြင်စရာရှိသည်ကို ပြီးအောင်လုပ်ရန် မီးဖိုထဲသို့ပြန်ဝင်သွားလိုက်သည်။


သူမက လမုန့်များကိုမဝယ်နိုင်ခဲ့သဖြင့် သူမဘာသာလုပ်ပြီး လက်ဆောင်ပေးရန်စီစဉ်ထားပေသည်။


ထုံရွှယ်လူ မီးဖိုချောင်ထဲသို့ဝင်သွားသောအခါ ဝမ်ရူကွေ့က အိတ်ကြီးတစ်လုံးကိုကိုင်ပြီး သူမနောက်မှလိုက်လာ၏။


သူမနောက်မှ ခြေသံများကိုကြားသောအခါ ထုံရွှယ်လူကလှည့်ကြည့်လိုက်သည်။

“ရှင်က ဘယ်လိုဖြစ်လို့ သူတို့နဲ့အတူ ဖက်ထုပ်မလုပ်နေတာလဲ၊ ရဲဘော်ဝမ်”


“ကျွန်တော်မင်းကို ကူညီချင်လို့ပါ”

ဝမ်ရူကွေ့က ပြောရင်းဖြင့် သူ့လက်ထဲမှအိတ်ကိုကမ်းပေးလာ၏။


“မင်းအတွက်လက်ဆောင် ပျော်ရွှင်စရာမွေးနေ့ပါ”


ထုံရွှယ်လူက လက်ခံကာဖွင့်ကြည့်လိုက်၏။ အစိမ်းရောင်စစ်အနွေးထည်တစ်ခုဖြစ်သည်။


စစ်အနွေးထည်များသည် ရရန်ခက်ခဲကာ Dacronပိတ်စများထက်ပိုခက်ခဲပေသည်။


သူ့တွင် အဆက်အသွယ်များရှိလောက်သော်လည်း သူမအတွက်ကြိုးစားပေးလိုသည့် သူ့သဘောထားကိုသိသောအခါ သူမက ဘာမှသတိမပြုမိသလို ဆက်မဟန်ဆောင်မနေနိုင်တော့ပေ။


ခေါင်းပေါ်မှ မီးအလင်းရောင်က သူမပေါ်သို့ဖြာကျနေပြီး သူမ၏မျက်နှာကိုပိုပြီးနူးညံ့သွားစေ၏။


ထုံရွှယ်လူက ခေါင်းမော့ကာပြောလိုက်သည်။

“ကျေးဇူးပါ ရဲဘော်ဝမ်၊ ဒါပေမယ့် ကျွန်မရှင့်ကိုတစ်ခုလောက်မေးချင်တယ်”


ဝမ်ရူကွေ့က မျက်လုံးနက်များဖြင့် သူမကိုကြည့်လိုက်သည်။

“အိုးးဟုတ်လား ဘာမေးမလို့လဲ”


“ရဲဘော်ဝမ်က ဘာလို့ကျွန်မအပေါ်အရမ်းကောင်းတာလဲ”


ဆောင်းရာသီဖြစ်၍ ရာသီဥတုကအေးစက်နေ၏။ အပြင်ဘက်ရှိ သစ်ပင်ပေါ်မှ သစ်ရွက်များက လေအဝှေ့တွင်လှုပ်ခါနေကြသည်။ Osmanthusအပင်၏ရနံ့က ပြတင်းပေါက်မှတစ်ဆင့်ဝင်လာပြီး ဤညအတွက်နောက်ခံအဖြစ်ပံ့ပိုးပေးနေ၏။


မီးဖိုချောင်ထဲတွင် ပင်အပ်ပြုတ်ကျသံကိုကြားရလောက်သည်အထိကို တိတ်ဆိတ်နေသဖြင့် သူမ၏အသံကို ရှင်းလင်းစွာကြားနေရပေသည်။


“ရှင်...ရှင်က ကျွန်မကိုသဘောကျနေတာလား”


ထုံရွှယ်လူက ထိုသို့ပြောပြီးနောက် ဗာဒံစေ့ပုံစံမျက်ဝန်းများဖြင့် သူ့ကိုတိုက်ရိုက်ကြည့်လိုက်သည်။


မီးဖိုချောင်ထဲရှိလေထုက တဖြေးဖြေးပူနွေးလာ၏။ ဆောင်းရာသီဖြစ်သော်လည်း ရှင်းမပြနိုင်လောက်သည့် ပူလောင်မှုကိုခံစားနေရ၏။


ဝမ်ရူကွေ့က ရှက်လာ၏။ သူ့နားရွက်များသာမက လည်ပင်းအထိပါ နီရဲလာလေသည်။


ထုံရွှယ်လူကိုကြည့်ကာ သူ့နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မလို ခံစားနေရသည်။


မိန်းကလေးတွေက ရှက်တတ်တယ်လို့ ကျိုးရန်ပြောခဲ့တာမဟုတ်ဘူးလား။

အဲ့ဒီလိုဆို သူမမျက်နှာပေါ်မှာ ရှက်နေတာမျိုးကို ဘာလို့မတွေ့ရတာလဲ။


သူက သူမကိုဖွင့်ပြောချင်သဖြင့် မီးဖိုချောင်ထဲသို့ လိုက်လာခြင်းဖြစ်သည်။


သို့သော်ငြား သူဘာမှမပြောရသေးခင်မှာပင် သူမက သူ့ကို 'သူမကိုသဘောကျနေတာလား' ဟုတိုက်ရိုက်မေးလာ၏။၎င်းက သူ့ကို သတိလွတ်သွားစေ၏။


ကိစ္စများတိုးတက်လာသည့် အနေအထားသည် သူ့ကိုအံ့ဩစေကာ သူ၏အစီအစဉ်ကိုရှုပ်ထွေးသွားစေသည် ဆိုလျှင်တောင်မှ သူမအပေါ်တွင်သူ၏ခံစားချက်များကို သဘောပေါက်သွားပြီဖြစ်သဖြင့် သေချာပေါက်ပင် သူကငြင်းမှာမဟုတ်သလို ဝေ့လည်ကြောင်ပတ်လည်း လုပ်မည်မဟုတ်ပေ။


ဝမ်ရူကွေ့က အသက်ပြင်းပြင်းရှူကာ ထုံရွှယ်လူကိုကြည့်လိုက်ပြီး စကားတစ်လုံးချင်းစီထုတ်ပြောလာ၏။

“ဟုတ်တယ် ကိုယ်မင်းကိုသဘောကျတယ် ရဲဘော်ထုံ”

ကိုယ်မင်းကိုသဘောကျတယ် ရဲဘော်ထုံ။။


သူ့အသံကဩကာ ကြည်လင်နေသဖြင့် ဤသို့သောညတွင် ပဲ့တင်ထပ်နေ၏။


လူတစ်ယောက်၏နှလုံးသားကို ငှက်မွှေးဖြင့် အတို့ခံလိုက်ရသလိုပင် ယားယံသွားစေသည်။


ထုံရွှယ်လူက သူ့ကိုကြည့်လိုက်သည်။ အလင်းရောင်က သူ၏အသွင်အပြင်ကို ပိုပြီးကြွရွလာစေ၏။သူ့မျက်တောင်များက ရှည်လျားကာထူထဲနေပြီး နှာတံကလည်းဖြောင့်စင်းနေ၏။ သူက ထုံရွှယ်လူကို မျက်လုံးနက်များဖြင့် ကြည့်နေပေသည်။


ထုံရွှယ်လူက သူမ မကူးပြောင်းလာခင်တွင် ဖွင့်ပြောမှုအများအပြားကိုကြုံခဲ့ဖူးကာ တစ်ချို့ဆိုလျှင် အခုဟာထက် ပိုပြီးတည့်တိုးဆန်ကာ ချစ်စိတ်ပြင်းပြ၏။


သို့သော်ငြား ဝမ်ရူကွေ့၏ရိုးရှင်းပြီး ဟန်ဆောင်မှုမပါသောစကားလုံးများသည် သူမကြားဖူးသမျှထဲတွင် ရိုမန့်အဆန်ဆုံးဖြစ်ကာ ရင်ထဲအထိဆုံးလည်းဖြစ်သည်။


သူမသူနှင့် စတင်ကျီစယ်ခဲ့ချိန်က သူမ၏လုပ်နေကျအကျင့်ကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်သလို သူက အလွန်ထူးချွန်သောယောက်ျားတစ်ယောက်ဖြစ်နေသောကြောင့်လည်းပါ၏။


သူကသူမအပေါ်ပိုပိုပြီး ကောင်းလာခဲ့သည်များကို သူမတစ်ခုမှမလွတ်သွားခဲ့ပေ။


သူမက သူ့အပေါ်ခံစားချက်များမရှိဟုဆိုပါက လိမ်တာပင်။


“ရဲဘော်ဝမ်……”


“ရဲဘော်ထုံ……”

နှစ်ယောက်လုံးက တစ်ချိန်တည်းတွင် စကားပြောလာကြ၏။


သူက သူမကို သူ့ချစ်သူကောင်မလေးဖြစ်ပေးနိုင်မလား မေးမည့်အချိန်တွင် သူမကစကားစလာ၏။


ဝမ်ရူကွေ့က အသက်ပြင်းပြင်းရှူပြီး ရိုသေစွာပြောလိုက်သည်။

“မင်းအရင်ပြောပါ ရဲဘော်ထုံ”


ထုံရွှယ်လူက ခေါင်းမော့ကာ အပြုံးရိပ်တစ်စွန်းတစ်စဖြင့်ပြောလာ၏။

“ရဲဘော်ဝမ် ကျွန်မတို့တွေ အချင်းချင်းပိုကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ သိသင့်ကြပြီလို့ထင်တယ်”


သင့်တော်တဲ့ ရည်မှန်းချက်လား၊ ‌ဆိုလိုတာက လက်ထပ်ထိမ်းမြှားတာက နောက်ဆုံးရည်ရွက်ချက်လား။


ဖုန်းးးးး

ဝမ်ရူကွေ့သည် သူ့သွေးများအားလုံးက မျက်နှာသို့ဆန်တက်လာပြီး သူ့ပါးများက နီရဲလွန်းသဖြင့် သွေးထွက်လာတော့မည်ဟုတောင်ထင်သွားသည်။

“ရဲဘော်ထုံ မင်းက ကိုယ့်ကောင်မလေးဖြစ်ဖို့ သဘောတူတာလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်ပြီးမှ နောက်တစ်ခါခေါင်းခါပြလိုက်သည်။

“အခုတော့မဟုတ်သေးဘူး၊ ကျွန်မတို့မတွဲသေးခင် ရဲဘော်ဝမ်က အရင်ဆုံးကျွန်မကိုပိုးပန်းရမယ်လေ”


“ရဲဘော်ဝမ်က ကျွန်မရဲ့စမ်းသပ်ချက်တွေကို ကျော်ဖြတ်နိုင်တယ်ဆိုရင် ကျွန်မတို့တွဲကြမယ်၊ အဲ့လိုလုပ်နိုင်လား ရဲဘော်ဝမ်”


ယောက်ျားများသည် ခွေးများဖြစ်‌သည်။ သူတို့ကအလွယ်တကူရသောအရာများကို တန်ဖိုးမထားတတ်ကြပေ။


ထို့အပြင် သူမက ဝမ်ရူကွေ့အကြောင်းကောင်းကောင်း မသိသေးသလို သူ့မိသားစုအကြောင်းကိုလည်း အတူတူပင်ဖြစ်သည်။ သူမက သူ သူမကိုပိုးပန်းရန်နှင့် သူမကိုယ်တိုင်လည်း သူ့အကြောင်းကို ပိုပြီးလေ့လာနိုင်ရန်အတွက် ဤအခွင့်အရေးကို ပေးလိုက်ခြင်းဖြစ်သည်။


ဝမ်ရူကွေ့က ပြင်းထန်စွာခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပြီ၊ ကိုယ်ဆန္ဒရှိပါတယ်”


“ဖွီးးးးးး”


သူ၏‘ကိုယ်သဘောတူတယ်’ဟုသောစကားမှာ ခိုင်မာပြတ်သားနေသဖြင့် မင်္ဂလာဆောင်တွင်ပြောသည့်သူများကို သတိရသွားစေ၏။ သူမကမထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။


ဝမ်ရူကွေ့၏ပါးများက ပို၍နီရဲလာသည်။


သူက သူမဘာကြောင့်ရယ်နေသည်ကို နားမလည်ပေ။


သူသိသမျှအရာအားလုံးမှာ သူမကရယ်လိုက်သည့်အခါ၌ အလွန်လှသည်ဟူ၍ပင်။

 

သူမက ပန်းများထက်ပိုလှ၏။ မနက်ခင်းနေရောင်ခြည်ထက် ပိုနူးညံ့၏။ နေမင်းကြီးထက်ပို၍တောက်ပပေသည်။


သူက သူမ‌ဆီမှ အကြည့်မလွှဲနိုင်တော့ပေ။

ဆောင်းညများက ညတာရှည်သလို အမည်မသိပိုးကောင်လေးများကလည်း လေပြေနှင့်အတူ အော်နေ၏။ ၎င်းက ဤညကိုပို၍နူးညံ့သွားစေသည်။


ပိုးကောင်လေးတစ်ကောင်က ဝမ်ရူကွေ့၏ဆံပင်ပေါ်၌လာနားလေသည်။


ထုံရွှယ်လူက ရှေ့သို့ကိုင်းကာ ခြေဖျားထောက်လိုက်သည်။


ဝမ်ရူကွေ့က အသက်ရှူအောင့်လိုက်မိသည်။ သူက သူမဆီမှလာသော လတ်ဆတ်သည့် မြက်ခင်းနံ့ကို ရနေ၏။ သူမခေါင်းထိပ်မှဆံပင်များက သူ့မေးစေ့ကို ပွတ်တိုက်ကာ ယားယံသွားစေသည်။


သူက မေးစေ့ကိုကုတ်လိုက်ချင်သော်လည်း သူမကိုလန့်မသွားစေချင်ပေ။


ရုတ်တရက်ဆိုသလိုပင် သူကကျောက်ရုပ်လိုတောင့်တင်းသွားသည်။


ထုံရွှယ်လူက ခေါင်းမော့ကာ သူ့ဆံပင်ပေါ်မှ ပိုးကောင်ကိုဖယ်ပေးလိုက်သည်။ သူမကသူ့ကိုပြုံးပြလိုက်သည်။

“ရှင့်ခေါင်းပေါ်မှာ ပိုးကောင်တစ်ကောင်ရှိနေလို့ပါ ကျွန်မဖယ်လိုက်ပြီ”


ဝမ်ရူကွေ့၏ကိုယ်က တင်းမာနေ၏။ သူကတောင့်တင်းစွာပြောလိုက်သည်။

“ကျေးဇူးပါ”


သူစိတ်လှုပ်ရှားနေသည်ကိုမြင်သောအခါ ထုံရွှယ်လူက သူ့ကိုထပ်စချင်လာသည်။ သို့သော်သူမတွင် အချိန်အများကြီးရှိသေးသဖြင့် သူမကိုယ်သူမ တည်ငြိမ်စေလိုက်သည်။


ထိုသို့ပြောပြီးနောက် သူမက နောက်သို့ခြေနှစ်လှမ်းဆုတ်ကာ သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးခြားလိုက်သည်။

“ကျွန်မတို့တွေ လမုန့်အတူတူလုပ်ရအောင် ရဲဘော်ဝမ်”


ဒါဆိုသူမက သူ့အတွက်ပိုးကောင်ဖယ်ပေးရုံဘဲပေါ့..........


ဝမ်ရူကွေ့က သူ့ရင်ထဲတွင်ဖြစ်ပေါ်‌လာသော စိတ်ပျက်မှုကို မဖော်ပြနိုင်ပေ။ သူကနှုတ်ခမ်းစေ့ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ”


ထို့နောက် သူကထပ်ပြောလိုက်သည်။

“အပြင်မှာ လက်သွားဆေးလိုက်ဦးမယ်”


သူ့လက်ဖဝါးများက ချွေးထွက်နေသဖြင့် သူမသိသွားပါက ရှက်စရာကောင်းပေလိမ့်မည်။


အိမ်ထဲတွင်ရေရှိ၏။ သူကအပြင်ထိသွားပြီး လက်ဆေးစရာမလိုပေ။


ဝမ်ရူကွေ့က ထိတ်ထိတ်ပျာပျာဖြင့်ပြေးသွားသည်ကိုမြင်သောအခါ ထုံရွှယ်လူက မနေနိုင်ဘဲပြုံးလိုက်‌သည်။


သူတို့တွင် ချက်ပြုတ်မည့်ပစ္စည်းများက အကန့်အသတ်ရှိသောကြောင့် ထုံရွှယ်လူက လမုန့်ကို အသားအစာသွပ်နှင့် ပဲနီလေးအစာသွပ်နှစ်မျိုးသာလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဝမ်ရူကွေ့တို့အတွက်သာမက သူမကဝေ့မိသားစုနှင့် မွေးစားထုံမိသားစုအတွက်ပါလုပ်ရပေမည်။


လမုန့်များကို ပုံဖော်ပြီးသောအခါ ဝမ်ရူကွေ့က ထုံရွှယ်လူ၏ညွှန်ကြားချက်အတိုင်း လမုန့်များကို ဗန်းတစ်ခုထဲသို့ ထည့်လိုက်သည် 


ဝက်အူနှပ်ကလည်း ကျက်ပြီဖြစ်သဖြင့် မီးဖို‌ချောင်ထဲတွင် အနံ့များမွှေးကြိုင်နေပေသည်။


ထုံရွှယ်လူက ဝက်အူများအား ပန်းကန်ထဲပြောင်းထည့်နေချိန်တွင် ကျန်းတန့်ဟုန်က ဖက်ထုပ်နှစ်ပန်းကန်ကိုကိုင်ပြီး အထဲသို့ဝင်လာ၏။


“ရဲဘော်ထုံရေ ဖက်ထုပ်တွေကိုအဆာသွပ်ပြီးပြီ၊ ဘယ်နေရာမှာချက်ကြမလဲ”


ထုံရွှယ်လူက သူမအပေါ် အလွန်အမင်းသတိမထားနေပေ။

“ဒီဒယ်အိုးကိုသုံးလိုက်လို့ရတယ် ဒါပေမယ့် ကျွန်မကအခုဘဲဝက်အူနှပ်ချက်ထားတာဆိုတော့ အရင်ဆုံးဆေးကြောရဦးမယ်”


တစ်ခါတစ်လေတွင် လူများကို သူတို့ကိုတောက်တိုမယ်ရခိုင်းခံလိုက်ရသောအခါ ပို၍သက်တောင့်သက်သာရှိသွားတတ်၏။


သေချာ‌စွာပင် ထုံရွှယ်လူကသူမအား သူငယ်ချင်းလိုဆက်ဆံနေသည်ကိုမြင်သောအခါ ကျန်းတန့်ဟုန်ကစိတ်အေးသွသည်။


ကျန်းတန့်ဟုန်က ဖက်ထုပ်များကို မီးဖိုပေါ်သို့တင်ကာ ဒယ်အိုးကိုယူပြီး ဆေးကြောရန် အပြင်ဘက်သို့ ထွက်သွားလေသည်။


ဖက်ထုပ်ပြုတ်ရသည်ကို လွယ်ကူသလို ပဲပင်ပေါက်ဟင်းချိုလည်းအတူပင်။ နောက်ဆုံးတွင် ညစာအဆင်သင့်ဖြစ်လာ၏။