🍵Chapter 116
“ ရဲဘော်ဝမ် ရှင်ကကျွန်မကိုဘာမေးချင်တာလဲ”
ဖူကျန့်ယိက နားရွက်တပ်ချိတ်သည်အထိ ပြုံးပြလာ၏။
“ပျော်ရွှင်စရာမွေးနေ့ပါ ရဲဘော်ထုံ”
ဖူကျန့်ယိ၏လက်ဆောင်မှာ တောက်ပနေသောအနီရောင်ပေါ်တွင် အဝါရောင်နှင့်အဖြူရောင်ပျိုးနီပန်းများ ရိုက်နှိပ်ထားသည့် အပူခံဓာတ်ဘူးဖြစ်သည်။
ကြည့်ရဆိုးသော်လည်း ပွဲတော်အငွေ့အသက်ရ၏။ ယခင်ခေတ်ကာလမှ ထုတ်ကုန်တစ်ခုနှင့်တူကာ အလွန်အသုံးဝင်ပေသည်။
ဖြစ်ချင်တော့ သူတို့အိမ်တွင်လည်း ဓာတ်ဘူးတစ်လုံးလိုနေကာ ဆောင်းတွင်းတွင် ဓာတ်ဘူးမရှိပါက အဆင်ပြေမည်မဟုတ်ပေ။
ကျန်းတန့်ဟုန်ကလည်း သူမ၏လက်ဆောင်ကိုထုတ်ပြလာ၏။
“ပျော်ရွှင်စရာမွေးနေ့ပါ ရွှယ်လူ”
သူတို့နှစ်ယောက်က အစောပိုင်းတွင် မီးဖိုချောင်ထဲ၌ ရင်းနှီးသွားသောကြောင့် အချင်းချင်း ရဲဘော်အစား အမည်ရင်းများကိုခေါ်လာကြသည်။
သူမ၏လက်ဆောင်က ဖောင်တိန်တစ်ခုဖြစ်ကာ ဤခေတ်ကာလတွင် အလွန်ကြီးကျယ်သည့် လက်ဆောင်ဖြစ်၏။
“ကျေးဇူးပါနော် အမကြီးတန့်ဟုန်”
ထုံရွှယ်လူက ကျန်းတန့်ဟုန်ကို ဤမျှထိကြီးကျယ်သည့် လက်ဆောင်မျိုးယူလာခဲ့မည်ဟု မထင်ထားခဲ့ပေ။ သူမကအနည်းငယ်ဝမ်းနည်းသွားသည်။
သို့သော်ငြား ကျန်းတန့်ဟုန်လို စိတ်ဓာတ်ခိုင်မာသောသူသည် သူတို့ပေးသည့်လက်ဆောင်ကိုငြင်းလိုက်ပါက အတွေးလွန်သွားလိမ့်မည်ဖြစ်သည်။
အမှန်ပင် ထုံရွှယ်လူက သူမလက်ဆောင်ကိုလက်ခံလိုက်သောအခါ ကျန်းတန့်ဟုန်က ပြုံးလိုက်သည်။
ဖူကျန့်ယိက ကျန်းတန့်ဟုန်နှင့် ထုံရွှယ်လူကိုကြည့်ကာ စုပ်သပ်ပြီးပြောလာ၏။
“မင်းတို့နှစ်ယောက်က ဘယ်တုန်းကဒီလောက်ရင်းနှီးသွားတာလဲ”
ကျန်းတန့်ဟုန်က သူ့အပေါ်တစ်ခါမှမကောင်းဖူးပေ။ သူမက သူပြောသည်ကိုမကြားသလိုဟန်ဆောင်လိုက်သည်။
သူတို့နှစ်ယောက်ကြားက တစ်မူထူးနေသော လေထုကိုခံစားမိသောအခါ ထုံရွှယ်လူက သိချင်စိတ်ပေါ်လာ၏။
“ဒါပေါ့ ကျွန်မတို့မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာရင် ပြောစရာပိုများတယ်လေ၊ အဲ့ဒါကဘာထူးဆန်းလို့လဲ”
ဖူကျန့်ယိက နောက်တစ်ခုစုပ်သပ်လိုက်သည်။
“အိုးးးငါသိပါပြီ၊ ဒါဆိုရင်လည်း သူမက သူမခင်ပွန်းမိသားစုကိုတရားစွဲမယ့်ကိစ္စကို မလုပ်ဖို့ဘာလို့မပြောကြည့်တာလဲ”
သူထိုသို့ပြောလိုက်သောအခါ လေထုကငြိမ်သက်သွား၏။
ကျန်းတန့်ဟုန်၏မျက်နှာက မှုန်ကုပ်သွားကာ သူမမျက်လုံးများက ဒေါသဖြင့်လောင်ကျွမ်းလာ၏။
သူတို့ရောက်နေသည့်နေရာကို ဂရုမစိုက်ပါက သူမက သူ့မျက်နှာကို ဖြတ်ရိုက်ချလိုက်ပြီဖြစ်သည်။
ထုံရွှယ်လူက ဖူကျန့်ယိကိုဤမျှထိရူးနှမ်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။သူမကမှုန်ကုပ်စွာပြောလိုက်သည်။
“ကျွန်မက ဘာလို့မလုပ်ဖို့ပြောရမှာလဲ ရှင်ကလူတစ်ယောက်ကို သူ့နေရာမှာဝင်မခံစားကြည့်ဘဲနဲ့ ခွင့်လွှတ်ပေးဖို့ ပြောလို့မရဘူးလေ၊ ရှင်က သူမခံစားခဲ့ရတာတွေကိုမှ မခံစားဖူးတာ၊ သူမကိုကြင်နာပြီး ခွင့်လွှတ်ခိုင်းရအောင် ရှင်ကဘယ်သူမလို့လဲ”
ဖူကျန့်ယိက ရှက်သွားသည်။
“ငါကဒီအတိုင်းပြောလိုက်တာပါ........”
“ဘာကိုဒီအတိုင်းပြောချင်တာလဲ”
ထုံရွှယ်လူက သူ့ကိုရိုင်းပျစွာဖြတ်ပြောလိုက်သည်။
“တကယ်လို့ တစ်နေ့မှာရှင့်ကို ယောက်ျားတစ်ယောက်က မဒိန်းကျင့်ပြီး ရှင့်အနောက်တံခါးကိုဖျက်စီးလိုက်တယ်ဆိုပါစို့၊ အဲ့ဒီလူမှာက အသက်၈၀အရွယ်အမေအိုကြီးနဲ့ ၃နှစ်အရွယ်သမီးလေးလည်းရှိတယ်၊ သူ့မိန်းမက ရှင့်ကိုခွင့်လွှတ်ပေးဖို့ပြောလာရင် ရှင်လက်ခံမှာလား”
ဖူကျန့်ယိ :“……”
ဝမ်ရူကွေ့ :“……”
ကျန်းတန့်ဟုန် :“……”
ထုံကျားမင်က ရှက်ရွံ့သွားသည်။ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့က နားမလည်သလိုကြည့်လာကြ၏။
ထုံမျန်မျန်က ခေါင်းမော့ပြီး ချိုမြိန်စွာမေးလာ၏။
“မမကြီး အနောက်တံခါးကဘာကြီးလဲ၊ အဲ့ဒါပျက်သွားရင် ဘာဖြစ်မှာလဲ”
ဖူကျန့်ယိ “……”
ထုံရွှယ်လူက ပေါက်စီလုံးလေး၏မေးခွန်းကြောင့် အော်ရယ်မိမတတ်ဖြစ်သွားသည်။
“အနောက်တံခါးဆိုတာက အနောက်ဘက်မှာရှိတဲ့တံခါး၊ အဲ့ဒါပျက်သွားရင် သုံးလို့မရတော့ဘူး”
ထုံမျန်မျန်က ခနလောက်တွေးလိုက်ပြီးနောက် တစ်ခုခုကိုနားလည်သွားပုံပေါ်၏။ သူမလေးက ဖူကျန့်ယိဘက်လှည့်ကာ ပြောလိုက်သည်။
“ဦးလေးဖူ အဲ့ဒါဆိုရင် ဦးလေးရဲ့အနောက်တံခါးကို ဂရုစိုက်သင့်တယ်နော်”
ဖူကျန့်ယိ “……”
“ခွီးးးးးးးးးး”
နောက်ဆုံးတွင် ထုံရွှယ်လူက အော်ရယ်လိုက်လေသည်။
ကလေးများပြောသည်ကို နားထောင်ပြီးနောက် ကျန်းတန့်ဟုန်ကအနည်းငယ်စိတ်တည်ငြိမ်သွားသည်။
ဖူကျန့်ယိ၏မျက်နှာက ဝက်အသည်းရောင်ပြောင်းသွားကာ နောက်ဆုံးတွင် သူကမသင့်တော်သည်ကို ပြောမိကြောင်းနားလည်သွားသည်။ သူကခေါင်းကုတ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ၊ ငါအဲ့လိုထပ်မပြောတော့ဘူး ရဲဘော်ကျန်းကို တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် သူကထရပ်ကာ ကျန်းတန့်ဟုန်အားအလေးပြုလာ၏။
ကျန်းတန့်ဟုန်က သူ့ကိုမပျော်မရွှင်ဖြစ်စွာ ကြည့်နေဆဲဖြစ်သည်။
နေရခက်စွာအကြည့်ခံနေရသဖြင့် ဖူကျန့်ယိက ထုံမျန်မျန်ဘက်လှည့်ကာ စကားစလိုက်သည်။
“ကလေးမလေး သူ့ကိုကျအကိုကြီးဝမ်လို့ခေါ်ပြီး ငါ့ကိုကျဘာလို့ဦးလေးဖူလို့ခေါ်တာလဲ၊ တကယ်ဆို ငါကအဲ့အကိုကြီးထက် နှစ်ဝက်လောက်ပိုငယ်တာနော်”
ထုံရွှယ်လူက ထိတ်လန့်သွားသည့် ပုံစံလုပ်ပြလိုက်သည်။
“ရှင်က ရဲဘော်ဝမ်ထက်တောင်ငယ်တယ်လား”
“ဘာလဲ မင်းမပြောနိုင်ဘူးလား ငါ့မျက်နှာက အတော်လေးကလေးဆန်နေသေးတယ်လို့ ငါထင်တာဘဲ”
ထုံရွှယ်လူက မျက်ဖြူလှန်ပြလိုက်သည်။
“ကျွန်မတကယ်ကိုမပြောနိုင်တာ၊ ရှင်သာထုတ်မပြောရင် ကျွန်မကရှင့်ကို အသက်၃၅လောက်ရှိပြီးထင်နေတာ”
သူမက ပုံကြီးချဲ့နေခြင်းဖြစ်သည်။
အမှန်တွင်လည်း ဝမ်ရူကွေ့က အလွန်ငယ်ရွယ်သောပုံစံရှိကာ ဖူကျန့်ယိထက်နှစ်အနည်းငယ် ငယ်သည်ဟုထင်ရပေသည်။
ဖူကျန့်ယိ; “……”
နာကျင်သွားသော ဖူကျန့်ယိက စကားဆက်မပြောချင်တော့ပေ။ သူက သူ့စွမ်းအင်အားလုံးကို စားသောက်ရာ၌သာ အာရုံစိုက်ထားလိုက်သည်။
🍵
ဝက်အူများသည် အမြင်နှင့်လုံးဝကွာခြားကာ ထူးဆန်းသည့်အရသာမရှိပေ။ ဝက်အူများက နူးညံ့ကာ အရသာရှိ၏။ အဆီများသော်လည်း မအီပေ။ သူတို့ပိုပြီးစားလေလေ ပိုပြီးအရသာရှိလာလေပင်။ ၎င်းကအလွန်ကောင်းမွန်သော ဟင်းလျာပင်ဖြစ်သည်။
ညစာစားပြသောအခါ လူတိုင်းကသန့်ရှင်းရေးလုပ်ရန် ကူညီလာကြ၏။
ထုံရွှယ်လူ ပန်းကန်များကို ဧည့်ခန်းထဲမှ သယ်သွားကာ ကျန်းတန့်ဟုန်က သူမနောက်မှလိုက်သွားသည်။
“ခုနတုန်းက ငါ့ဘက်ကကူပြောပေးလို့ကျေးဇူးပါ”
ထုံရွှယ်လူကပြုံးပြလိုက်သည်။
“ကျွန်မက အမအတွက်ကူပြောပေးတာမဟုတ်ပါဘူး၊ အမှန်တရားကိုဘဲပြောပြနေတာ၊ အမကလွဲပြီး ဘယ်သူကမှသူတို့ကို ခွင့်လွှတ်ခိုင်းခွင့်မရှိဘူး”
**နာမည်ကြီးဂျပန်စာရေးဆရာHaruki Murakami ကပြောခဲ့ဖူး၏။ ::ခိုင်မာသောနံရံတစ်ခုနှင့် ထိုနံရံဆီသို့ပေါက်လိုက်သောအခါ ကွဲသွားသောကြက်ဥဆိုပြီးရှိနေပါက သူကအမြဲပင်ကြက်ဥဘက်မှနေမည်ဟုဆို၏။ ၎င်းကမှန်ပေသည်။ နံရံကဘယ်လိုဘဲမှန်ကန်နေပါစေ၊ ကြက်ဥကဘယ်လိုဘဲ မှားယွင်းနေပါစေ သူကကြက်ဥဘက်တွင်သာရပ်တည်လိမ့်မည်။**
မှားသည်၊မှန်သည်ကို လူကိုကြည့်ပြီးဆုံးဖြတ်ရတာမဟုတ်ပေ။ လူတစ်ယောက်ကိုခွင့်လွှတ်သည်၊ ခွင့်မလွှတ်ပေးသည်ကလည်း စကားနှင့်ပြောသည်ထက်ပို၏။
ကျန်းတန့်ဟုန်က အများကြီးခံစားခဲ့ရ၏။ သူမခံစားခဲ့ရသည်နှင့် မသက်ဆိုင်သောသူတစ်ယောက်က ဘယ်လိုဖြစ်ပြီး သူမကိုခွင့်လွှတ်ဖို့ ပြောနိုင်တာလဲ။
ထုံရွှယ်လူ၏စကားများကိုကြားသောအခါ ကျန်းတန့်ဟုန်ကနှုတ်ခမ်းစေ့သွားပြီး မျက်လုံးများကအနည်းငယ်နီရဲလာသည်။
ဝမ်ရူကွေ့မှလွဲလျှင် ထုံရွှယ်လူက သူမအပေါ် စိတ်ရင်းမှန်ဖြင့်ရင်းနှီးသည့် ပထမဆုံးလူဖြစ်သည်။
ညစာစားပြီးသောအခါ ထုံမျန်မျန်ကအိပ်ငိုက်လာသဖြင့် ထုံရွှယ်လူက သူမကိုချီကာ အိပ်ခန်းထဲသို့ခေါ်သွားလိုက်သည်။
ပေါက်စီလုံးလေးသည် အိပ်ရာပေါ်သို့ ခေါင်းချချချင်းအိပ်ပျော်သွားလေသည်။
ထိုအချိန်တွင် ထုံကျားမင်က ထုံကျားရှင်းကိုခေါ်ကာ စာကြည့်ခန်းထဲတွင် အိမ်စာလုပ်ရန်သွားလိုက်သည်။
အချိန်စောသေးသဖြင့် ထုံရွှယ်လူက ကျန်နေသည့်လူကြီးများကို တစ်ခုခုကစားရန်အကြံပေးလိုက်သည်။
သူမက မီးဖိုချောင်ထဲမှ ဖန်ပုလင်းတစ်လုံးထုတ်လာကာ လူတိုင်းကိုပြောပြလိုက်သည်။
“ကျွန်မတို့တွေ အမှန်တိုင်းပြောမလား၊ ပြစ်ဒဏ်ခံမလားဆိုတာကို ကစားကြမယ် အရမ်းရိုးရှင်းပါတယ်”
“ပထမဆုံးလူက ပုလင်းကိုလှည့်ပြီး ပုလင်းရပ်သွားရင် ပုလင်းအရှေ့မှာရှိတဲ့သူက လှည့်တဲ့သူရဲ့မေးခွန်းတစ်ခုကိုဖြေရမယ်၊ လိမ်လို့မရဘူး၊ မဖြေချင်ဘူးဆိုရင် လှည့်တဲ့သူက မဖြေတဲ့သူရဲ့လက်ကိုရိုက်လို့ရတယ်”
ထိုသို့ပြောပြီးနောက် သူမက သစ်သားချောင်းတစ်ချောင်းကို ထုတ်ပြလာ၏။ သစ်သားချောင်းက အလွန်မထူပေ။ သို့သော်ငြား လူတစ်ယောက်၏လက်ကိုရိုက်လိုက်ပါက စူးခနဲခံစားရစေ၏။
ဖူကျန့်ယိက ဤသို့သောကစားနည်းကို တစ်ခါမှမကစားဖူးသဖြင့် ပြုံးကာ ကလေးလိုပင်စိတ်လှုပ်ရှားတကြီးသဘောတူလာသည်။
ဝမ်ရူကွေ့နှင့် ကျန်းတန့်ဟုန်တို့ကလည်း မငြင်းကြပေ။
ဤသို့ဖြင့် စတင်ကစားကြလေသည်။
ထုံရွှယ်လူက ပထမဆုံးလှည့်ရသောသူဖြစ်သည်။ ပုလင်းကတစ်ပတ်လည်သွားပြီးနောက် ဖူကျန့်ယိရှေ့တွင်ရပ်သွားသည်။
ဖူကျန့်ယိက အနည်းငယ်လန့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သူမကိုလောဆော်လာသည်။
“မေးပါရဲဘော်ထုံ ငါအဆင်သင့်ဖြစ်ပြီ”
ထုံရွှယ်လူက ကောက်ကျစ်စွာ ပြုံးပြလိုက်သည်။
“ရဲဘော်ဖူ ရှင့်အနောက်တံခါးကို ဖျက်စီးသွားတဲ့သူကို ခွင့်လွှတ်ပေးမှာလား”
ဖူကျန့်ယိ “……”
***ဒါကဘယ်လိုမေးခွန်းကြီးလဲ။
ဝမ်ရူကွေ့နှင့် ကျန်းတန့်ဟုန်တို့ကလည်း လန့်သွားလေသည်။ သေချာတွေးကြည့်လိုက်ပြီးနောက်တွင် ထုံရွှယ်လူက ဖူကျန့်ယိကို ခုနတုန်းကအမှားကြောင့် တမင်ခက်ခဲအောင်လုပ်နေခြင်းဖြစ်သည်ကို သဘောပေါက်သွားကြသည်။
ဖူကျန့်ယိက အရူးစင်စစ်မဟုတ်သေးပေ။ သူကအံကြိတ်ကာပြောလိုက်သည်။
“လာ ငါ့ကိုရိုက်လိုက် မင်းမေးခွန်းကိုဖြေဖို့ ငြင်းတယ်”
ထုံရွှယ်လူက သစ်သားချောင်းကိုယူပြီး သူ့လက်ပေါ်သို့ ပြင်းထန်စွာရိုက်ချလိုက်သည်။
ဖူကျန့်ယိက စူးခနဲနာသွားသဖြင့် ပင့်သက်ရှိုက်လိုက်သည်။
ဒီမိန်းမက အရမ်းကြမ်းတာဘဲ။
သူကမပြောသင့်သည်ကိုပြောခဲ့မိကြောင်း သိပေသည်။ ဒါပေမယ့် ဒီလောက်ထိနာဖို့က လိုအပ်လို့လား။
ထို့နောက် ကျန်းတန့်ဟုန်ပုလင်းလှည့်ရမည့်အလှည့်ပင်။
ပုလင်းက ဖူကျန့်ယိရှေ့တွင် ထပ်ရပ်သွားပြန်သည်။
“ရဲဘော်ဖူ ရှင့်အနောက်တံခါးကို ဖျက်စီးသွားတဲ့သူကို ခွင့်လွှတ်ပေးမှာလား”
ထုံရွှယ်လူမေးခဲ့သည်နှင့် အတူတူပင်။
ဖူကျန့်ယိ “……”
သူမက တမင်ရည်ရွယ်ပြီး မေးတာလား။
ဖူကျန့်ယိကဖြေဆိုရန် ထပ်ငြင်းသဖြင့် ကျန်းတန့်ဟုန်က သစ်သားချောင်းကိုယူပြီး သူ့ကိုပြင်းထန်စွာရိုက်လိုက်သည်။
ကျန်းတန့်ဟုန်က လယ်ထဲတွင် ဆယ်နှစ်လောက်အလုပ်လုပ်ခဲ့သောကြောင့် သူမကထုံရွှယ်လူထက်ပိုသန်မာလေသည်။
ထို့ကြောင့် သူမရိုက်လိုက်သောအခါ ဖူကျန့်ယိ၏လက်က ချက်ချင်းယောင်ရမ်းလာသည်။
သူက ဤကစားနည်းတွင် ပါမိသည့်အတွက် နောင်တရနေပြီဖြစ်သည်။
ကျန်းတန့်ဟုန်ပြီးသောအခါ ဝမ်ရူကွေ့အလှည့်ဖြစ်သည်။
သူကပုလင်းကိုညင်သာစွာလှည့်လိုက်သည်။ ပုလင်းကတစ်ပတ်လည်သွားပြီးနောက် ထုံရွှယ်လူရှေ့၌ရပ်သွားသည်။
ထုံရွှယ်လူက သူ့ကိုမျက်တောင်ခတ်ပြလိုက်သည်။“ ရဲဘော်ဝမ် ရှင်ကကျွန်မကိုဘာမေးချင်တာလဲ”
ထုံရွှယ်လူ၏မျက်လုံးများကိုကြည့်လိုက်သောအခါ ဝမ်ရူကွေ့၏နှလုံးသားက ယားယံလာပြန်သည်။ သူကထိုယားယံကိုမကုတ်ခြစ်နိုင်ပေ။
“ရဲဘော်ထုံက ဘာစားရတာကြိုက်လဲ”
ထုံရွှယ်လူပြန်မဖြေရခင်မှာပင် ဖူကျန့်ယိကမေးခွန်းကိုကန့်ကွက်လာ၏။
“အဲ့မေးခွန်းက အရမ်းရိုးရှင်းတယ်၊ အခြားဟာမေးလေ”
ကန့်ကွက်မှုက အကျုံးမဝင်ပေ။
ထုံရွှယ်လူကပြန်ဖြေသည်။
“နံရိုး၊ ဘာနံရိုးမဆိုကြိုက်တယ်”
ဝမ်ရူကွေ့က အသံတိတ်ဖြင့်ပင် ထိုအဖြေကို မှတ်ဉာဏ်ထဲထည့်သွင်းထားလိုက်သည်။
မမြင်နိုင်သည့် ပန်းရောင်ပူဖောင်းလေးများက လေထဲတွင်လွင့်ပျံနေ၏။
နောက်ဆုံး၊ နောက်ဆုံးတွင် ဖူကျန့်ယိအလှည့်ရောက်လာ၏။
ဖူကျန့်ယိကနှုတ်ခမ်းသပ်ကာ ထုံရွှယ်လူနှင့်ကျန်းတန့်ဟုန်တို့ကိုကြည့်လိုက်သည်။သူ့ဆီတွင် အကြံရှိ၏။
သူကပုလင်းကိုပြင်းထန်စွာလှည့်လိုက်သည်။ ပုလင်းကရူးသွပ်စွာလည်သွားပြီးနောက် ထုံရွှယ်လူရှေ့၌ရပ်သွားလေသည်။
ဖူကျန့်ယိက စဉ်းလဲစွာရယ်လိုက်သည်။
“ငါကြိုက်တဲ့မေးခွန်းကို မေးလို့ရတယ်မလား ရဲဘော်ထုံ”
ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။
“အင်းကြိုက်တာမေး”
“ရဲဘော်ထုံ မင်းရူကွေ့လိုပုံစံမျိုးကို သဘောကျလား”
သူမေးပြီးသောအခါ ဧည့်ခန်းက ခနတာအသံတိတ်သွားသည်။
ဖူကျန့်ယိသည် ထုံရွှယ်လူက သူ့မေးခွန်းကိုပြန်ဖြေရန် ရှက်နေမည်ဟု သေချာပေါက်ခံစားမိ၏။ ထို့ကြောင့် သူကခုနတုန်းက ခံစားခဲ့ရသည်များအတွက် လက်တုံ့ပြန်နိုင်တော့မည်ဖြစ်သည်။
သို့သော် ထုံရွှယ်လူက လုံးလုံးမရှက်ပေ။
သူမကခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“သေချာတာပေါ့၊ ရဲဘော်ဝမ်က ကြည့်ကောင်းတယ်၊ကြင်နာတယ်၊ ဗဟုသုတရှိတယ်။ သူကရှင့်လိုပေါက်ကရတွေပြောရတာကိုကြိုက်ပြီး ရှိရင်းစွဲအသက်ထက် ပိုကြီးနေတဲ့သူမျိုးမဟုတ်ဘူး၊ မျက်လုံးပါတဲ့ဘယ်သူမဆို သူ့ကိုကြိုက်ကြမယ်ဆိုတာ ကျွန်မယုံတယ်”
ဖူကျန့်ယိ“………..”
သူက ဒီနေ့ အနိုင်ကျင့်ခံရဖို့ ဒီကိုလာခဲ့တာလား။
သူမက သူမဘာသာဖြေတာကို ဘာလို့သူ့ကိုပါဆွဲထည့်နေရတာလဲ။
အရေးကြီးဆုံးတစ်ခုက သူကလုံးဝကို အသက်ကြီးတဲ့ပုံမပေါ်ပါဘူးနော်။
မျက်လုံးပါတဲ့ဘယ်သူမဆို ဝမ်ရူကွေ့ကိုသဘောကျလိမ့်မယ်တဲ့၊ ဒါဆိုသူ့ကိုကျ မျက်စိမမြင်တဲ့သူတွေဘဲ သဘောကျလိမ့်မယ်လို့ ပြောချင်တာလား။
ဒုန်းးးးးးးဝမ်ရူကွေ့က နောက်တစ်ကြိမ်ရှက်သွားပြန်သည်။ သူ့နှုတ်ခမ်းထောင့်များက မသိမသာကွေးတက်သွားသည်။
ကျန်းတန့်ဟုန်က ထုံရွှယ်လူနှင့်ဝမ်ရူကွေ့တို့ကြားမှ ပန်းရောင်လေထုကို သတိမပြုမိပေ။ သူမက ထုံရွှယ်လူပြောသည်များကို တွေးကြည့်လိုက်သောအခါ သူမနှလုံးသားတစ်ခုလုံးဖြင့် သဘောတူလိုက်သည်။
သူမက ဝမ်ရူကွေ့သည် ဖူကျန့်ယိထက် အဆတစ်ရာ....မဟုတ်ဘူး၊ အဆတစ်ထောင်လောက်ချောသည်ဟု ခံစားမိပေသည်။
ဆက်ကစားကြသောအခါ တိုက်ဆိုင်မှုလား ဖူကျန့်ယိ၏ကြောက်မက်ဖွယ် ကံဆိုးမှုကြောင့်လားမသိ ပုလင်းကသူ့ရှေ့တွင် ဆယ်ကြိမ်လှည့်ပါက ခြောက်ကြိမ်ကျခဲ့ပေသည်။
ကစားပွဲပြီးသောအခါ သူ့လက်နှစ်ဖက်လုံးက ယောင်ကိုင်းနေပြီဖြစ်သည်။
ရဲဘော်ဖူအတွက် ကံမကောင်းသောညခင်းလေးပင်။
နောက်ကျနေပြီဖြစ်သောကြောင့် ဧည့်သည်များက အကြိမ်အနည်းငယ်ကစားပြီးသည့်နောက်တွင် အိမ်ပြန်ရန်လုပ်လိုက်ကြသည်။
သူတို့မပြန်ခင်တွင် ထုံရွှယ်လူက အိမ်လုပ်လမုန့်များကို လက်ဆောင်ထည့်ပေးလိုက်၏။
ဖူကျန့်ယိက တစ်ခုခုမှားနေသည်ကို ခံစားမိသွားသည်။ကျန်းတန့်ဟုန်နှင့်ဝမ်ရူကွေ့တို့က တစ်ယောက်လျှင်လမုန့်လေးခုစီရပြီး သူကျတော့နှစ်ခုသာရ၏။
သူကနာကျင်နေသောပုံစံဖြင့် ပါးစောင်ကိုလျှာဖြင့်ထိုးကာမေးလိုက်သည်။
“ရဲဘော်ထုံ ကျွန်တော်ကျဘာလို့နှစ်ခုဘဲရတာလဲ၊ မင်းခွဲခြားဆက်ဆံတာဘဲ”
ထုံရွှယ်လူက သူမဘက်လိုက်သည်ကိုဝန်ခံရန် မရှက်ပေ။
“အမှန်ဘဲ၊ ရှင်က ခုနတုန်းက မှားယွင်းတာကိုပြောခဲ့တယ်လေ၊ အမျိုးသမီးရဲဘော်တွေအပေါ် မလေးစားတဲ့သူက လမုန့်အများကြီးနဲ့မထိုက်တန်ဘူး၊ ရှင်ကကျွန်မကိုဓာတ်ဘူးပေးထားတဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ကျွန်မကနှစ်ခုတောင်ပေးမှာမဟုတ်ဘူး”
ဖူကျန့်ယိ“………….”
ကောင်းပါပြီ၊ သူလုပ်လို့သူခံရတာ။ နောက်တစ်ခါကျရင် ဒီလိုဟာမျိုးကို ဘယ်တော့မှမပြောတော့ဘူး။
ကျန်းတန့်ဟုန်က ထုံရွှယ်လူကိုကျေးဇူးတင်သလိုကြည့်လိုက်သည်။ သူမရင်ထဲတွင်နွေးထွေးသွား၏။
၎င်းက အေးစက်သည့် ဆောင်းညတွင် တစ်ယောက်တည်းလမ်းလျှောက်လာသည့် သူမအား ရေနွေးနွေးထည့်ထားသည့် ရေပုလင်းတစ်ခုပေးလိုက်သကဲ့သို့ပင် နွေးထွေးသွား၏။
ဝမ်ရူကွေ့က ဘေးတွင်ရပ်ကာ ထုံရွှယ်လူအားကြည့်နေ၏။ သူကဘာမှမပြောသော်လည်း သူ့မျက်လုံးထဲတွင် သိသာထင်ရှားသည့် ဂုဏ်ယူမှုများရှိနေပေသည်။
သူမကဲ့သို့ ကြင်နာသောသူက နေရောင်အောက်ရှိအကောင်းဆုံးသောအရာများနှင့် ထိုက်တန်ပေသည်။
ထွက်သွားခါနီးတွင် ဝမ်ရူကွေ့၏ခြေလှမ်းများက ပိုပိုပြီးနှေးကွေးလာ၏။
ထုံရွှယ်လူက နောက်ဆုံးတွင်ပြောလာ၏။
“ခနနေပါဦး ရဲဘော်ဝမ် ကျွန်မရှင့်ကိုပေးစရာလေးရှိလို့”
အစပိုင်းတွင် အနည်းငယ်အံ့ဩသွားသော်လည်း ဝမ်ရူကွေ့က သူမဆိုလိုချင်သည်ကိုသဘောပေါက်သွား၏။
“ကျန့်ယိ မင်းရဲဘော်ကျန်းကိုလိုက်ပို့ပေးလိုက်ပါလား၊ နောက်ကျနေပြီဆိုတော့ ငါ့ကိုစောင့်မနေနဲ့တော့”
ကျန်းတန့်ဟုန်က ဝမ်ရူကွေ့နှင့်ဆန့်ကျင်ဘက်နေရာတွင်နေသောကြောင့် ဘာမှမပြောလာပေ။
“အင်းပါ”
ဖူကျန့်ယိက ဝမ်ရူကွေ့ကိုတစ်ချက်ကြည့်လိုက်ကာ သူတို့နှစ်ယောက်ကြားတွင် တခုခုရှိနေသည်ကို အနံ့ရနေ၏။
သို့သော်ငြား အစောပိုင်းတွင် သူကစကားမှားထားသောကြောင့် ဘာမှမပြောလိုက်ပေ။