အပိုင်း ၁၁၇
Viewers 30k

🍵Chapter 117

(သူကနောက်တစ်ပတ်တွင် သွားချိန်းတွေ့မှာဖြစ်သည်)


ကျန်းတန့်ဟုန်နှင့် ဖူကျန့်ယိတို့ပြန်သွားသောအခါ ဝမ်ရူကွေ့က ထုံရွှယ်လူကိုလှည့်ကြည့်လာ၏။


“ပျော်ရွှင်ဖွယ်မွေးနေ့ပါ ရဲဘော်ထုံ”


ထုံရွှယ်လူက ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။


“ရှင်ခုနတုန်းက ပြောပြီးပြီလေ”


ဝမ်ရူကွေ့က အနည်းငယ်ရှက်သွားသည်။


“ကိုယ်ထပ်ပြောချင်လို့ပါ...ကိုယ်မပြောခဲ့ရတဲ့ နှစ်တွေအတွက်ကိုရောပေါ့..."


“ရှင်ဘယ်တော့လောက် ခွင့်ထပ်ရမှာလဲ ရဲဘော်ဝမ်”


“ကိုယ့်ဆီမှာ ခွင့်ရက်မရှိတော့ဘူး”


“ကျွန်မက ရဲဘော်ဝမ်မှာ ကျွန်မနဲ့တွေ့ဖို့ အချိန်မရှိလောက်ဘူးလို့ ထင်ပြီးသားပါ၊ ဘယ်လိုတောင် ကသိကအောက်ဖြစ်စရာလဲနော်၊ ကျွန်မက Dacronပိတ်စဝတ်ထားတာကို ရှင့်ကိုပြချင်လို့လေ အခုတော့မဖြစ်နိုင်တော့ဘူးထင်ပါတယ်”


ဝမ်ရူကွေ့၏နှလုံးသားက တုန်လှုပ်သွားကာ မျက်တောင်များကလည်း လှုပ်ခတ်သွားလေသည်။


“ကိုယ်ခွင့်တောင်းလိုက်လို့ရပါတယ်”


ထုံရွှယ်လူက ခေါင်းမော့ပြီး အပြစ်ကင်းစွာကြည့်လာ၏။


“အဲ့ဒီလိုဆို သိပ်မကောင်းဘူးလားလို့”


ဝမ်ရူကွေ့က လျင်မြန်စွာခေါင်းခါပြလိုက်သည်။


“မဟုတ်တာ...အဆင်ပြေပါတယ် အရင်ဆုံးအလုပ်ပြီးအောင်လုပ်ပြီးမှ ခွင့်ယူလိုက်ပါ့မယ်”


အကယ်၍သူသာ ခေါင်းဆောင်အား ကောင်မလေးရသွားပြီဟုပြောပြလိုက်ပါက ခွင့်နှစ်ပတ်လောက်ထိရနိုင်ပေသည်။


“အဲ့ဒါဆိုကောင်းတာပေါ့ နောက်အပတ်တနင်္ဂနွေလောက် တွေ့ရအောင်လေ”


ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်ဒုတ်....


ဝမ်ရူကွေ့က သူ့ရင်ခုန်သံများ‌ဗြောင်းဆန်လာကာ ပါးများကလည်းလောင်ကျွမ်းမတတ်ဖြစ်နေသည်ဟု ခံစားမိသွားသည်။


“ကောင်းပါပြီ... နောက်အပတ်တနင်္ဂနွေနေ့ကျတွေ့ကြတာပေါ့”


ထုံရွှယ်လူက သူ၏လေးနက်နေသောပုံစံကို ရယ်ချင်မိသွားသည်။


“ကျွန်မကို ခနလောက်စောင့်ပေးပါဦး ရဲဘော်ဝမ်”


ထို့နောက် သူမကအိမ်ထဲဝင်သွားပြီး လမုန့်လေးခုထပ်ယူလာ၏။


“ဒါတွေကိုယူသွားလိုက် အဲ့ဒါတွေက အဖိုးနဲ့ဦးလေးဇုန်းတို့အတွက်ပါ”


ဝမ်ရူကွေ့၏မျက်လုံးများက အရောင်တောက်သွားသည်။ သူကအိမ်ပြန်ရောက်သောအခါ လမုန့်တစ်ခုဘဲစားရမည်ကို စိတ်ပူနေခဲ့၏။


အခုတွင် သူကဖွက်ထားပြီး အေးအေးဆေးဆေးအရသာခံနိုင်ပြီဖြစ်သည်။


ဝမ်ရူကွေ့ပြန်သွားသောအခါ ထုံရွှယ်လူကတံခါးပိတ်လိုက်သည်။


သူမအိမ်ထဲသို့ပြန်ရောက်လာသောအခါ သူမ၏မောင်နှမများက အစဉ်တိုင်းရပ်နေပြီး သူမကိုမြင်သောအခါ သံပြိုင်ပြောလာ၏။


“ပျော်ရွှင်စရာမွေးနေ့ပါ မမကြီး”


ထို့နောက် သူမအတွက်လက်ဆောင်များထုတ်ပြလာ၏။


ထုံကျားမင်နှင့်ထုံကျားရှင်းတို့က နှစ်ယောက်ပေါင်းကာ သူမအတွက် မှန်တစ်ချပ်ဝယ်ပေးလာ၏။


ထုံမျန်မျန်က သကြားလုံး၁၉ခုပေးလာသည်။ သူမက ဤသကြားလုံးများကို အချိန်အတော်ကြာစုခဲ့ရပေသည်။


ထုံရွှယ်လူက သူတို့ကိုကြည့်ကာ သူမရင်ထဲနွေးထွေးသွားသည်။


“အားလုံးကို ကျေးဇူးတင်ပါတယ် နင်တို့ပေးတာကို အများကြီးသဘောကျတယ်”


ထိုအဖြေက လူတိုင်းကိုပြုံးပျော်သွားစေ၏။


ထုံမျန်မျန်ကရှေ့တက်လာပြီး ထုံရွှယ်လူပါးကိုကိုင်ကာ အာဘွားပေးလာ၏။


“မျန်မျန်က မမကြီးကိုအချစ်ဆုံး”

 

ပေါက်စီလုံးလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး တစ်ရေးအိပ်ထားသောကြောင့် သူမ၏ပါးပေါ်တွင် အိပ်ထားသည့်အရာလေးများပေါ်နေ၏။


“မမကြီးကလည်း မျန်မျန်ကိုအချစ်ဆုံး”


သူတို့ဘေးတွင်ရပ်နေသော ထုံကျားမင်သည် သူမကိုအမကြီးလို့ခေါ်ရန်မှာ အရမ်းမခက်ဟု တွေးလိုက်သည်။


နောက်တစ်နေ့က ဆောင်းလယ်ပွဲတော်နေ့ဖြစ်သည်။ ထုံရွှယ်လူက မွေးစားထုံမိသားစုအတွက် လက်ဆောင်သွားပို့ရန် စဉ်းစားထားသော်လည်း မိုးရွာလာလေသည်။


မိုးက သည်းသထက်သည်းလာသောကြောင့် အိမ်ထဲမှထွက်ရန်မဖြစ်နိုင်ပေ။


သူမလည်း မတတ်နိုင်သဖြင့် လက်ဆောင်သွားပေးမည်ကို လက်လျှော့လိုက်ရသည်။


သူမကထီးဆောင်းကာ ဝေ့မိသားစုအိမ်သို့ လမုန့်အနည်းငယ်သွားပို့လိုက်သောအခါ ဝေ့မိသားစုက အပြန်အလှန်အားဖြင့် သူမကိုငါးတစ်ကောင်ပေးလိုက်လေသည်။


မိုးရွာနေသဖြင့် ဆောင်းလယ်ပွဲတော်က ပွဲတော်အရသာမခံစားရတော့ပေ။ လူအများစုက မိုးရွာသောကြောင့် လကြည့်ရန်မလုပ်နိုင်ကြပေ။


အဖိုးဝမ်က ဆိုဖာပေါ်တွင်ထိုင်ကာ လမုန့်တစ်ခုကိုတစိမ့်စိမ့်ကိုက်နေပြီး ငြီးငြူလာသည်။


“မိုးက ဘာလို့ရုတ်တရက်ကြီးရွာချလာရတာလဲ”


မြက်နုလေးဆီမှ လမုန့်ရလာသဖြင့် သူကဝမ်ရူကွေ့ကိုသူမဆီသို့ ‌တစ်ခုခုကောင်းတာလေးပြန်ပို့စေချင်နေတာဖြစ်သည်။


သို့သော်မိုးကြောင့် သူ့အကြံကိုလက်လျှော့လိုက်ရသည်။


ဦးလေးဇုန်းက ပဲနီလေးအဆာသွပ်ထားသည့် လမုန့်ကိုအကြိုက်ဆုံးဖြစ်သည်။


“မိုးရွာတာကိုမှ မထိန်းချုပ်နိုင်တာ၊ ဒါနဲ့ မြက်နုလေးရဲ့လက်ရာက အံ့ဩဖို့ကောင်းလိုက်တာ၊ သူမကိုမြေးမလေးအဖြစ်မွေးစားမယ့် ‌ဗိုလ်မှူးရဲ့အကြံကို ကျွန်တော်သဘောတူတယ်”


ဗိုလ်မှူးသာ မြက်နုလေးကိုမြေးတော်လိုက်ပါက သူက အရသာရှိသည့်စားရာများကို တစ်ချိန်လုံးစားနိုင်တော့မှာဖြစ်သည်။


အဖိုးဝမ်က ဝမ်ရူကွေ့ကိုတစ်ချက်ကြည့်လိုက်သည်။


“တစ်ယောက်ယောက်က ရှေ့ဆက်မတိုးဘူးဆိုရင်တော့ ငါလည်းမတတ်နိုင်ဘဲ သူမကိုမွေးစားရမှာဘဲ”


ဝမ်ရူကွေ့က လမုန့်ကိုတစ်ကိုက်ကိုက်ကာ နှုတ်ခမ်းများကအနည်းငယ်ကွေးညွတ်သွားသည်။


သူကသူမနှင့် နောက်တစ်ပတ်တွင် ချိန်းထားပေသည်။

ဘယ်သူက ရှေ့ဆက်မတိုးတာလဲ။


(ဘာလို့သူမအကိုကြီးက ရှေ့ဆက်မတိုးလိုက်တာလဲနော်...)


ဆောင်းလယ်ပွဲတော်က မျက်စိတမှိတ်အတွင်း ပြီး‌ဆုံးသွားသည်။


အမေထုံက ထုံကျန်းကျန်းတစ်ယောက် လယ်ထဲတွင် ဒုက္ခခံနေရသည်ကို အိပ်မက်မက်သဖြင့် စိတ်မသက်မသာဖြစ်စွာ အိပ်ရာနိုးလာ၏။


သူမက အလုပ်တွင် ထိုအိပ်မက်အကြောင်းကို ဆက်စဉ်းစား‌နေမိသဖြင့် နားချိန်ရောက်သောအခါ လယ်‌တောသို့ဖုန်းဆက်လိုက်သည်။


ထုံကျန်းကျန်းက သူမသည် လယ်တောတွင်နေရန်မှာ သူမကိုယ်တိုင်လုပ်လိုခြင်းဖြစ်သည်ဟု ပြောပြခဲ့သော်လည်း တကယ်ကြီးမဆိုလိုပေ။


ဘယ်သူကများ စိတ်ပျက်စရာကောင်းတဲ့ လယ်လိုနေရာမျိုးမှာ နေချင်မှာလဲ။


သူမက နေ့တိုင်းလိုလိုအလုပ်ကြောင့် ပင်ပန်းရ၏။  ကောင်းကောင်းမစားရသလို အိပ်ရေးဝဝလည်းမအိပ်ရပေ။ ပိုဆိုးသောအရာမှာ သူမကအချိန်ပြည့် သင်ခန်းစာပို့ချခံနေရခြင်းဖြစ်သည်။


သူမက သူမမိဘများသည် ဤနေရာကမထုတ်ပေးနိုင်လျှင်တောင်မှ အနည်းဆုံး သူမ၏‌အခြေအနေကိုချောင်လည်စေရရန်အတွက် တစ်ခုခုလုပ်ပေးမည်ဟု ထင်ထားခဲ့သည်။


သို့သော်ငြား သူတို့က ဘာမှမလုပ်ပေးလာပေ။


သူမက ယုံတောင်မယုံနိုင်ပေ။ထို့ကြောင့် ဖုန်းဖြေလာသောအခါ သူမအသံကမကြည်မလင်ဖြစ်နေ၏။


“ဒီအချိန်ကြီးကျမှ ဘာလို့‌ဖုန်းခေါ်တာလဲ လယ်ထဲမှာလုပ်စရာတွေရှိသေးတယ်”


အမေထုံက လယ်အလုပ်‌အကြောင်းကြားသောအခါ ပို၍တောင်ခံစားချက်ဆိုးသွားသည်။


“ဘယ်လိုနေလဲ ကျန်းကျန်း၊ နေကောင်းရဲ့လား ကောင်းကောင်းရောစားရလား”


အမေထုံကဆောင်းလယ်ပွဲတော်မတိုင်မှီတွင် လယ်တောဆီသို့ အထောက်အပံ့များပို့ပေးရန် စီစဉ်ထားသော်လည်း ထိုအချိန်တွင်အမျိုးသမီးအစည်းအရုံးက ပွဲတစ်ခုရှိနေသောကြောင့် သူမမှာ ခေါင်းပြတ်နေသောကြက်လို လျှောက်ပြေးနေခဲ့ရ၏။ နောက်တစ်နေ့တွင် သူမကပြန်ခေါ်ဆိုကြည့်သောအခါ နောက်ကျသွားပြီဖြစ်သည်။ထုံကျန်းကျန်းက မျက်ဖြူလှန်လိုက်သည်။


“ဒီစုတ်ပြတ်နေတဲ့နေရာမှာ ဘာကအဆင်ပြေမှာလဲ၊ စားစရာမရှိတော့တာကြာပြီ”


“အမေသမီးအတွက် တစ်ခုခုပို့ပေးမယ်လေ ဘာလိုချင်လဲ”


ထိုစကားကိုကြားသောအခါမှ ထုံကျန်းကျန်းကအနည်းငယ်ခံစားရသက်သာသွားသည်။


“အမေ သမီးဆီမှာ ပိုက်ဆံမရှိတော့ဘူး သမီးအတွက် ပိုက်ဆံနည်းနည်းလောက် ပို့ပေးပါလား”


အမေထုံက လျင်မြန်စွာသဘောတူလိုက်သည်။ ထို့နောက် သူမကအသံနှိမ့်ကာ ထုံကျန်းကျန်းအား သတင်းကောင်းပြောပြလိုက်သည်။ သူမက နိုင်ငံရေးအခြေအနေကောင်းလာသဖြင့် သူမကိုမကြာခင်လွှတ်အောင်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။


ထုံကျန်းကျန်းက ထိုကိစ္စကိုသိရသည့်အပေါ် မအံ့ဩသွားပေ။ အခုမှစပြီးနိုင်ငံရေးအခြေအနေကပိုကောင်းလာမည်ကို သူမထက်ပိုပြီး ဘယ်သူမှကောင်းကောင်းမသိနိုင်ပေ။


သို့သော် သူမ၏အချုပ်ကာလသည် ကိုးလကျန်သေး၏။ သူလုပ်နိုင်၊မလုပ်နိုင်ကို မသေချာပေ။


အမေထုံက ထုံကျန်းကျန်းလက်ထဲတွင် ဘာဖြစ်နေသည်ကို မသိဘဲ စကားဆက်ပြောနေ၏။


ထုံကျန်းကျန်းက သူမပြောသည်များကို နားထောင်လိုစိတ်မရှိပေ။ သူမက ကြားဖြတ်ပြောလိုက်သည်။


“အမေ ဟိုဘက်က သမီးမောင်နှမတွေဆီ သွားလည်ပြီးပြီလား”


အမေထုံက လက်များကတင်းကြပ်သွားကာ ခနရပ်ပြီးမှပြန်ပြောလိုက်သည်။


“အင်းအမေသွားလည်ပြီးပါပြီ သူတို့ကသမီးကိုခွင့်လွှတ်ကြတယ်”

 

ထိုစကားကိုကြားသောအခါမှ ထုံကျန်းကျန်း၏မျက်နှာပေါ်၌ အပြုံးပေါ်လာသည်။


“အမေ သမီးအတွက် သူတို့ဆီကိုခနခနသွားလည်ပေးနော် မွေးစားမိဘတွေဆုံးသွားတော့သူတို့တွေ မိဘမဲ့ဖြစ်သွားတာ ဝမ်းနည်းဖို့ကောင်းတယ်”


အမေထုံက လုပ်ပါမည်ဟုကတိပေးကာ ဖုန်းချလိုက်ပြီးနောက် နှုတ်ခမ်းစေ့လိုက်သည်။


သူမက ထိုကလေးများဆီလုံးဝသွားမလည်နိုင်ပေ။


အထူးသဖြင့် သူမက ထုံရွှယ်လူကိုမတွေ့ချင်ပေ။ ဤနှစ်များတွင် သူမက မျက်ဆံဖြူဝံပုလွေကို ပြုစုပျိုးထောင်ခဲ့မိပေသည်။


သူမက ပုံမှန်အလည်မလာသည်ကို မပြောသေးပေ။ သူမက ဆောင်းလယ်ပွဲတော်တွင်တောင်မှ အလည်မလာခဲ့ပေ။ ဘယ်လိုတောင်ကျေးဇူးမသိတတ်တာလဲ။


***

ထုံရွှယ်လူက မီးဖိုချောင်ထဲတွင်နှာချေလိုက်သည်။ သူမက ဝမ်ရူကွေ့များသူမအကြောင်းတွေးနေလို့လားဟု သိချင်မိသွားသည်။


ဤခေတ်ကာလသည် အလွန်အဆင်မပြေပေ။

ဖုန်းများလည်းမရှိသလို သူတို့အချင်းချင်းစာရေးပို့အတွက်လည်း အကွာအဝေးကအဆင်မပြေပေ။


ထို့ကြောင့် သူတို့က အချင်းချင်းစိတ်ထဲမှသာ တွေးနိုင်ကြ၏။


ကောင်းဝေ့ဖျင်က သူမနားမှဖြတ်သွားသောအခါ ထုံရွှယ်လူက သူ့ကိုလှမ်းပြောလိုက်သည်။


“ရှောင်ကောင်း ဒီနေ့ကစပြီး ဟင်းဘယ်လိုချက်ရမလဲဆိုတာကို ငါ့ဆီကသင်ပါ”


ကောင်းဝေ့ဖျင်က အံ့ဩမှုကြောင့် မျက်လုံးပြူးသွားသည်။သူက သတိပြန်ဝင်လာသောအခါ တရဆတ်လက်ခါပြလိုက်၏။


“မဟုတ်တာ ကျွန်တော်မသင်နိုင်ဘူး ကျွန်တော်က အသီးအရွက်လှီးတာကိုတောင် မကျွမ်းကျင်သေးဘူးလေ”


“အဲ့ဒါကို ကျွမ်းကျင်အောင်လေ့ကျင့်ဖို့ အချိန်အများကြီးရှိတယ်၊ ရိုးရှင်းတာလေးကိုဘဲ ငါသင်ပေးမှာ အဲ့ဒါတွေက လွယ်ပါတယ်”


စားဖိုမှူးမုန့်သည် သတ္တုတစ်ခုကို အပ်တစ်ချောင်းဖြစ်စေရန်အတွက် သွေးရာတွင် အချိန်ဆယ်နှစ်ဖြုန်းမည့်သူမျိုးဖြစ်သည်။ ၎င်းကအလွန်ကြာပေသည်။


အခုချိန်တွင် သူမက စားသောက်ဆိုင်၌ တစ်ဦးတည်းသောစားဖိုမှူးဖြစ်နေသဖြင့် ခွင့်တောင်မယူနိုင်သည်မှာ အတော်လေးအဆင်မပြေဖြစ်သည်။


အကယ်၍သူမသာ ကောင်းဝေ့ဖျင်ကို မလေ့ကျင့်ပေးပါက ချိန်းတွေ့ရန် ခွင့်ယူလို့ရမည်မဟုတ်ပေ။


အခြားသူများသည် တိတ်တဆိတ်သင်ကြားနိုင်သည့် အခွင့်အရေးများကိုအရယူတတ်ကြ၏။ကောင်းဝေ့ဖျင်ကမူ ပေါ်တင်သင်ပေးနေတာတောင်မှ မသင်နိုင်ပေ။


ထုံရွှယ်လူက သူလက်ခံလာစေရန် အချိန်အတော်ကြာစည်းရုံးလိုက်ရ၏။၎င်းကအတော်လေးထူးဆန်းပေသည်။


(ဘာလို့သူမအကိုကြီးက ရှေ့ဆက်မတိုးလိုက်တာလဲနော်..(2) )


ကောင်းဝေ့ဖျင်က အရည်အချင်းအရှိဆုံးမဟုတ်သော်လည်း သူကအင်အားရှိသလောက် အာရုံစိုက်ကာ သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်၏။


ထုံရွှယ်လူက သူနှင့်ပတ်သက်၍ခံစားချက်ကောင်းပေသည်။


အရေးကြီးဆုံးမှာ သူကရိုးသားသောသူဖြစ်၏။


ထိုနေ့နေ့လယ်တွင် မမျှော်လင့်ထားသည့် ဧည့်သည်များရောက်လာ၏။


သူတို့က ထုံရွှယ်လူသိသောသူများဖြစ်သည်။


သူတို့အုပ်စုအထဲဝင်လာသောအခါ ချက်ချင်းဆိုသလိုပင် လူတိုင်း၏အာရုံစိုက်မှုကို ရရှိသွား၏။


သူတို့အားလုံးငယ်ရွယ်ကာ ဆွဲဆောင်မှုရှိပြီး အရပ်ရှည်ကြကာ စစ်တပ်ယူနီဖောင်းများဖြင့်ဖြစ်သည်။ သူတို့က စက်ဘီးငါးစီးခြောက်စီးဖြင့် ရောက်လာကြ၏။


၎င်းက ခေတ်သစ်တွင် ‌လူချမ်းသာ‌ကလေးများက မာစီးတီးကားများကိုစီးလာသည်နှင့် တူညီပေသည်။


ဖန်ကျင်းယွမ်က ဦးဆောင်လာသူဖြစ်သည်။ သူမကထန်ရှောင်ယန်ကိုမြင်သောအခါ လှမ်းမေးလိုက်သည်။


“ဟေ့ စားပွဲထိုး ဒီမှာထုံရွှယ်လူဆိုတဲ့နာမည်နဲ့ အလုပ်လုပ်နေတဲ့သူရှိလား”


ထန်ရှောင်ယန်က ဖန်ကျင်းယွမ်ကိုအပေါ်အောက်သေချာကြည့်လိုက်သည်။ သူမ၏အကြည့်က မနာလိုမှုများပြည့်နေ၏။


“ဘာဖြစ်လို့မေးတာလဲ၊ နင်တို့ဘယ်လိုပတ်သက်လဲ”


ဖန်ကျင်းယွမ်က သူမကိုတစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။


“ငါက သူမသူငယ်ချင်းလေ သူမကအခုဘယ်မှာဘဲ နေ့လယ်စာစားချိန်ရောက်နေပြီလေ ဘာလို့ဒီမှာမရှိတာလဲ”


ထန်ရှောင်ယန်က ဘယ်သူ့အရှေ့တွင်မဆို မာန်ထောင်ပြနေကြဖြစ်သည်။သို့သော်ငြား လှပချမ်းသာသည့်သူများရှေ့တွင်မူ သူမကသူတို့ကိုလိုက်မမှီဟုခံစားမိသွားသည်။


သူမက မီးဖိုချောင်ဘက်ကို ညွှန်ပြလိုက်သည်။


“သူမက စားပွဲထိုးမဟုတ်တော့ဘူး အခုဆိုသူမကစားဖိုမှူးနေရာယူထားတော့ အထဲမှာချက်ပြုတ်နေတယ်”


စားဖိုမှူးလားး...


ထိုစကားကိုကြားသောအခါ ဖန်ကျင်းယွမ်က ကြောင်အသွားလေသည်။


“ကျွန်မတို့တွေ တူညီတဲ့ထုံရွှယ်လူအကြောင်းပြောနေတာတော့ ဟုတ်ပါတယ်နော်”


ထုံရွှယ်လူက ချက်ပြုတ်တတ်တာလား...မဖြစ်နိုင်တာ...


အရွယ်ရောက်လာသည်အထိ ထုံရွှယ်လူက ပဲငံပြာရည်ဘူးပြုတ်ကျသွားလျှင်တောင်မှ ပြန်မကောင်းသည့် လူစားမျိုးဖြစ်သည်။ ချက်ပြုတ်ဖို့ကိုမူ ပြောနေစရာတောင် မလိုတော့ပေ။


ထန်ရှောင်ယန်က စိတ်မရှည်တော့ပေ။


“မယုံရင်လည်း ကိုယ့်ဘာသာသွားကြည့်လိုက် ပြီးတော့ နေ့လယ်စာလာစားတာဆိုရင် နေရာသွားယူထား၊ ဒီမှာရပ်ပြီး လူသွားနေတာကို ပိတ်မရပ်စမ်းနဲ့”


မီးဖိုချောင်ထဲမှထွက်လာသော ထုံရွှယ်လူက အထင်ကြီးသွားသည်။


သူမက အခြားသူများကို ဘောက်ဆတ်ဆတ်ပြောရာ၌ ပြသနာမရှိပေ။


ဖန်ကျင်းယွမ်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူမကပြန်ပြောလိုက်မည့်အချိန်တွင် ထုံရွှယ်လူကိုမြင်သွား၏။


သူမကမျက်လုံးပြူးသွားကာ ထုံရွှယ်လူကိုလက်ညှိုးထိုးပြီး အံ့ဩတကြီးပြောလာ၏။


“နင်ကတကယ်ဘဲ ဒီမှာစားဖိုမှူးလား”


ထုံရွှယ်လူကခေါင်းညိတ်ပြလိုက်သည်။


“အင်းဟုတ်တယ် ဒါပေမယ့် ယာယီစားဖိုမှူးပါ”


ဖန်ကျင်းယွမ်က ယာယီဟုတ်မဟုတ်ကို ဂရုမစိုက်နိုင်ပေ။ သူမဂရုစိုက်သည်က ချက်ပြုတ်သောအပိုင်းသာဖြစ်သည်။


“နင်ကတကယ်ဘဲ ချက်တတ်တာလား၊ ငါပြောချင်တာကဟာ နင်ချက်တာတွေကိုစားလို့ရတာလား”


“သူမချက်တာက စားလို့မရရင် နင်ချက်တာက စားလို့ရတာလား”


ထန်ရှောင်ယန်က ထုံရွှယ်လူဘက်မှဝင်ပြောလာ၏။


ထုံရွှယ်လူက အော်ရယ်ချင်မိသွားသည်။

ထန်ရှောင်ယန်က သူမမကူးပြောင်းခင်တွင် တွေးခဲ့သည် အင်တာနက်ဗန်းစကားကိုသတိရသွားစေ၏။  ၎င်းကပြောထားသည်မှာ  ထန်ရှောင်ယန်ကဲ့သို့သူမျိုးကို အိမ်မှာထားပြီး စိတ်အနှောင့်အယှက်ဖြစ်ခံမည့်အစား အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခိုင်းလိုက်ဟုဆိုလို၏။


ပုံမှန်အားဖြင့် ထန်ရှောင်ယန်က သူမကိုရန်စသောအခါ  စိတ်အနှောင့်အယှက်ဖြစ်သော်လည်း အခြားသူကိုပြောနေသည်ကိုတွေ့သောအခါ အလွန်စိတ်ကျေနပ်စရာကောင်း၏။


ဖန်ကျင်းယွမ်က စက္ကန့်အနည်းငယ်လောက်ဆွံ့အသွားသည်။ သူမ၏ပုံရိပ်ကိုထိန်းနေ၍သာ၊ မဟုတ်ပါက ထိုစားပွဲထိုးကို သင်ခန်းစားပေးပစ်လိုက်ပြီဖြစ်သည်။


ယဉ်ကျေးမှုဌာနမှ အခြားသူများလည်းရောက်လာကာ ထိုင်ခုံ၌ဝင်ထိုင်လိုက်ကြသည်။ဖန်ကျင်းယွမ်က ထုံရွှယ်လူနားသို့လျှောက်လာ၏။


“သူတို့က အရင်တစ်ခေါက် နင့်ကိုကူညီပေးခဲ့တဲ့သူ‌တွေ၊ သူတို့က သူတို့ဆံပင်ပုံစံနဲ့ပတ်သက်ပြီး နင့်ကိုအကူအညီတောင်းချင်လို့တဲ့၊ နင်ကတိတည်ရင်ကောင်းမယ်”


“သေချာတာပေါ့၊ ငါကတိတည်ပါတယ်ဟ ဒါနဲ့အခုကနေ့လယ်စာစားချိန်လေ နေ့ခင်းနားချိန်ရောက်တဲ့အထိ ငါအားမှာမဟုတ်ဘူး”


ဖန်ကျင်းယွမ်က နားလည်ကြောင်းပြပြီးနောက် သူတို့ထိုင်နေသောနေရာသို့ပြန်သွားရန်လုပ်လိုက်သည်။


“နင်တကယ်ဘဲ ချက်တတ်တာလား၊ ဘယ်တုန်းကသင်လိုက်တာလဲ”


ထုံရွှယ်လူက သက်ပြင်းချပြီး ဝမ်းနည်းစွာကြည့်လာ၏။


“ဆင်းရဲတဲ့အိမ်ကလူတွေက စောစောစီးစီးအိမ်အလုပ်လုပ်တတ်ဖို့ သင်ရတယ်လေ၊ ငါ့အိမ်အခြေအနေကိုနင်လည်းသိတာဘဲ၊ ငါ့မောင်နှမတွေက ငယ်ငယ်လေးဘဲရှိသေးတာ ငါမှမချက်ရင် ဘယ်သူချက်မှာလဲ”


ဖန်ကျင်းယွမ် “……”


ထုံရွှယ်လူ၏လေသံက အလွန်သနားစရာကောင်းနေ၏။

၎င်းက ဖန်ကျင်းယွမ်ကို ဝမ်းနည်းသွားစေသည်။



xxxxxx