Chapter 10
နေ့လယ်ခင်းသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အပူရှိန်မှာလည်း ပိုမိုမြင့်တက်လာလေသည်။ ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွား၏ ပစ်ထုတ်ခံလိုက်ရမှုကြောင့် နေလောင်သွားခဲ့ရသောနေ့၏ ခါးသီးမှုအား ပြန်လည်သတိရမိပြီး ချက်ချင်းဆိုသလို အရိပ်ရသည့်နေရာသို့ တစ်ကိုယ်လုံးပစ်ဝင်လိုက်သည်။
ထို့နောက်တွင် ယင်ရှောင်ရှောင်း ပါးစပ်ဖွင့်ကာဖြင့် မေးလိုက်သည်။
“ဒီနားမှာ ချောင်းတို့ မြောင်းတို့ ရှိလားဟင်..”
ယင်ရှောင်ရှောင်း ယဉ်ကျေးစွာဖြင့် မေးမြန်းခြင်းဖြစ်သော်လည်း မည်သည်ကြောင့် ထိုသို့မေးလာခြင်းအား မသိသည့်အတွက် မြွေပေါက်လေးများမှာ သူ့အားလှည့်ကြည့်လာကြလေသည်။ ထိုသို့ဖြင့် ဟွားရှောင်ဝူ၊ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ ဤနေရာတွင် အကြီးဆုံးဖြစ်သည့် လန်မြွေနှင့် ဟုန်မြွေတို့အား ထိုမေးခွန်းကို ပြန်မေးလေသည်။
အဆုံးတွင် သူတို့မိသားစုအိမ်၏ မနေးမဝေးနေရာတွင် စမ်းချောင်းတစ်ခုရှိကြောင်း လန်ယိယိ အမှတ်ရလိုက်မိပြီး ယင်ရှောင်ရှောင်းထံသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြေးသွားလေသည်။
“ရှောင်ရှောင်းရေ.. ချောင်းရှိတဲ့နေရာကို ငါသိတယ်.. ဒီနေရာနဲ့ သိပ်မဝေးဘူးရယ်..”
ယင်ရှောင်ရှောင်း ပျော်ရွှင်သွားသည်။
“တကယ်လား.. အဲဒါဆို မြန်မြန်လေး ခေါ်သွားပေးနော်.. မြန်မြန်လေး မြန်မြန်လေး..”
ထို့နောက်တွင် လန်ယိယိမှ ဦးဆောင်လမ်းပြပြုလေသည်။ ယင်ရှောင်ရှောင်းမှာ ကျန်မြွေပေါက်လေးများနှင့်အတူ အနောက်မှ နီးကပ်စွာ လိုက်ပါလာသည်။
ရှောင်ရှောင်းက ဘာလို့များ စမ်းချောင်းဆီကို သွားချင်ရတာလဲ..
အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုခုများ ရှိနေလို့လား..
အာ.. ဟုတ်သားပဲ.. ငါလေးက အရူးကျနေရော.. ရှောင်ရှောင်းက ရေသောက်ချင်နေတာ ဖြစ်မှာပေါ့..
ထိုသို့တွေးရင်းဖြင့် အရှေ့သို့ဆက်သွားနေရင်း မြွေပေါက်လေးများအုပ်စုမှာ အလွန်ကျေနပ်နေကြလေသည်။
ဟုတ်တယ်.. အဲလိုပဲဖြစ်မှာ..
သေချာပေါက်ကို အဲဒီလိုပဲ..
သို့သော်လည်း လက်တွေ့တွင်မူ အမှန်တကယ် ထိုသို့ဖြစ်နိုင်မည်လား..။
ယင်ရှောင်စစ်မှာ အခြားမြွေများ၏နောက်မှ လိုက်ပါရင်း မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခု ရှိနေလေသည်။ ထိုမြွေပေါက်လေးများ အားလုံးတို့တွင် ယင်ရှောင်စစ် တစ်ကောင်တည်းသည်သာလျှင် ယင်ရှောင်ရှောင်း မည်သည်ကြောင့် စမ်းချောင်းအား ရှာဖွေနေခြင်းဖြစ်သည်ကို သိရှိခြင်းပင်။
ထို့ကြောင့် ယင်ရှောင်စစ်မှာ သူတို့၏ မြွေမိသားစုကိုယ်စား အလွန်စိုးရိမ်ပူပန်လာမိသည်။
အားးးးး ဒီလိုဖွံ့ဖြိုးမှုပုံစံတွေကြောင့် ဒီမြွေတွေက ပိုပိုပြီး ရူးနှမ်းလာပြီး အသိဉာဏ်လည်း ခေါင်းပါးလာကြပြီ..
ယင်ရှောင်စစ် သွားနေခြင်းအားရပ်လိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်အား မော့ကြည့်လိုက်သည်။
အသိဉာဏ်ပြည့်စုံကြွယ်ဝတဲ့ မြွေတစ်ကောင်ဖြစ်ရတာ အရမ်းအထီးကျန်ရတယ်ဆိုတာ မင်းသိရဲ့လား..
စက္ကန့်အနည်းငယ်မျှ သွားပြီးသည့်နောက်တွင် ယင်ရှောင်ယိ နောက်လှည့်ကြည့်သည့်အခါ လှုပ်ရှားမှုမရှိဘဲ ကောင်းကင်သို့ အရူးတစ်ကောင်သဖွယ် မော့ကြည့်နေသည့် စတုတ္ထမြောက် ညီငယ်လေးအား မြင်လိုက်လေသည်။ ယင်ရှောင်စစ် ခေါင်းထိထားခြင်းမရှိကြောင်း အမှတ်ရပြီးနောက် အော်ခေါ်လိုက်သည်။
“ရှောင်စစ်ရေ.. မြန်မြန်လေးလာခဲ့တော့..”
ယင်ရှောင်စစ် ယင်ရှောင်ယိ၏အသံအား ကြားလိုက်ပြီးနောက် ပြန်လှုပ်လာသည်။ ယင်ရှောင်ယိမှာ ယင်ရှောင်စစ်အား ခေါင်းထိထားခြင်းရှိမည်ကို စိုးရိမ်နေခဲ့ကြောင်းနှင့် သူ၏ ဂုဏ်ယူဝံ့ကြွားနေခဲ့သည့် အပြုအမူအား အရူးတစ်ကောင်သဖွယ် ထင်မြင်နေခဲ့ကြောင်းသာ သိရှိသွားခဲ့မည် ဆိုပါလျှင် ဖြစ်လာမည့် အကျိုးဆက်အား သိနိုင်မည်မဟုတ်ချေ။
များမကြာမီတွင် ယင်ရှောင်ရှောင်း စမ်းချောင်းအား မြင်လိုက်ရသည်။
ယင်ရှောင်ရှောင်း တက်ကြွလာပြီး လန်ယိယိအား လျှင်မြန်စွာ ဖြတ်ကျော်ကာ စမ်းချောင်းဆီသို့ တန်းသွားလေသည်။ ပျော်ရွှင်မှုနှင့် စိတ်ပေ့ါပါးတက်ကြွမှုတို့ကြောင့် သူ၏အမြီးလေးမှာလည်း ခါယမ်းနေလေသည်။
ယင်ရှောင်ရှောင်း ပျော်ရွှင်တက်ကြွနေပြီး ကြည်နူးမှုနှင့်အတူ အလွန်ကျေနပ်နေလေသည်။ သူ၏အနောက်တွင်ရှိသည့် မြွေပေါက်လေးများမှာ တည်ငြိမ်နိုင်ခြင်းမရှိဘဲ စိုးရိမ်ပူပန်နေကြလေသည်။
သူ့ပုံကြည့်ရတာ အဲဒီချောင်းထဲကို ခုန်ချလိုက်တော့မယ့်ပုံပဲနော်.. ဟုတ်တယ်မလား..
အဲဒါကြီးက လုံးဝကို သတ်သေပစ်လိုက်တာလေ..
ဒီနေရာက မြွေတွေထဲမှာ ဘယ်ကောင်မှ ရေမကူးတတ်ကြဘူးလေ..
ထိုသို့ဖြင့် ယင်ရှောင်ရှောင်း ပျော်ရွှင်တက်ကြွစွာဖြင့် ရှေ့သို့တိုးသွားစဉ်တွင် သူ၏အနောက်မှ မြွေပေါက်လေးများ၏ အသည်းအသန်လိုက်ဖမ်းနေမှုနှင့်အတူ ပြတ်တောင်းပြတ်တောင်း အော်သံအား ကြားလိုက်ရသည်။
“ရှောင်ရှောင်း.. ရပ်လိုက်......”
“ရှောင်ရှောင်း မင်းရှေ့က ရေထဲကို လုံးဝသွားလို့ မရဘူးနော်..”
“ရှောင်ရှောင်းးး ရှောင် - ရှောင်းးးးးးးး”
“...”
သို့သော်လည်း ကံမကောင်းစွာဖြင့် အရှေ့ဆုံး၌ရှိနေပြီး စိတ်လှုပ်ရှားနေသည့် ယင်ရှောင်ရှောင်းမှာ သူ၏အနောက်ဘက်ရှိ အော်သံများအား ဂရုမစိုက်သည့်အပြင် ထိုမြွေများမှာလည်း သူ့နည်းတူ စမ်းချောင်းအား မြင်လိုက်ရခြင်းကြောင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြခြင်းဟူ၍ပင် ထင်နေလေသည်။
ဒီကလေးကတော့.. မြွေတိုင်းက မင်းလို့မျိုး အပူကြောက်တယ်လို့များ ထင်နေတာလားကွာ..
ယင်ရှောင်ရှောင်း ချောင်းထဲသို့ ခုန်ချကာနီးမှာပင် မူလက အရှေ့ဆုံးတွင် လမ်းပြနေပြီး သူတို့ထက် သုံးလကြီးသည့် လန်ယိယိမှာ ယင်ရှောင်ရှောင်း၏ အမြီးအားကိုက်ကာ ခေါင်းပုတ်လိုက်ပြီးနောက်တွင် စိတ်ရှုပ်ထွေးနေသည့် ယင်ရှောင်ရှောင်းမှာ လွှင့်ပစ်ခြင်းခံလိုက်ရလေသည်။
ယင်ရှောင်ရှောင်းအတွက်မူ ထိုဖြစ်စဉ်တစ်ရပ်လုံးမှာ ဤကဲ့သို့ပင်။ သူ၏အမြီးမှာ ရုတ်တရက် နာကျင်လာပြီးနောက်တွင် လေထဲတွင် ခေတ္တမျှ ပျံသန်းနေလေသည်။ ထို့နောက်တွင် မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပြုတ်ကျသွားလေသည်။
မြေပြင်ပေါ်တွင် လဲကျနေသည့် ယင်ရှောင်ရှောင်းမှာ တဖြည်းဖြည်း အသိပြန်ဝင်လာပြီး ထပေါက်ကွဲတော့သည်။ သူ၏ငွေရောင်ခန္ဓာကိုယ်မှာ ဤတစ်ကြိမ်တွင် ဒေါသကြောင့် အနီရောင်သန်းလာသည်။
“ဘယ်ကောင်လုပ်တာလဲကွ.. ဘယ်ကောင်က ငါ့အမြီးကိုကိုက်ပြီး တားတဲ့အပြင် ငါ့ကို လွှင့်ပစ်တာလဲ..”
“..”
ထိုအခိုက်အတံ့တွင် ယင်ရှောင်ရှောင်းမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းနေလေသည်။ လန်ယိယိမှာ ချက်ချင်းဆိုသလို ခန္ဓာကိုယ်အား ကွေးကာဖြင့် လန်စန်းစန်းနောက်တွင် ပုန်းလိုက်သော်ငြား လန်စန်းစန်းမှာ သူ့၏နောက်တွင်ရှိနေသည့် လန်ယိယိအား ချက်ချင်းရှေ့ထုတ်ပေးလိုက်သည်။ လန်ယိယိ လန်စန်းစန်းအား သနားစဖွယ်ကြည့်လိုက်သည်။
ယင်ရှောင်ရှောင်း၏မျက်လုံးများမှာ လျင်လှသည်။ ပုန်းနေသည့် လန်ယိယိအား လန်စန်းစန်း ရှေ့သို့တွန်းထုတ်လိုက်သည့် အခိုက်အတံ့မှာပင် လန်ယိယိ ‘မတ်တတ်ရပ်’ လာသည်ကို မြင်လိုက်ရသည်။ လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ခန့်က လန်ယိယိမှာ သူ၏အနောက်တွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်း အမှတ်ရမိလိုက်ပြီး ချက်ချင်းဆိုသလို ယင်ရှောင်ရှောင်း၏ အမြီးအား ကိုက်သည့်သူမှာ လန်ယိယိဖြစ်ကြောင်း သေချာသွားလေသည်။
“လန်ယိယိ!”
ယင်ရှောင်ရှောင်း လန်ယိယိထံသို့ တဖြည်းဖြည်းတိုးသွားပြီး မျက်နှာချင်းဆိုင်လေသည်။
“ဘာလို့ ငါ့ကို ကိုက်တာလဲ.. ဘာလို့ ငါ့ကို လွှင့်ပစ်တာလဲ..”
ယင်ရှောင်ရှောင်း၏ မှုန်မှိုင်းနေသည့်မျက်နှာ တဖြည်းဖြည်းနီးကပ်လာသည်ကို မြင်ပြီး လန်ယိယိ တံတွေးပင်သီးသွားပြီး အခွေအားဖြည်ကာ အနောက်သို့ ဆုတ်လိုက်သည်။
“ငါ.. ငါက မင်း မြစ်ထဲကျသွားမှာ စိတ်ပူလို့ပါ..”
ယင်ရှောင်ရှောင်း တုံ့ဆိုင်းသွားသည်။
‘အာ.. ငါမြစ်ထဲကျသွားမှာ စိုးရိမ်လို့ ဟုတ်စ..’
ယင်ရှောင်ရှောင်း စမ်းချောင်းအား လှည့်ကြည့်လိုက်သည်။
ရေစီးလည်း နှေးပါတယ်.. ဟိုးအောက်ထိတောင် မြင်နေရတာ ကြည်တောက်ရှင်းလို့..
အကျယ်ကလည်း..
ယင်ရှောင်ရှောင်း သေသေချာချာ စဉ်းစားကြည့်လိုက်သည်။
အကျယ်ကလည်း ငါ့နှစ်ပြန်စာလောက်လေးကို..
ယင်ရှောင်ရှောင်း လန်ယိယိအား ငုံ့ကြည့်လိုက်သည်။ ဤစမ်းချောင်းမှာ သူ့အား ရေစိုစေရန်လုံလောက်သည်။ သို့သော်လည်း ဤမြွေများ အားလုံးတို့မှာ ရေထဲသို့ဆင်းရန် ရည်ရွယ်ထားပုံ မရှိကြချေ။
ယင်ရှောင်ရှောင်း ခေါင်းမော့လိုက်သည်။ အားမာန်အပြည့်နှင့် လန်ယိယိနှင့် ကျန်မြွေများအား ဖြတ်ကျော်သွားပြီး စမ်းချောင်းဆီသို့ သွားလေသည်။
“ငါ့ကိုတားတဲ့ ဘယ်သူမဆို ငါက.. ငါက ကိုက်ပစ်လိုက်မှာ..”
အဟမ်း.. အဟမ်း.. ယင်ရှောင်ရှောင်း ထပ်ကာထပ်ကာ စဉ်းစားသော်ငြား ‘ကိုက်’ ဟူသည့် စကားလုံးသာလျှင် ထွက်လာလေသည်။ သို့တည်းမဟုတ် သူ၏အမြီးဖြင့် ထိုမြွေများအား ရစ်ပတ်လိုက်ရမည်လား။ ဟမ့်.. ထိုအရာမှာ ပိုကောင်းသည်ဟု ယင်ရှောင်ရှောင်း တွေးမိလိုက်သည်။
ယင်ရှောင်ရှောင်း၏စကားများအား ကြားပြီးသည့်နောက် မြွေပေါက်လေးများမှာ မတားရဲကြတော့ချေ။ သို့သော်ငြား လန်ယိယိနှင့် ယင်ရှောင်ယိတို့မှာမူ ယင်ရှောင်ရှောင်း၏အနောက်သို့ လိုက်နေဆဲပင်ဖြစ်သည်။ ထိုသို့ အနီးကပ် လိုက်ပါခြင်းအားဖြင့် ယင်ရှောင်ရှောင်း ရေထဲသို့ မတော်တဆ ပြုတ်ကျမိလျှင် ယင်ရှောင်ရှောင်းအား ခုန်အုပ်ကာဖြင့် ပြန်ဆွဲယူနိုင်ပေမည်ဖြစ်သည်။ လန်ယိယိနှင့် ယင်ရှောင်ရှောင်းတို့ အပြန်အလှန် ကြည့်လိုက်ကြသည်။ တစ်ကောင်နှင့်တစ်ကောင် မျက်လုံးရှိ ဆုံးဖြတ်ချက်များအား မြင်နေရလေသည်။
ဤသို့နှင့် အဆိုပါမြွေနှစ်ကောင်တို့မှာ ရှောင်ရှောင်း၏နောက်သို့ ပို၍နီးကပ်စွာ လိုက်လာကြတော့သည်။
ယင်ရှောင်ရှောင်း မြစ်ကမ်းသို့သွားလိုက်ပြီး သူ၏အနောက်ရှိ မြွေများအား ဂရုမစိုက်ချေ။ ထိုနေရာအား လှည့်ပတ်ကြည့်ပြီးသည့်နောက် စိတ်ကျေနပ်ဖွယ်ရာနေရာအား ရှာတွေ့လိုက်လေသည်။
ထိုနေရာတွင် ရေပိုကြည်ကာ ပိုတိမ်လေသည့်အပြင် ကျောက်စရစ်ခဲများလည်း အများအပြားရှိလေသည်။ ဘယ်မှာညာအထိ ကြီးမားသည့် ကျောက်စရစ်ခဲနှစ်ခုရှိနေပြီး ရေထဲတွင် တစ်ဝက်နစ်နေခြင်းဖြစ်သည်။ ထိုကျောက်စရစ်ခဲများ၏ ထိပ်ဖျားများသည့် ရေပေါ်တွင် ငေါထွက်လျက်ရှိပြီး နှစ်ခုအလယ်တွင် ချောက်တစ်ခု ရှိနေသည်။ ယင်ရှောင်ရှောင်း ထိုအပေါ်သို့ တက်သွားလိုက်ပြီး ထိုကျောက်စရစ်ခဲကြီးနှစ်ခုအကြားတွင် သူ၏ခန္ဓာကိုယ်အား နေရာချကာ ခေါင်းတင်လိုက်သည်။
အား.. အေးနေရောပဲ..
ယင်ရှောင်ယိနှင့် လန်ယိယိတို့မှာလည်း ယင်ရှောင်ရှောင်းမှာ အတော်လေး စိတ်ချရသည့်နေရာတွင် ရှိနေသည်အား မြင်လိုက်ရသည်ကြောင့် စိတ်သက်သာရာ ရသွားကြလေသည်။ သို့သော်လည်း.. ထိုမြွေပေါက်လေးနှစ်ကောင်မှာ တုန်လှုပ်နေဆဲပင်။ မျှော်လင့်ထားသည့်အတိုင်းပင် မြစ်ကမ်းစပ်မှာ မြွေများအတွက် မသင့်လျော်ပါချေ။ အမှန်တကယ်ကို မှောင်မိုက်ကာ အေးစက်လှသည်။ မြွေများအတွက် ရေသောက်လိုသည့် အခါမှသာလျှင် ကမ်းစပ်သို့ဆင်းရန် သင့်လျော်ပေသည်။
“ကောကောတို့ သွားဆော့လေ.. သားကို စိတ်ထဲထားမနေနဲ့..”
ယင်ရှောင်ရှောင်း ယင်ရှောင်ယိနှင့် လန်ယိယိတို့အား ထွက်သွားရန် ပြောလိုက်သည်။
“သားဘာသာသား စောင့်ရှောက်နိုင်ပါတယ်..”
ယင်ရှောင်ရှောင်းပြောသည်အား နားထောင်သင့်မသင့် မသေချာသည့်အတွက် လန်ယိယိမှာ တုံ့ဆိုင်းနေလေသည်။ သို့သော်လည်း ယင်ရှောင်ယိ သူ့အား တွန်းတိုက်ကာ ထွက်သွားစေသည်။ သူတို့နှစ်ကောင် ထွက်သွားခြင်းမရှိလျှင် ယင်ရှောင်ရှောင်း ဒေါသထွက်လာမည်မှာ သေချာသလောက်ဖြစ်ပြီး အခြေအနေမှာ ပို၍ပင်ဆိုးလာနိုင်ချေရှိသည်။ ယင်ရှောင်ယိနှင့် လန်ယိယိတို့ ထွက်ခွာသွားပြီးနောက်တွင် ယင်ရှောင်ရှောင်းမှာ စိတ်လက်ပေါ့ပါးသွားလေတော့သည်။