အပိုင်း ၁၁
Viewers 12k


Chapter 11



"အဲဒါက.. တကယ်ပဲ အဆင်ပြေပါ့မလားဟင်.."

ယင်ရှောင်ယိထံမှဘေးသို့ ဆွဲခေါ်ခံလိုက်ရသည့် လန်ယိယိမှာ ယင်ရှောင်ရှောင်းဘက်သို့လှည့်ကာ ပြောလိုက်သည်။

"အဆင်ပြေသွားမှာပါ... ဘာမှမဖြစ်ဘူး... ရှောင်ရှောင်းက သူ့ဘာသာသူ ဂရုစိုက်နိုင်တယ်.."

"ဒါပေမဲ့.. ရှောင်ရှောင်းက ဘာလို့ရေထဲ ဆင်းသွားရတာတုန်း... အရမ်းအေးတာကို.."

စိတ်ရှုပ်ထွေးနေသော လန်ယိယိက ယင်ရှောင်ယိဆီသို့ ခေါင်းဆန့်ကာ ကြည့်လိုက်သည်။

"မြွေတိုင်းနေပူဆာလှုံနိုင်ရင် သိပ်ကောင်းမှာပဲနော်... ရှောင်ရှောင်းတစ်ကောင် ငါတို့အားလုံးနဲ့ အတူတူပျော်နိုင်ရင် ပိုကောင်းမှာပဲ.."

ယင်ရှောင်ယိ အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။

"ရှောင်ရှောင်းက နေပူဆာလှုံရတာကို မကြိုက်ဘူး... သူက အေးအေးလူလူနေရာတွေပဲ ကြိုက်တာလေ.."

ဒီကောင်လေးက တကယ်ပဲသူ့ထက်သုံးလကြီးတာလား.. သိပ်ကိုဒုက္ခပေးနိုင်လွန်းတယ်..

လန်ယိယိမှာ တစ်စုံတစ်ခုလွဲမှားနေသလို ခံစားလိုက်ရသော်လည်း ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။ ရှောင်ရှောင်းအတွက်သာ သူစိတ်ပူနေမိသည်။

မြစ်ကမ်းပါး၏ ချမ်းအေးမှုဒဏ်ကို မခံနိုင်သောကြောင့် မြွေပေါက်လေးများမှာ ဆယ်လှမ်းခန့်အကွာတွင် ရပ်နေကြသည်။ ယင်ရှောင်ယိနှင့်လန်ယိယိတို့ ပြန်လာသည်ကို မြင်သောအခါ မြွေပေါက်လေးများမှာ အပြေးရောက်လာပြီး သူတို့ကိုဝန်းရံကြတော့သည်။

"ရှောင်ရှောင်းက မြစ်ထဲဘာကိစ္စဆင်းသွားတာလဲ... ဒီလောက် ချမ်းနေတာကို.."

ဟွားရှောင်ဝူကပြောလာသည်။

"ဘာလို့လဲ... ရေသောက်ဖို့ ဆင်းသွားတာလား... ရေသောက်ဖို့ မြစ်ထဲအထိ ဆင်းစရာလိုလို့လား.."

ဟုန်အာအာကပြောလာပြန်သည်။

"ငါနားလည်သွားပြီထင်တယ်.."

"ငါရောပဲ.."

ဟွားရှောင်အာနှင့်ဟွားရှောင်စန်းတို့က တစ်ပြိုင်နက်တည်း ပြောလိုက်သည်။

"ရှောင်ရှောင်းတော့ အေးခဲပြီးသေတော့မှာပဲ.."

လန်စစ်စစ်ကဝင်ပြောသည်။

နောက်ဆုံးတွင် ယင်ရှောင်ရှောင်းက ရေသောက်ဖို့မဟုတ်ပါဘဲ အဘယ်ကြောင့် မြစ်ကမ်းဘေးသို့ လာချင်ရကြောင်း ယင်ရှောင်ယိနှင့်လန်ယိယိတို့မှာ မြွေတိုင်းကို ရှင်းပြရတော့သည်။ အကြောင်းပြချက်မှာ အနည်းငယ် ယုတ္တိမတန်သော်လည်း ကစားဖို့ရာ စိတ်ထက်သန်နေသော မြွေငယ်လေးများမှာ မကြာမီတွင် ထိုအရေးကိစ္စကို ခေါင်းထဲမှထုတ်ပစ်လိုက်ကြသည်။

ထိုမြွေပေါက်အုပ်စုထဲတွင် ယင်ရှောင်စစ်သာလျှင် ပူဆွေးသောကနှင့် အမျက်ဒေါသကို ခံစားနေရသည်။ မြွေပွေးမျိုးနွယ်စုက ပိုပိုပြီးတုံးအ ကာ နမော်နမဲ့ဖြစ်လာသည်မှာ အမှန်ပဲကိုး။

"မင်းတို့ပဲဆော့ကြပါ... ငါ ရှောင်ရှောင်းကို သွားကြည့်လိုက်ဦးမယ်.."

ယင်ရှောင်စစ် ကြားဖြတ်ပြောလိုက်ပြီး ယင်ရှောင်ရှောင်းထံသို့ ကိုယ်ကိုလျှောတိုက်ကာ သွားတော့သည်။ ယင်ရှောင်စစ်က ယင်ရှောင်ရှောင်းကဲ့သို့ မြစ်ထဲမဆင်းသည့်အပြင် ရေနားမကပ်မိအောင် သတိထားပြီးနေသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ယင်ရှောင်ရှောင်းကို ကြည့်နေလေသည်။

ရှောင်ရှောင်းက သူတို့၏မိသားစုဝင်ဖြစ်လာရန် တကယ့်ကိုထိုက်တန်သည်။ ယင်ရှောင်စစ် ရေထဲတွင် စိမ်ပြေနပြေအနားယူပြီး လှပကျော့ရှင်းစွာ ရေဆော့နေသည့်ယင်ရှောင်ရှောင်းကို တစ်စိမ့်စိမ့်ကြည့်နေသည်။

အဟမ်း.. ငါတို့ရဲ့ ရှောင်ရှောင်းလေးကပဲ ရေဆော့ရင်းနဲ့ ဒီလိုမျိုးလှရက်နိုင်တာ..

မြွေတွေနေပူဆာလှုံတာက ဘာများထူးခြားနေလို့လဲ.. မြွေတိုင်းလုပ်နိုင်တာပဲကို..

ငါတို့ရဲ့ရှောင်ရှောင်းလိုမျိုး ဘယ်မြွေက ရေဆော့နိုင်လို့လဲ ဟမ်..

ဘယ်ကောင်မှ မလုပ်နိုင်ဘူး သိရဲ့လား..

ရှောင်ရှောင်းလေးကပဲ အခုလို လှလှပပ နူးနူးညံ့ညံ့ ခံစားချက်ကို ပေးနိုင်တာ..

ယင်ရှောင်စစ်၏ ငယ်ရွယ်နုပျိုသော နှလုံးသားလေးမှာ ဂုဏ်ယူဝံ့ကြွားမှုတို့ဖြင့် လျှံထွက်လုမတတ် ပြည့်နှက်နေသည်။ သူတို့၏မိသားစုဝင် ရှောင်ရှောင်းက အလွန်ထူးခြားပြီး နှိုင်းလို့မမှီနိုင်သည့် အလှမျိုးကို ပိုင်ဆိုင်ထားသည် မဟုတ်လား။

အာ.. ဒါတောင် ရှောင်ရှောင်းက ကလေးလေးပဲ ရှိသေးတာနော်..

ယင်ရှောင်စစ် ရှောင်ရှောင်းကို အာရုံစူးစိုက်နေမိချိန်တွင် ယင်ရှောင်ရှောင်းက သူ့အားသတိထားမိသွားလေသည်။ သူ့ကို မျက်လုံးကျွတ်မတတ်ကြည့်နေသော ယင်ရှောင်စစ်အား ရှောင်ရှောင်း စိတ်ထဲထားမနေပေ။

ကြည့်ရုံလေးနဲ့တော့ အသားပဲ့ပါသွားမှာမှ မဟုတ်ဘဲ.. ကြည့်ချင်ရင် ကြည့်ပေါ့..

ယင်ရှောင်ရှောင်း ဟိုဟိုဒီဒီ မျက်လုံးကစားလိုက်ချိန်တွင် ဆော့ကစားနေကြသည့် မြွေပေါက်လေးများအား တွေ့လိုက်ရသည်။ တစ်ချက်မျှကြည့်မိရုံနှင့်ပင် သူ့မျက်လုံးများ ပြာဝေသွားလေသည်။

နေပါဦး.. အဲဒါကို ကစားတာလို့ ခေါ်သလား.. မင်းက သူ့ကို ကိုက်တယ်.. သူက အမြီးကို ယမ်းတယ်..

ကစားတယ်ဆိုတာ အဲလိုမဟုတ်ဘူးကွ.. ပျင်းစရာကောင်းလိုက်တာနော်.. ပျင်းဖို့ကောင်းချက်ပဲ..

ထိုမြွေပေါက်ငယ်လေးများ၏ ငယ်ဘဝကို ယင်ရှောင်ရှောင်းသနားမိသွားသည်။ အရာရာတိုင်းက ပျင်းစရာကောင်းလွန်းသည်။

ယင်ရှောင်ရှောင်း ထိုမြွေပေါက်လေးများကို ဆက်မကြည့်နိုင်တော့။ နောက်တစ်ခေါက်ထပ်ကြည့်မိလျှင် သူ့ဥာဏ်ရည်များ နိမ့်ပါးသွားမည်ကိုပင် စိုးထိတ်မိသည်။ (A/N: ကိုယ့်ဘာသာ အိုင်ကျူအဲ့လောက်မြင့်တယ် ထင်နေလား)

အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့် သူရိန်နေမင်းကြီးကလည်း အပူရှိန်ပိုပိုပြီးပြင်းလာသည်။ ရေ၏အပူချိန်မှာလည်း တဖြေးဖြေး မြင့်တက်လာသောကြောင့် ခပ်နွေးနွေးဖြစ်လာသည်။ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အတွက်မူ ရေကလန်းဆန်းအေးမြနေဆဲ ဖြစ်သော်လည်း နေတည့်တည့်ထိုးနေသည့် သူ့ဦးခေါင်းမှာမူ....။

ပူကျပ်နေသောကြောင့် သူ့ဦးခေါင်းကို ရေထဲသို့ခဏခဏနှစ်ပြီး အအေးခံနေရသောကြောင့် ရေထဲတွင် မြုပ်ချည်ပေါ်ချည်ဖြစ်နေသည်။

ရေထဲတွင်နစ်မြုပ်သွားသည့် ယင်ရှောင်ရှောင်းအား မြင်သောအခါ ယင်ရှောင်စစ် သေမတတ် ထိတ်လန့်သွားခဲ့သည်။ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတုန်း တစ်ဖန်ပြန်ပေါ်လာသော ရှောင်ရှောင်းကိုမြင်မှ သူစိတ်သက်သာရာရသွားသည်။ ထို့နောက် သူ့ဘာသာ ခပ်တိုးတိုးရယ်မောနေမိသည်။ အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။

အကြောင်းမှာ ယင်ရှောင်ရှောင်းတစ်ယောက် သူ့ခေါင်းကို ရေထဲသို့နှစ်လိုက်တိုင်း အမြှီးလေးကပြူထွက်လာပြီး အရှေ့အနောက် လှုပ်ယမ်းနေသည်မှာ အလွန်ချစ်စဖွယ်ကောင်းလှသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ယင်ရှောင်စစ်မှာ ရှောင်ရှောင်းကိုပြေးပြီး ပွေ့ဖက်ကာ ဆွဲမွှပစ်ချင်သည်အထိ အသည်းတယားယားဖြစ်လာသည်။

အပူချိန် တဖြေးဖြေးမြင့်လာသည်နှင့်အမျှ မြွေပေါက်ငယ်လေးများက ဆူညံစွာဆော့ကစားနေကြသည်ကို ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဝမ်းလျားထိုးလဲလျောင်းကာ နေပူဆာလှုံကြတော့သည်။ ကျောဖက်နွေးသွားပြီဆိုတာနှင့် ပက်လက်လှဲကာ နောက်တစ်ဖက်ကို နေပူဆာထပ်လှုံသည်။ ယင်ရှောင်ရှောင်းတစ်ယောက်မြွေပေါက်ငယ်လေးများကို သတိလက်လွတ် လှမ်းကြည့်လိုက်မိချိန်တွင် နှုတ်ခမ်းစွန်းတို့ ကော့တက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးများ၏ နေပူဆာလှုံနေသည့်ပုံစံမှာ ပိုင်မုန့်လေးများလိုပင်။

နေပူဆာလှုံရင်းနှင့် အချို့မှာ တဖြေးဖြေးငိုက်မျဥ်းစပြုလာသည်။ လန်ယိယိမှာ ဟွားရှောင်ဝူအား မကြည့်မိအောင်ရှောင်နေရသည်။ ကျေးဇူးတင်စရာကောင်းသည်က ဟွားရှောင်ဝူမှာ သူနှင့်ခပ်ဝေးဝေးတွင် ရှိနေခြင်းပင်။ အိပ်ငိုက်နေသည်မှာ သွားရည်များကျလာသည်အထိ မြင်မကောင်း ရှုမကောင်း။

နေပူရှိန် တဖြေးဖြေး ကျဆင်းသွားချိန်တွင် မြွေပေါက်လေးများ အပျင်းတစ်နေရာမှ နာလန်ထူလာပြီး ဖျတ်လပ်တက်ကြွသော နဂါးလိုလို ကျားလိုလို အသွင်အပြင်သို့ ကူးပြောင်းသွားကြပြန်သည်။ ထို့နောက် ယခင်အတိုင်း မျောက်ရှုံးအောင် ဆော့ကစားနေကြသည်။ ယင်ရှောင်ရှောင်းမှာလည်း အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာသောကြောင့် မြစ်ထဲမှထွက်ကာ ယင်ရှောင်စစ်ဘေးသို့ သွားလိုက်သည်။ ထို့နောက် မြွေပေါက်လေးများ လုံးထွေးဆော့ကစားနေသည့်မြင်ကွင်းကို နှစ်‌ကောင်သား တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။

"စစ်ကောကော.. အခုသားကို မျက်စိတောက်ထောက်ကြည့်နေစရာ မလိုတော့ပါဘူး..."

ယင်ရှောင်ရှောင်းက ယင်ရှောင်စစ်အား ပြောလိုက်သည်။ သူ့စကားလုံးတွင် အဓိပ္ပါယ်များစွာ ပါဝင်သက်ရောက်နေသည်။

‘ယင်ရှောင်စစ်...အခု အဲဒီကလေးတွေနဲ့ သွားဆော့လို့ရပြီလို့... သွားတော့..’

"ငါ့ကို အဲလိုမျိုး တုံးအအလို့ ထင်နေတာလား.."

ယင်ရှောင်စစ်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ပြောလာသည်။ ထို့နောက် မလှမ်းမကမ်းတွင် ပရမ်းပတာ ဆော့ကစားနေကြသော အရူးတစ်သိုက်ကို မကြည့်မိရန် ခေါင်းကို တစ်ဘက်သို့လှည့်ထားသည်။

ယင်ရှောင်ရှောင်းလည်း ပြောစရာစကားမဲ့သွားသောကြောင့် တစ်ဘက်သို့ လှည့်နေလိုက်သည်။

စစ်ကောကောကို သားက တုံးအအလို့ ထင်နေတာ မဟုတ်ပါဘူးနော်.. အထင်မလွဲပါနဲ့..

ထို့နောက် လန်အာလန်နှင့် ဟုန်စန်းဟုန်တို့က သူတို့ဆီရောက်လာသည်။

လန်အာလန်နှင့်ဟုန်စန်းဟုန်တို့မှာ လန်ယိယိ၏ ဖေဖေနှင့်ပါပါးတို့ပင် ဖြစ်သည်။

ထို့ကြောင့် ယင်ရှောင်စစ်နှင့် လန်ယိယိတို့ အချင်းချင်း နှုတ်ဆက်ကာ လန်အာလန်နှင့် ဟုန်စန်းဟုန်တို့အား နှုတ်ခွန်းဆက်ပြီးနောက်တွင် အိမ်ပြန်လမ်းသို့ ဦးတည်လိုက်ကြလေသည်။

ထိုအချိန်တွင် ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့မှာ အိမ်တွင်ရှိနေကြသည်။

ယင်ရှောင်ရှောင်း သေသေချာချာ ကြည့်လိုက်သည့်အခါတွင် ဟွားရှောင်ဟွားနှင့် ရှက်သွေးဖြာပြီး အနည်းငယ် ဒေါသထွက်နေပုံရသော မျက်နှာနှင့် ယင်တပိုင်၏ ဘဝင်ခိုက်နေသော မျက်နှာတို့အား မြင်လိုက်ရသည်။

ဒီနေ့ တစ်ခုခု ဖြစ်ခဲ့ကြတယ်ပေါ့..

ငှက်ဥများကိုစားနေရင်း ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ကြား မည်သည့်အရာများ ဖြစ်ပျက်ခဲ့မည်နည်း ဟူ၍ ယင်ရှောင်ရှောင်းတွေးနေမိသည်။ သို့သော် မည်မျှပင် တွေးနေစေကာမူ အဖြေထွက်မလာသဖြင့် အဆုံးတွင် လက်လျှော့လိုက်ရသည်။ သူတို့အား သွားမေးမည် ဆိုပါလျှင်လည်း အဖြေရလာမည် မဟုတ်သဖြင့် သိချင်စိတ်အား အောင့်ထားလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ အားပေးနေလိုက်သည်။

"ငါကြီးလာတဲ့တစ်နေ့ကျရင် သူတို့ကြားမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သေချာပေါက် သိစေရမယ်.."

စားသောက်နေစဉ် ယင်ရှောင်ရှောင်း ပြဿနာတစ်ရပ်အား ရုတ်တရက် တွေးမိသွားလေသည်။

ဆိုတော့ကာ.. နွေရာသီမှာ သေမတတ်ပူနေတော့ ဆောင်းတွင်းကျ အေးလွန်းလို့ သေသွားမှာလား..

“ဆောင်းတွင်းမရောက်ခင် သားငှက်ဥတွေအများကြီးစားထားမှ ဖြစ်မယ်.. ခဏလေ.. ဆောင်းတွင်းမှာ ငှက်ဥတွေ ရှိဦးမှာလား..”

ယင်ရှောင်ရှောင်း စိုးရိမ်တကြီးပြောလေသည်။

"ဆောင်းရာသီလား"

ငှက်ဥများကို ညစာအဖြစ် သုံးဆောင်နေသည့် ယင်ရှောင်ရှောင်းကို မေးထောက်ကြည့်နေသော ဟွားရှောင်ဟွားက ယိုကျနေသော သွားရည်များကို စုပ်ယူလိုက်သည်။

“ဒီမှာ ဆောင်တွင်းမရှိဘူးလေ.. လေးရာသီလုံးက နွေရာသီလိုပဲ..”

"ဟင်.. ဆောင်းရာသီမရှိဘူးလား.."

ထိုအခါမှ ယင်ရှောင်ရှောင်းလည်း စိတ်သက်သာရာရသွားတော့သည်။

ဒီနွေရာသီရဲ့ အပူရှိန်လေးသာ နည်းနည်းလောက် အေးသွားမယ်ဆို ပိုကောင်းမှာပဲနော်..

"နှစ်တစ်ဝက်လောက်က ဒီထက် နည်းနည်းလေးပဲ အေးမှာ... မင်းသေချာပေါက် သဘောကျမှာ.."

ယင်ရှောင်စစ်က သူ့ဘေးနားဖြတ်သွားရင်း ပြောလာသည်။

တစ်ချိန်တည်းမှာပင် ယင်ရှောင်ရှောင်းက ဟွားရှောင်ဝူအား တစ်ချက်မျှ မျက်လုံးပင့်ကြည့်လိုက်သည်။

ဒီလိုအရေးကြီးတဲ့ အကြောင်းကို တစ်ခါလေးတောင် မပြောဘူးပေါ့လေ.. ဟွန့်..

ကြည့်စမ်းပါဦး.. ငါ့ရဲ့ ငှက်ဥလေးတွေကိုတောင် စိမ်းစိမ်းဝါးဝါး ကြည့်နေသေးတာ..

မုန်းစရာကောင်းချက်..

ယင်ရှောင်ရှောင်း နောက်ဆုံးလက်ကျန်ငှက်ဥကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ကောက်စားလိုက်ပြီး အခွံကိုထွေးထုတ်ကာ ခေါင်းမော့ရင်ကော့ကာဖြင့် ဟွားရှောင်ဝူရှေ့မှ ထွက်သွားလိုက်သည်။

ထိုညတွင် ယင်ရှောင်ရှောင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ တစ်နေ့လုံး လျှောတိုက်သွားလာနေခဲ့ရသောကြောင့် ခြေကုန်လက်ပန်းကျကာ ဘာမှမသိတော့အောင် အိပ်စက်ခြင်းကမ္ဘာဆီသို့ ပျော်ပျော်ကြီးကျဆင်းသွားလေတော့သည်။