Chapter 12
မနက်ဝေလီဝေလင်းအချိန်တွင် အစောဆုံးထလာသူမှာ ယင်ရှောင်ရှောင်းပင်ဖြစ်သည်။ ထို့နောက် နေ့သစ်ကိုကြိုဆိုရန် ဂူပေါက်ဝဆီသို့ လျှောတိုက်သွားလိုက်သည်။
သို့သော် ကံမကောင်းသည်က သူထလာသည့်အချိန်တိုင်း နေကအတော်လေးမြင့်နေပြီဖြစ်သည်။ အခြားမြွေငယ်လေးများ နိုးလာမည်ကိုစောင့်ရင်း ပတ်ဝန်းကျင်အခြေအနေနှင့် လွယ်လွယ်ကူကူ သဟဇာတဖြစ်နိုင်လွန်းသော သူ့စွမ်းရည်ကို သူကိုယ်တိုင်ပြန်အံ့သြနေမိသည်။ ယခုဆိုလျှင် ပတ်ပတ်လည်တွင် မြွေများဝိုင်းရံနေလျှင်တောင်မှ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်သည်။ ဤနေရာနှင့်သူ မြန်မြန်ဆန်ဆန် အသားကျသွားသည် မဟုတ်ပါလား။
ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့ ဂူထဲမှထွက်သွားချိန်တွင် မြွေငယ်လေးများလည်း တစ်ကောင်ပြီးတစ်ကောင် နိုးလာကာ အပြင်ဘက်သို့ ထွက်လာကြသည်။ ယင်ရှောင်ရှောင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ထိုမြွေများက သူ့ကိုလည်ပင်းညှစ်သတ်မနေသည့်တိုင် သူ့မှာစကားပြောဖို့နှင့် အသက်ရှူဖို့ အတော်ပင်ခက်ခဲနေသေးသည်။
မြွေမိသားစုတစ်ခုလုံး နေ့သစ်တစ်နေ့အား နှုတ်ခွန်းဆက်ကာ အစပြုခဲ့ကြပြန်သည်။
ယင်တပိုင်က မနက်ခင်းလေ့ကျင့်ခန်းအဖြစ် သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ကောက်ကွေ့ကာသွားသည်။ ထို့နောက် စိတ်မပါသည့်မျက်နှာထားဖြင့် ငှက်ဥများရှာရန် စတင်ထွက်ခွာတော့သည်။ အစားအသောက်ရှာဖွေခြင်းက သူ့အတွက် ပုံမှန်လုပ်ရိုးလုပ်စဥ်တစ်ခုလို ဖြစ်နေသော်လည်း သူဘယ်တော့မှ ကြိုးစားပမ်းစားမလုပ်ခဲ့ပေ။ တောင်ဂူဝဆီသို့ တွားသွားရင်း အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ဤသည်က ဘဝလက်တွဲဖော်နှင့် သားသမီးရတနာများရှိခြင်း၏ အကျိုးရလဒ်ပင်။ သို့သော် ဤသို့ပေးဆပ်ရခြင်းက ဝမ်းသာကြည်နူးစရာ ဖြစ်သည်ကိုတော့ ငြင်းလို့မရပေ။
"ဖေဖေ...သားလည်းအတူလိုက်ချင်တယ်.."
ငှက်ဥသွားရှာတော့မည့် ယင်တပိုင်အနားသို့ ယင်ရှောင်ရှောင်း အမြန်ကပ်သွားလိုက်သည်။ သူ့နောက်တွင် ဟွားရှောင်ဟွားပါ လိုက်လာသည်။
"ရုတ်တရက်ကြီးပါလား..."
ယင်တပိုင်က နှစ်ခါပြန်မစဥ်းစားပဲ ယင်ရှောင်ရှောင်း၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သည်။
"ဘာလို့လဲ... လိုက်လို့မရဘူးလား.."
စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသော ယင်ရှောင်ရှောင်းကို ယင်တပိုင်က နှစ်သိမ့်ပေးလိုက်သည်။
"သားက အရမ်းငယ်နေသေးတယ်လေ ဒီထက်နည်းနည်းကြီးလာတဲ့အချိန်ကျရင် ဖေဖေကိုယ်တိုင် သားကိုခေါ်သွားမယ်... ခဏတော့စောင့်လိုက်ပါဦး... ဟုတ်ပြီလား.."
ယင်ရှောင်ရှောင်း ယင်တပိုင်အား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီး ဘာမှထပ်မပြောလာသော ယင်တပိုင်ကြောင့် နှုတ်ခမ်းစူကာ ဂူထဲသို့ အော်ပြောလေသည်။
"ပါပါးရေ... ဖေဖေက သားကို အနိုင်ကျင့်နေတယ်ဗျို့.."
ယင်ရှောင်ရှောင်း၏ တိုင်တန်းသံကို ကြားလိုက်ရသည်နှင့် ဟွားရှောင်ဟွားမှာ သူတို့အနားသို့ လျှပ်စီး၏အရှိန်ဖြင့် အမြန်ရောက်ချလာသည်။ ထို့နောက် ယင်တပိုင်၏ရှင်းပြချက်ကို နားထောင်မနေတော့ပဲ ခေါင်းတည့်တည့် ရိုက်ချလိုက်သည်။
"ယင်တပိုင်.. ဘာကိစ္စနဲ့ ရှောင်ရှောင်းကို အနိုင်ကျင့်နေတာလဲ.. "
"ကိုယ်... အနိုင်မကျင့်ပါဘူးကွာ.."
ယင်တပိုင်က မျက်နှာငယ်လေးနှင့် ပြန်ဖြေရှာသည်။
သို့သော် ဟွားရှောင်ဟွားက သူ့ကိုအမြှီးနှင့် ထပ်ရိုက်သည်။
အခွင့်အရေးကို ချောင်းမြောင်းနေသော ယင်ရှောင်ရှောင်းက ဟွားရှောင်ဟွားကို ချက်ချင်းတောင်းဆိုသည်။
"ပါပါး... ဖေဖေကသားကို အနိုင်ကျင့်ထားတာဆိုတော့... သားစိတ်ပြေအောင် ပြန်လုပ်ပေးရမယ်နော်.."
ဟွားရှောင်ဟွား တစ်ခဏမျှ စဥ်းစားလိုက်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အဲဒီတော့ သားပြောသမျှကို ဖေဖေက လိုက်လျောပေးရမယ်နော်.."
ဟွားရှောင်ဟွားက ခေါင်းထပ်ညိတ်ကာ သူ့သားစကားကို သဘောတူပြန်သည်။
ထိုသို့နှင့် ယင်ရှောင်ရှောင်း၏ အကြည့်တို့က ယင်တပိုင်ထံသို့ ပြန်ရောက်သွားသည်။
"ဖေဖေ... ပါပါးပြောတာ ကြားတယ်မလား... သားပြောသမျှကို ဖေဖေက လိုက်လျောပေးရမယ်တဲ့.. ဟုတ်ပြီလား.."
ယင်တပိုင် စကားပြောရန် ပြင်လိုက်သော်လည်း ဟွားရှောင်ဟွား၏အမြှီးနှင့် ထပ်ရိုက်ခြင်းကို ခံလိုက်ရသည်။
"ရှောင်ရှောင်းပြောတာကို နားထောင်လိုက်လေ.."
ယင်တပိုင်က ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ နှုတ်ဆိတ်ကာဖြင့် ဂူထဲမှ ထွက်သွားလိုက်တော့သည်။ ယင်ရှောင်ရှောင်းလည်း ကျေနပ်အားရစွာဖြင့် ဖခင်ဖြစ်သူနောက်သို့ အမြန်လိုက်သွားလေသည်။
ယင်တပိုင်နှင့် ရှောင်ရှောင်းတို့ ထွက်ခွာသွားသည်ကို ဟွားရှောင်ဟွား ထွေထွေထူးထူး သိပ်ပြီးအာရုံစိုက်မနေချေ။ ယင်တပိုင်သာ ရှောင်ရှောင်းနှင့် အတူရှိနေလျှင် ရှောင်ရှောင်းအတွက် အန္တရာယ်ကင်းနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ဟွားရှောင်ဟွားလည်း ဟွားရှောင်အာ၊ ဟွားရှောင်စန်းတို့နှင့် ဆော့ကစားရန် အာရုံပြန်ရောက်သွားသည်။
ထိုမြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရသော ဟွားရှောင်ဝူမှာ အောက်နှုတ်ခမ်းကို တစ်တိတိကိုက်ကာဖြင့် စဥ်းစားနေမိသည်။
ဖေဖေလည်း မမှားဘဲ ပါပါးက ဘာလို့ ရိုက်နေရတာတုန်း..
အချိန်အတန်ကြာ စဉ်းစားနေခဲ့သော်ငြား အဖြေထွက်မလာချေ။ ထို့ကြောင့် လက်လျှော့ကာဖြင့် ဂူထဲသို့ ပြန်ဝင်သွားလေသည်။
ယင်တပိုင်မှာ ရှောင်ရှောင်း လိုက်မမီမည်ကို စိုးရိမ်သဖြင့် သာမာန်အရှိန်ထက် ငါးဆလောက် နှေးကာသွားနေရသည်။
အား.. ဒီလိုမျိုးသာ ဆက်သွားနေရရင် နေမဝင်ခင် သူ့ခင်ပွန်းလေးကို တွေ့ရပါဦးမလားနော်..
ထိုအကြောင်းအား စဉ်းစားရင်းဖြင့် ယင်တပိုင် အတော်လေး ပူဆွေးသောကရောက်နေရသည်။
ယင်တပိုင်၏ အတွေးများကို မရိပ်မိသော ယင်ရှောင်ရှောင်းမှာ အခြားမြွေပေါက်များ ရှိမနေသည့်အတွက် ငြိမ်းချမ်းမှုနှင့် အေးဆေးမှုကို အပြည့်အဝခံစားနေသည်။ နောက်ခံရှုခင်းများက သူ့ကိုမှင်တက်သွားစေသည်။ ဖခင်ဖြစ်သူနောက် လိုက်လာရသည်ကို ယင်ရှောင်ရှောင်းမှာ ဝမ်းသာလို့မဆုံး။
ဝါး! ဒီမြက်ပင်က တော်တော်ရှည်တာပဲ..
မြက်ကွင်းပြင်ထဲ ဖြတ်သွားချိန်တွင် ယင်ရှောင်ရှောင်း အတတ်နိုင်ဆုံး ခေါင်းကိုမော့ထားရသည်။ တကယ်တမ်းတွင် မြက်ပင်များမှာ အလွန်အမင်း ရှည်နေခြင်းမဟုတ်။ သူ့ခန္ဓာကိုယ်လေးက သေးလွန်းနေခြင်းသာ။
ဟင်...! ဘာကြီးဖြတ်သွားတာလား
သူ့ရှေ့တွင် မြန်ဆန်စွာဖြတ်ပြေးသွားသော အကောင်တစ်ကောင်ကြောင့် ယင်ရှောင်ရှောင်း၏ လှုပ်ရှားမှုတို့ တန့်သွားသည်။
အဲဒါ ဝံပုလွေလား.. အဲဒါက တကယ်ကြီး ဝံပုလွေလားလို့..
သို့သော် အကောင်ဖြတ်ပြေးသွားသည့်လားရာကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးတို့ ပြူးကျယ်သွားသည်။ သူတို့သားအဖ၏ မလှမ်းမကမ်းတစ်နေရာတွင် ခြင်္သေ့အုပ်ကြီးကို တွေ့လိုက်ရသည်။ ထိုစိတ်လှုပ်ရှားနေမှုတို့ကြောင့် ယင်ရှောင်ရှောင်းမှာ ခြင်္သေ့သားစားချင်နေသည်ဟု ယင်တပိုင် ထင်သွားမိလေသည်။
ယင်တပိုင်မှာ ခြင်္သေ့အုပ်ကို တွေ့သည်ကြောင့် ရှောင်ရှောင်းအား အဝေးသို့ ဆွဲခေါ်သွားသည်။ ယင်ရှောင်ရှောင်း အသိပြန်ဝင်လာချိန်တွင် ခြင်္သေ့အုပ်က အနောက်တွင်ကျန်ခဲ့လေပြီ။ သူလည်းမနေနိုင်မထိုင်ပဲ လှမ်းကြည့်လိုက်မိသည်။
ထိုခြင်္သေ့များက သူတို့သားအဖကိုကြည့်ပြီး ကြောက်နေပုံရသည်။ ဖေဖေ့ကိုမြင်လိုက်လို့များလား။ မဟုတ်လည်း သူပဲလျှောက်မြင်နေတာလား။
မြွေတစ်ကောင်အဖြစ် အသွင်ကူးပြောင်းသွားသည့် အချိန်တည်းက ယင်ရှောင်ရှောင်းထံတွင် တိရစ္ဆာန်တစ်ကောင်၏ အလိုအလျောက်သိစိတ်တို့ ဝင်ရောက်နေရာယူလာသည်။ ထိုအသိစိတ်မှာ တစ်ဖက်သားကောင်၏ စိတ်ခံစားချက်ကို အာရုံခံနိုင်ခြင်းဖြစ်သည်။ ယခုလည်း ထိုခြင်္သေ့ကြီးများထံမှ အကြောက်တရားနှင့် ထိတ်လန့်မှုကို သူခံစားမိသည်။
ခြင်္သေ့အကြောင်းကို ခေါင်းထဲမှထုတ်လိုက်ပြီး ယင်ရှောင်ရှောင် အမြှီးကို ဟိုဟိုဒီဒီလွှဲယမ်းကာ ပေါ့ပါးသွက်လက်စွာဖြင့် ခပ်မြန်မြန် လျှောတိုက်သွားတော့သည်။ စိတ်ထဲတွင်လည်း ခြင်္သေ့များက သူ့ကိုကြောက်သွားတာဖြစ်မည်ဟု တွေးမိလိုက်သေးသည်။
ယင်တပိုင်လည်း သူ့သားကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ပြုံးဖြီးနေသော သူ့သားက ဘာတွေများ ပျော်စရာတွေ့လာလို့လဲမသိ။
ထိုသို့နှင့် သူတို့သားအဖ အချိန်အတော်ကြာအောင် ငှက်ဥရှာဖွေရေးခရီးစဥ်ကို ဆက်ခဲ့ကြသည်။ အချိန်တော်တော်ကြာနေပြီဖြစ်သောကြောင့် ယင်ရှောင်ရှောင်း စိတ်တိုလာရသည်။
ဘာလို့ မရောက်သေးတာတုန်း.. မနေ့က လန်ယိယိတို့ဆီ သွားလည်တုန်းကတောင် ဒီလောက်မသွားရဘူးနော်..
နောက်ဆုံးတွင် သူသည်းမခံနိုင်တော့ဘဲ ယင်တပိုင်ရှေ့ ပိတ်ရပ်ကာပြောလိုက်သည်။
“ဖေဖေ... အခုထိသွားရမဲ့နေရာကို မရောက်သေးဘူးလား.."
ယင်တပိုင်လည်း ခဏရပ်ကာ အရှေ့သို့ လှမ်းကြည့်လိုက်သည်။
"အင်း... ဖေဖေတို့သွားရမဲ့နေရာက အဲ့အရှေ့မှာရှိတဲ့ သစ်ပင်အုပ်ကြီးလေ"။
ယင်ရှောင်ရှောင်း ဘေးတွင်ရှိနေသော ကျောက်တုံးပေါ်တက်ကာ ယင်တပိုင်ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်မိရာ နောက်ပြန်လှန်ကျမတတ် ဖြစ်သွားသည်။
"အဝေး....အဝေးကြီးပဲကို.."
ယင်တပိုင် ညွှန်ပြနေသောတောအုပ်မှာ အဝေးတစ်နေရာတွင် ရှိနေပြီး အရိပ်လေးသာ မြင်ရသည်။
"အဲဒါကြောင့်ပြောတာပေါ့ လိုက်မလာပါနဲ့လို့ ဒါပေမဲ့ မင်းကစကားမှနားမထောင်တာ... အခုတော့ ဘယ်လောက်ဝေးလဲဆိုတာ သိပြီမလား... ဟမ်.."
ယင်တပိုင်လည်း အခွင့်အရေးရတုန်း ပြောချလိုက်သည်။ ရှောင်ရှောင်းသာ သူ့နောက်မလိုက်လာလျှင် အခုလောက်ဆို တောအုပ်ကြီးထဲသို့ ရောက်နေလောက်ပြီ။
ယင်ရှောင်ရှောင်းက ယင်တပိုင်ကို တစ်ချက်မျှလှမ်းကြည့်ပြီး ပြောလာသည်။
"ဖေဖေက... သားကိုမလိုချင်ဘူးမလား.."
မျက်နှာအမူအရာမှာလည်း ညှိုးကျသွားသည်။
ယင်တပိုင်ဆိုလိုသည်မှာ ထိုသို့မဟုတ်ပေ။ ဤသည်ကို အထင်လွဲသွားပုံရသည့် ကလေးငယ်အား အမြန်ချော့လိုက်ရသည်။
"ရှောင်ရှောင်းရာ... ဘာတွေပြောနေတာလဲ... ဖေဖေကသားကို ဘာကိစ္စမလိုချင်ရမှာလဲ... မင်းကဖေဖေ့သားပဲကို.."
ထို့နောက် ချစ်ခင်နှစ်သက်မှုကို ပြသည့်အနေဖြင့် ရှောင်ရှောင်း၏ ခေါင်းကလေးကို အမြှီးဖြင့် ခပ်ဖွဖွ ပွတ်ပေးလိုက်လေတော့သည်။