အပိုင်း ၁၃
Viewers 13k


Chapter 13



အသည်းအသန်ချော့နေသော ယင်တပိုင်ကြောင့် ယင်ရှောင်ရှောင်းလည်း စိတ်ပြေသွားရသည်။ ထို့နောက် မျက်စောင်းထိုးကာ စနောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဖေဖေ...သားတို့ဒီလိုပဲဆက်သွားနေမယ်ဆိုရင်...မှောင်မှပဲအိမ်ပြန်ရောက်လိမ့်မယ်...ဟုတ်တယ်မလား..။

"အင်း.."

ထိုသို့စဥ်းစားကာ ပြောလာသည့် ယင်ရှောင်ရှောင်းကို ယင်တပိုင် အံ့သြနေမိသည်။

"အိမ်ကို စောစောပြန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သားသိတယ်.."

ယင်ရှောင်ရှောင်းက ယင်တပိုင်အား ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဟင်... ဘယ်လိုတုန်း သားရဲ့.."

ယင်တပိုင်က မျှော်လင့်တကြီးမေးလိုက်သည်။ အိမ်ကိုမြန်မြန်ပြန်ရောက်လေ ဟွားရှောင်ဟွားကို သူမြန်မြန်တွေ့နိုင်လေ မဟုတ်ပါလား။

“ဖေဖေ့ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းမှာ သားရစ်ခွေပြီးလိုက်ရင် ပိုမြန်မြန် သွားလို့ရတာပေါ့.. အဲဒါဆို သားတို့ အိမ်မြန်မြန် ပြန်လို့ရပြီလေ..”

ယင်တပိုင်မှာ ယင်ရှောင်ရှောင်းအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရှောင်ရှောင်း၏ နည်းလမ်းမှာ ကောင်းမွန်သော်လည်း အလုပ်မဖြစ်မည်ကို စိုးရွံ့သဖြင့် တစ်ခဏမျှ တွန့်ဆုတ်တွေဝေသွားသော်လည်း နောက်ဆုံးတွင် ရှောင်ရှောင်း၏နည်းလမ်းကို စမ်းသပ်ကြည့်ချင်စိတ်က သူ့ကိုလွှမ်းမိုးသွားသည်။ ထို့ကြောင့် ယင်တပိုင်လည်း ရှောင်ရှောင်းပြောသည့်အတိုင်း လိုက်လျောပေးရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ပြီ... အဲဒါက မြန်မြန်အိမ်ပြန်ရောက်စေမဲ့ နည်းလမ်းဆိုတော့လည်း လုပ်လိုက်ကြတာပေါ့ကွာ.."

ယင်ရှောင်ရှောင်း အလွန်အမင်းဝမ်းသာသွားကာ ကျောက်တုံးကြီးပေါ်မှ အမြန်ဆုံးဆင်းလာပြီး ယင်တပိုင်၏ အမြှီးနားသို့ လျှောတိုက်သွားလိုက်သည်။ ထို့နောက်အားထည့်ကာ ယင်တပိုင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ခွေစေလိုက်သည်။ ယင်တပိုင်၏ဦးခေါင်းမှာ ရှောင်ရှောင်းရစ်ခွေနေသည့်နေရာနှင့် တစ်ဆယ်စင်တီမီတာခန့်သာ ကွာဝေးတော့သည်။ ယင်ရှောင်ရှောင်းက အပေါ်စီးမှနေ၍ ပတ်ဝန်းကျင်တစ်ဝိုက်ကို ဆန်းစစ်ကြည့်သည်။ အပေါ်စီးမှနေသောကြောင့် မြင်ကွင်းအားလုံးက ရှင်းလင်းနေသည်။

"ဖေဖေ... သွားကြစို့.."

ယင်ရှောင်ရှောင်းက စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ အော်ပြောလိုက်သည်။

ထိုသို့နှင့် ယင်ရှောင်ရှောင်းကို ကိုယ်တွင်ရစ်ပတ်ထားလျက် ယင်တပိုင်မှာ ငှက်ဥရှာဖွေရေးခရီးကို ဆက်ရတော့သည်။

ယင်ရှောင်ရှောင်း ပြောသလိုပင် ထိုနည်းလမ်းက ယင်တပိုင်၏အသွားနှုန်းကို နှစ်ဆပိုမြန်စေသည်။ ယင်တပိုင်ကိုယ်တိုင် အတော်လေး အထင်ကြီးသွားမိသည်။ ရှောင်ရှောင်း၏နည်းလမ်းမှာ သိပ်မဆိုးလှပေ။ သို့သော် မြွေငယ်လေးကိုပါ သယ်ထားရသောကြောင့် သူ့တစ်ကိုယ်တည်းသွားသောအရှိန်လောက်သိပ်မမြန်ပေ။

ယင်တပိုင်ကဲ့သို့ပင် ယင်ရှောင်ရှောင်းမှာလည်း ထပ်တူပျော်နေမိသည်။ အလောတကြီး သွားလာနေစရာလည်း မလိုသလို ဇိမ်ခံအမြန်ရထားပေါ်တွင်ထိုင်ပြီး အသက်ရှူမှားလောက်ဖွယ်ရာ ရှုခင်းများကို တမေ့တစ်မော ခံစားကြည့်ရှုနေရသည့်အရာလောက် အဘယ်အရာကမှ မကောင်းနိုင်တော့။ သူမည်မျှပျော်နေကြောင်းကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်မည်မဟုတ်ပေ။

တစ်အောင့်လောက်အကြာတွင် တောအုပ်ကြီးကို ယခင်ကထက်ပိုပြီး နီးနီးကပ်ကပ်မြင်လာရသည်။ သူတို့နှင့် သိပ်မလှမ်းတော့ပေ။ ယင်ရှောင်ရှောင်းက ဇိမ်ခံပြီး သာယာအေးဆေးနေသလောက် ယင်တပိုင်မှာတော့ မသာယာနိုင်ပေ။

ယင်ရှောင်ရှောင်း တစ်ကိုယ်လုံးကို သယ်ပိုးပြီးသွားနေရသောကြောင့် ယင်တပိုင် ကိုက်ခဲညောင်းညာပြီး ခြေကုန်လက်ပန်းကျလာသည်။

အား.. တပိုင်ရေ.. မင်းဒီဘဝတော့ ယင်ရှောင်ရှောင်းနဲ့ သွားရှုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့တော့ဟေ့..

ရှောင်ရှောင်းက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို မှီတွယ်ရစ်ပတ်ထားသောကြောင့် တွားသွားနေသည့် တစ်လျှောက်လုံးတွင် ယင်တပိုင်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို မတ်ထားရသည်။ အချိန်တိုလေးဆိုလျှင် ကိစ္စမရှိပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သန်မာကြံ့ခိုင်သော မြွေတစ်ကောင်ပင်လျှင် ခံနိုင်ရည်မရှိတော့ပေ။ ယင်တပိုင် စိတ်ထဲမှညည်းညူလိုက်မိသည်။

ဘယ်လိုလုပ်ရမလဲနော်..

သူ့ခန္ဓာကိုယ်တွင် မြဲမြံစွာရစ်ခွေနေရာယူထားသော သားဖြစ်သူ ယင်ရှောင်ရှောင်းကို ငုံ့ကြည့်လိုမိသည်။ သူသာရှောင်ရှောင်းကိုအောက်ချလိုက်မည်ဆိုလျှင် ရှောင်ရှောင်းကသူ့ကိုစိတ်ပျက်သွားမည် မဟုတ်လား။ ထို့အပြင် သူ့ကိုအားမရှိသည့် မြွေတစ်ကောင်ဟု ရှောင်ရှောင်းက ထင်သွားနိုင်သည်။ ထိုသို့ဆိုလျှင် အနာဂတ်တွင် ရှောင်ရှောင်းကို ဘယ်လိုရင်ဆိုင်နိုင်တော့မလဲ။

ယင်တပိုင် ရှောင်ရှောင်းရှေ့တွင် သိက္ခာမကျလိုသောကြောင့် အံကိုတင်းတင်းကြိတ်ကာ ဟန်ချက်ထိန်းရင်း ဆက်သွားသည်။ အရှက်နှင့်သိက္ခာအတွက် အသက်ကိုပင်သူလဲရဲသည်။ အဆုံးအထိ တောင့်ခံထားရမည်။

ထိုသို့အားတင်းကာ ဆက်သွားနေရင်း တောအုပ်၏အဖျားပိုင်းကို တွေ့လိုက်ရချိန်တွင် ယင်တပိုင် အပျော်လုံးစို့ပြီး မျက်ရည်များပင်လည်လာသည်။ သို့သော် သားဖြစ်သူရှိနေသည်မို့ မျက်ရည်ကျလို့ကမဖြစ်။ ထို့ကြောင့် မျက်ရည်မကျရအောင် မနည်းအောင့်အီးသည်းခံထားရပြန်သည်။

တောအုပ်ထဲသို့ ရောက်သွားသည်နှင့် ယင်တပိုင်က ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှိန်ပြင်းစွာယမ်းခါပြီး အရူးတစ်ကောင်လို ယင်ရှောင်ရှောင်းအား မြေပြင်ပေါ်သို့ အကြမ်းပတမ်း ပစ်ချလိုက်သည်။ ရုတ်တရက် ထူးဆန်းနေသော ဖခင်ဖြစ်သူကို ယင်ရှောင်ရှောင်း တစ်ချက်စိုက်ကြည့်လိုက်သည်။

ယင်တပိုင်၏ ထူးဆန်းသော အပြုအမူများကို ယင်ရှောင်ရှောင်း လျစ်လျူရှုထားသည်။ အမှန်မှာ သူ့ကိုသယ်ထားရသည့်တစ်လျှောက်လုံး ယင်တပိုင်၏ အပေါ်ပိုင်းခန္ဓာကိုယ်ကို မတ်ထားရသောကြောင့် ညောင်းညာခက်ခဲနေမည့်အဖြစ်ကို ယင်ရှောင်းရှောင်း သတိမထားမိခြင်းဖြစ်သည်။

ယင်တပိုင် သူ့ခန္ဓာကိုယ်ကို အသည်းအသန် အညောင်းအညာဖြေနေချိန်တွင် ယင်ရှောင်ရှောင်းက သူ၏ငါးမီတာပတ်လည်အား စူးစမ်းရှာဖွေကြည့်နေသည်။

မည်သည်ကြောင့် တောအုပ်၏အစွန်အဖျားပိုင်းကို ရောက်နေမှန်း ယင်ရှောင်ရှောင်း မသိသလို မည်သည့်သက်ရှိ အရိပ်အယောင်ကိုမှလည်း သူမမြင်မိချေ။ သူ့ကိုယ်အောက်တွင် သွားလာနေသည့် ပုရွက်ဆိတ်များနှင့် ပိုးတောင်မာများကိုသာ တွေ့ရသည်။

သစ်ပင်များ၏အမြင့်ကို ယင်ရှောင်ရှောင်း မျက်စိအာရုံဖြင့် ခန့်မှန်းကြည့်လိုက်သည်။

အိုး... သစ်ပင်အများစုက ဆယ်မီတာလောက်တော့ မြင့်မယ်ထင်ရော့..

မိုးသစ်တောဒေသများတွင် ပေါက်ရောက်လေ့ရှိသော အပင်ပုံစံများနှင့်လည်း တူသည်။

ယင်ရှောင်ရှောင်း အပေါ်သို့ထပ်ပြီး မော့ကြည့်လိုက်မိသည်။ သစ်ပင်များ ထူထပ်လွန်းပြီး အုံ့ဆိုင်းနေသောကြောင့် ကောင်းကင်ပြာနှင့် နေရောင်ခြည်ကို ကောင်းကောင်းမမြင်ရပေ။ သစ်ရွက်များပေါ်သို့ ဖြာကျနေသော နေရောင်ခြည်များကြောင့် မြေပြင်ပေါ်တွင် ကျိုးတို့ကျဲတဲ အလင်းအစက်အပြောက်လေးများ ဟိုတစ်ကွက်ဒီတစ်ကွက် ဖြစ်ပေါ်နေသည်။ ဤတောအုပ်လေးတွင် နွေရာသီအပန်းဖြေခရီးထွက်လျှင် တော်တော်လေး ဟန်ကျမည်ဟု ယင်ရှောင်ရှောင်း တွေးလိုက်မိသည်။

ရှောင်ရှောင်း ပတ်ဝန်းကျင်ကို စူးစမ်းရင်း အတွေးနယ်ချဲ့နေစဥ်တွင် ယင်တပိုင်လည်း အညောင်းအညာပြေသွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက ဘာမှမဖြစ်ခဲ့သလို ပြန်ကောင်းသွားသည်။ ထို့နောက် ရှောင်ရှောင်းရှိရာသို့ လျှောတိုက်သွားပြီး တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။

"ရှောင်ရှောင်း...ဖေဖေ့နောက်လိုက်ခဲ့.."

ယင်တပိုင် တောနက်ထဲသို့ ရှောင်ရှောင်းအား ဦးဆောင်ပြီးခေါ်သွားသည်။ သူနှင့်စိမ်းသက်နေသည့်နေရာ ဖြစ်သောကြောင့် ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုကိုပါ တစ်ပြိုင်တည်း ခံစားလာရသည်။ အနီးပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်အငွေ့အသက်ကိုမျှ မတွေ့ရမှသာလျှင် ယင်ရှောင်ရှောင်း စိတ်အေးသွားတော့သည်။ အနည်းငယ်လုံခြုံသလို ခံစားလိုက်ရသဖြင့် ယင်တပိုင်နောက် ယခင်ကကဲ့သို့ နီးနီးကပ်ကပ်မလိုက်ဘဲ ခပ်ခွာခွာသာလိုက်တော့သည်။

ရှေ့ဆက်သွားရာ သစ်ပင်အချို့တွင် ငှက်သိုက်များရှိနေသည်ကို ယင်တပိုင် တွေ့လိုက်ရသည်။ ထိုအထဲမှ သူ့ညာဘက်ခြမ်းမှ သစ်ပင်ပေါ်ရှိ ငှက်သိုက်ကြီးမှာ အလွန်ကြီးမားသည်။ ထို့အပြင် ထိုအပင်ရှိ ငှက်သိုက်မှ ငှက်ဥများကို သူတစ်ခါမှ မယူဖူးပေ။ ထို့ကြောင့် ကံကိုယုံကာ ထိုငှက်သိုက်ရှိ ငှက်ဥများကို သွားယူကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ရှောင်ရှောင်း...ဒီမှာပဲနေ...လျှောက်မပြေးနဲ့... နားလည်လား.."

ယင်တပိုင် ရှောင်ရှောင်းဘက်သို့လှည့်ကာ အသိပေးလိုက်သည်။

ယင်ရှောင်ရှောင်းလည်း သစ်ပင်ပေါ်ရှိ ငှက်သိုက်ကို တွေ့လိုက်ရသောကြောင့် ယင်တပိုင် ပြောသမျှကို ခေါင်းညိတ်သဘောတူလိုက်သည်။ ထိုအခါမှ ယင်တပိုင်လည်း စိတ်အေးသွားရတော့သည်။

ယင်တပိုင်သစ်ပင်ပေါ်သို့ တရွေ့ရွေ့ တက်သွားသည်ကို ယင်ရှောင်ရှောင်း စိတ်ဝင်တစားကြည့်နေမိသည်။ ငှက်ဥခိုးနေသည့် မြွေတစ်ကောင်အား သူ့အနေနှင့် ပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။

သစ်ပင်ထိပ်အရောက်တွင် ငှက်ဥများရှိရာသို့ တဖြေးဖြေးချဥ်းကပ်သွားသော ယင်တပိုင်ကို ယင်ရှောင်ရှောင်း အကြည့်မလွှဲနိုင်။ ငှက်သိုက်၏ အနီးဆုံးနေရာသို့ ယင်တပိုင် ရောက်သွားသည်။ ထို့နောက် အသိုက်အတွင်း ခေါင်းလျှိုဝင်လိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် ယင်တပိုင် ငှက်ဥများကို အမြီးဖြင့်ရစ်ပတ်ကာ သစ်ပင်အောက်သို့ ပြန်ဆင်းလာသည်။

"အဲ...အဲဒါပဲလား...ပြီးသွားပြီပေါ့.."

သစ်ပင်ပေါ်မှ အလျင်အမြန် ပြန်ဆင်းလာပြီး သူ့ဘေးသို့ ရောက်လာသည့် ယင်တပိုင်အား ယင်ရှောင်ရှောင်း မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။

"အင်းလေ...ပြီးသွားပြီ...တစ်ခြားဘာရှိသေးလို့လဲ.."

ယင်တပိုင် ရှောင်ရှောင်းအား ဇဝေဇဝါဖြင့် ပြန်မေးလာသည်။ ထို့နောက် ငှက်ဥကို ယင်ရှောင်ရှောင်းရှေ့တွင် ချထားပြီး ဒုတိယတစ်လုံးတက်ယူရန် သစ်ပင်ပေါ်သို့ တက်သွားပြန်သည်။

ယင်ရှောင်ရှောင်း အတော်လေး ဂယက်ရိုက်သွားသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ.. အဲ့ဒီလောက်တောင် ရိုးရှင်းတာလား.. သစ်ပင်ပေါ်တက်ပြီး ငှက်ဥတက်ယူရုံနဲ့ ပြီးသွားရောလား..

ယင်ရှောင်ရှောင်း....မင်းဘာတွေဖြစ်နေတာလဲ..

မြွေနဲ့ ငှက်နဲ့ လုံးထွေးသတ်ပုတ်တာကို မြင်ချင်နေတာလား..

သွေးသံတရဲရဲနဲ့ အောင်ပွဲခံနေတဲ့ ယင်တပိုင်ကို မျှော်လင့်နေတာလား.. တကယ့်အရူးပဲ..

ယင်ရှောင်ရှောင်းရေ.. မင်းကတော့ လူ့ဘဝတုန်းက ရုပ်ရှင်တွေအများကြီး ကြည့်ထားခဲ့ပုံပဲ..