အပိုင်း ၁၄
Viewers 12k


Chapter 14



ယင်တပိုင် သစ်ပင်ပေါ်ရှိငှက်သိုက်မှ စုစုပေါင်းငှက်ဥသုံးလုံး ယူလိုက်သည်။ ထို့နောက်နှစ်လုံးကို ချန်ထားခဲ့သည်။ ယင်ရှောင်ရှောင်းကိုလည်း လှမ်းပြောလိုက်သေးသည်။

"ရှောင်ရှောင်းရေ... မှတ်ထားနော်... ဥတွေအကုန်လုံးကို ယူပစ်လို့မရဘူး... အဲ့လိုဆိုရင် နောက်ပိုင်းဖေဖေတို့အတွက် စားစရာမရှိတော့ဘဲ နေလိမ့်မယ်"

ယင်ရှောင်ရှောင်း စိတ်မရှည်ဖြစ်လာသည်။

"နားလည်ပြီ... သိပြီလို့... လိုသလောက်ပဲယူရမယ်... လောဘမကြီးနဲ့... မဟုတ်ရင် သဘာဝတရားကြီးက ကိုယ့်ကိုပြန်ပြီး လက်တုံ့ပြန်လိမ့်မယ်... အဲ့လိုပြောချင်တာမလား"

ယင်ရှောင်ရှောင်း ထိုငှက်ဥသုံးခုလုံးကို စားပစ်လိုက်သည်။ ဒီအထိ ပင်ပင်ပန်းပန်း ရောက်လာပြီးမှ နည်းနည်းလေးတောင် မစားလိုက်ရလျှင် တရားမမျှတရာကျပေမည်။ ငှက်ဥများ ကုန်စင်အောင် စားသောက်ပြီးနောက် ယင်ရှောင်ရှောင်းတို့က ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်သွားသည်။ ယင်တပိုင်ကလည်း ရှောင်ရှောင်းနောက်မှ တိတ်တဆိတ်လိုက်လာသည်။ ငှက်ဥကို သစ်ပင်ပေါ်မှ ယူလာပေးသော ဖခင်ဖြစ်သည့်သူက နည်းနည်းလေးမှ အချီးကျူးမခံရပေ။ ထို့အပြင် သူဆိုလိုသောစကားကို နားရောနားလည်ရဲ့လားမသိ။

စိတ်ထိခိုက်နေသော ယင်တပိုင်မှာ အခြားငှက်သိုက်တစ်ခုကို ရှာနေသည့် ယင်ရှောင်ရှောင်းနောက်မှ နှုတ်ဆိတ်ပြီး လိုက်လာခဲ့သည်။ ငှက်ဥသုံးဥက သူ့အတွက်မလောက်သေးသည့်ပုံ။

တစ်အောင့်လောက်အကြာတွင် ငှက်သိုက်ကြီးတစ်ခုရှိနေသည့် သစ်ပင်တစ်ပင်ကို ယင်ရှောင်ရှောင်း ရှာတွေ့သွားခဲ့သည်။ ထိုအခါစိတ်လှုပ်ရှားစွာဖြင့် ယင်တပိုင်ဘက်သို့ လှည့်ကာပြောလာသည်။

"ဟိုမှာတွေ့လား... ငှက်သိုက်ရှိနေတယ် ဖေဖေရဲ့"

ရှောင်ရှောင်းညွှန်ပြနေသည့် နေရာကို ကြည့်လိုက်သောအခါ ယင်တပိုင်လည်း ငှက်သိုက်ကို တွေ့လိုက်ရသည်။

စိတ်လှုပ်ရှားမှုကြောင့် ယင်ရှောင်ရှောင်း အန္တရာယ်များကို သတိမမူမိချေ။

"ဖေဖေ... ဒီတစ်ခေါက်ကျရင် သားအပင်ပေါ်တက်ပြီး ယူလို့ရလား... အဆင်ပြေတယ်မလား"

ယင်ရှောင်ရှောင်းက ယင်တပိုင်အား မျှော်လင့်ချက်ကြီးစွာဖြင့် မေးလာသည်။

"မရဘူး...မတက်နဲ့" ဟုပြောရန် ပြင်လိုက်သော်လည်း ယင်တပိုင် စိတ်ကူးပြောင်းသွားခဲ့သည်။ ခေါင်းမာလှသောကောင်လေးကို နည်းနည်းတော့ သင်ခန်းစာပေးရမည် မဟုတ်လား။ ထို့ကြောင့် အလွန်သဘောတူထောက်ခံသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ရတာပေါ့...သားရဲ့"

ယင်ရှောင်ရှောင်း တုန်ယင်စွာဖြင့် နောက်တစ်လှမ်းဆုတ်လိုက်မိသည်။ သူ့ဖေဖေပုံစံမှာ ထူးဆန်းလွန်းပြီး မသင်္ကာစရာကောင်းလာသည်။

ယင်ရှောင်ရှောင်း တံတွေးမြိုချလိုက်မိသည်။

"အဲ...အဲဒါဆိုရင်...သားသွားပြီနော်..."

စကားဆုံးသည်နှင့် ယင်ရှောင်ရှောင်း သစ်ပင်ပေါ်သို့ လျင်မြန်ပေါ့ပါးစွာ တက်သွားလိုက်သည်။ ယင်တပိုင်နှင့်ယှဥ်လျှင် သိပ်မမြန်သော်လည်း သူ့ယခင်အရှိန်နှင့် နှိုင်းစာလျှင် အတော်မြန်သည်ဟု ဆိုရမည်။

ယင်ရှောင်ရှောင်း သစ်ပင်ပေါ်သို့ လှစ်ကနဲ တက်သွားချိန်တွင် ယင်တပိုင်မှာ နောင်တရစွာ ကြည့်နေမိသည်။ သူသာဟန်ဆောင်ပန်ဆောင် အလိုမလိုက်ခဲ့လျှင် ရှောင်ရှောင်းလည်း အပေါ်တက်သွားမည် မဟုတ်ပေ။

ယင်ရှောင်ရှောင်း အသိပြန်ဝင်လာချိန်တွင် သူ့တစ်ကိုယ်လုံးက သစ်ပင်ထိပ်သို့ ရောက်နေပြီဖြစ်သည်။ ထိုအခါ ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် အောက်တွင်စောင့်နေသည့် ယင်တပိုင်အား အော်ပြောလိုက်သည်။

"ဖေဖေ...ဖေဖေရေ...သားတက်နိုင်သွားပြီ"။

"အင်း... ရှောင်ရှောင်းက သိပ်တော်တာပဲ"

ယင်တပိုင်လည်း ရှောင်ရှောင်းအား ချီးကျူးပေးလိုက်သည်။ ကလေးငယ်များကို အသေးအဖွဲကိစ္စလေးများကအစ သူတို့ကျေနပ်အောင် ချီးကျူးပေးနေဖို့ လိုအပ်သည်။

"ဒါပေမဲ့... အဲဒီငှက်ဥတွေကို... အောက်ရောက်အောင် ဘယ်လိုယူဆင်းလာမလဲ ကြည့်ကြသေးတာပေါ့"

ယင်တပိုင် စိတ်ထဲတွင်ကြိမ်းဝါးလိုက်သည်။ ရှောင်ရှောင်း၏ အမြီးက သေးသွယ်ပြီးတိုလွန်းသည်။ ကြီးမားလေးလံသည့် ငှက်ဥများကို အဘယ်သို့ သယ်နိုင်လိမ့်မည်နည်း။ ထို့ကြောင့် ယင်တပိုင်လည်း သစ်ပင်အောက်မှနေ၍ ဖြစ်ပျက်လာတော့မည့် ရှောင်ရှောင်း၏ တလွဲလုပ်ရပ်ကို စောင့်ကြည့်နေမိသည်။

ယင်ရှောင်ရှောင်းလည်း ယင်တပိုင်ထင်သည့်အတိုင်း အကျပ်ရိုက်နေချေပြီ။ ဥများကိုသယ်ပြီး သစ်ပင်အောက်သို့ဆင်းလျှင် လမ်းတစ်ဝက်မရောက်မီတွင် ငှက်ဥများပြုတ်ကျကာ အပိုင်းပိုင်း ကွဲကြေကုန်လိမ့်မည်။

ထို့ကြောင့် ယင်ရှောင်ရှောင်း ငှက်သိုက်ထဲသို့ ခေါင်းပြူကြည့်လိုက်ပြီး လည်တိုင်ကိုဆန့်ကာ ငှက်ဥတစ်လုံးကိုမြိုချလိုက်သည်။ ထို့နောက်ခေါင်းလေးစောင်းငဲ့ကာ ဥခွံကိုထွေးထုတ်လိုက်သဖြင့် ဥခွံမှာသစ်ပင်ပေါ်မှ လှိမ့်ထွက်သွားသည်။

သူ့ရှေ့တွင် ပြုတ်ကျလာသည့် ဥခွံကို ယင်တပိုင် ကြောင်အစွာကြည့်နေမိသည်။ ယင်ရှောင်ရှောင်းက အပင်ပေါ်ရောက်နေမှတော့ ငှက်ဥများကို အသားလွတ်ကြီးစားနိုင်သည်ကို သူဘယ်လိုများ မေ့သွားခဲ့တာပါလိမ့်။ နေရာတိုင်းကို တရွတ်တိုက်ဆွဲသွားစရာမလိုပဲ ဒီအတိုင်း စားပစ်လိုက်ခြင်းဖြစ်သည်။ ထိုကောင်လေး၏အကြံကို သူဘာကြောင့် နည်းနည်းလေးမှ မရိပ်မိခဲ့ပါလိမ့်။

သစ်ပင်ထိပ်တွင်ထိုင်ကာ ငှက်ဥများကို ဇိမ်ပြေနပြေစားနေသည့် ယင်ရှောင်ရှောင်းက ယင်တပိုင်၏ မကျေမချမ်း ဖြစ်နေမှုကို စိုးစဥ်းမျှမသိချေ။ ငှက်ဥအချို့ကိုသာစားပြီး အချို့ကို ချန်ထားခဲ့သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် သစ်ပင်ပေါ်မှ ဆင်းလာပြီးနောက် နောက်ထပ်ငှက်သိုက်များကို ဆက်ရှာသည်။

ယင်ရှောင်ရှောင်းမှာ ဗိုက်ပြည့်အင့်သည်အထိ တွေ့သမျှငှက်ဥတိုင်းကို ပါးစပ်ထဲသွတ်သွင်းသည်။ မွန်းတည့်နေ၏ အပူချိန်က ပြင်းလွန်းလှသောကြောင့် ခေတ္တခဏ နားနေကြသည်။ ထို့နောက် ယင်တပိုင်နှင့် ယင်ရှောင်ရှောင်းတို့ နှစ်ကောင်သား လာရာလမ်းအတိုင်း ပြန်လှည့်ပြန်ကြတော့သည်။ အလာတုန်းကလိုပင် ယင်ရှောင်ရှောင်းက ယင်တပိုင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို မှီတွယ်ပြီးလိုက်လာသည်။ ဤတစ်ခေါက်တွင် ယင်တပိုင်လည်း သည်းမခံနိုင်တော့ချေ။

"ရှောင်ရှောင်း... ဖေဖေ မင်းကိုပြောစရာရှိတယ်"

"အွန်ဟွန်း... ပြောလေ”

ယင်ရှောင်ရှောင်းက လေးတွဲ့တွဲ့လေသံဖြင့် ပြောလာသည်။

"အိမ်ပြန်နေတာဆိုပေမဲ့... ဖေဖေ နည်းနည်းပင်ပန်းနေပြီ... ကိုယ့်ဘာသာကိုယ် သွားနိုင်မလား... ခဏလောက် ဖြစ်ဖြစ်ပေါ့"

ကိုယ့်ဘာသာကိုယ် သွားခိုင်းနေတာလား။ ပြည့်အင့်နေသောကြောင့် ယင်ရှောင်ရှောင်းမှာ နည်းနည်းမှပင် မလှုပ်ရှားချင်ပေ။

"ရှောင်ရှောင်း... လုပ်ပါကွာ... ဖေဖေ့အပေါ်ကို အရမ်းမရက်စက်ပါနဲ့"

တုံ့ဆိုင်းတွေဝေနေသည့် အမူအရာတို့ ယင်ရှောင်ရှောင်း၏ မျက်နှာထက်တွင် ပေါ်လာသည်။ ယင်တပိုင်က သူ့ကိုဆက်ပြီး ချော့မော့သည်။

နောက်ဆုံးတွင် ယင်ရှောင်ရှောင်း ချီတုံချတုံနှင့် သဘောတူလိုက်သည်။

"ဟုတ်ပြီ... ဒါပေမဲ့... အကြာကြီးတော့ မသွားချင်ဘူးနော်"

ယင်တပိုင်လည်း စိတ်သက်သာရာ ရသွားသောကြောင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက်သူတို့နှစ်ကောင် အိမ်ရှိရာသို့ ဦးတည်လိုက်ကြသည်။

"ဖေဖေ... သား မေးစရာတစ်ခုရှိတယ်"

ပင်ပန်းနွမ်းနယ်နေလျှင်ပင် ယင်ရှောင်ရှောင်းမှာ ဖြတ်ထိုးဥာဏ်ကောင်းသူ ဖြစ်နေဆဲပင်။ ခရီးလမ်းတစ်လျှောက် မြင်ခဲ့ရသမျှ အရာတိုင်းကို သူမှတ်မိသည်။

"ဖေဖေနဲ့ပါပါး ပြောခဲ့သလိုဆိုရင်... ဒီတောင်ပေါ်မှာ... မြွေပွေးတွေ အများကြီး ရှိရမယ်မလား... ဒါပေမဲ့ သားတို့ ဒီလောက်အဝေးကြီး သွားခဲ့တာ... တစ်ကောင်မှတောင် မတွေ့ခဲ့ရပါလား"

"ဟိုးအရင်တုန်းက... ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က... အခုလိုမဟုတ်ဘူး... ဒီနေရာက တောင်ထိပ်ဖြစ်ခဲ့ဖူးတယ်"

တောင်ထိပ်တဲ့လား။ ယင်ရှောင်ရှောင်း ပတ်ပတ်လည်ကို အလိုအလျောက် ကြည့်လိုက်မိသည်။ နေရာတိုင်းက မြေပြန့်နီးပါး ဖြစ်နေသည်။

"နောက်ပိုင်းကျတော့... တစ်ခုခုဖြစ်သွားတယ်ကွာ.... ဘာလဲတော့ အတိအကျမသိဘူး... အဲဒါကြောင့်မလို့... တောင်ကုန်းထိပ်က ခွက်ဝင်သွားတယ်... ဖေဖေတို့ အခုရပ်နေတဲ့ ချိုင့်ခွက်ကြီးပေါ့ အဲ့လိုဖြစ်သွားတော့... မြွေပွေးမျိုးနွယ်စုဝင် အတော်များများကို ဆုံးရှုံးလိုက်ရတယ်..."

ထိုသို့ပြောနေရင်း ယင်တပိုင်၏အသံက ဝမ်းနည်းကြေကွဲမှုတို့ဖြင့် တိမ်ဝင်သွားသည်။

"ဒါပေမဲ့ မြွေပွေးမျိုးနွယ်စုတွေ အများကြီးကျန်ပါသေးတယ်... ဒါပေမဲ့ အရင်ကလို နီးနီးကပ်ကပ်တော့ မနေကြတော့ဘူး... အိမ်နီးနားချင်းတွေတောင်မှ... အတော်လေး အနေဝေးကြတယ်"

လန်ယိယိတို့အိမ်သို့ သွားလည်ခဲ့သည့်အချိန်ကို ယင်ရှောင်ရှောင်းသတိရသွားသည်။ ယင်တပိုင်ပြောသလိုပင် လန်ယိယိတို့အိမ်က သူတို့နှင့် အတော်လေး အလှမ်းဝေးသည်။

"အဲဒါအပြင်... မြွေပွေးတွေက... သက်တမ်းလည်းရှည်ကြတယ်... ဒီတောင်ကြီးက သူတို့အတွက် ကြာတော့ ပျင်းစရာကောင်းလာတာပေါ့... မြွေမျိုးနွယ်စု အတော်များများက... ဒီတောင်အကျော်က... ဟိုးတောင်တွေမှာ နေကြတာ... ဥ ဥတဲ့အချိန်မှ... ဒီတောင်ဆီ ပြန်လာကြတယ်"

ယင်ရှောင်ရှောင်းလည်း ဖခင်ဖြစ်သူ၏ စိတ်ရှည်လက်ရှည် ရှင်းပြမှုကြောင့် နားလည်သလောက်ရှိသွားသည်။ အခြားမြွေမျိုးနွယ်စုများကို သူမမြင်မိသည်မှာ မထူးဆန်းလှပေ။

"အဲဒါဆိုရင်... သားကြီးလာတဲ့အခါကျရင်... ဒီတောင်အကျော်က... တောင်တွေဆီ လေ့လာရေးခရီး သွားလို့ရပြီပေါ့"

"အဲဒါက..."။

ယင်တပိုင် တွေဝေတုံ့ဆိုင်းသွားသည်။
"အင်း... ထွက်သွားတဲ့အခါ... ပုံမှန်အားဖြင့်တော့... မြွေနှစ်ကောင်သုံးကောင် အတူတူသွားလေ့ရှိကြတယ်... အဲဒီလို အဖော်နဲ့သွားမှ မပျင်းရမှာ"

ထို့နောက် ယင်တပိုင် ဆက်ပြောသည်။
"အာ... ဟုတ်သားပဲ... အဲဒီလို အိမ်ကထွက်သွားတဲ့ အချိန်ကျရင်... ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့သွားတာက... အကောင်းဆုံးပဲ... စိတ်အေးလက်အေးလည်းဖြစ်သလို... စိတ်ကူးယဥ်ဆန်ဆန်လေးလည်း ဖြစ်တာပေါ့"

ပြောရင်းပြောရင်းနှင့် ယင်တပိုင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။

ယင်ရှောင်ရှောင်းသာ အိမ်ထောင်ဖက်ရှိလာခဲ့လျှင် သူနှင့်ဟွားရှောင်ဟွားတို့ အေးအေးဆေးဆေး နေနိုင်မည်မဟုတ်လား။ ဟုတ်သားပဲ။ ရှောင်ရှောင်းအတွက် လက်တွဲဖော်မြန်မြန်ရှာပေးဖို့ လိုအပ်သည်။

ဟေ့...ဟေ့မြွေ။ ရှောင်ရှောင်းကမွေးလာတာမှ ဘယ်လောက်ကြာသေးလို့ ခင်ဗျားက ဘယ်နှယ့် အိမ်ထောင်ရက်သားချပေးဖို့ ကြံနေရတာတုန်း။

မြွေပွေးတစ်ကောင် အရွယ်ရောက်ပြီး ရင့်ကျက်လာဖို့က အနည်းဆုံး အနှစ်သုံးဆယ်ခန့် အချိန်ယူရသည်ဟု ဆိုကြသည်။ ထိုအခါမှ လက်တွဲဖော်ရွေးရမည့် အချိန်တန်သည်။

ဖခင်ဖြစ်သူ ယင်တပိုင်က သူ့အတွက် အဆိပ်ပြင်းပြီး သန်မာသည့် လက်တွဲဖော်ကောင်း ရှာပေးရန်ကြံနေမှန်း ယင်ရှောင်ရှောင်း နည်းနည်းလေးမှ မရိပ်မိပေ။ ရုတ်တရက်ထရယ်နေသော ယင်တပိုင်ကြောင့် ရှောင်ရှောင်းခမျာ အတော်လေး လန့်ဖြန့်သွားသည်။

"ဖေဖေပင်ပန်းနေမှာစိုးလို့... သားဘာသာသားပဲ လျှောတိုက်သွားလိုက်တော့မယ်နော်"

ထို့နောက် ယင်ရှောင်ရှောင်းမှာ အတတ်နိုင်ဆုံးအားကုန်သုံးပြီး လျှောတိုက်သွားကာ အနောက်မှ တခစ်ခစ်ရယ်ကာ လိုက်လာသည့် ယင်တပိုင်ကို လျစ်လျူရှုထားလိုက်တော့သည်။