Chapter 15
ယင်တပိုင်နှင့် ယင်ရှောင်ရှောင်းတို့ ဂူပေါက်ဝသို့ ပြန်ရောက်လာချိန်တွင် သူရိန်နေမင်းကြီးက အနောက်အရပ်သို့ ဝင်လုဆဲဆဲ ဖြစ်နေပြီး ကမ္ဘာမြေတစ်ခွင်တွင် ပုစွန်ဆီရောင်အလင်းတန်းများကို ဖြန့်ကြက်ထားသည်။ သိပ်မပြင်းလှသော အလင်းရောင်ပျို့ပျို့လေးက မြွေပေါက်လေးများ၏ စိတ်အစဥ်ကို လန်းဆန်းစေသည်။ ယင်ရှောင်ရှောင်းလည်း အနောက်အရပ်သို့ ကွန်းခိုနေသော သူရိန်နေမင်းကြီးနှင့် ညနေဆည်းဆာအလှကို ခံစားရင်း ကြည်နူးနေမိသည်။
ယင်တပိုင်နှင့် ယင်ရှောင်ရှောင်းတို့ ဂူကြီးထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဝင်သွားကြသည်။ ယင်တပိုင်က ယင်ရှောင်ရှောင်းထက်ပို၍ အလျင်စလိုဖြစ်နေသည်။
“ရှောင်ဟွားရေ… ကိုယ်ပြန်ရောက်ပြီ”
ကံဆိုးစွာဖြင့် မည်သူကမှ ပြန်မဖြေလာပေ။ ယင်တပိုင် ဂူအတွင်းထဲသို့ ပတ်ကြည့်လိုက်သော် ဟွားရှောင်ဟွားကိုလည်း မတွေ့ရသလို အခြားမြွေပေါက်လေးများကိုလည်း မတွေ့ရချေ။
“ဟင်… ထူးဆန်းလိုက်တာ... ဘယ်သွားလိုက်ကြတာပါလိမ့်”
ယင်တပိုင် ရှောင်ရှောင်းအား မေးငေါ့ကာ ပြောလာသည်။
ယင်ရှောင်ရှောင်းလည်း မသိသောကြောင့် အထူးအထွေ ပြန်ဖြေမနေတော့ပေ။ ဂူကြီးတစ်ခုလုံးကို ယင်တပိုင် အကြိမ်အနည်းငယ် လှည့်ပတ်ရှာလိုက်သည်။ သို့သော် မြွေတစ်ကောင်တစ်လေ၏ အရိပ်အယောင်ကိုမှ မတွေ့ရသောကြောင့် လက်လျှော့လိုက်သည်။
”အိမ်နီးနားချင်းတွေဆီကို သွားလည်တာနေမှာ”
ထိုအိမ်နီးနားချင်း ဆိုသည်မှာလည်း လန်အာလန်နှင့် ဟုန်စန်ဟုန်တို့သာရှိသည်။
”ရှောင်ရှောင်း… ဖေဖေ သားပါးပါးနဲ့ ကောကောတို့တွေကို သွားရှာလိုက်ဦးမယ်… ဒီမှာ လိမ်လိမ်မာမာနဲ့ နေခဲ့နော်… မဟုတ်မဟတ်တွေ ဘာမှလျှောက်မလုပ်နဲ့”
ထိုသို့ တိုတိုတုတ်တုတ်ပြောပြီး ဂူအပြင်ဘက်သို့ အမြန်ထွက်ခွာသွားတော့သည်။
ဖခင်ဖြစ်သူထွက်သွားသည်နှင့် ယင်ရှောင်ရှောင်၏ နှုတ်ခမ်းစွန်းတို့ တွန့်ချိုးသွားသည်။
ဆိုတော့ကာ… သူ့တစ်ကောင်တည်း အိမ်မှာကျန်ခဲ့တာပေါ့လေ။ တစ်ကောင်ကောင်က သူ့ကိုလာတိုက်ခိုက်ရင် ဘယ့်နှယ့်လုပ်ကြမလဲ။
အိမ်တွင်တစ်ကောင်တည်း ကျန်ခဲ့သောကြောင့် ယင်ရှောင်ရှောင်း အတော်လေး အထီးကျန်လာရသည်။ ဥပေါက်လာသည့် အချိန်မှစ၍ အစောနလေးတင်အထိ သူတစ်ခါမှ အထီးမကျန်ခဲ့ဖူးပေ။ တစ်ပြိုင်နက်တည်းတွင် နေရထိုင်ရတာလည်း အဆင်မပြေတော့။
သူ့အား ကာကွယ်ပေးပြီး မေတ္တာအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပေးသော မြွေမိသားစု၏ ဝန်းရံမှုအောက်တွင် နေသားကျခဲ့ပြီ။ ယခုမူ အနားမှာ မည်သူမျှ မရှိသည့်အခါ အထီးကျန်ဆန်ကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ထိုအတွေးများကြောင့် ယင်ရှောင်ရှောင်း ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။ နောက်ဆိုရင် ဟွားရှောင်ဝူးအပေါ် သူကောင်းကောင်းဆက်ဆံမှ ရတော့မည်။
ယင်ရှောင်ရှောင်း သိပ်မစောင့်လိုက်ရပေ။ မြွေမိသားစုတစ်စုလုံးက အိမ်သို့ အပြေးအလွှား ပြန်လာကြသည်။ ထိပ်ဆုံးရောက်လာသူမှာ ဟွားရှောင်ဟွားပင်ဖြစ်သည်။ ယင်ရှောင်ရှောင်း၏ အရိပ်အယောင်လေးကို မြင်လိုက်သည်နှင့် ဟွားရှောင်ဟွားက သူ့အနားသို့ အပြေးရောက်လာပြီး မျက်နှာတစ်ခုလုံးကို နမ်းရှုံ့ကာ တစ်ကိုယ်လုံးကို အသေအချာ လှည့်ပတ်ကြည့်တော့သည်။ ထို့နောက် ယင်တပိုင်နောက်သို့လှည့်ကာ ကြိမ်းဝါးတော့သည်။
"ယင်တပိုင်... ခင်ဗျားမို့လို့... ရှောင်ရှောင်းကို... အမဲလိုက်ဖို့ အတူခေါ်သွားရဲတယ်နော်"
မတရားစွပ်စွဲခံလိုက်ရသောကြောင့် ယင်တပိုင် သေချင်စိတ်ပေါက်လာသည်။
"ရှောင်ဟွား... မင်းပဲကိုယ့်ကို ခေါ်သွားခိုင်းတာလေကွာ"
"ငါကခေါ်သွားခိုင်းတယ် ဟုတ်လား... ဘယ်တုန်းက ခေါ်သွားခိုင်းဖူးလို့လဲ"
ယင်တပိုင်နှင့် သူတစ်ခွန်းကိုယ်တစ်ခွန်း ငြင်းခုံနေစဥ် ဟွားရှောင်ဟွား၏ မျက်ဝန်းအိမ်များက တဖြေးဖြေးပိုပိုပြီး ပြူးကျယ်လာသည်။
"ရှောင်ရှောင်းက အရမ်းငယ်သေးတယ်... အဲဒါကိုခင်ဗျားက... ဘယ်လိုလုပ်ပြီးတော့ ခေါ်သွားဖို့ စဥ်းစားနိုင်ရတာလဲ"
ဒီမနက်က ယင်တပိုင်ကို ရှောင်ရှောင်းအား အနိုင်မကျင့်ဖို့နှင့် ရှောင်ရှောင်း၏ စကားမှန်သမျှ လိုက်လျောပေးရန် သူပြောလိုက်သော်လည်း ယင်တပိုင်က ငှက်ဥအမဲလိုက်ရာတွင် ရှောင်ရှောင်းအား ခေါ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ နေ့လည်ပိုင်းရောက်လာမှ တစ်စုံတစ်ခု လွဲမှားနေမှန်း သူသတိထားမိသည်။ ထိုအချိန်တွင် ဟွားရှောင်ဝူးက သူ့အား သတိလာပေးသည်။
"ပါပါး... ဖေဖေက ရှောင်ရှောင်းကို ငှက်ဥရှာတဲ့နေရာကို ခေါ်သွားတယ်"
မနက်က ပျောက်ချင်းမလှပျောက်သွားသည့် သားအဖနှစ်ကောင် ဘာတွေဖြစ်ခဲ့မှန်း ဟွားရှောင်ဝူးသိသည်။ ရှောင်ရှောင်းက မလိုက်ချင်သော်လည်း သူ့ဖေဖေ၏ နိုင်ထက်စီးနင်းအပြုအမူနှင့် အတင်းအကျပ်စေခိုင်းမှုကြောင့် ငှက်ဥရှာဖွေရာတွင် ရှောင်ရှောင်းက အတူလိုက်သွားရခြင်းဟု ဟွားရှောင်ဝူး ကောက်ချက်ချလိုက်သည်။
အစပိုင်းတွင် ရှောင်ရှောင်းနှင့် ယင်တပိုင်ကို လိုက်ရှာရန် ဟွားရှောင်ဟွား တွေးမိသေးသည်။ ယင်တပိုင်နှင့် အတူရှိနေလျှင် ရှောင်ရှောင်း အန္တရာယ်ကင်းနိုင်သည်ကို သူသိသော်လည်း အတော်လေး စိတ်ဆိုးမိသည်။ ယင်တပိုင်ကို သွားရှာပြီး သင်ခန်းစာပေးပစ်ရန် ဆုံးဖြတ်ထားသော်လည်း ရှောင်စစ်၏ လှည့်စားခြင်းကို ခံလိုက်ရပြီး လန်-ဟုန် အိမ်သို့ ရောက်သွားခဲ့သည်။
ယင်တပိုင်... ခင်ဗျားမြွေဘယ်နှစ်ကောင်ကိုသုံးပြီး... ခင်ဗျားလုပ်ထားတဲ့ အပြစ်ကို ဖုံးဖို့ကြိုးစားနေတာလဲ။
ယင်တပိုင်မှာ ကံဆိုးမိုးမှောင်ကျလေပြီ။ ယင်ရှောင်ရှောင်းကမူ မြွေတစ်ကောင်၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားနေရသည်။
ဟွားရှောင်ဟွားက ယင်တပိုင်အား လုံးဝခွင့်လွှတ်ညှာတာပေးမည့်ပုံမပေါ်။ ဤရက်ပိုင်းတော့ ယင်တပိုင်အတွက် အခက်ခဲဆုံးနေ့ရက်တွေ ဖြစ်ပေဦးမည်။
ဟွားရှောင်ဟွားက ယင်တပိုင်အား ဆုံးမသြဝါဒခြွေပြီး သင်ခန်းစာကောင်းကောင်းပေးရန် ဂူအနက်ဆုံးထဲသို့ ခရီးဦးကြိုပြုပေးသည်။ ယင်ရှောင်ရှောင်းကမူ ထိုကိစ္စအပေါ် နည်းနည်းမှအာရုံမရှိ။ သူ့ကြောင့် ယင်တပိုင် ဒုက္ခရောက်နေပြီ ဖြစ်သော်လည်း အပြစ်ရှိစိတ်လည်း မဝင်မိသလို စိတ်မသိုးမသန့်ဖြစ်တာလည်း မရှိပေ။
ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ ဂူနက်ထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် ဟွားရှောင်ဝူက ယင်ရှောင်ရှောင်းအနားသို့ ကပ်ပြီးမေးလာသည်။
"ရှောင်ရှောင်း... ဖေဖေ့နောက်လိုက်ပြီး... ငှက်ဥရှာရတာ ပျော်စရာကောင်းလား"
"နည်းနည်းလေးမှ... ပျော်စရာမကောင်းပါဘူး"
ယင်ရှောင်ရှောင်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"အရမ်းပင်ပန်းတယ်... ခရီးလမ်းက တကယ့်ကို အဝေးကြီးပဲ"
"အိုး...အဲ့လိုလား"
ရှောင်ရှောင်းထံမှ ထိုအဖြေကို ဟွားရှောင်ဝူ မမျှော်လင့်ထားခဲ့ပေ။ ရှောင်ရှောင်း အလွန်ပျော်ရွှင်လိမ့်မည်ဟု သူတွေးထားခဲ့သည်။
"ဒါပေမဲ့..."
ရှောင်ရှောင်း ဆက်ပြောသည်။
"လမ်းတစ်လျှောက်... တွေ့ခဲ့ရတဲ့ရှုခင်းတွေက... သိပ်လှတယ်... တောအုပ်ကြီးက နွေရာသီအပန်းဖြေဖို့အတွက် အရမ်းကောင်းတဲ့ နေရာတစ်နေရာပဲ... ငှက်ဥတွေလည်း အများကြီးရှိတယ်.. အင်း... အဲ့လိုဆိုတော့လည်း... ကောင်းတယ်လို့ ပြောရမှာပေါ့"
ရှောင်ရှောင်း၏စကားကြောင့် ဟွားရှောင်ဝူ ဇဝေဇဝါဖြစ်သွားသည်။ အစောပိုင်းကပဲ ပျော်စရာမကောင်းဘူးလို့ ပြောခဲ့သော ရှောင်ရှောင်းက အခုကျပြန်တော့လည်း ပျော်စရာကောင်းတယ်တဲ့လား။ ကောင်းတာလား မကောင်းတာလား။ ရှောင်ရှောင်းဘာကိုပြောချင်နေမှန်း သူလည်းမသိတော့။
သူတို့အနားဖြတ်သွားသော ယင်ရှောင်စစ်က အကူအညီမဲ့စွာဖြင့် ဂူမျက်နှာကြက်ကို မော့ကြည့်လိုက်မိသည်။ ဒီဥာဏ်ရည်နိမ့်တဲ့ ငတုံးတွေနဲ့ နေတာများလာရင်... သူလည်း ကြာလေကြာလေ ဥာဏ်ရည် နိမ့်ကုန်တော့မလားမသိ။
ယင်ရှောင်ယိက ယင်ရှောင်ရှောင်းနှင့် ဟွားရှောင်ဝူကိုကြည့်ရင်း တခစ်ခစ်ရယ်နေသည်။
"ငါလည်း သွားချင်တယ်_"
"_အဲ့မှာ သွားကစားချင်တာ"
ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့က တစ်ပြိုင်တည်း ပြောလာသည်။ သို့သော်မည်သူမှ ခွန်းတုံ့မပြန်ကြပေ။
ယင်ရှောင်ရှောင်းလည်း တစ်နေကုန်ပင်ပန်းလာသဖြင့် သမ်းဝေနေပြီဖြစ်သည်။
သမ်းဝေနေသော ယင်ရှောင်ရှောင်းကြောင့် ဟွားရှောင်ဝူ ပျာယာခတ်သွားသည်။
"ရှောင်ရှောင်း... ကောကောက မပင်ပန်းသေးဘူးနော်"
ရှောင်ရှောင်းလည်း ရုတ်တရက်ကြောင်သွားသည်။
"ဟင်... အဲဒီတော့ဘာလုပ်ပေးရမှာလဲ"
"ရှောင်ရှောင်း... မင်းအိပ်ချင်နေပြီ... ဟုတ်တယ်မလား... ဒါပေမဲ့... အခုလောလောဆယ် ကောကောမှ မအိပ်ချင်သေးတာ... ရှောင်ရှောင်းလည်း မအိပ်ပါနဲ့ဦး"
ဟွားရှောင်ဝူ၏ စကားကြောင့် ယင်ရှောင်ရှောင်း ပိုပိုပြီး ငိုက်မျည်းလာသည်။ ထို့နောက် ဂူအပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။
"အပြင်မှာမှောင်နေပြီ... အိပ်ဖို့အချိန်တန်နေပြီလေ"။
အခြားနည်းနှင့်ပြောရလျှင် "ဟွားရှောင်ဝူ... မင်းမအိပ်ချင်သေးရင်တောင်မှ... အိပ်ရာဝင်ချိန် ရောက်နေပြီမလို့ အိပ်လိုက်တော့"။
ဒါနဲ့နေပါဦး... နေဝင်တာနဲ့... ငါကဘာဖြစ်လို့ အိပ်ချင်လာရတာလဲ။ လူသားဘဝတုန်းကလည်း..ဒီလိုပဲလား။
ယင်ရှောင်ယိ၊ ယင်ရှောင်စစ်၊ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့က ယင်ရှောင်ရှောင်းအနား ချဥ်းကပ်လာကြသည်။ ဟွားရှောင်ဝူလည်း တစ်ကောင်တည်း ကွက်ကျန်နေသည်မျိုး မဖြစ်ချင်၍ အရှေ့သို့ တဖြေးဖြေးတိုးလာသည်။
သူ့အနားသို့ ချဥ်းကပ်လာကြသော မြွေငယ်များကို ယင်ရှောင်ရှောင်း မျက်စောင်းထိုးပစ်ချင်သည်။ သို့သော် ပင်ပန်းနွမ်းနယ်လွန်းသောကြောင့် မျက်ခွံများက အလိုလိုမှိတ်ကျသွားတော့သည်။
တစ်အောင့်လောက်ကြာသောအခါ ဟွားရှောင်ဝူမှလွဲ၍ အခြားမြွေငယ်လေးများ တဖြေးဖြေး အိပ်ပျော်သွားကြလေသည်။
အမှောင်ထုကိုစိုက်ကြည့်ရင်း မကျေနပ်ချက်တို့ကြောင့် ဟွားရှောင်ဝူ၏ မျက်ဝန်းများက တလက်လက် တောက်ပနေသည်။ သူတကယ် မပင်ပန်းသလို အိပ်လည်းမအိပ်ချင်သေးပေ။
နေ့လည်ပိုင်းတွင် အချိန်အကြာကြီး တစ်ရေးတစ်မော အိပ်လိုက်သောကြောင့် မျက်စိကြောင်နေခြင်းဖြစ်မည်။
ဂူထဲသို့ နေအလင်းရောင်များ တစ်စွန်းတစ်စ ကျရောက်လာသောအခါ ယင်ရှောင်ရှောင်းလည်း အိပ်မက်ကမ္ဘာမှနိုးလာသည်။ ထို့နောက် အခြားမြွေငယ်များလည်း တစ်ကောင်ပြီးတစ်ကောင် နိုးလာကြသည်။ ညသန်းခေါင်ကျော်မှ အိပ်ပျော်သွားသော ဟွားရှောင်ဝူမှာ ယခုအချိန်အထိ မနိုးသေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်။ ဆင်တက်နင်းလျှင်ပင် နိုးမည့်ပုံမပေါ်။
မနက်စောစောစီးစီး ယင်ရှောင်ရှောင်း ဇဝေဇဝါဖြစ်သွားရသည်။ မနေ့ညက ဂူနက်ထဲဝင်သွားကြသော ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့က ယခု သူတို့ဘေးတွင်လာအိပ်နေသည်။
ဂူနက်ထဲတွင်မအိပ်ဘဲ ဘာကြောင့်များ သူတို့အနားမှာ အိပ်နေရတာလဲ။ ထူးဆန်းလိုက်လေခြင်း။ တစ်ခါတစ်လေကျရင် ထိုအပြောင်းအလဲမြန်သောမြွေနှစ်ကောင်ကို ယင်ရှောင်ရှောင်းနားမလည်နိုင်တော့ပေ။