အပိုင်း ၁၆
Viewers 13k


Chapter 16



မြွေငယ်လေးများ နိုးလာပြီးနောက် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့လည်း ဆက်မအိပ်ရဲတော့ဘဲ ထလာရသည်။ မနေ့ညက သူတို့နှစ်ကောင် ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ပြီး ဒီမနက်တွင်လည်း စောစောထရသေးသည်။ ညနက်ရတဲ့ အကြောင်းရင်းကတော့… အဟွတ်..အဟွတ်… မဟုတ်ကဟုတ်ကတွေ လျှောက်တွေးမနေနဲ့… ခင်ဗျားတို့ထင်သလို လုံးဝမဟုတ်ဘူးနော်။ ဟွားရှောင်ဟွားက ယင်တပိုင်ကို အချိန်အကြာကြီး အပြစ်ပေး ဆုံးမနေသောကြောင့် ညဉ့်နက်မှ အိပ်ရာဝင်ဖြစ်ခြင်းပင်။ တစ်ခြားကိစ္စအတွက် ဘာအချိန်မှမရှိခဲ့ပါ။ ယနေ့တွင်မူ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ နှစ်ဦးသား အတူတူ အမဲလိုက်ထွက်ကြမည် ဖြစ်သည်။

ယင်ရှောင်ရှောင်း ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ နှစ်ကောင်အား အကြိမ်ပေါင်းများစွာ တစ်လှည့်စီ ကြည့်နေမိသည်။ ထို့နောက် ဟွားရှောင်ဝူ၏ဘေးသို့ မျက်စိတစ်မှိတ်အတွင်း လျင်မြန်သောအရှိန်ဖြင့် သွားလိုက်ကာ နားနားကပ်လျက် စကားအချို့ကို တီးတိုးရေရွတ်လိုက်သည်။ ရှောင်ရှောင်း ပြောလိုက်သောစကားကြောင့် ဟွားရှောင်ဝူ တွေဝေတုံ့ဆိုင်းသွားသည်။

“အာ…အဲဒီလိုဆိုရင် အဆင်ပြေပါ့မလား”

ယင်ရှောင်ရှောင်းက ခေါင်းကို တစ်သွင်သွင်ညိတ်ရင်း ပြန်ဖြေသည်။

“အွန်ဟွန်း… အဆင်ပြေမှာပါ”

ဟွားရှောင်ဝူ၏ခန္ဓာကိုယ် တစ်ချက်တွန့်သွားသည်။

”အင်း…ဟုတ်ပြီ… ကောကော သိပြီ”

ဟွားရှောင်ဝူလည်း ဟွားရှောင်ဟွား၏ဘေးသို့ ဖြေးဖြေးချင်း ချဥ်းကပ်သွားလိုက်သည်။

“ပါပါး”

ဟွားရှောင်ဟွားက ဟွားရှောင်ဝူးအား တစ်ချက်လှမ်းကြည့်လာသည်။

“ဘာလဲ”

ဟွားရှောင်ဝူး တံတွေးမြိုချလိုက်မိသည်။

“ဒီနေ့…ဖေဖေနဲ့ပါပါးက အမဲလိုက်ထွက်ကြမှာလား”

“အင်း”

“အဲ…အဲဒါကလေ…”

ဟွားရှောင်ဝူလည်း မျက်နှာထက်တွင် အပြုံးမပေါ်ပေါ်လာအောင် အတင်းလုပ်ပြုံးလိုက်သည်။

“အဟား…အဲဒါကလေ… သားလည်း ဖေဖေရယ် ပါပါးရယ်တို့နဲ့ အတူတူ အမဲလိုက် ထွက်ချင်လို့ပါ”

ဟွားရှောင်ဟွားက သူ့အား စွေကြည့်ရင်း ခပ်ပြတ်ပြတ်ပြောလာသည်။

“မရဘူး”

“ဘာလို့လဲ”

ဟွားရှောင်ဝူး အတော်လေး စိတ်ပျက်သွားသည်။ ထိုမေးခွန်းမှာ ဟွားရှောင်ဟွား အဖြေလုံးဝပြန်မပေးချင်သည့်မေးခွန်း ဖြစ်သည်။

“ပါပါး…သားလည်းလိုက်ချင်တယ်”

ယင်ရှောင်ရှောင်းကလည်း အခွင့်အရေးရသည်နှင့် ဝင်ပြောလာသည်။

“သား… သားလည်း သွားချင်တယ်”

ယင်ရှောင်စစ်က ဟွားရှောင်ဟွားကို စိုက်ကြည့်ရင်း ပြောလာပြန်သည်။

“အားလုံးလိုက်သွားမယ်ဆိုတော့… သားတို့လည်း လိုက်မယ်”။

အမြွာများဖြစ်သည့် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ကလည်း ဒီလိုအချိန်မျိုးတွင် နှစ်ခါတိုင်ပင်စရာမလိုအောင် ညီနေသည်။

“ကဲ…အားလုံး အမဲလိုက်ထွက်ကြမှာဆိုတော့… သားလည်း အိမ်မှာနေခဲ့စရာအကြောင်း မရှိတော့ဘူးမလား”

ယင်ရှောင်ရှောင်းက အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်သူဖြစ်သည်။ ဟွားရှောင်ဟွား ယင်တပိုင်အား မျက်စောင်းထိုးကာ စိုက်ကြည့်လိုက်မိသည်။

ယင်တပိုင် မဆီမဆိုင် စွပ်စွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဟေး…ဒါကကိုယ်နဲ့ဘာမှမဆိုင်ဘူးနော်…ဘာလို့အဲ့လိုစိုက်ကြည့်နေတာလဲ

ဘာလို့ စိုက်ကြည့်နေတာလဲ ဆိုတော့… ခင်ဗျားမနေ့က ရှောင်ရှောင်းကို ခေါ်ထုတ်သွားလို့ ဒီလိုအခြေအနေတွေ ဖြစ်ကုန်တာလေ… ခင်ဗျားအမှားမဟုတ်လို့ ဘယ်သူ့အမှား ဖြစ်ရမှာလဲ။ ယင်တပိုင်လည်း တစ်ဖက်သို့ လှည့်သွားမိသည်။

အေးပါကွာ… ဘယ်သူ့အမှားမှမဟုတ်ဘူး… ကိုယ့်အမှားပါ။

“အင်း… မင်းတို့ ဒီလောက်လိုက်ချင်နေမှတော့… လိုက်ပေါ့”

ဟွားရှောင်ဟွားလည်း ပြောလို့မရဆုံး မြွေပေါက်လေးများ၏ တောင်းဆိုမှုကို သဘောတူလိုက်ရသည်။ ဟွားရှောင်ဝူလည်း စိတ်သက်သာရာရသွားသည်။ ထို့နောက် ယင်ရှောင်ရှောင်းဆီသို့ သွားကာပြောလိုက်သည်။

“ရှောင်ရှောင်… ကောကောက မင်းပြောသလိုပဲ လုပ်လိုက်တယ်… ဘယ်လိုလဲ… ‌ကောကော တော်တယ်မဟုတ်လား”။

“အင်း…အရမ်းတော်တယ်”

ယင်ရှောင်ရှောင်းကပြုံးရင်း သူ့ကိုချီးကျူးလာသည်။ ထို့ကြောင့် ဟွားရှောင်ဝူလည်း ကျေနပ်သွားသည်။ ရှောင်ရှောင်းရဲ့ အပြုံးက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူ့ကိုပြုံးပြလာသော ယင်ရှောင်ရှောင်းကြောင့် ဟွားရှောင်ဝူ ရှက်သွေးဖြာသွားသည်။

အခြားမြွေမိသားစုဝင်အားလုံးက ဟွားရှောင်ဝူးကို မြင်ပြင်းကပ်သလိုကြည့်ရင်း သူ့အနားမှ ခွာသွားကြသည်။ ထိုသို့နှင့် သူတို့တစ်မိသားစုလုံး စောစောထဖြစ်သွားကြသည်။ အပြင်ဘက်တွင် နေထွက်နေပြီဖြစ်သော်လည်း အပူချိန်က သိပ်မမြင့်သေးပေ။ လေပြည်လေညင်းကလေးများကလည်း တစ်သုန်သုန်တိုက်ခတ်နေသောကြောင့် အေးမြလန်းဆန်းသွားစေသည်။ ယင်ရှောင်ရှောင်း ထိုခံစားချက်ကို အကြိုက်တွေ့သွားသည်။ နေပူရှိန်းရှိန်းထဲတွင် အေးမြမြလေပြေ၏ ဝေ့ဝဲတိုက်ခတ်မှုက ကျေးဇူးတင်စရာကောင်းလှသည်။

ထို့ကြောင့် ယင်ရှောင်ရှောင်းလည်း ယင်တပိုင်နှင့် ဟွားရှောင်ဟွားအား အမြန်ထွက်ခွာရန် ပြောလိုက်သည်။

တစ်ကျီကျီ ပူဆာနေသော ယင်ရှောင်ရှောင်းကြောင့် ဟွားရှောင်ဟွားလည်း ရွေးချယ်စရာမရှိပဲ ချက်ချင်းထွက်ခွာရတော့သည်။

ထိုသို့နှင့် သူတို့မိသားစုတစ်ခုလုံး အမဲလိုက်ကွင်းပြင်သို့ ချီတက်သွားကြတော့သည်။

"သား စမ်းချောင်းနားသွားချင်တယ်"

ယင်ရှောင်ရှောင်းက မသက်မသာ လျှောတိုက်သွားရင်း ပြောသည်။

"မဟုတ်ဘူး... အဲဒီနားသွားရမှဖြစ်မယ်"

ဟွားရှောင်ဟွားက ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှေ့ဆက်သွားနေသည်။ တစ်ကယ်တမ်းတွင် သူအကြိမ်ကြိမ် မျက်စောင်းထိုးနေမိခြင်းဖြစ်သည်။

အပူချိန်မခံနိုင်သော သားဖြစ်သူ၏ ခန္ဓာကိုယ်ကြောင့် စိတ်ပျက်မိသော်လည်း အပြင်ပန်းတွင် ကြမ်းတမ်းသလိုလိုနှင့် စိတ်ထားနူးညံ့သော ပါပါးရှောင်ဟွားက ရှောင်ရှောင်း၏ အလိုဆန္ဒအတိုင်း တတ်နိုင်သလောက် လိုက်လျောပေးသည်။ ပုံမှန်သွားနေသည့် လမ်းကြောင်းမှသွေဖီကာ ရေရှိနိုင်မည့်လမ်းမှ သွားလေသည်။

ဟွားရှောင်ဟွားနောက်မှ ထပ်ကြပ်မကွာလိုက်လာသည့် ယင်တပိုင် တစ်ချက်တစ်ချက် ခေါင်းငိုက်ကျသွားသည်။ သွားရည်များပင် ယိုကျနေသေးသည်။ မနေ့ညက သူတို့နှစ်ကောင် စကားအကြာကြီး ပြောပြီးနောက် ဘာအစားအစာမှ မစားလိုက်ရပေ။ ရှောင်ဟွားရယ် မြန်မြန်စိတ်ပြေပါတော့။

"ကဲ...ဒီမှာရောက်ပြီ"

ဟွားရှောင်ဟွား ခဏရပ်ကာ ဘေးပတ်ပတ်လည်ကို စိတ်ကျေနပ်စွာဖြင့် ဝေ့ကြည့်လိုက်မိသည်။ လမ်းကြောင်းပြောင်းပြီးသွားသောအခါ အနီးအနား တစ်နေရာတွင် မြက်ပင်ရှည်များဖြင့် စိမ်းလန်းစိုပြေနေသည့် စမ်းချောင်းလေးတစ်ခုကို တွေ့လိုက်ရသည်။ ထို့အပြင် ဤနေရာက ယင်တပိုင်နှင့်သူ့အတွက် အမဲလိုက်ဖို့ သင့်တော်ကောင်းမွန်သော နေရာတစ်နေရာလည်း ဖြစ်သည်။

မြွေငယ်လေးများကလည်း ပတ်ဝန်းကျင်ကိုကြည့်ရင်း အလွန်ကျေနပ်အားရနေပုံရသည်။ ယင်တပိုင်လည်း ဝမ်းသာစွာနှင့် ဟွားရှောင်ဟွားဘေးသို့ အမြန်သွားပြီး ပြောလိုက်သည်။

"ရှောင်ဟွား.. ကိုယ်တို့အတူတူ အမဲလိုက်ထွက်ကြရအောင်... ကလေးတွေက ဒီမှာအေးအေးဆေးဆေး ဆော့ပါစေ"

ဟွားရှောင်ဟွားက သူ့ကို တစ်ချက်မျှကြည့်ရင်း ပြန်ဖြေသည်။

"မင်းက ဘယ်ဘက်ကိုသွား... ငါက ညာဘက်ကိုသွားမယ်"

ယင်တပိုင်နှင့်အတူ အမဲလိုက်မထွက်ချင်သောကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

သူနှင့် ဆန့်ကျင်ဘက်ဦးတည်ရာသို့ ထွက်သွားသော ဟွားရှောင်ဟွားကို ကြည့်ရင်း ယင်တပိုင် ကြေကွဲနေမိသည်။ ပုံမှနိဆိုလျှင် ရှောင်ဟွားက သူနှင့်အတူ အမြဲတမ်း အမဲလိုက်လေ့ရှိသည်။ စိတ်ပြေသွားအောင် ဘယ်လိုများ ချော့ရမှာပါလိမ့်။

နည်းလမ်းအမျိုးမျိုးကို စဥ်းစားကြည့်သော်လည်း ယခုအချိန်အထိ အဖြေတစ်ခုမှထွက်မလာသေး။ တဖြေးဖြေး စိတ်ဓာတ်ကျလာကာ ခေါင်းငိုက်စိုက်ကျရင်း ဘယ်ဘက်လမ်းကြောင်းသို့ ထွက်ခွာသွားလေသည်။

အစပိုင်းတွင် ယင်ရှောင်ရှောင်းအနေနှင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားအား ကြွက်ကဲ့သို့ ရွံ့စရာကောင်းသည့် အကောင်များကို မဖမ်းလာစေချင်ပေ။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူစားမည်မဟုတ်သောကြောင့် ဖမ်းဖမ်း မဖမ်းဖမ်းကိစ္စမရှိပေ။ ထိုအကောင်များကို ဖမ်းပြီးစားလျှင်လည်း သူဝေးဝေးရှောင်နေလိုက်ရုံပင်။ ထိုအတွေးကြောင့် ယင်ရှောင်ရှောင်း စိတ်သက်သာရာရသွားသည်။

ထို့နောက် ယင်ရှောင်ရှောင်း မြေကြီးပေါ်သို့ အမြီးကို တဖျက်ဖျက်ပုတ်ရင်း ဟိုဟိုဒီဒီ အတွေးနယ်ချဲ့နေမိကာ ပတ်ဝန်းကျင်ကို သတိမထားမိချေ။ ထိုအခိုက်တွင် စူးကနဲနေအောင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသောကြောင့် ခေါင်းကိုဆတ်ခနဲလှည့်လိုက်မိသည်။

"ဟွားရှောင်ဝူ... ကောကော သားကိုဘာလုပ်တာလဲ"

ယင်ရှောင်ရှောင်း၏ အော်သံကြောင့် ဟွားရှောင်ဝူ လန့်ဖြန့်သွားပြီး ခြေလှမ်းပေါင်းများစွာ အနောက်သို့ ဆုတ်လိုက်မိသည်။ ယင်ရှောင်ရှောင်းက သူ့ဆီသို့ တဖြေးဖြေးချင်းတိုးလာသည်။

"ရှောင်ရှောင်း... ကော...ကောကောက..."။

ယင်ရှောင်ရှောင်း၏ မျက်နှာမှာ တည်တံ့နေသည်။

"ဟွားရှောင်ဝူ... ကောကောဘာလို့ သားကို လာကိုက်တာလဲ.. သားနာသွားမယ်ဆိုတာ ကောကောမသိဘူးလား"

"ရှောင်ရှောင်း... ကောကောက တမင်လုပ်တာ မဟုတ်ရပါဘူး... ထပ်ပြီး ရှေ့တိုးမလာနဲ့နော်"

ဟွားရှောင်ဝူ ရှောင်ရှောင်း၏ စူးစူးရဲရဲ မျက်ဝန်းများကိုကြည့်ပြီး ယောက်ယက်ခတ်နေသည်။

"ဖေဖေနဲ့ပါပါးက... အမဲလိုက်သွားနေတာမလို့... မင်းနဲ့ဆော့ရအောင်ဆိုပြီး စလိုက်တာပါ... ဘာလို့အဲ့လောက် စိတ်တိုနေရတာလဲ... ကောကော ဘာများအမှားလုပ်မိသွားလို့လဲ"

ဟွားရှောင်ဝူလည်း သူတတ်နိုင်သလောက် ရှင်းပြနေသည်။ ရှောင်ရှောင်း အထင်လွဲသွားမည်ကို သူစိုးထိတ်နေမိသည်။

"ကစားတယ်ဟုတ်လား"။

သူ့စကားကြောင့် ယင်ရှောင်ရှောင်းပိုပြီး ဒေါသထွက်သွားရသည်။

"ဘယ်သူက... တအားနာအောင်ကိုက်ပြီး... ကစားလို့လဲ...ဟမ်"။

"အဲ...အဲဒါက... မင်းထင်သလို မဟုတ်ပါဘူး... တစ်ခြားမြွေတွေလည်း အဲဒီလိုလုပ်ကြတာပဲ"

ယင်ရှောင်ရှောင်းက အခြားမြွေငယ်များကို မယုံသင်္ကာစွာကြည့်နေသည်။ ယင်ရှောင်စစ်နှင့်ယင်ရှောင်ယိတို့လည်း ရှောင်ရှောင်းနှင့် ဟွားရှောင်ဝူတို့အား စိုးရိမ်တကြီးကြည့်လိုက်မိကြသည်။ ဒီနှစ်ကောင် ဘာထဖြစ်ပြန်ပြီလဲ။