အပိုင်း ၁၇
Viewers 13k


Chapter 17


ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့ နှစ်ကောင်သား ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ ဟွားရှောင်ဝူနောက်သို့ ပြေးလိုက်နေသော ယင်ရှောင်ရှောင်း မောလာသောကြောင့် လက်လျှော့ပြီး တစ်ခဏမျှ နားနေရသည်။

ရှောင်ရှောင်းနှင့် ဟွားရှောင်ဝူတို့၏ အခြေအနေကို အကဲခတ်နေရ၍ ယင်ရှောင်စစ်၏ အလစ်တိုက်ခိုက်မှုကို ယင်ရှောင်ယိ ခုခံကာကွယ်ချိန် မရလိုက်ပေ။ ထိုသို့နှင့် နှစ်ကောင်သား သူတစ်ပြန် ကိုယ်တစ်ပြန် လုံးထွေးသတ်ပုတ်ကာ ကိုက်နေကြသည်။

"ယင်ရှောင်ယိ... မင်းကငါ့ကို တကယ်ကိုက်ရဲတယ်ပေါ့လေ"

ယင်ရှောင်စစ်မှာ အော်ဟစ်ဆဲဆိုရင်း ယင်ရှောင်ယိအား ပြေးလိုက်တော့သည်။ တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲပြီး စိန်ပြေးတမ်းဆော့နေကြသည့် ယင်ရှောင်ယိနှင့်ယင်ရှောင်စစ်ကိုကြည့်ရင်း ရှောင်ရှောင်းငိုချင်လာသည်။

ဘာလဲဟ... တစ်ကောင်နဲ့တစ်ကောင် ကိုက်ပြီးဆော့ရအောင်... ဘယ်လိုသောက်ကျိုးနဲကစားနည်းကြီးလဲ။ ထူးထူးဆန်းဆန်း ဆော့ကစားနည်းကြီးကြောင့် ယင်ရှောင်ရှောင်း စိတ်ဆင်းရဲသွားသည်။ ထို့နောက် ဟွားရှောင်ဝူအား စူးစူးစိုက်စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီမှာ.. ဝူကောကော... တစ်ခါတည်း ပြောထားလိုက်မယ်နော်... သားကိုလာကိုက်ရင်... ပါပါးနဲ့တိုင်မှာ... ကောကောကိုလည်း ပါပါးနဲ့ကိုက်ခိုင်းမှာ... ဘာမှတ်နေလဲ... ကြပ်ကြပ်သတိထားနေ"

ဟွားရှောင်ဝူ အီလည်လည်ဖြစ်သွားသည်။ သူတို့မြွေပွေးမျိုးနွယ်စုက ဤသို့သော ကစားနည်းမျိုးကို အစဥ်အလာမပြတ် ကစားလာကြခြင်းဖြစ်ပြီး မည်သူမှ မကန့်ကွက်ကြချေ။ ရှောင်ရှောင်းက ဘာလို့ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲ။ ပါပါးနဲ့ သူ့ကိုခြိမ်းခြောက်တဲ့အထိ ဖြစ်စရာလိုလို့လား။ တကယ်က ဒီကစားနည်းကို အမဲလိုက်ရာတွင်ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သည့်အနေဖြင့် ကစားကြခြင်းဖြစ်သည်။

သို့သော် ငိုတော့မလို ပြိုတော့မလိုမျက်နှာနှင့် တရှူးရှူးတရှားရှား ဒေါသထွက်နေသော ယင်ရှောင်ရှောင်းကြောင့် သူလည်းထပ်ပြီး အတွန့်မတက်ရဲပေ။ အောင့်သက်သက်နှင့် ဆော့ကစားနေသော မြွေငယ်နှစ်ကောင်ဆီသို့သာ ဦးတည်သွားလိုက်သည်။

ယင်ရှောင်ရှောင်း တကယ်စိတ်ပျက်မိပါသည်။ သူတို့မိသားစုထဲတွင် ဥာဏ်ကောင်းသည်ဟု သူထင်ထားခဲ့သော စစ်ကောကောသည်လည်း ငတုံးတစ်ကောင်ပင်။ ယင်ရှောင်ယိက ရန်လာစသည်ကို စိတ်မဆိုးသည့်အပြင် သူ့လိုတစ်ထေရာတည်း လိုက်တမ်းပြေးတမ်းဆော့ပြီး ပြန်ကိုက်သတဲ့။ ဘယ်လိုတောင် တုံးအလိုက်သလဲ။

ဟောဟဲလိုက်ပြီး ယင်ရှောင်ယိနောက် လိုက်ပြေးနေသည့် ယင်ရှောင်စစ်ကို ရှောင်ရှောင်းကြည့်နေမိသည်။ တကယ့်ကို တုံးအခြင်းရဲ့ စံနမူပါပင်။

အမြွှာများဖြစ်သည့် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ကလည်း ထူးမခြားနားပင်။ ယင်ရှောင်ရှောင်း ထိုငတုံးများကို လျစ်လျူရှုရင်း အနီးအနားပတ်ဝန်းကျင်သို့ ခြေဦးတည့်ရာ သွားနေမိသည်။

ပျင်းစရာကောင်းလွန်းသည်။

ယင်ရှောင်ရှောင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ်ကို ပျင်းဖို့ကောင်းတာဟ။ မြက်ပင်ထူထူများမှလွဲ၍ ဘာဆိုဘာမှမရှိပေ။ အပျင်းတကာ့ပျင်းစရာအကောင်းဆုံးပင်။

"အစားအစာ အဆင်သင့်ဖြစ်ပြီ... ကလေးတို့ရေ... စားလို့ရပြီဟေ့"

ဟွားရှောင်ဟွား၏ ပုံရိပ်နှင့်အတူ အသံစူးစူးလေးက တဖြေးဖြေး ချဥ်းကပ်လာသည်။

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ နှစ်ကောင်လုံး ရွှင်မြူးစွာဖြင့် ဟွားရှောင်ဟွားရှိရာသို့ တစ်ရှိန်ထိုးသွားကြသည်။ ယင်ရှောင်ယိ၊ ယင်ရှောင်စစ်နှင့် ဟွားရှောင်ဝူတို့လည်း လှည့်ပြန်လာကြသည်။ အစားအသောက်ဆိုလျှင် မည်သူကများ လျစ်လျူရှုနိုင်မည်နည်း။

ဟွားရှောင်ဟွားက သယ်လာသည့် အစားအစာများကို လှမ်းပစ်သေးသည်။ ယင်တပိုင်ကလည်း အစားအသောက် တစ်ပွေ့တစ်ပိုက်နှင့် ပြန်လာသည်။

ယင်ရှောင်ရှောင်း ယင်ရှောင်ယိနှင့် အခြားသူများကို ခပ်တည်တည်နှင့် ဖြတ်လျှောက်သွားလိုက်သည်။ သို့သော် ရွံ့စရာကောင်းသည့် မျက်နှာကြီးတစ်ခုနှင့် ထိပ်တိုက်တွေ့လိုက်ရသဖြင့် ခြေလှမ်းပေါင်းများစွာ နောက်သို့ဆုတ်လိုက်မိသည်။ မြွေမျိုးနွယ်က ကြွက်ကြီးများ စားသုံးသည့်အကြောင်း သူမေ့သွားခဲ့ခြင်းပင်။ ဟွားရှောင်ဟွားက ကြွက်အသေကောင်အများအပြားကို သူတို့ကလေးများအတွက် ယူလာပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သွေးသံတရဲရဲနှင့် ကြွက်အသေကောင်များက အော်ဂလီဆန်စရာကောင်းလွန်းလှသည်။

တစ်ပြိုင်နက်တည်းတွင် မြွေတစ်ကောင်အဖြစ် ကူးပြောင်းသွားခဲ့ခြင်းကို ယင်ရှောင်ရှောင်း ကျေးဇူးတင်မိသည်။ သူသာ ကြွက်တစ်ကောင်အဖြစ် ကူးပြောင်းသွားခဲ့လျှင် အခုလောက်ဆိုရင် မြွေစာဖြစ်နေလောက်ပြီ။

အရင်တုန်းက မြွေကိုသေအောင်ကြောက်ခဲ့တဲ့ ယင်ရှောင်ရှောင်း ဘယ်ရောက်သွားပါလိမ့်။

"အာ...ဒါက"

သူ့ဆီသို့ ယင်တပိုင်က တစ်ခုခုပစ်ပေးလာသဖြင့် ယင်ရှောင်ရှောင်း၏ စိတ်ကူးအာရုံတို့ ချက်ချင်းပြောင်းသွားခဲ့သည်။ ကြွက်မဟုတ်ပေမဲ့ မှဲ့ (ပွေး)တစ်ကောင်တော့ ဖြစ်နိုင်သည်။

"အဲဒါ...ပွေးလေ"

သူ့မျက်စိရှေ့မှ အကောင်ကို သံသယမျက်လုံးများဖြင့် ကြည့်နေသည့် ယင်ရှောင်ရှောင်းအား ဟွားရှောင်ဟွားက ပြောလာသည်။

"ရှောင်ရှောင်းရေ... ဒီကောင်ကိုတော့ စားမယ်မလားဟင်"

ယင်တပိုင်က ယင်ရှောင်ရှောင်းအား မျှော်လင့်ချက်ကြီးစွာဖြင့် မေးလာသည်။ ရှောင်ရှောင်းသာ ပွေးကိုအကြိုက်တွေ့သွားလျှင် အဆင်ပြေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှောင်ရှောင်းအတွက် ငှက်ဥကို သူနေ့တိုင်း တကူးတကကြီး ထွက်ရှာနေစရာ မလိုတော့ပေ။

ယင်ရှောင်ရှောင်းက ထိုပွေးအသေကောင်အား ခေါင်းအစခြေအဆုံး ဘယ်ပြန်ညာပြန် ရှုထောင့်ပေါင်းစုံမှ ကြည့်နေသည်။ ပွေးများက ကြွက်မဟုတ်သည့်တိုင် ဘယ်လိုကြည့်ကြည့် သူ့မျက်လုံးထဲတွင် ကြွက်နှင့်တူနေသည်။ ပွေးတစ်ကောင်ကို စားရမည်ဟု တွေးလိုက်သည်နှင့် ယင်ရှောင်ရှောင်း ပျို့အန်ချင်လာသည်။

"ဒါကြီးကို...လုံးဝမစားနိုင်ဘူးနော်"

သူ့စကားအဆုံး ယင်တပိုင်က သက်ပြင်းချကာ တစ်ဖက်သို့လှည့်သွားသည်။

သူ့ဖေဖေ စိတ်ပျက်သွားလည်း မတတ်နိုင်ပေ။ စားသောက်ရန်ပြင်နေသော မြွေပေါက်ငယ်လေးများကိုရှောင်ရန် ယင်ရှောင်ရှောင်း တစ်နေရာသို့ ဦးတည်သွားလိုက်သည်။

ကြွက်သေ ပွေးသေကောင်များကို အားပါးတရ စားသောက်နေကြသည့် မြွေပေါက်လေးများကို မမြင်ချင်သောကြောင့် ယင်ရှောင်ရှောင်း ကျောခိုင်းထားလိုက်သည်။

ဟွားရှောင်ဟွားနှင့် ယင်တပိုင်က ဘာမှမစားဘဲ ပြန်ထွက်သွားဖို့ ပြင်နေသည်။ တစ်ကယ်တမ်း ထိုကြွက်သေ ပွေးသေများကို ကလေးများစားရန်အတွက် သီးသန့်ဖမ်းလာပေးခြင်း ဖြစ်သည်။ ကလေးမဟုတ်သည့် သူတို့အတွက်တော့ ထိုအရာများက မတင်းတိမ်နိုင်ပေ။

ကလေးများအားလုံး စားသောက်ပြီးချိန်တွင် မွန်းတည့်ချိန်သို့ ရောက်နေလေပြီ။ တစ်ချိန်တည်းမှာပင် အပူချိန်ကလည်း တစ်ရှိန်ထိုး မြင့်တက်လာသည်။ ဗိုက်ပြည့်နေသည့် ကလေးများက နေပူကျဲတဲထဲတွင် လဲလျောင်းကာ တဖြေးဖြေး မျက်လုံးများစင်းလာကြသည်။

"ပါပါးနဲ့မင်းတို့ဖေဖေ အမဲလိုက်ထွက်ကြမလို့... ပါပါးတို့ ပြန်ရောက်မလာမချင်း... ဒီမှာပဲငြိမ်ငြိမ်နေ... လျှောက်မသွားနဲ့... ကြားလား"

ဟွားရှောင်ဟွားက အမဲလိုက်မထွက်မီ မှာစရာရှိသည်များကို မှာနေသည်။

"ဟင်...ရှောင်ရှောင်းဘယ်မှာလဲ"

ယင်ရှောင်စစ်က လေးတွဲ့စွာဖြင့် ခေါင်းထောင်လာရင်း မြစ်ကမ်းဘေးသို့ ညွှန်ပြလိုက်သည်။

"ရှောင်ရှောင်းက...အဲဒီမှာလေ"

ယင်ရှောင်စစ်ညွှန်ပြသည့်နေရာအား ဟွားရှောင်ဟွား တစ်ချက်မျှ အကြည့်ရောက်သွားမိသည်။ သို့သော် ဖြတ်ကနဲမြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့အသက်ရှူသံတို့ ရပ်တန့်ကုန်သည်။

"ရှောင်ရှောင်း..."

ဟွားရှောင်ဟွား မြစ်ကမ်းဘေးသို့ အမြန်ပြေးဆင်းသွားမိသည်။ သူ့ဘဝတစ်လျှောက်လုံး ဤမျှလောက် ထိတ်လန့်စရာကောင်းသည့် အခြေအနေကို မကြုံဖူးသေး။

တရှိန်ထိုး လျှောတိုက်သွားသည့် ဟွားရှောင်ဟွားကြောင့် သူတို့အားလုံးလည်း လန့်ဖြန့်သွားပြီး ဟွားရှောင်ဟွားနောက်သို့ အမြန်လိုက်သွားကြသည်။

ယင်တပိုင်လည်း ရုတ်တရက်ဆန်သော အခြေအနေကြောင့် ဘာမှမစဥ်းစားနိုင်တော့။ ဟွားရှောင်ဟွားကိုသာ စိတ်ပူနေမိသည်။

မြစ်ကမ်းစပ်သို့ရောက်နေသည့် ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်းအား ဂုတ်မှကိုက်ချီပြီး ဆွဲမကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ရှောင်ရှောင်း... သားလေး... ပါပါးကိုကြည့်ပါဦး... အဆင်ပြေရဲ့လား"။

ဟွားရှောင်ဟွား မြေပြင်ပေါ်တွင် ခွေခေါက်နေသည့် ရှောင်ရှောင်းအား စိုးရိမ်တကြီးမေးလိုက်သည်။

"နာတယ်"

ယင်ရှောင်ရှောင်းက တစ်ချက်ညည်းပြီး တအီအီငိုကြွေးတော့သည်။

"ဘယ်နေရာကနာတာလဲ... ဘယ်သူနာအောင်လုပ်တာလဲ"

မျက်ရည်တသွင်သွင်ကျနေသည့် ရှောင်ရှောင်းကိုကြည့်ပြီး သူတို့အားလုံးရတက်မအေး။

ယင်ရှောင်ရှောင်း ဟွားရှောင်ဟွားကို မော့ကြည့်ပြီး ရှိုက်သံများကြားမှ ဗလုံးဗထွေးပြောလာသည်။

"ပါပါး...ကိုက်လိုက်တဲ့နေရာလေ"

ဟွားရှောင်ဟွားလည်း ရှောင်ရှောင်း၏လည်ပင်းတစ်ဝိုက်ကို အမြန်ကြည့်လိုက်မိသည်။ အရေပြားလည်း မပေါက်သလို သွေးထွက်ဒဏ်ရာလည်းမရှိပေ။

"ဘာမှမဖြစ်တော့ဘူး... ပါပါးအမှားပါ... တိတ်တော့... သားလေး"

ထိုသို့ချော့နေရင်း သူကိုက်ချီလာရသည့်အကြောင်းရင်းကို တွေးမိသွားသောအခါ ဟွားရှောင်ဟွား ဒေါကထောင်းကနဲထွက်သွားသည်။

"ယင်ရှောင်ရှောင်း မြစ်ရေထဲဆင်းပြီး ဘာလုပ်နေတာလဲ... ရေနစ်မှာမကြောက်ဘူးလား"

"သားရေထဲဆင်းတာက... တိမ်တိမ်လေးပဲလေ... ဘယ်လိုလုပ်ပြီး ရေနစ်မှာလဲ"

ယင်ရှောင်ရှောင်းက ပြောလည်းပြော ငိုလည်းငိုနေသည်။

"ပြီးတော့... သားပါပါးကို ကြိုပြောခဲ့သားပဲ... ရေနဲ့နီးတဲ့နေရာဆီ သွားမယ်ဆိုပါမှ"

ဟွားရှောင်ဟွား စိတ်မောစွာဖြင့် သက်ပြင်းချလိုက်မိသည်။ မြစ်နားသွားမယ်လို့ လာပြောတုန်းက... ရေဆင်းသောက်ဖို့လို့ပဲ ထင်ခဲ့တာ။ ကောင်စုတ်လေးက... သူ့တစ်ကိုယ်လုံးကို ရေထဲစိမ်ပစ်မယ်လို့... ဘယ်သူထင်မှာလဲ။