အပိုင်း ၁၈
Viewers 13k


Chapter 18




"ပါပါး... အဲ့တာက ဘာမှစိတ်ပူစရာမရှိပါဘူး.. .အရင်တစ်ခေါက်... သားတို့ လန်ယိယိနဲ့ ကစားတုန်းကလည်း... ရှောင်ရှောင်း ဒီလိုလုပ်တာပဲ"

ဘယ်သူဘာကြီးပဲဖြစ်နေဖြစ်နေ ပျော်ရွှင်စရာများရှိမည်ဆိုလျှင် ထိုနေရာတွင် ဟွားရှောင်ဝူ အမြဲတမ်းရှိသည်။ ဘယ်နေရာမဆို ဝင်ပါတတ်သည်။

ဟွားရှောင်ဝူ၏ စကားကြောင့် ဟွားရှောင်ဟွား၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။ ဒါဆိုရင် ယင်ရှောင်ရှောင်း မြစ်ထဲဆင်းတာ ပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့။ ပြီးတော့ အရင်တစ်ခေါက်တုန်းကဆိုရင်... အရွယ်ရောက်ပြီးသား မြွေတစ်ကောင်မှ သူ့အနားမှာရှိမနေဘူး။ ယင်ရှောင်ရှောင်း ဘာတွေစဥ်းစားနေတာပါလိမ့်။

ဟွားရှောင်ဟွား၏အတွေးကို သိသည့်နှယ် ပြဿနာဖြစ်မည်စိုး၍ ယင်ရှောင်စစ်က အမြန်ဝင်ရှင်းပြလာသည်။

"စိတ်မပူပါနဲ့ ပါပါး... ရှောင်ရှောင်း မြစ်ထဲဆင်းတဲ့အချိန်တိုင်း... သား အနီးကပ်ကြည့်နေခဲ့တာပါ"

ဟွားရှောင်ဟွားက သူ့သား ယင်ရှောင်စစ်အကြောင်း ကောင်းကောင်းသိသည်။ အနည်းငယ် ကြောင်တောင်တောင်နိုင်သည့်တိုင် အားကိုးလို့ရသည်။ ဒါ့အပြင် ဖြစ်ပြီးတာတွေလည်း ပြီးခဲ့ပြီ။ ပြန်ပြောနေလို့လည်း ဘာမှမထူးတော့။ ရှောင်ရှောင်းလည်း အဆင်ပြေနေသည် မဟုတ်လား။ ထိုအတွေးတို့ကြောင့် ဟွားရှောင်ဟွား စိတ်အေးသွားပြန်သည်။

"ယင်ရှောင်ရှောင်း... နောက်တစ်ခေါက်... အဲ့လိုအန္တရာယ်များတဲ့ကိစ္စတွေကို ထပ်လုပ်ရင်... ပါပါးမင်းကို သတိပေးလိုက်မယ်နော်... ဂူထဲမှာပဲ အကျယ်ချုပ်နဲ့ နေရမယ်... ကိုယ့်အပြစ်ကိုယ် နောင်တမရမချင်း...မထွက်ရဘူး"

ယင်ရှောင်ရှောင်း၏ စိတ်တို့ရှုပ်ထွေးသွားရသည်။ မြွေတွေက "အကျယ်ချုပ်တယ်" ဆိုတဲ့အဓိပ္ပါယ်ကိုသိလို့လား။

"ယင်ရှောင်ရှောင်း... ပါပါးပြောတာကြားလား"။

အတွေးလွန်နေသော ယင်ရှောင်ရှောင်းအား ဟွားရှောင်ဟွား အသံမြှင့်ပြီး ဟောက်လိုက်သည်။

စိတ်ဆိုးဒေါသထွက်နေသော ဟွားရှောင်ဟွားကို ယင်ရှောင်ရှောင်း အတွန့်မတက်ရဲပေ။ ထို့ကြောင့် ကြည်ကြည်သာသာ ပြန်ဖြေလိုက်သည်။

"ဟုတ်...ကြားပါတယ်"

ဟွားရှောင်ဟွား၏ သံသယအပြည့် မျက်လုံးများအောက်တွင် ယင်ရှောင်ရှောင်း မြစ်ကမ်းစပ်သို့ဆင်းကာ ခန္ဓာကိုယ်ကို တစ်ဝက်မြုပ်လျက် ရေစိမ်နေပြန်သည်။ ဟွားရှောင်ဟွားကိုလည်း သနားစရာမျက်လုံးရွဲကြီးများဖြင့် လှမ်းလှမ်းကြည့်နေသေးသည်။

ယင်ရှောင်ရှောင်းကို အတန်ကြာအောင် မျက်စိဒေါက်ထောက်ကြည့်ပြီး စိတ်ချရတာသေချာမှ ယင်ရှောင်စစ်အား လှမ်းအော်ပြောလိုက်သည်။

"ရှောင်စစ်...ရှောင်ရှောင်းကို သေသေချာချာ စောင့်ကြည့်ထားစမ်း"

ယင်ရှောင်စစ် ဗျာများသွားရသည်။ "ဘာလို့ငါဖြစ်ပြန်ပြီလဲ"။

ထို့နောက် ဟွားရှောင်ဟွားက အစာရှာရန် ထွက်သွားလေသည်။ သူ့နောက်မှ ယင်တပိုင်က မျက်မှောင်ကြုတ်လျက် ထပ်ကြပ်မကွာ လိုက်လာသည်။

"ရှောင်ဟွား...အခုဘာစားချင်လဲ"။

ယင်တပိုင်က ဟွားရှောင်ဟွား၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ဂရုတစိုက်မေးလိုက်သည်။

ဟွားရှောင်ဟွားက တစ်ခွန်းမှပြန်မပြောပေ။

"ရှောင်ဟွား... မင်းအမဲလိုက်တာ... ကိုယ်ကူပေးရဦးမလား"

ဟွားရှောင်ဟွားက သူ့စကားကို ခွန်းတုံ့မပြန်ပဲ ရှေ့ဆက်သွားနေသည်။

"ရှောင်ဟွား...ဒေါသမထွက်ပါနဲ့...ဟုတ်ပြီလား"

"......"

"ရှောင်ဟွား...ကိုယ်...ကိုယ်"

"မင်း တိတ်တိတ်နေပေးလို့မရဘူးလား"။

ဟွားရှောင်ဟွားက ရုတ်တရက်ရပ်လိုက်ပြီး ယင်တပိုင်ဘက်သို့လှည့်ကာ ဒေါသတကြီးပြောလိုက်သည်။

"မင်းက သိပ်ကိုဆူညံလွန်းတယ်... နားငြီးလိုက်တာ"။

"ရှောင်ဟွား"

ယင်တပိုင်က ဟွားရှောင်ဟွားဆီသို့ တိုးဝှေ့ချဥ်းကပ်သွားပြီး နှုတ်ခမ်းစွန်းလေးကို လျက်လိုက်သည်။

"ရှောင်ဟွား... ကိုယ်မှားသွားပါတယ်... ကိုယ့်ကိုခွင့်လွှတ်ပါကွာ"

ဟွားရှောင်ဟွား၏မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။

"ယင်တပိုင်... မင်းဘယ်လိုဖြစ်နေတာလဲ... အခြေအနေကိုနားမလည်ဘူးလား"

ယင်တပိုင်က ဟွားရှောင်ဟွားအား အပြစ်ကင်းစင်သည့်မျက်လုံးရွဲကြီးများဖြင့် ပြန်ငေးကြည့်နေသည်။

နောက်ဆုံးတွင် ဟွားရှောင်ဟွားကပဲ လက်နက်ချလိုက်ရသည်။

"ယင်တပိုင်... ငါပြောတဲ့အတိုင်း နားထောင်နော်... မဟုတ်လို့ကတော့... နောက်ဘယ်တော့မှ စကားမပြောတော့ဘူး"

သို့သော် ဟွားရှောင်ဟွား၏ စကားကြမ်းကြမ်းများက ယင်တပိုင်ကို ပန်းနှင့်ပေါက်နေသလား အောက်မေ့ရသည်။ ရှက်ပြုံးလေးပြုံးကာ ဟွားရှောင်ဟွား၏ နှုတ်ခမ်းပါးပါးကို လှမ်းနမ်းလိုက်သေးသည်။

"ယင်တပိုင်... မင်း...တော်လောက်ပြီနော်"။

ဟွားရှောင်ဟွား၏အသံက ကျယ်သထက်ကျယ်လာသည်။ "သွား... ငါ့အတွက် သွားပြီးအမဲလိုက်ပေး"။

ထိုသို့နှင့် ယင်တပိုင် ချစ်ရသူ၏စကားကို တစ်သွေမတိမ်းနားထောင်ကာ အမဲလိုက်ထွက်လာခဲ့သည်။

အား...ဟုတ်သားပဲ။ ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့စပြီး မေတ္တာမျှသည့်အချိန်တည်းက ဟွားရှောင်ဟွားအတွက် ယင်တပိုင်ကိုယ်တိုင် အမဲလိုက်ပေးလေ့ရှိသည်။ ထိုအရာက အချစ်၏ပြယုဂ်တစ်ခုဟု ဟွားရှောင်ဟွားကိုယ်တိုင် ပြောခဲ့ဖူးသည်။

ယင်တပိုင် အမဲလိုက်ထွက်နေသည့်အချိန်တွင် ဟွားရှောင်ဟွားက အနီးအနားဝန်းကျင်ရှိ နေရာတစ်နေရာကိုရှာပြီး နေပူဆာလှုံနေသည်။ မြွေတစ်ကောင်၏ဘဝက တကယ်တော့နေတတ်ရင် ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှသည်။ ဟွားရှောင်ဟွား ကောင်းကင်ကြီးကိုစိုက်ကြည့်ရင်း တွေးနေမိသည်။ သူ့အတွက် ယင်တပိုင်ကိုယ်တိုင် အမဲလိုက်ပေးသည်ကို ကလေးတွေသိသွားလို့မဖြစ်။ အပျင်းကြီးသည်ဟု ထင်ကုန်လိမ့်မည်။ ထို့ကြောင့် ယခုအချိန်အထိ လျှို့ဝှက်ထားရသည်။

ယင်တပိုင် ပြန်ရောက်လာသည့်အချိန်အထိ ဟွားရှောင်ဟွားက နေပူဆာလှုံနေသေးသည်။ ဗိုက်ဟောင်းလောင်းဖြစ်နေသောကြောင့် ငိုက်မျည်းနေသော်လည်း အိပ်လို့ကမရပေ။ ယင်တပိုင်ယူလာသည့် အစားအစာများကို အားရပါးရ စားသောက်ပြီးနောက် ထိုနေရာလေးတွင် နဂိုအတိုင်း လဲလျောင်းနေပြန်သည်။

ယင်တပိုင်လည်း စားသောက်ပြီးနောက် အခွင့်အရေးကို အမိအရယူကာ လှဲအိပ်နေသည့် ဟွားရှောင်ဟွားကို လှမ်းနမ်းလိုက်သည်။ အစာဆိပ်ကြောင့် ငိုက်မျည်းနေပြီဖြစ်သည့် ဟွားရှောင်ဟွားက ဘာမှပြန်ပြီးမတုံ့ပြန်လာပေ။ ယင်တပိုင် လုပ်သမျှကိုလည်း ငြင်းဆန်ခြင်းမပြုချေ။

ယင်တပိုင် အပျော်လွန်သွားသည်။ ဟွားရှောင်ဟွားက သူ့အပေါ် စိတ်မဆိုးတော့ပဲ ခွင့်လွှတ်လိုက်သည်ဟု ထင်မှတ်သွားပုံရသည်။

ယင်တပိုင်၏ ဦးခေါင်းက ဟွားရှောင်ဟွားကို မှီထားသည်။ အမြီးကလည်း ဟွားရှောင်ဟွားတစ်ကိုယ်လုံးကို ရစ်ပတ်ထားသေးသည်။ ထို့နောက် နှစ်ကောင်လုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

အကိုင်းတစ်ကိုင်းပေါ်တွင် ပန်းပွင့်နှစ်ပွင့်ပွင့်နေသည်။ ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့ လင်လင်နှစ်ယောက် ချစ်ကြည်နူး တစ်တီတူးနေကြချိန်တွင် မြွေပေါက်လေးများကလည်း နေပူဆာလှုံရင်း အိပ်မောကျနေကြသည်။ မြွေမိသားစု၏ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနေကြသောမြင်ကွင်းက အတော့်ကို ကြည့်လို့လှသည်။ သို့သော် ထိုမြင်ကွင်းက မြွေငယ်တစ်ကောင်ကြောင့် ပျက်စီးသွားခဲ့သည်။ အားလုံးအိပ်မောကျနေသည့်အချိန်တွင် သူ့တစ်ကောင်တည်း ဟိုဟိုဒီဒီ လှုပ်ယွနေသည်။

လေလေးတဖြူးဖြူးတိုက်နေသည့် မြစ်ကမ်းဘေးတွင် ယင်ရှောင်ရှောင်း လဲလျောင်းနေသည်။ အပူချိန်ခပ်နွေးနွေးလေးက သူ့ကိုငိုက်မျည်းစေသည်။ ထို့ကြောင့် အရိပ်ကောင်းကောင်းနှင့် ကျောက်တုံးကြီး၏ဘေးတွင် တစ်ရေးတစ်မောအိပ်ရန် ပြင်လိုက်သည်။

သို့သော် လှုပ်လှုပ်ရှားရှား အသံတစ်ခုကြောင့် အိပ်နေရင်း တစ်ဝက်တစ်ပျက်နှင့် နိုးလာရသည်။ နူးညံ့ပြီး နွေးထွေးသည့် တစ်စုံတစ်ရာက သူ့ခန္ဓာကိုယ်ကို လာပြီးထိတွေ့နေသလို ခံစားမိသောကြောင့် မျက်လုံးဖွင့်ပြီး လှည့်အကြည့်တွင် လိပ်ပြာလွင့်မတတ် လန့်ဖြန့်သွားရသည်။ တရားခံက အခြားသူ မဟုတ်။ နှစ်ယောက် မရှိသည့် ဟွားရှောင်ဝူပင်။

"မအိပ်ဘဲနဲ့ ဒီမှာဘာလုပ်နေတာလဲ"

"ကောကောအိပ်မရလို့ ရှောင်ရှောင်း"

ဟွားရှောင်ဝူက လေးတွဲ့စွာဖြင့် ပြောလာသည်။ သူအိပ်မရတာကို ဒီယင်ရှောင်ရှောင်းက ဘာလုပ်ပေးနိုင်မှာမလို့လဲ... တကယ်ပါပဲ။ ယင်ရှောင်ရှောင်း မျက်စောင်းထိုးရင်း ကတ်သီးကတ်ဖဲ့ တွေးလိုက်မိသည်။

"အိပ်လို့မရတော့...ဘာလုပ်ချင်လို့လဲ"

ယင်ရှောင်ရှောင်း၏အမေးကို ဟွားရှောင်ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေသည်။

"ရှောင်ရှောင်း... ကောကောတို့... ဒီနားတစ်ဝိုက်ကို လျှောက်ပတ်ကြည့်ကြမလား"

ယင်ရှောင်ရှောင်း ဟွားရှောင်ဝူအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ ဒီကောကောက ဘာတွေကြံစည်နေပြန်ပြီလဲ။

"ဟင့်အင်း... ပါပါးပြန်မလာခင်အထိ... ဘယ်မှသွားလို့မရဘူးလို့ ပြောထားတယ်လေ.. ပြီးတော့ သားကအပူဒဏ်မခံနိုင်ဘူး... အခုနေအပူချိန်က အရမ်းပြင်းနေတာ...အတူမလိုက်နိုင်ဘူးနော်"

သူ့စကားကြောင့် ဟွားရှောင်ဝူ မကျေမနပ် မျက်မှောင်ကြုတ်သည်။

"ဟွားရှောင်ဝူ... ပြန်သွားအိပ်တော့"

ရုတ်တရက်ထွက်ပေါ်လာသည့် အသံကြောင့် ဟွားရှောင်ဝူနှင့် ယင်ရှောင်ရှောင်းတို့ နှစ်ကောင်လုံး အလန့်တကြား ထခုန်လိုက်မိကြသည်။ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ယင်ရှောင်စစ်ကို တွေ့လိုက်ရသည်။

"အစ်...စစ်ကောကောက... ဘာလို့ဒီရောက်နေတာလဲ"

ဟွားရှောင်ဝူ စိုးရိမ်တကြီး မေးလိုက်သည်။

"မင်း ရှောင်ရှောင်းကို ပြောနေတာတွေအားလုံး ငါကြားတယ်... ပါပါးကို မတိုင်စေချင်ရင်... အခုပဲ သွားအိပ်လိုက်တော့"

ထိုသို့နှင့် ဟွားရှောင်ဝူမှာ ယင်ရှောင်စစ်နောက်သို့ မျက်နှာရှုံ့မဲ့ကာ လိုက်သွားရတော့သည်။

စစ်ကောကောက... ဒီလိုနေရာမှာကျတော့... အားကိုးရသားပဲ။ ရှောင်ရှောင်း၏ စိတ်ထဲတွင် ကိုကိုရှောင်စစ်အား တိတ်တဆိတ် ချီးကျူးလိုက်မိတော့သည်။