အပိုင်း ၁၉
Viewers 12k


🐍Chapter 19



အိပ်မောကျနေသည့် ယင်တပိုင်အား ဟွားရှောင်ဟွား ဂုတ်ကိုကိုက်ခဲလိုက်ပြီး အိပ်မက်ကမ္ဘာမှ နိုးထစေလိုက်သည်။

အိပ်နေရာမှ ငေါက်ကနဲထထိုင်လာသည့် ယင်တပိုင်က ဟွားရှောင်ဟွားကို ငေးငိုင်လျက် ကြည့်နေသည်။ ရှောင်ဟွား... ကိုယ့်ကို အခုထိ ခွင့်မလွှတ်နိုင်သေးဘူးလားကွာ.. အိပ်တာတောင် ကောင်းကောင်းကန်းကန်းမအိပ်ရဘူး။ ယင်တပိုင် အတွေးထဲတွင် တိတ်တဆိတ် ညည်းငြူမိလိုက်သည်။

ဟွားရှောင်ဟွား ယင်တပိုင်အား အိပ်နေရာမှ နှိုးရသည့်အကြောင်းရင်းမှာ တကယ်တမ်းထိုသို့မဟုတ်ပေ။

"တပိုင်... ခင်ဗျား... ရှောင်ရှောင်းအတွက် ငှက်ဥမရှာပေးသေးဘူး မဟုတ်လား"

ဟင်... သူ့ကိုအိပ်နေရာက နှိုးလိုက်တာ... ရှောင်ရှောင်းအတွက် ငှက်ဥမရှာပေးရသေးလို့တဲ့လား။

ယင်တပိုင်တစ်ယောက် အထီးကြီးတန်မဲ့ ငိုချင်သွားသည်။ ယင်ရှောင်ရှောင်းက သူ့ကိုနေ့တိုင်း တစ်နေ့တစ်မျိုး မရိုးရအောင် ဒုက္ခပေးနိုင်လွန်းသည်။ သို့သော် ချစ်ရသူ၏စကားကို မလွန်ဆန်ဝံ့သည်မို့ သူပြောသည့်အတိုင်း တစ်သွေမတိမ်း လုပ်ဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိပေ။

"အင်း...ကိုယ်သိပြီ... အခုပဲသွားရှာလိုက်မယ်"

ယင်တပိုင် လေးတွဲ့စွာပြန်ဖြေရင်း ရှောင်ရှောင်းစားဖို့ ငှက်ဥရှာထွက်ရန် ပြင်ဆင်ရတော့သည်။

ဟွားရှောင်ဟွားက ယင်တပိုင်၏ ရင်ခွင်ထဲသို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်ဝင်မှီတွယ်ရင်း နှုတ်ခမ်းပါးကို အနမ်းပေးလိုက်သည်။ ထို့နောက် တိုးတိတ်ညင်သာသော လေသံဖြင့် ယင်တပိုင်အနားသို့ကပ်ကာ ပြောလိုက်သည်။

"မြန်မြန်သွားပြီး...မြန်မြန်ပြန်လာခဲ့"

ဟွားရှောင်ဟွားဆီမှ အနမ်းတစ်ပွင့် လက်ဆောင်ရလိုက်သောကြောင့် ယင်တပိုင်မှာ ထိုနေရာတွင် မျက်နှာကြီးပြုံးဖြီးပြီး အချိန်အတော်ကြာသည်အထိ မှင်သေစွာရပ်နေမိသည်။ အစောပိုင်းက မှိုင်တွေနေသည်မှာ သူမဟုတ်သည့်အတိုင်း ယခုမူ တက်ကြွသည့်ကြက်ဖတစ်ကောင်အလား။

ဟွားရှောင်ဟွားက ကလေးများရှိရာသို့ ပြန်သွားလိုက်သည်။ မြွေပေါက်လေးများက နေ့ခင်း တစ်ရေးတစ်မောအိပ်ရာမှ နိုးလာကြပြီး ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ စူးစမ်းနေကြသည်။ ယင်ရှောင်ရှောင်းလည်း မြစ်ရေဆင်းစိမ်နေရာမှထွက်ပြီး သဲသောင်ပြင်ပေါ်တွင် အနားယူနေသည်။ အပူချိန်ကျမသွားသေးသော်လည်း ရေစိမ်ထားသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေးမြနေသည်။

အားလုံးက တက်ကြွလန်းဆန်းနေကြသည်။ ဟွားရှောင်ဝူကလွဲလို့ပေါ့...။

ဟွားရှောင်ဝူက အချိန်မရှိအခါမရှိမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ ယင်ရှောင်စစ်၏ တစ်ချက်လွှတ်အမိန့်ကြောင့် ဟွားရှောင်ဝူ မအိပ်ချင်အိပ်ချင်နှင့် အိပ်လိုက်ရာ အားလုံးနိုးလာသည့်တိုင်အောင် သူမထလာသေး။ ယင်ရှောင်စစ်က သူ့မောင်နှမများအပေါ် သြဇာညောင်းလှသည်။ အကောင်သေးသော်လည်း မိသားစုထဲတွင် ဟွားရှောင်ဟွားပြီးလျှင် ယင်ရှောင်စစ်က အာဏာအရှိဆုံးဖြစ်သည်။

ထို့ကြောင့် ဟွားရှောင်ဝူလည်း စစ်ကောကောကို မလွန်ဆွန်နိုင်ပဲ အိပ်ပျော်သွားတော့သည်။ ယင်ရှောင်စစ်က ခါတိုင်းဆိုလျှင် မိသားစုဝင်များအပေါ် ဖိအားပေးလေ့မရှိပေ။ သို့သော် ဤတစ်ခေါက်တွင်မူ ဟွားရှောင်ဝူက အနားယူနေသည့် ယင်ရှောင်ရှောင်းကို သွားသွားနှောင့်ယှက်နေသဖြင့် အတင်းအကြပ် ဖိအားပေးပြီး အိပ်ခိုင်းလိုက်ရခြင်း ဖြစ်သည်။

ဟွားရှောင်ဟွားက အိပ်မောကျနေသည့် ဟွားရှောင်ဝူကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုလိုက်သည်။

မည်သို့ပင်ဆိုစေ မြွေများက လူတွေလို ကျောင်းသွားစရာလည်းမလိုသလို အလုပ်သွားစရာလည်းမလိုပေ။ ထို့အတူ အနာဂတ်နှင့်ငွေကြေးအတွက် ခေါင်းကိုက်ခံစရာလည်းမရှိပေ။ ထို့ကြောင့် ဟွားရှောင်ဝူ ကုလားသေကုလားမောအိပ်နေရင်တောင် မည်သူကမှဂရုမစိုက်ပေ။ အချိန်တန်ဗိုက်ဆာရင် သူ့ဘာသာသူ ထလာလိမ့်မည်။

သို့သော် ယင်ရှောင်ရှောင်းက အခြားသူများနှင့် အတွေးမတူပေ။ အခြားသူများ၏ အရေးကိစ္စတွင် ဝင်မရှုပ်ချင်သော်လည်း သူ့နောက် အမြဲတမ်း တကောက်ကောက်လိုက်နေသည့် ဟွားရှောင်ဝူ၏ ပုံမှန်မဟုတ်သော အိပ်စက်ခြင်းအလေ့အထနှင့် ပတ်သက်ပြီးစိုးရိမ်မိသည်။ တော်ကြာနေ သူ့ကြောင့် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

ထိုအတွေးတို့ကြောင့် ယင်ရှောင်ရှောင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် ဟွားရှောင်ဝူဆီသို့ လျှောတိုက်သွားလိုက်သည်။

"ဝူကောကော"

"ဝူကောကော"

ယင်ရှောင်ရှောင်း အသံကိုမြှင့်ပြီး အော်ခေါ်လိုက်သည်။

"ဝူကောကောလို့"

ရှောင်ရှောင်း ဟွားရှောင်ဝူမျက်နှာကို အကြိမ်ပေါင်းများစွာ ထုရိုက်နေမိသည်။

သို့သော် ဟွားရှောင်ဝူက မျက်လုံးလေးတစ်ချက်တောင် ပွင့်မလာခဲ့။

"ဝူကောကော... ဒီလောက်နှိုးနေတာတောင် မထဘူးပေါ့"

ယင်ရှောင်ရှောင်း တည်ငြိမ်အေးဆေးစွာဖြင့် မေးလိုက်သည်။

"အေး... ကောင်းကောင်းနှိုးနေတုန်း မထမှတော့... သားအဆိုးမဆိုနဲ့နော်"

ဟွားရှောင်ဝူက တုတ်တုတ်မျှမလှုပ်။

ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းစွန်းတို့ ကွေးတက်သွားသည်။ ထို့နောက် ဟွားရှောင်ဝူအနားသို့ တဖြေးဖြေးချဥ်းကပ်သွားရင်း....။

"အား...."

စူးစူးဝါးဝါးအော်သံတစ်ခုနှင့်အတူ ကောင်းကင်ပြာပြာထက်တွင် ငြိမ်းငြိမ်းချမ်းချမ်း ပျံသန်းနေကြသော ငှက်များအားလုံး လန့်ဖြန့်ကာတစ်ရှိန်ထိုး ပျံထွက်ကုန်ကြသည်။

ဟွားရှောင်ဟွားနှင့် အခြားမြွေငယ်များလည်း အော်သံလာရာဆီသို့ အပြေးအလွှားသွားကြတော့သည်။ အော်သံပိုင်ရှင်က ဟွားရှောင်ဝူမှန်းသိလိုက်ရချိန်တွင် သူတို့အားလုံးစိတ်အေးသွားကြသည်။

ဟွားရှောင်ဝူတစ်ယောက် မအီမလည် မျက်နှာပေးဖြင့် ရှောင်ရှောင်းအားကြည့်ကာ ပြောလာသည်။

"ရှောင်ရှောင်း...နာတယ်ဟ...တကယ်ကိုနာတာ"

ထို့နောက် ရှောင်ရှောင်းကိုက်လိုက်သည့်နေရာကို အနာသက်သာစေရန် အမြှီးလေးဖြင့် ပွတ်နေသည်။

ယင်ရှောင်ရှောင်းလည်း ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးအားအင်အပြည့်နှင့် လန်းဆန်းသွားသည်။ သူ့ကိုဘလိုင်းကြီး လာကိုက်သည့်ဟွားရှောင်ဝူအပေါ် လက်စားချေနိုင်လိုက်ပြီလေ။

ယင်ရှောင်ရှောင်း ရယ်ရင်းပြောလိုက်သည်။

"ဝူကောကောကလည်း အားလုံးနိုးနေကြပြီဆိုတာ သိရဲ့လား.. သားက ကောကောကို အချိန်အကြာကြီး ခေါ်နှိုးနေတာ... အခုအိပ်နေရင်... ညကျ အိပ်လို့ရမှာ မဟုတ်တော့ဘူး... ဘယ်လိုနှိုးနှိုးမရလို့... ကောကောကို ကိုက်လိုက်မိတာပါ... သားကို အပြစ်မတင်နဲ့နော်"

အိပ်မှုန်စုံမွှားနှင့် ဟွားရှောင်ဝူက အယုံလွယ်လွန်းသည်။ ရှောင်ရှောင်း၏စကားဆိုလျှင် ဘယ်လိုဖြစ်ဖြစ်ယုံသည်။

"အွန်း... ကောကောရဲ့ရှောင်ရှောင်းက တော်လိုက်တာ... ရှောင်ရှောင်းသာလာမနှိုးရင်... ကောကောညကျ အိပ်လို့ရမှာ မဟုတ်တော့ဘူး... ကျေးဇူးပဲနော်... ရှောင်ရှောင်း"

ဟွားရှောင်ဝူက ကြည်ကြည်ဖြူဖြူနှင့် ကျေးဇူးတင်စကားဆိုလာသည်။

သူ့ကိုပြန်ပြီး ကျေးဇူးတင်နေသည့် ဟွားရှောင်ဝူကိုကြည့်ရင်း ယင်ရှောင်ရှောင်း ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဟွားရှောင်ဝူ.. ကောကောတကယ်ပဲ... တုံးအလွန်းတာလား... ဒါမှမဟုတ်... ဟန်ဆောင်နေတာလား။ ယင်ရှောင်ရှောင်း ထိုအတွေးများကို ခေါင်းထဲမှ ခါထုတ်ပစ်လိုက်ချင်သည်။ ဟွားရှောင်ဝူက လှည့်စားရလွယ်လွန်းတာပဲ ဖြစ်ပါလိမ့်မည်။

"ရှောင်ရှောင်းရေ.. ငှက်ဥတွေလာစားလို့ရပြီ"

ယင်တပိုင်၏အသံက ခပ်လှမ်းလှမ်းတစ်နေရာမှ ပေါ်ထွက်လာသည်။

ယင်ရှောင်ရှောင်းလည်း အသံလာရာသို့ လှည့်ကြည့်မိချိန်တွင် မျက်နှာကြီးပြုံးဖြီးပြီး ငှက်သိုက်ဆွဲလာသည့် ယင်တပိုင်အား တွေ့လိုက်ရသည်။

ပါးစပ်နဲ့နားရွက်ချိတ်မတက်ဖြစ်နေသော ယင်တပိုင်က ထူးဆန်းလွန်းသည်။ ရုတ်တရက်ကြီး... ဘာထဖြစ်လာတာပါလိမ့်။ ယင်တပိုင်က ငှက်ဥများကို ရှောင်ရှောင်းဆီလှမ်းပေးပြီးသည်နှင့် ဟွားရှောင်ဟွားဘေးသို့ အလျင်စလိုသွားတော့သည်။ ယင်ရှောင်ရှောင်းလည်း ထူးဆန်းနေသည့် ယင်တပိုင်ကို လျစ်လျူရှုရင်း ငှက်ဥစားရန် ပြင်လိုက်သည်။

ခေါင်းငုံ့လျက် ငှက်ဥတစ်ဥကို အားပါးတရစားနေချိန်တွင် ရင်းနှီးနေသည့် တံတွေးမြိုချသံကို ရှောင်ရှောင်းကြားလိုက်ရသည်။

ယင်ရှောင်ရှောင်းလည်း တစ်ခဏမျှတုံ့ဆိုင်းသွားပြီး ငှက်ဥတစ်ဥကို ဟွားရှောင်ဝူရှေ့ ချပေးလိုက်သည်။

"ကောကောအတွက်..."

"ဟင်"

သွားရေကျနေသော ဟွားရှောင်ဝူ သူ့မျက်စိရှေ့တွင် ရှိနေသည့် ငှက်ဥကို ကြောင်အမ်းအမ်းနှင့် စိုက်ကြည့်နေမိသည်။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

"ဒါ...ဒါက... ကောကောအတွက်လား... တကယ်ကြီး ကောကောကိုပေးတာလား"

"မစားချင်ဘူးလား.. မစားချင်ရင်.. သားကိုပြန်ပေး"

ယင်ရှောင်ရှောင်းလည်း ဘောက်ဆတ်ဆတ်နှင့် ပြန်ပြောလိုက်သည်။

ထိုအခါမှ ဟွားရှောင်ဝူက ငှက်ဥကို သူ့အမြီးဖြင့် ရစ်ပတ်ပြီး အမြန်ပြောလာသည်။

"မဟုတ်ပါဘူး... ကောကောစားချင်တယ်... ကျေးဇူးပါနော်...ရှောင်ရှောင်း"

ယင်ရှောင်ရှောင်းက မျက်စောင်းတစ်ချက်ထိုးရင်း ခေါင်းငုံ့ကာငှက်ဥများကို ဆက်စားနေသည်။

ဟွားရှောင်ဝူမှာ အပျော်လွန်ပြီး လေပေါ်မြောက်တက်နေသလိုခံစားရသည်။ စိတ်ထဲမှလည်း ရှောင်ရှောင်းကို အကြိမ်ကြိမ်ချီးကျူးနေမိသည်။ ချစ်ဖို့ကောင်းလိုက်တဲ့...ရှောင်ရှောင်း။

(T/N: အမယ်လေး...ရှောင်ရှောင်းနင့်ကိုဘယ်လောက်အထိအနိုင်ကျင့်ခဲ့လဲဆိုတာ...မေ့သွားတာလား...ကိုယ်တော်ချောရဲ့)