အပိုင်း ၂၀
Viewers 13k


Chapter 20



မှောင်ရီပျိုးစအချိန်တွင် ယင်ရှောင်ရှောင်းအပါအဝင် မြွေမိသားစုတစ်ခုလုံး သူတို့၏ အသိုက်အမြုံလေးဆီသို့ ပြန်ကြလေသည်။ ညစာစားပြီးချိန်ဖြစ်၍ အလောတကြီးမပြန်ဘဲ အေးအေးလူလူ အရှိန်လေးနှင့်သာ သွားနေကြသည်။

ခါတိုင်းလိုပင် ဟွားရှောင်ဝူက ယင်ရှောင်ရှောင်းအား အနှောင့်အယှက်ပေးနေဆဲပင်။ ဘေးကနေ တတွတ်တွတ် ဘာတွေလာပြောလို့ ပြောနေမှန်းမသိ။ ဒီလိုမှန်းသာသိခဲ့ရင် အစောပိုင်းတုန်းက သနားပြီး ငှက်ဥမကျွေးလိုက်သင့်ဘူး။ ဟွားရှောင်ဝူက ယင်ရှောင်ရှောင်းအနားတွင် တောက်တဲ့ကပ်သလို ခွာမရအောင် ကပ်နေသည်။

ဟွားရှောင်ဝူဆိုသည်မှာလည်း ယင်ရှောင်ရှောင်းမျက်နှာကို တစ်ကမ္ဘာထင်နေတတ်သူပင်။ အစောပိုင်းက သူ့ကိုမျက်နှာသာပေးထားသောကြောင့် ရှောင်ရှောင်းအနား ဤသို့ကပ်ရဲခြင်းဖြစ်သည်။

နောက်တစ်နေ့မနက် ယင်ရှောင်ရှောင်းအိပ်ရာနိုးလာချိန်တွင် ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့နှစ်ကောင် ပျောက်ချင်းမလှပျောက်နေသည်ကို သတိထားမိသွားသည်။ ဂူအနက်ပိုင်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ကာမှ ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့ တစ်ကောင်ပြီးတစ်ကောင် တိတ်တဆိတ်ထွက်လာကြသည်။

ဒီကနေ့တော့ ယင်တပိုင်နှင့်ဟွားရှောင်ဟွားက ကျားသားမိုးကြိုးနှစ်ယောက်အတူတူ ငှက်ဥရှာထွက်ကြလေသတဲ့။ တစ်နေ့လုံး တစ်ပူးတွဲတွဲနှင့် ချစ်ကြည်နူးတစ်တီတူးနေသည့်မြွေ နှစ်ကောင်ကိုကြည့်ရင်း ယင်ရှောင်ရှောင်း ခေါင်းကိုတစ်သွင်သွင်သာခါနေမိသည်။

ပိုပြီးထူးဆန်းသည့်အရာက ဒီနေ့တစ်နေ့လုံး အဆော့မက်သည့် မြွေငယ်များလည်း အပြင်ထွက်ကစားရန် စကားတစ်ခွန်းမှမဟကြပေ။ မနေ့က မျောက်ရှုံးအောင် ဆော့ကစားထားသောကြောင့် ပင်ပန်းနေကြခြင်း ဖြစ်မည်ဟုသာ ရှောင်ရှောင်းဖြည့်တွေးလိုက်သည်။ သို့သော်မှုန်မှိုင်းနေသည့် ဂူထဲတွင်တစ်နေကုန်နေရသည်က မလွယ်ကူလှပေ။ ကြာတော့သူတို့ပါ ထိုင်းမှိုင်းလေးတွဲ့လာသည်။

ခါတိုင်းလိုပင် ယင်ရှောင်ရှောင်းက ဂူနားတစ်ဝိုက်တွင် ရစ်သီရစ်သီလုပ်နေပြီး ဟွားရှောင်ဝူကမူ ယင်ရှောင်ရှောင်းအနားတွင် ရစ်သီရစ်သီလုပ်နေသည်။

အစပိုင်းတွင် ယင်ရှောင်ရှောင်း ဟွားရှောင်ဝူကို လျစ်လျူရှုထားသော်လည်း တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိသွားသည်။

"ဝူကောကော"

ယင်ရှောင်ရှောင်းက ဟွားရှောင်ဝူအား တည်ငြိမ်အေးဆေးသော လေသံဖြင့်ခေါ်လိုက်သည်။

"ဟင်"

တည်ကြည်လေးနက်နေသော ရှောင်ရှောင်း၏လေသံကြောင့် ဟွားရှောင်ဝူလည်း အနည်းငယ်စိုးထိတ်သွားသည်။

"ထွားလာတာလား..."

"....."

ရှောင်ရှောင်း၏စကားကြောင့် ဟွားရှောင်ဝူမှာ ကြောင်တောင်တောင်လေးနှင့် သူ့ကိုယ်သူ ခေါင်းအစခြေအဆုံး ပြန်ပြန်ကြည့်နေမိသည်။ ထို့နောက် ခေါင်းလေးစောင်းငဲ့ကာပြောလာသည်။

"မသိဘူးလေ"

ယင်ရှောင်ရှောင်း ဟွားရှောင်ဝူအား အမြင်ကပ်ကပ်နှင့် မျက်စောင်းပိတ်ထိုးပစ်လိုက်သည်။ တကယ်ပါပဲ... အရေးကြီးဆုံး အချိန်တွေမှာဆိုရင်... အားကိုးလို့ကိုမရဘူး။

"ကောကောတို့... ဒီကိုခဏလောက်လာကြဦး"

အမြွှာများဖြစ်သော ဟွားရှောင်အာနှင့်ဟွားရှောင်စန်းတို့ ဆော့ကစားနေသည်ကို ကြည့်နေသည့် ယင်ရှောင်ယိက ရှောင်ရှောင်း၏အသံကို ကြားသည်နှင့် အနားသို့ ရောက်လာသည်။

"တာ့ကော... ဝူကောကောဘေးမှာ... ခဏလောက်သွားရပ်ကြည့်"။

ယင်ရှောင်ရှောင်းက အလောတကြီး ပြောလိုက်သည်။

ဇဝေဇဝါဖြစ်နေသည့် ယင်ရှောင်ယိနှင့် ဟွားရှောင်ဝူတို့ နှစ်ကောင်သား ဘေးချင်းယှဥ်ရပ်လိုက်သည်။

"စစ်ကောကောလည်း ဒီဘက်ကိုလာခဲ့"

ဘေးတွင်ရပ်ကြည့်နေသည့် ယင်ရှောင်စစ်အား ရှောင်ရှောင်း အော်ခေါ်လိုက်သည်။ ထိုအခါမှ ယင်ရှောင်စစ်လည်း ယင်ရှောင်ယိနှင့် ဟွားရှောင်ဝူ၏ဘေးတွင် ဝင်ရပ်လိုက်သည်။

"အာကောကောနဲ့ စန်းကောကောလည်း ဒီကိုလာဦး"

ထိုသို့နှင့် ဟွားရှောင်ဝူ၊ ယင်ရှောင်ယိ၊ ယင်ရှောင်စစ်၊ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့အားလုံး တစ်တန်းတည်း ဘေးချင်းယှဥ်ရပ်နေသလို ဖြစ်သွားသည်။

ယင်ရှောင်ရှောင်းက သူ့အရှေ့ရှိ မြွေပေါက်လေးများ၏ ခန္ဓာကိုယ်ကိုတစ်လှည့် သူ့ခန္ဓာကိုယ်ကိုတစ်လှည့် အသေအချာ စူးစမ်းကြည့်နေသည်။ တစ်အောင့်လောက်အကြာတွင် ယင်ရှောင်ရှောင်းဆီမှ တိုးလျညှိုးငယ်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ကောကောတို့အားလုံးက...ထွားလာကြတယ်... သားတစ်ကောင်တည်း သေးနေတာ"။

"....."

ယင်ရှောင်စစ်မှလွဲ၍ အခြားမြွေငယ်များ၏ မျက်နှာထက်တွင် နားမလည်ခြင်းများစွာ ပြည့်နှက်နေသည်။

ယင်ရှောင်စစ်က ရှောင်ရှောင်းဘေးသို့ ရောက်လာပြီး အနေအထားကို ဂရုတစိုက် စူးစမ်းလေ့လာနေသည်။ ထို့နောက် လေးတွဲ့စွာဖြင့်ပြောလာသည်။

"အင်း...ရှောင်ရှောင်းပြောတာ...ဟုတ်သားပဲ"

ယင်ရှောင်စစ်၏ ပွင့်လင်းလွန်းပြီး တည့်တိုးဆန်သည့် စကားကြောင့် ရှောင်ရှောင်းမျက်နှာလေး ရှုံ့မဲ့သွားသည်။ မျက်ဝန်းအိမ်ထဲတွင်လည်း မျက်ရည်များ ရစ်ဝဲနေပြီဖြစ်သည်။

ယင်ရှောင်စစ်ရာ.. ရှောင်ရှောင်းကို သွားစမနေစမ်းပါနဲ့.. ဖေဖေနဲ့ပါပါးပြန်လာလို့.. ရှောင်ရှောင်းငိုနေတာကို တွေ့သွားရင်.. ဒင်းတော့ အရှင်လတ်လတ် အမြိုခံရတော့မယ်... သိရဲ့လား။

"ရှောင်ရှောင်းလေး.. နားလည်မှုလွဲနေပြီထင်တယ်... အစ်ကိုတို့တွေအားလုံးက တစ်သိုက်ထဲက ပေါက်လာတဲ့ဥတွေပဲ.. ရှောင်ရှောင်းလည်း ထွားလာတာပဲလေ... အထင်မလွဲလိုက်ပါနဲ့"

ယင်ရှောင်စစ်လည်း ပြေလည်ရာပြေလည်ကြောင်း ပြောရင်း ရှောင်ရှောင်းအား သူတတ်နိုင်သလောက် နှစ်သိမ့်ပေးနေသည်။

အခြားမြွေငယ်များအားလုံးက ယင်ရှောင်စစ်အား အထင်သေးသလို ကြည့်လာသည်။ ရှောင်ရှောင်းက... အခြေအနေ တော်တော်များများကို နားလည်နိုင်သည့် အရွယ်ရောက်လာပြီ မဟုတ်လား။ သူနှစ်သိမ့်ပေးသည့် စကားကြီးကို မွေးကင်းစမြွေပေါက်လေးပဲ ယုံလိမ့်မည်။

"...."

ယင်ရှောင်စစ် အသံတိတ်သွားသည်။

"ရှောင်ရှောင်းက... အသားမှမစားတာ"

"ငှက်ဥတွေပဲ... စားတာလေ"

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့က ရှောင်ရှောင်း မထွားလာရခြင်း၏ အကြောင်းရင်းမှာ အစားအသောက် အလုံအလောက် မစားခြင်းကြောင့်ဟု တစ်ထစ်ချ ယုံကြည်ထားသည်။

ယင်ရှောင်ယိက အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်ရင်း ပြောလာသည်။

"အာဟာရချို့တဲ့တာလေ..."

ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ရှိသွေးများ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။

"ရှောင်ရှောင်းက... ကျွန်တော်တို့နောက်မှ မွေးလာတာမဟုတ်လား... မွေးတုန်းက ချို့ယွင်းချက်တစ်ခုခု ဖြစ်သွားလို့နေမှာပေါ့"

ဟွားရှောင်ဝူက သူသိသလောက်လေးကို ဝင်ပြောလာသည်။

ယင်ရှောင်ရှောင်း အတော်လေး စိတ်ထိခိုက်သွားသည်။ ဆိုတော့ကာ... သူက အာဟာရချို့တဲ့နေသည့်အပြင် မွေးရာပါချို့ယွင်းချက်လည်း ရှိသတဲ့လား။ မြွေတစ်ကောင်ရဲ့ဘဝက ဒီလောက် သနားစရာကောင်းလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။

တဖြေးဖြေး ညှိုးငယ်ပြီး ဝမ်းနည်းရိပ်သန်းလာသည့် ရှောင်ရှောင်း၏မျက်နှာကြောင့် ယင်ရှောင်စစ်လည်း ဟွားရှောင်ဝူအား အမြန်ပါးစပ်ပိတ်ခိုင်းလိုက်ရတော့သည်။ ထို့နောက် ရှောင်ရှောင်းဘက်သို့ လှည့်ကာပြောလိုက်သည်။

"ရှောင်ရှောင်း... ဝမ်းနည်းမနေနဲ့... စဥ်းစားကြည့်လေ.. ရှောင်ရှောင်းက အသားစားရတာ မကြိုက်ဘူးမလား... အဲ့တော့အသားစားတဲ့ ကောကောတို့ထက် ကြီးထွားမှုနှုန်းနှေးတယ်ဆိုတာက...ပုံမှန်ပါပဲ.. စိတ်မပူနဲ့... အချိန်တန်ရင် ရှောင်ရှောင်းလည်း ကောကောတို့လို ထွားလာမှာပါ"

"တကယ်လား"

ရှောင်ရှောင်းက ခေါင်းမော့လာပြီး ယင်ရှောင်စစ်အား မျှော်လင့်ချက်များ ပြည့်နေသည့် မျက်လုံးရွဲကြီးများဖြင့် ကြည့်ရင်းမေးလာသည်။

ယင်ရှောင်စစ်က အသည်းအသန် ခေါင်းညိမ့်ပြီး ပြန်ဖြေသည်။

"ဒါပေါ့... ရှောင်ရှောင်းက ကောကောပြောတာကို ယုံစမ်းပါ.."

သို့သော် ယင်ရှောင်ရှောင်း၏ အတွေးထဲတွင် သူ့ကြီးထွားမှုနှုန်းကို တိုင်းတာရန် နည်းလမ်းတစ်ခုကို ရှာဖွေနေမိသည်။ ဂူပတ်ပတ်လည်ကို လိုက်ကြည့်ပြီး နည်းလမ်းတွေ့လိုတွေ့ငြား စူးစမ်းနေသည်။ ဟွားရှောင်ဝူကမူ သူ့နောက် ထပ်ကြပ်မကွာ လိုက်နေပြန်သည်။

အိုး...ဟုတ်သားပဲ။ တစ်စုံတစ်ခုကို တွေးမိသွားသောကြောင့် ရှောင်ရှောင်း၏ မျက်လုံးကလေး အရောင်လက်သွားရသည်။ ထို့နောက် လျှောတိုက်သွားနေရာမှ ရပ်လိုက်သည်။ ရုတ်တရက်ရပ်လိုက်သော ရှောင်ရှောင်းကြောင့် ဟွားရှောင်ဝူ၏မျက်နှာလည်း ရှောင်ရှောင်း၏နောက်ကျောနှင့် မိတ်ဆက်သွားသည်။

"ကောကော...တောင်း...တောင်းပန်ပါတယ်"။

ဟွားရှောင်ဝူက အလန့်တကြား အထပ်ထပ်အခါခါ တောင်းပန်နေတော့သည်။

သို့သော် ယင်ရှောင်ရှောင်းက ဟွားရှောင်ဝူကို အရင်လို ဒေါသမထွက်အား။ ဟွားရှောင်ဝူကို တစ်ချက်ပြုံးပြပြီး အစောပိုင်းကသူတွေးမိသည့် ကြီးထွားမှုနှုန်းကို တိုင်းတာသည့် နည်းလမ်းနှင့် ပတ်သတ်ပြီး ပြန်စဥ်းစားနေလိုက်သည်။

သူပိုတွေးလေလေ ထိုနည်းလမ်း အလုပ်ဖြစ်နိုင်ခြေအခွင့်အလမ်းက ပိုပိုများလာသည်။ ထို့ကြောင့် အပျော်လွန်ပြီး မျှော်လင့်ချက်အပြည့်နှင့် အစမ်းလေ့ကျင့်ကြည့်ရန် ပြင်ဆင်တော့သည်။

ယင်ရှောင်ရှောင်းက ဂူတစ်ဖက်ဘေးသို့ အရင်ဆုံးသွားပြီး သူ့ထက်မြင့်ပြီး မျက်နှာပြင်ပြားကာ ချောမွေ့နေသည့် ကျောက်တုံးတစ်တုံး ကိုရှာလိုက်သည်။ လူ့ဘဝတုန်း ကတွေ့ခဲ့ဖူးသည့် ကွန်ကရစ်ကျောက်ပြင်ကို မတွေ့တွေ့အောင်ရှာသည်။ သင့်တော်သည့်ကျောက်ကိုတွေ့လျှင် နောက်တစ်ဆင့်အတွက် ပြင်ဆင်သည်။

ထို့နောက် ယင်ရှောင်ရှောင်းက သူ့ဘေးတွင်ရပ်နေသည့် ဟွားရှောင်ဝူအား အသေအချာလုံးစေ့ပတ်စေ့ အကဲခတ်နေသည်။ အထူးသဖြင့် ဟွားရှောင်ဝူ၏ သွားများကိုပင်။ ဟွားရှောင်ဝူအပြင်အခြားမြွေငယ်များကိုလည်း တစ်ကောင်ချင်းစီ လိုက်အကဲခတ်မိသည်။ သို့သော် သူလိုသည့်အချက်ကို မတွေ့ရသောကြောင့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်ပြန်လာမှ နောက်တစ်ဆင့်ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ရသည်။