အပိုင်း ၂၁
Viewers 12k


Chapter 21



ယင်ရှောင်ရှောင်း ဝင်ပေါက်ဝတွင်ရပ်ကာ ယင်တပိုင် နှင့် ဟွားရှောင်ဟွား ပြန်အလာကို စောင့်နေသည်။

မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေသော်လည်း ယင်တပိုင်နှင့် ဟွားရှောင်ဟွား၏ ပုံရိပ်များမှာ မပေါ်လာသေးပေ။

ယင်ရှောင်ရှောင်း အနည်းငယ် မကျေမနပ်ဖြစ်လာသည်။ ငှက်ဥရှာဖို့ အချိန်ဘယ်လောက်တောင် လိုတာလဲ။ တစ်ရက်တာ ကုန်ခါနီးပြီ မင်းသိလား။

မြွေပေါက်လေးများမှာ ယင်ရှောင်ရှောင်း၏အနောက်တွင် ရပ်ကြည့်နေကြပြီး ယင်ရှောင်ရှောင်း လတ်တလောတွင် စိတ်အဆင်မပြေသည်ကို သိသောအခါ ယင်ရှောင်ရှောင်းဆီသို့ မည်သူမျှ မချဉ်းကပ်ရဲကြချေ။ ဟွားရှောင်ဝူ ယင်ရှောင်ရှောင်းထံသို့ သွားချင်သော်ငြား ကံမကောင်းစွာဖြင့် ယင်ရှောင်စစ် ၏အောက်တွင် ဖိထားခြင်း ခံနေရသဖြင့် မလှုပ်ရှားနိုင်တော့ပေ။

နာရီပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ယင်တပိုင် နှင့် ဟွားရှောင်ဟွား ၏ပုံရိပ်များကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း ၏ အမြင်အာရုံစူးရှမှုကြောင့် ယင်တပိုင် နှင့် ဟွားရှောင်ဟွား တို့ကြား တစ်စုံတစ်ခု လွဲချော်နေသည်ကိုတွေ့ရန် အချိန်အနည်းငယ်သာ လိုသည်။

ယင်ရှောင်ရှောင်း သည် တဆတ်ဆတ်တုန်ကာ တုန်လှုပ်သွားသည်။ သူကဖြင့် ဖေဖေနဲ့ ပါပါးကို တနေကုန်စောင့်နေရတာ၊ သူတို့နှစ်ယောက်က ဘာတွေလုပ်နေတာလဲ။ မျက်နှာတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အပြင်မှာ မဖွယ်မရာတွေ လုပ်ခဲ့ကြတယ်ဆိုတာ သိနေရတယ်။ အဲဒါကလွဲလို့ တခြားဘာမှ ဖြစ်နိုင်မှာ မဟုတ်ဘူး။

ယင်ရှောင်ရှောင်း ကျေးဇူးပြုပြီး ကျိုးကြောင်းဆီလျော်အောင် မလုပ်နိုင်ဘူးလား။ ယင်တပိုင် ရော ဟွားရှောင်ဟွား ရောက မင်းစောင့်နေတယ်ဆိုတာ မသိကြဘူးလေ။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ယင်ရှောင်ရှောင်း ရှေ့ ရပ်နေချိန်တွင် ယင်ရှောင်ရှောင်းသည် နောက်ဆုံးတွင် ယင်တပိုင် ငှက်သိုက်ဆွဲလာ‌သည်ကို တွေ့လိုက်ရသည်။

ဟွန့်.. ဟွန့်..! ငှက်ဥတွေနဲ့ ပြန်လာတာဖို့ သတိရတာကပဲ အတော်ကံကောင်းနေပြီ၊ မဟုတ်ရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမလဲ။

ဟွားရှောင်ဟွားသည် ယင်ရှောင်ရှောင်း ဂူပေါက်ဝတွင် ခဏတာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ရှောင်ရှောင်းက ပါပါးနဲ့ ဖေဖေ့ကို စောင့်နေတာလား။"

ဟွားရှောင်ဟွား အံ့အားသင့်နေသော အသံဖြင့် ချက်ချင်းမေးလိုက်သည်။

“….”

တကယ်တမ်းတွင် ဟွားရှောင်ဟွားမှ ထိုသို့မေးသည့်အချိန် ယင်ရှောင်ရှောင်း မည်သို့ဖြေရမည်မှန်းမသိ‌ချေ။ သူတို့နှစ်ယောက်ကို စောင့်မျှော်နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း သူ၏အကြောင်းပြချက်မှာ...

ထိုသို့တွေးမိပြီးနောက် ယင်ရှောင်ရှောင်း အံ့သြသွားကာ သူ့ကိုယ်သူ အပြစ်ရှိသည်ဟုပင် ခံစားလိုက်ရသည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ကြောင့် စိတ်ဆိုးခဲ့ရသည်ကိုပင် လုံးဝမေ့သွားခဲ့သည်။ သူ့အမြီးသည် မသိစိတ်ဖြင့် မြေပြင်ပေါ်တွင် လွင့်နေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ဟွားရှောင်ဟွား ချက်ချင်းစနောက်လိုက်သည်။

“အိုး.. ရှောင်ရှောင်း.. သားက ရှက်နေတာလား.."

'ဟေး ဟေး! 'ရှက်တာက' ဘာလဲ? ကျွန်တော် အပြစ်ရှိသလို ခံစားနေခဲ့ရတယ်၊ အပြစ်ရှိစိတ် သိရဲ့လား.. ရှက်နေတာ မဟုတ်ဘူး!'

ယင်ရှောင်ရှောင်း စိတ်ထဲတွင် ပြင်းပြင်းထန်ထန် အော်ဟစ်လို့နေသည်။

ဟုတ်သည်။ ယင်ရှောင်ရှောင်း တွေးနေသည်အား မည်သူမျှ မသိ‌ပေ။ ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်း ရှက်တတ်သည်ဟု ထင်ကာ သိသိသာသာကို သဘောကျနေလေသည်။

တစ်ဖက်မှ ယင်တပိုင် က ဟွားရှောင်ဟွား အား

“ကောင်းပြီ၊ ကောင်းပြီ။ ရှောင်ရှောင်း ကို မစနဲ့‌တော့။”

ထို့နောက် ယင်ရှောင်ရှောင်းဆီသို့ ငှက်သိုက်ကို တွန်းပေးလိုက်သည်။

"ရှောင်ရှောင်းက နီရဲနေပြီ.. ရှောင်ရှောင်းကို ထပ်စမနေနဲ့တော့.."

ဟွားရှောင်ဟွားသည် ယင်တပိုင်၏ စကားကို ဂရုတစိုက်နားထောင်ပြီး ရှောင်ရှောင်းမှာ အမှန်တကယ် ထိုသို့ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ရှောင်ရှောင်း၏ ခန္ဓာကိုယ်မှာ ပန်းရောင် သန်းလာပြန်သည်။။ ထိုအချိန်တွင် ယင်ရှောင်ရှောင်းမှာ ရှက်တတ်သည် ဟူသော ဟွားရှောင်ဟွား၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာလာသည်။

ငှက်ဥစားနေစဉ်မှာပင် ယင်ရှောင်ရှောင်း အတွေးထဲနစ်မြုပ်လို့နေသည်။

‘ဒေါသကြောင့်ဖြစ်တာ အရမ်းသိသာတယ်နော်.. လုံးဝရှက်နေလို့ မဟုတ်ဘူး..’

ယင်ရှောင်ရှောင်းမှာ ငှက်ဥများစားနေပြီး သူတို့အား လျစ်လျူရှုထားသည်ကို မြင်တွေ့ရသဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ဂူထဲသို့ဝင်ကာ ကျန်ကလေးများကို ချစ်ခင်စွာ နှုတ်ဆက်လိုက်လေသည်။

"ရှောင်ယိ.. သား ဒီနေ့ ဘာတွေလုပ်ခဲ့လဲ.."

ဟွားရှောင်ဟွား ယင်ရှောင်ယိအား ပြုံးကာဖြင့် မေးသည်။

“… ရှောင်စစ် နဲ့ ကစားတယ်”

ယင်ရှောင်ယိ နှုတ်ဆိတ်သွားပြီးနောက် စကားလုံးလေးလုံးနှင့် ပြန်ဖြေသည်။

“…”

ဟွားရှောင်ဟွား လှည့်ကြည့်လိုက်သည့်အခါ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ကို တွေ့လိုက်ရသည် ။

"ရှောင်အာ.. ရှောင်စန်း.. သားတို့ ဒီနေ့ ဘာတွေကစားခဲ့ကြတာလဲ.."

"ကြီးထွားမှုချင်း ယှဉ်ခဲ့တာ.."

"ရှောင်ရှောင်းနဲ့အတူ.."

ယနေ့တွင် ဟွားရှောင်အာနှင့် ဟွားရှောင်စန်း တို့အတွက် ပြန်ပြောဖို့ရန် စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးသော အကြောင်းအရာမှာ ထိုအဖြစ်အပျက် ဖြစ်လေသည်။

“…?”

ဟွားရှောင်ဟွား ကြောင်အသွားလေသည်။

ဟွားရှောင်ဟွား ဖြတ်သွားသည့်အချိန်တွင် ယင်ရှောင်စစ်မှာ... ဟွားရှောင်ဟွားအား လျစ်လျူရှုလိုက်သည်။

မနီးမဝေးတွင် ယင်တပိုင်မှာ အတွေးတစ်ခု ပေါ်လာသဖြင့် သွားနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။

ယင်တပိုင် ဖြတ်သွားသည့်အချိန်တွင် ယင်ရှောင်စစ်မှ

"ဖေဖေထင်တာ အတိအကျပဲ.." ဟု ဆက်မသွားခင် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

နောက်ထပ်တွေးမနေတော့ဘဲနှင့် ယင်တပိုင်သည် ဂူပေါက်ဝတွင် အလွန်ပျော်ရွှင်စွာဖြင့် ငှက်ဥများ စားသောက်လျက်ရှိသည့် ယင်ရှောင်ရှောင်းအား အာရုံစိုက်လိုက်သည်။ ကျန်မြွေပေါက်လေးများ၏ ခန္ဓာကိုယ်များအား တစ်ကောင်ချင်းစီ ကြည့်လိုက်ပြန်သည်။ ထို့နောက် ယင်တပိုင် မျက်မှောင်ကြုတ်လာသည်။

ယင်တပိုင်မှာ ပြဿနာ၏ အဓိကအချက်ကို ရှာတွေ့သွားလေပြီ ဖြစ်သည်။

ယင်တပိုင် ဟွားရှောင်ဟွားထံသို့ သွားပြီးနောက် ဟွားရှောင်ဟွားနားကပ်ကာဖြင့် စကားပြောလိုက်သည်။

ထို့နောက် ဟွားရှောင်ဟွား နှလုံးသားများပင် ကွဲကြေသွားလုနီးနီး ခံစားလိုက်ရသည်။ ယင်ရှောင်ရှောင်းမှာ အခြားမြွေများနှင့် နှိုင်းယှဉ်လျှင် မည်မျှကွဲပြားသည်ကို သတိပြုမိသဖြင့် ဟွားရှောင်ဟွား၏ မျက်လုံးများမှာ ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် ညှိုးငယ်သွားသည်။ ယင်ရှောင်ရှောင်းမှာ အလွန်နာကျင်ကာ အထီးကျန်သဖြင့် သူနှင့် ယင်တပိုင်တို့အား ဂူဝတွင် စောင့်ဆိုင်းကာဖြင့် နှစ်သိမ့်မှုကို စောင့်မျှော်နေခြင်း ဖြစ်ပေမည်။

ငါဘာလုပ်မိတာလဲ.. ရှောင်ရှောင်းကိုတောင် စနောက်လိုက်သေးတယ်.. ငါက လုံးဝကို တာဝန်ယူမှုမရှိတဲ့ ပါပါးပဲ..

ဟွားရှောင်ဟွားမှာ အပြစ်ရှိသလို ခံစားရပြီး စိုးရိမ်ပူပန်နေမိသည်။ ယင်တပိုင်သည်လည်း မသက်မသာ ခံစားနေရသည်။

ယင်ရှောင်ရှောင်း ငှက်ဥစားပြီးသည့်နောက် ဟွားရှောင်ဟွားနှင့် ယင်တပိုင်ကို ရှာဖွေရန် တအိအိဖြင့် လှုပ်ရှားလာလေသည်။

နောက်ဆုံးတွင် ယင်ရှောင်ရှောင်း ရောက်ရှိလာပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ဟွားရှောင်ဟွားမှာ သူ့အား ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း ကြက်သီးများပင် ထလာသည်။

ဝသဖ.. ဘာဖြစ်နေတာလား..

“ရှောင်ရှောင်း၊ ဒါက ပါပါးရဲ့ အပြစ်တွေပါ.. ဝမ်းနည်းမနေနဲ့တော့နော်.."

ဟွားရှောင်ဟွား ရှေ့တိုးလာပြီး ယင်ရှောင်ရှောင်းအား ပြောလိုက်သည့် စကားသံမှာ နူးညံ့သိမ်မှုတို့ ပြည့်လို့နေသည်။

“…???”

ယင်ရှောင်ရှောင်း စိတ်ရှုပ်သွားသည်။

ဘာတွေပြောနေတာလဲ ပါပါး..

ယင်ရှောင်ရှောင်း၏ စိတ်ရှုပ်ထွေးနေမှုအား ယင်တပိုင် မြင်နေရသည်။

"ရှောင်ရှောင်း.. စိတ်မပူပါနဲ့.. နည်းနည်းနှေးနေပေမဲ့လည်း သားက ကောကောတို့နဲ့တူတူ ကြီးထွားလာမှာသိလား.. ဖေဖေတို့ မြွေပွေးမိသားစုတွေက အတော်ကြာတဲ့အထိ ဖွံ့လာတတ်ကြတယ်..”

ဪ.. အဲလိုလား..

ယင်ရှောင်ရှောင်း စိတ်ထဲမှ အထင်သေးစွာ ဆိုလေသည်။

'ဒီလိုကိစ္စမျိုးကို တကယ် ဂရုစိုက်တယ်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ ငှက်ဥစားဖို့ကို အာရုံစိုက်နိုင်မှာလဲ... သားက ပါပါးတို့ထင်တာထက် ပိုပြီးတော့ စိတ်မာတယ်လို့ သိရဲ့လား...'

သို့သော်လည်း ယင်ရှောင်ရှောင်းသည် ယင်တပိုင်နှင့် ဟွားရှောင်ဟွားအား ထိုအကြောင်းကို ရှင်းပြလိုစိတ် မရှိချေ။ ထိုအခြင်းအရာနှင့် ပတ်သက်၍ စိတ်ထဲမထားဟု ငြင်းဆန်နေမည်ဆိုလျှင်တောင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ သူတို့အား နှစ်သိမ့်ပေးလိုသဖြင့် ထိုသို့ပြောနေခြင်း ဖြစ်မည်ဟုပင် ထင်သွားနိုင်သေးသည်။

“သားနောက်လိုက်ခဲ့ ပါပါး..”

ယင်ရှောင်ရှောင်း ယနေ့အစောပိုင်းမှ မပြီးမြောက်သေးသည့် အရာများအား အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။

ဟွားရှောင်ဟွား မည်သည့်စကားမျှ မဆိုဘဲ ယင်ရှောင်ရှောင်းနောက်သို့ လိုက်လာသည်။ ယခုအချိန်တွင် ယင်ရှောင်ရှောင်း ပြောသမျှအား ဟွားရှောင်ဟွား ငြင်းပယ်မည် မဟုတ်ပါ။

ယင်ရှောင်ရှောင်း က ဟွားရှောင်ဟွားကို ဦးဆောင်ပြီး နောက်ဆုံးတွင် ယ‌နေ့ ရှာတွေ့ခဲ့သော ကျောက်တုံးဆီသို့ သွားလေသည်။ ၎င်းတို့နောက်တွင် ယင်တပိုင် နှင့် အခြားသော မြွေပေါက်လေးများ လိုက်ပါလာကြသည်။

ထို့နောက် ဟွားရှောင်ဟွား၊ ယင်တပိုင် နှင့် မြွေငယ်များ ပဟေဠိဆန်စွာ ကြည့်နေချိန်တွင် ယင်ရှောင်ရှောင်း သည် သူ၏ ဦးခေါင်းကို ကျောက်ဆောင်၏ ထောင့်စွန်းတွင် ချထားပြီး မျဉ်းဖြောင့်အတိုင်း လှဲချလိုက်သည်။

“…”

ရှောင်ရှောင်းက ဘာတွေပြချင်နေတာလဲ..

"ပါပါး.. ပါပါး..! သားအမြီးနားက ကျောက်တုံးပေါ်မှာ အမှတ်အသားတစ်ခု ခြစ်လိုက်!”

ဟွားရှောင်ဟွား စဉ်းစားခြင်းပင်မရှိ ယင်ရှောင်ရှောင်း ပြောသည့်အတိုင်း လုပ်လိုက်သည်။

ယင်ရှောင်ရှောင်း မတ်တက်ရပ်လိုက်ပြန်သည်။

အာ.. ဟုတ်ပြီ.. လိုချင်တာ ဒီလိုအတိအကျပဲ..

သူ ကြီးပြင်းလာသည်နှင့်အမျှ ပိုရှည်လာပြီး လုံးပတ်ပိုထူလာမည်ဆိုလျှင်ပင် ကျောက်တုံးမှာ သူနှင့်အတူ လိုက်ပြီး ကြီးထွားလာခြင်းမျိုး ရှိမည် မဟုတ်ပေ။ ကျောက်တုံးပေါ်တွင် အမှတ်အသားများ ချန်ထားခဲ့ခြင်းဖြင့် နောက်တစ်ကြိမ် တိုင်းတာကြည့်မည်ဆိုလျှင် မည်မျှကြီးထွားလာသည်ကို သိနိုင်မည် ဖြစ်သည်။ ကြီးထွားလာသည်ကို သိလာနိုင်မည့်အပြင် မည်မျှအထိ ကြီးထွားလာမည်ကိုလည်း သိနိုင်မည် ဖြစ်သည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင် ပြန်လာဖို့ စောင့်မျှော်နေရသည့် အကြောင်းမှာ မြွေပေါက်လေးများ၏ သွားများမှာ ကျောက်တုံး‌ပေါ်တွင် အမှတ်အသားများ ချန်ထားနိုင်တဲ့အထိ ဖွံ့ဖြိုးသန်မာခြင်း မရှိသောကြောင့်ပင်။

ကြည့်ပါဦး.. ကြည့်လေ.. ကြည့်.. ကြည့်.. အရမ်းကို စမတ်ကျမနေဘူးလား.. ဟမ့်..

ယင်ရှောင်ရှောင်း အလွန်ဂုဏ်ယူနေမိသည်။

ယင်ရှောင်စစ်မှာလည်း ယင်ရှောင်ရှောင်း၏ စိတ်ကူးအား နားလည်သဘောပေါက်လေသည်။ အားစိုက်ထုတ်မှုများစွာ မလိုဘဲ ယင်ရှောင်ရှောင်း၏ နည်းလမ်းကို နားမလည်ဘဲ ရှိနေသည့် ကျန်မြွေများအား ရှင်းပြလိုက်လေသည်။

ရှင်းပြနေစဉ်အတွင်း ယင်ရှောင်စစ် စိတ်ထဲမှ ရေရွတ်နေလေသည်။

“ကြည့်ပါဦး.. ရှောင်ရှောင်းက ငါထင်နေသလို တုံးအအလေး ဟုတ်မနေဘူး..”