Chapter 22
"ဒါက တကယ်ပျော်စရာကောင်းပုံပဲ.."
ဟွားရှောင်ဝူသည် မြွေအုပ်ကို ကျော်ဖြတ်ကာ ရှေ့သို့ တွန်းတိုက်သွားသည်။
"ရှောင်ရှောင်းပြီးရင် သားနော်.. သား.. သား.."
ယင်ရှောင်စစ် ဟွားရှောင်ဝူအား အထင်သေးမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
"ရှောင်ဝူတိတိ.. မင်းမေ့သွားပြီလား.. ရှောင်ရှောင်း ကလွဲရင် ငါတို့ထဲက ဘယ်သူကမှ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖြောင့်ဖြောင့်ကြီး မဆန့်နိုင်ဘူးလေ..”
“….”
ဟွားရှောင်ဝူ မျက်နှာပေါ်ရှိ အမူအရာမှာ တောင့်ခဲသွားပြီး မကျေမလည်ဖြင့် နောက်ဆုတ်သွားသည်။
ဟွားရှောင်ဟွားနှင့် ယင်တပိုင် အပါအဝင် ကျန်မြွေများမှာ ဟွားရှောင်ဝူအား လှောင်ပြောင်ခြင်း မရှိကြချေ။ အကြောင်းမှာ သူတို့အားလုံး ရှောင်ရှောင်းကဲ့သို့ လုပ်ချင်ကြသောကြောင့် ဖြစ်သည်။ သူတို့နှင့် ဟွားရှောင်ဝူကြား တစ်ခုတည်းသော ကွာခြားချက်မှာ ဟွားရှောင်ဝူမှာ မြန်ဆန်စွာ ရွေ့လျားနိုင်ခြင်းဖြစ်သည်။ ယင်ရှောင်စစ် ပြောပြီးသည်နှင့် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်သတိရပြီးနောက် ဆူညံစွာဖြင့် အဖွဲ့ခွဲလိုက်ကြသည်။
ဤသို့နှင့် သာယာလှပသောနေ့တစ်နေ့ ထပ်မံကုန်ဆုံးသွားလေပြီ။
…
နောက်တစ်နေ့တွင် တစ်မိသားစုလုံး အိပ်ရာထပြီးနောက် ဟွားရှောင်ဝူ နှင့် ယင်တပိုင် တို့သည် ယင်ရှောင်ရှောင်း ၏ ငှက်ဥများကို ရှာဖွေရန် ထွက်သွားကြပြန်သည်။ ယင်ရှောင်ရှောင်းသည် အလျင်စလို ထွက်ခွာသွားသည့် မြွေနှစ်ကောင်၏ နောက်ကျောအား ကြည့်ကာ မထီမဲ့မြင်ပြုလိုက်သည်။
ဟွန့်.. ဟွန့်.. ဘာကို သားအတွက် ငှက်ဥရှာတာလဲ.. အပြင်ဘက် တစ်နေရာရာမှာ မဖွယ်မရာတွေလုပ်ဖို့ ထွက်သွားတာကို သားမသိဘူးလို့ ထင်နေကြတာလား.. ဒီတစ်ကြိမ်တော့ လှည့်စားနိုင်မယ်လို့ ထင်မနေနဲ့နော်..
ယင်ရှောင်ရှောင်း မကျေမနပ်နှင့် ဆောင့်အောင့်လို့နေသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ယခုလို အရှက်မဲ့သည့် အပြုအမူများနှင့် အချိန်ကုန်နေခြင်းအား ယင်ရှောင်ရှောင်းအနေဖြင့် ဂရုမစိုက်သော်လည်း ဟွားရှောင်ဟွားမှ သူ့အား ရှက်ရွံ့နေသည်ဟု ပြောဆိုခြင်းကိုမူ အလွန်ဂရုစိုက်မိနေသည်။
ယင်ရှောင်ရှောင်း ဤအဖြစ်အပျက်များကြောင့် ထိတ်လန့်နေစဉ်တွင် ကျန်မြွေပေါက်လေးများမှာ တစ်နေ့တာအား မည်သို့ကုန်ဆုံးကြမည်ကို အစီအစဉ်များ ရေးဆွဲပြီးလို့နေပြီ ဖြစ်သည်။ ဤသို့ဖြင့် ယင်ရှောင်ရှောင်း အသိစိတ်ပြန်ဝင်လာချိန်တွင် သူ၏မြင်ကွင်းထဲသို့ မြွေပေါက်လေး လေးကောင် ရောက်လာသည်။ ဟွားရှောင်ဝူမှာ ယင်ရှောင်ရှောင်းနံဘေးတွင် ခွေနေသည်။
“ရှောင်ရှောင်းရေ.. သွားကြစို့..”
"ဘယ်သွားမလို့လဲ?"
ယင်ရှောင်ရှောင်း စာနာခြင်းမရှိ မေးလေသည်။
“လန်ယိယိတို့ဆီလေ..”
ဟွားရှောင်ဝူ ပြန်ဖြေသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းမှာ အတွေးထဲ နစ်မြောနေခဲ့ခြင်း ဖြစ်သည်။
"စစ်ကောကောက အကြံပေးတာလေ.. ကျန်တဲ့သူတွေလည်း သဘောတူကြတယ်.."
ယင်ရှောင်ရှောင်း ‘အိုး’ ဟုဆိုကာ အပြင်ပြေးထွက်သွားလေသည်။
“ရှောင်ရှောင်း.. ရှောင်ရှောင်း.. ကောကောကို စောင့်ဦး..”
ဟွားရှောင်ဝူသည် ချက်ချင်းထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားခြင်းမရှိပေ။ ယင်ရှောင်ရှောင်း စတင်ထွက်သွားသည်ကို မြင်သောအခါ၊ သူသည် ပြင်းထန်စွာအားစိုက်ထုတ်၍ ယင်ရှောင်ရှောင်းနောက်သို့ အော်ဟစ်ရင်း ပြေးလိုက်လေသည်။
အာ.. ဟွာရှောင်ဝူ.. မင်းရဲ့ ခန္ဓာကိုယ်လေးကို တွန့်လိမ်ပြီး ရှေ့ကိုသွားဖို့ပဲ လိုတာလေ.. အဲဒါအတွက် ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လိုအပ်နေတာတုန်း..
ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဝူအား ကြားလျှင်ပင် ထိုအကြောင်းကို အရိပ်အယောင်မပြဘဲ ရှေ့သို့ ဆက်သွားမည် ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ပထမဆုံးထွက်ခွာလာသူ ဖြစ်သော်လည်း ယခင်အပိုင်းတွင် တွေ့ခဲ့ရသည့်အတိုင်းပင် ဖြစ်သည်။ အမ်.. နောက်ဆုံးအခန်းမှာ ဘာတွေဖြစ်ခဲ့သလဲ... အိုး.. ဟုတ်သားပဲ.. ယင်ရှောင်ရှောင်းမှာ အခြားမြွေပေါက်လေးများထက် သေးသွယ်သည်။ ဟွားရှောင်ဝူထက် သေးသွယ်သည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းအား ဟွားရှောင်ဝူ ကျော်တက်သွားသည်မှာ အံ့ဩစရာပင် မလိုချေ။
ကနဦးတွင် ဟွားရှောင်ဝူမှာ ကြွားလုံးထုတ်ချင်မိသည်။ သို့သော်လည်း ယမန်နေ့မှ အဖြစ်အပျက်များကို ရုတ်တရက် ပြန်သတိရသွားသည်။ ထို့ကြောင့် ပြောထွက်လုနီးနီး စကားများအား ပြန်မြိုချကာ ရပ်လိုက်သည်။ ထိုသို့ ရှေ့တိုးနောက်ဆုတ် လုပ်နေရင်းဖြင့် ဟွားရှောင်ဝူ အသက်ရှူကျပ်လာပြီး သူတို့ရှာဖွေတွေ့ထားသည့် အရာကြောင့် မျက်ရည်ကျမတတ် ဖြစ်လာသည်။
အဆုံးတွင် ယင်ရှောင်ရှောင်းမှာ လျစ်လျူရှုခြင်း ခံထားရသည့် ဟွားရှောင်ဝူအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ ထိုအကြည့်၏ ဆိုလိုရင်းမှာ ‘ဟွားရှောင်ဝူ.. မင်းဘယ်လောက်တောင် တုံးအနိုင်တာလဲ.. တွားသွားတယ်ဆိုတာ လုံးဝ ရှုပ်ထွေးမနေဘူးနော်.. ဒါတောင်မှပဲ အသက်ရှူကျပ်နေသေးတယ်လား..’
... ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူကိုယ်တိုင်ဖြစ်သည်ဟု ယင်ရှောင်ရှောင်း မစဉ်းစားမိခဲ့ပေ။ သို့သော်လည်း အဖြစ်အပျက်တစ်ခုလုံးကို သိရှိသွားမည် ဆိုလျှင်ပင် သူအနေဖြင့် တာဝန်ရှိသည်ဟု ယူဆလိမ့်မည် မဟုတ်ချေ။ ထို့အစား ဟွားရှောင်ဝူအား ‘ကိုယ့်ဘာသာ ခံ’ ဟူ၍ပင် ကြိမ်းမောင်းနိုင်သေးသည်။
ထို့ကြောင့် ဟွားရှောင်ဝူအား အထင်အမြင်သေးစွာ ကြည့်ကာဖြင့် ရှေ့ဆက်သွားလေသည်။
ဟွားရှောင်ဝူမှာ အသက်ရှူကျပ်နေရာမှ မျက်နှာတစ်ခုလုံး နီရဲလာလေသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ သူ့အား နည်းနည်းလေးပင် ဂရုမစိုက်သဖြင့် ဟွားရှောင်ဝူ ပို၍ဝမ်းနည်းခဲ့ရသည်။ ဟွားရှောင်ဝူ မတရားသလို ခံစားနေမိသည်။
သို့သော်လည်း ဟွားရှောင်ဝူ မတရားခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ မြွေပေါက်ကလေးများမှာ လန်ယိယိတို့ဆီသို့ အဟန့်အတားမရှိ ရောက်ရှိလာခဲ့ကြသည်။
ယနေ့တွင် ဟုန်စန်းဟုန်နှင့် လန်အားလန်တို့လည်း အိမ်မှာရှိနေခဲ့ကြသည်။ မြွေငယ်လေး လန်ယိယိမှာ အိမ်တွင် ပျင်းရိလို့နေပြီး ယင်ရှောင်ယိတို့ ရောက်လာသည်ကို မြင်သည့်အခါ အလွန်ပျော်ရွှင်သွားလေသည်။ ထို့ကြောင့် ဟုန်စန်းဟုန်၏ ‘မိုးမချုပ်ခင် ပြန်လာခဲ့ကြ’ ဟူသည့် အကြံပေးချက်အရ မြွေငယ်ကလေးများမှာ ဆော့ကစားဖို့ရန် ပျော်ရွှင်စွာ ထွက်ခွာသွားကြလေသည်။
လန်ယိယိမှာ အခွင့်အရေးယူကာ ယင်ရှောင်ရှောင်းထံသို့ ချဉ်းကပ်သွားပြီးနောက် မေးလေသည်။
“ပြီးခဲ့တဲ့တစ်ခေါက်က သွားတဲ့နေရာကိုပဲ ပြန်သွားရင်ကော ဘယ်လိုလဲ.. အဆင်ပြေလား..”
ယင်ရှောင်ရှောင်း လန်ယိယိအား ခေါင်းရှုပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ငါက ကိစ္စမရှိပါဘူး..”
“အဲဒီလိုဆိုရင် ပြီးခဲ့တဲ့တစ်ခေါက်က သွားခဲ့တဲ့ နေရာကိုပဲ သွားကြမယ်.. ယိယိက လမ်းပြလုပ်.. ဟုတ်ပြီလား..”
ယင်ရှောင်ယိမှာ လန်ယိယိ ပါးစပ်မဖွင့်မီ အလုအယက် ဖြတ်ပြောလေသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်းထံသို့ သွားလိုက်သည်။
“ရှောင်ရှောင်းက ရှောင်စစ်နဲ့ အတူတူသွားနော်..”
ဤအခိုက်အတံ့တွင် ယင်ရှောင်ရှောင်းမှာ ယင်ရှောင်ယိထံမှ လွှမ်းမိုးကြီးစိုးသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထိုလွှမ်းမိုးကြီးစိုးသည့် အငွေ့အသက်၏ ဖိအားအောက်တွင် ယင်ရှောင်ရှောင်းမှာ သတိမမူမိဘဲ ချက်ချင်းဆိုသလို ‘ဟုတ်ကဲ့’ ဟု ပြန်ဖြေမိလိုက်သည်။
ကျေနပ်ပီတိဖြစ်သွားသည့် ယင်ရှောင်ယိမှာ ယင်ရှောင်စစ်ထံသို့ နာခံစွာ တရွေ့ရွေ့တိုးသွားနေသည့် ယင်ရှောင်ရှောင်းအား ကြည့်ပြီးနောက် လန်ယိယိအား အာရုံစိုက်လိုက်သည်။
“သွားကြစို့..”
လန်ယိယိ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်အရုပ်ဆိုးနေလေသည်။ သို့သော်လည်း ယင်ရှောင်ယိမှာ ထိုလန်ယိယိအား လွယ်လင့်တကူ သဘောမတူလိုက်နိုင်ပါ။ အတင်းအကြပ် ဦးဆောင်လမ်းပြ လုပ်လိုက်ရပြီး ယင်ရှောင်ယိမှာမူ ပြုံးဖြီးကာ ကျေနပ်ပီတိဖြစ်လျက်နှင့် လန်ယိယိနောက်မှ လိုက်ပါလာသည်။
ယင်ရှောင်စစ်မှာ ခေါင်းရှုပ်သွားပြီးနောက် သူ၏နံဘေးသို့ ရိုးရိုးသားသား တိုးကပ်လာသည့် ယင်ရှောင်ရှောင်းအား တွေ့လိုက်ရသည်။
ဟွားရှောင်ဝူမှာ ယခင်က ယင်ရှောင်ရှောင်းနောက်မှ လိုက်နေကျဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ ယင်ရှောင်ရှောင်းအား နောက်တစ်ကြိမ် ကျော်မတက်ရဲတော့ပါချေ။
အဆုံးတွင် သူတို့သည် နောက်ဆုံးအကြိမ် သွားခဲ့ကြသည့် နေရာသို့ ရောက်ရှိလာကြပြီး မြွေကလေးတစ်အုပ်မှာ စတင်ကစားကြလေသည်။ ယင်ရှောင်ရှောင်းမှာ ‘မင်းငါ့ကိုကိုက်.. ငါမင်းကိုရိုက်’ ကစားနည်းအား ဆော့ကစားလျက်ရှိသည့် မြွေများကိုကြည့်ကာ ဆွံ့အလို့နေသည်။
လန်ယိယိမှ အတူကစားဖို့ရန် ဖိတ်ခေါ်သည့်အခါ ယင်ရှောင်ရှောင်း ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်သည်။ ထို့နောက်တွင် သူ့အား ကိုက်ခဲ့ဖူးသော ဟွားရှောင်ဝူနှင့် ဝေးရာသို့ ရွှေ့သွားပြီးနောက် ယင်ရှောင်စစ်၏ အကြည့်များအောက်မှာပင် ယင်ရှောင်ရှောင်းမှာ ချောင်းထဲသို့ ဆင်းသွားပြန်လေသည်။
သို့သော်လည်း များမကြာမီမှာပင် ယင်ရှောင်ရှောင်း ပျင်းရိလာတော့သည်။
နေ့စဉ်နေ့တိုင်း လှုပ်ရှားမှုမရှိဘဲ ရေစိမ်နေတတ်သည့် မြွေတစ်ကောင်အတွက် ပျင်းရိလာသည်မှာ သဘာဝပင် ဖြစ်သည်။ ယင်ရှောင်ရှောင်းထံတွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိပေ။ သို့သော်လည်း သက်တမ်း အနှစ် ၂၀၀ ရှိသည့် မြွေတစ်ကောင်အတွက် ရည်မှန်းချက်မရှိခြင်းမှာ လက်တွေ့ဆန်လေသည်။ ယင်ရှောင်ရှောင်းမှာ သူ၏အချိန်များကို အကျိုးမရှိ ကုန်ဆုံးနေသည့် မြွေတစ်ကောင်ဖြစ်လာရန် ဆန္ဒမရှိပေ။ တစ်နေ့ပြီးတစ်နေ့ ငှက်ဥများစား၍ ရေစိမ်မည်။ တစ်နေ့ပြီးတစ်နေ့ လှုပ်ရှားခြင်းမရှိဘဲ ငှက်ဥများစားကာ ရေစိမ်မည်။ နှစ် ၂၀၀ ပတ်လုံး နေ့စဉ်နှင့်အမျှ ထိုသို့ဖြတ်သန်းရမည့်အစား သူ့ကိုယ်သူ သတ်သေပစ်လိုက်ခြင်းက ပိုကောင်းမည်ဟု ယင်ရှောင်ရှောင်း တွေးမိလေသည်။
မွန်းတည့်ချိန် မတိုင်သေးသည့်အတွက် ရာသီဥတုမှာ အတော်လေး အေးမြလန်းဆန်းလို့နေဆဲဖြစ်သည်။ ယင်ရှောင်ရှောင်း ဤအချိန်တွင် တစ်ခုခု ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်ဟု တွေးလိုက်သည်။ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ချောင်းထဲမှထွက်ကာ သူ့ကိုစောင့်ကြည့်လျက်ရှိသည့် ယင်ရှောင်စစ်ထံသို့ သွားလေသည်။
“စစ်ကောကော.. သား ဟိုနားမှာ လမ်းသွားလျှောက်ချင်လို့..”
ယင်ရှောင်ရှောင်း ပြုံးကာဖြင့် ပြောသည်။
“ကောကောလည်း အတူလိုက်မယ်..”
“.. အာ.. ရပါတယ် စစ်ကောကောကလည်း.. သားက ကိုယ့်ဘာသာ သွားချင်လို့ပါ..”
ယင်ရှောင်ရှောင်းမှာ ကြီးမားသည့် မျက်လုံးကြီးများဖြင့် ယင်ရှောင်စစ်အား စူးစူးစိုက်စိုက် ကြည့်နေလေသည်။
“သား ဝေးဝေးမသွားဘူးလို့ လုံးဝ အာမခံတယ်..”
တခြားသူက အနောက်ကနေ တကောက်ကောက် လိုက်နေမှတော့ ဘယ်သူက ဆော့ချင်ဦးမှာလဲ.. ဟွန့်.. ပြီးတော့ စစ်ကောကောက သူ့နောက်လိုက်လာမှတော့ အဲဒါက ဆော့တယ်လို့ ခေါ်ပါဦးမလား.. အဲဒါက လုံးဝကို ဝမ်းနည်းဖို့ကောင်းတယ်နော်..
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်း၏ ဟိုဟိုဒီဒီ လျှောက်သွားမည်ဟူသည့် စိတ်ကူးနှင့် ပတ်သက်၍ စိတ်လက်ချမ်းသာ မရှိလှချေ။ ယင်ရှောင်ရှောင်းမှာ အနည်းငယ်သာ ကြီးထွားမှုရှိသေးသည့်အပြင် ထို့ထက်ဆိုးသည့်အရာမှာ သူ့ထံတွင် မှတ်ဉာဏ်အမွေများလည်း မရှိပေ။ ထို့ကြောင့် တားမြစ်ထားသည့် နေရာတစ်ခုခုသို့ ရောက်သွားခဲ့မည်ဆိုပါက... ထိုသို့တွေးမိသည့်အခါ ယင်ရှောင်စစ် ပြတ်ပြတ်သားသား ပြောလေသည်။
“မေးခွန်းတွေ တော်လိုက်တော့.. ရှောင်ရှောင်းက တကယ်သွားချင်နေရင် ကောကောလည်း အဖော်လိုက်ခဲ့မယ်..”
“စစ်ကောကောက သားကို တစ်ကောင်တည်း သွားခွင့်မပြုရင် ကောကောကို မပြောဘဲနဲ့ ခိုးထွက်ပစ်လိုက်မှာ.. သားက ဒီချောင်းအတိုင်းလေးပဲ သွားမှာပါ.. နော်.. မမှောင်ခင် သေချာပေါက် ပြန်လာခဲ့မှာ..”