အပိုင်း ၂၃
Viewers 12k


Chapter 23




ယင်ရှောင်ရှောင်း၏ ပါးနပ်မှုအား သူကိုယ်တိုင် မြင်တွေ့ပြီးနောက် သူတို့မိသားစု၏ ရှောင်ရှောင်းမှာ မူလက ထင်ထားသလို အရူးလေးမဟုတ်ကြောင်း ယင်ရှောင်စစ် ရုတ်တရက် သဘောပေါက်မိလိုက်သည်။ ရှောင်ရှောင်း ခိုးထွက်သွားမည်ဆိုလျှင် ပိုဆိုးပေမည် ထို့ကြောင့် သဘောတူလိုက်ခြင်းက ပိုကောင်းမည်။ ထိုမှသာ အနည်းဆုံး သူစိတ်အေးနေနိုင်မည် ဖြစ်သည်။ သူ၏ မှတ်ဉာဏ်အမွေထဲတွင် ရှာဖွေကြည့်လိုက်ပြီးနောက် ချောင်းတစ်လျှောက်တွင် သွားလာနေခြင်းမှာ မည်သည့်အန္တရာယ်မျှ ရှိပုံမရချေ။

“..ဟုတ်ပြီ.. ဒါပေမဲ့ ကောကောတို့က မမှောင်ခင် အိမ်ပြန်ရမှာနော်.. သိပြီလား..”

ယင်ရှောင်စစ် သဘောတူကြောင်း ကြားလိုက်သည်နှင့် ယင်ရှောင်ရှောင်း ဝမ်းသာအားရ တုံ့ပြန်သည်။

“သိပါပြီ.. သိပါပြီ..”

ယင်ရှောင်စစ်၏ ထပ်မံသတိပေးချက်အား စောင့်ဆိုင်းမနေချင်တော့သည့်အတွက် ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို ချောင်းစပ်ဆီသို့ပြေးကာ ချောင်းအောက်ဘက်သို့ ထွက်ခွာသွားလေသည်။

ယင်ရှောင်စစ်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး အလွန်အကျူး အလိုလိုက်ဟန်လည်း ရှိနေသည်။

ယင်ရှောင်စစ်မှာ သူ့အား မေးမြန်းသည့် အသံတစ်ခုအား ကြားသည်ထိတိုင်အောင် ပြုံးလို့နေသည်။

“ရှောင်ရှောင်းနဲ့ စစ်ကောကောတို့က ဘယ်သွားကြမလို့လဲဟင်..” ထို့နောက် ယင်ရှောင်စစ်၏ အပြုံးများ ရပ်တံ့သွားသည်။

စိတ်ဘဝင်မကျ ဖြစ်သွားသည့် ယင်ရှောင်စစ်မှာ အသံလာရာဆီသို့ ခေါင်းလှည့်လိုက်သည်။

“ဟွားရှောင်ဝူ.. မင်း သူ့ကို အနိုင်ကျင့်တယ်လို့ ရှောင်ရှောင်းက ငါ့ကိုပြောတယ်..”

“အမ်..” ဟွားရှောင်ဝူ အံ့အားသင့်နေမိသည်။

ငါက ရှောင်ရှောင်းကို အနိုင်ကျင့်ခဲ့မိတယ်ပေါ့.. ဘယ်တုန်းကလဲ..

ရုတ်တရက်ဆိုသလို လမ်းပေါ်တွင် ပြုလုပ်ခဲ့မိသည့် ကိစ္စအား အမှတ်ရမိလိုက်သည်။ ထိုအချိန်တွင် ရှောင်ရှောင်းမှာ မွန်းကျပ်လို့နေပြီး အဝေးသို့ ရွှေ့သွားလေသည်။ သူတွေးနေမိခဲ့သည့် ကိစ္စရပ်များအား ရှောင်ရှောင်း သိနေခြင်းပေလော။ ရှောင်ရှောင်း၏ ခံစားချက်များအား နာကျင်စေခဲ့မိလေပြီ။

ထိုသို့တွေးမိပြီးနောက် ဟွားရှောင်ဝူမှာ အပြစ်ရှိစိတ်၊ ရှက်ရွံ့စိတ်နှင့် စိုးရိမ်မှုတို့ကို ခံစားရလေသည်။

ကနဦးတွင် ယင်ရှောင်စစ်မှာ အဖြစ်သဘော ပြောရုံမျှသာ ဖြစ်လေသည်။ သို့သော်လည်း ဟွားရှောင်ဝူ၏ မျက်နှာအမူအရာများကို မြင်တွေ့လိုက်ရသည့်အခါ ယင်ရှောင်စစ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

အဲဒီဟွားရှောင်ဝူက ရှောင်ရှောင်းကို တကယ်အနိုင်ကျင့်ခဲ့တာများလား..

ထိုသို့ဖြစ်မည်ကို အခိုင်အမာ ယုံကြည်မိသဖြင့် ယင်ရှောင်စစ် ဒေါသတကြီး သွားကြိတ်လိုက်သည်။ သူ့အနေဖြင့် ရှောင်ရှောင်းအား အနိုင်ကျင့်ခံရမည်ကိုပင် သည်းခံနိုင်စွမ်း မရှိသည့်တိုင် ဟွားရှောင်ဝူမှာမူ ကိုယ်တိုင်ကိုယ်ကျ အနိုင်ကျင့်ရဲလေသည်။ ယင်ရှောင်စစ် အော်ဟစ်လိုက်သည်။

"ဟွားရှောင်ဝူ..!"

ဟွားရှောင်ဝူ အမြီးမှ ခေါင်းထိတိုင် တုန်ယင်လို့နေသည်။ မြွေတစ်ကောင်၏ ပင်ကိုယ်သိစိတ်အရ ထွက်ပြေးဖို့ရန် အမြီးအားလှည့်လိုက်သည်။ ယင်ရှောင်စစ်မှာ ထွက်ပြေးနေသည့် ဟွားရှောင်ဝူနောက်သို့ အော်ဟစ်ကာ လိုက်လေသည်။

ကျန်မြွေငယ်လေးများမှာ မှင်တက်လို့သွားပြီး ဟွားရှောင်ဝူနှင့် ယင်ရှောင်စစ်အား စူးစူးစမ်းစမ်း ကြည့်နေကြသည်။ ဘာတွေလုပ်နေကြပါလိမ့်။

အဟွတ်.. အဟွတ်.. ဟွားရှောင်ဝူ ကြုံတွေ့ရမည့် ကံတရားအား ဆွေးနွေးကြည့်ဖို့ပင် မလိုအပ်ချေ။ ထို့အစား ယင်ရှောင်‌ရှောင်းအား ကြည့်ကြပါဦးစို့။

ယင်ရှောင်စစ်ထံမှ ခွင့်ပြုချက်ရပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ပျော်ရွှင်စွာဖြင့် ချောင်းရိုးအတိုင်း စုန်ဆင်းကာ ချောင်းအောက်ဘက်သို့ သွားနေလေသည်။ တဖြည်းဖြည်းနှင့် ယင်ရှောင်စစ်နှင့် အခြားမြွေများ ကစားသည့်နေရာမှ ဝေးကွာလို့လာသည်ကို ယင်ရှောင်ရှောင်း သတိမပြုမိချေ။ မည်သို့ပင်ဖြစ်စေ ချောင်းရိုးအတိုင်း လျှောက်နေခြင်း ဖြစ်သည်။ ပြန်သွားချင်သည်ဆိုပါက ချောင်းရိုးအတိုင်း ဆန်တက်ဖို့ရန်သာ လိုလေသည်။

သို့သော်လည်း သွားနေရင်း သွားနေရင်းဖြင့် ယင်ရှောင်ရှောင်း ပျင်းရိလို့လာပြီ ဖြစ်သည်။ အချိန်ကြာမြင့်စွာ သွားလာပြီးသည့်တိုင် ပတ်ဝန်းကျင်မှာ မြက်ပင်နှင့် မြက်ပင်များသာလျှင် ရှိလို့နေသည်။

တခြားဘာမှ မရှိတော့ဘူးလား.. အရမ်းပျင်းစရာကောင်းနေပြီ..

ယင်ရှောင်ရှောင်း လာရာလမ်းအတိုင်း လှည့်ပြန်မည် ပြုစဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ လက်ယာဘက် ခြုံပုတ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ယင်ရှောင်ရှောင်း သေသေချာချာ နားထောင်လိုက်သည်။ ဤအသံမှာ..

မြွေတစ်ကောင်ပင် ဖြစ်သည်။

ယင်ရှောင်ရှောင်း ကြောက်လန့်ကာ ဖျော့တော့လို့လာပြီး လမ်းတစ်လျှောက် ပြန်ပြေးရန်ပြုလေသည်။

‘ကံကလည်းနော်.. ဟုတ်သားပဲ.. ငါလည်း မြွေပဲလေ..’ ယင်ရှောင်ရှောင်း လှည့်ပြေးရန် ပြင်စဉ်မှာပင် အမှတ်ရမိလိုက်သည်။

မွေးဖွားပြီးသည့် အချိန်မှစကာ မြွေများဝန်းရံခြင်း ခံခဲ့ရကာ မြွေများအား မြင်တွေ့ဖို့ရန် သူ၏စိတ်အား ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့သဖြင့် မြွေမကြောက်တော့ဟု ဆိုနိုင်ပေမည်။ သို့သော်လည်း ဤတစ်ကြိမ်မှာမူ ကွဲပြားလေသည်။ အခြားမြွေများနှင့် အတူရှိနေခြင်း မဟုတ်ဘဲ သူတစ်ကောင်တည်း ဖြစ်နေခြင်းပင်။ ထို့ကြောင့် ရုတ်တရက် ပေါ်လာသည့် အခြားမြွေကြောင့် ယင်ရှောင်ရှောင်း အနည်းငယ် ကြောက်ရွံ့မိခြင်းမှာ အလွန်သဘာဝကျသည်။

ထိုသို့စဉ်းစားပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ယခုလေးတင် ဖြစ်ပျက်ခဲ့သည်ကို အံ့အားသင့်သွားမိသည်။

ယင်ရှောင်ရှောင်းမှာ ဤတောင်ပေါ်ရှိ မြွေအားလုံးကို သိသည်ဟု မဆိုလိုပေ။ နောက်ဆုံးအကြိမ် ယင်တပိုင်နောက် ငှက်ဥများရှာဖွေရန် လိုက်သွားသည့်အချိန် အပြန်လမ်းတွင် ယင်တပိုင် ပြောခဲ့သည်များအား ပြန်တွေးမိသည်။ တောင်တန်း၏ ဤနေရာတွင် အရွယ်ရောက်ပြီးသည့် မြွေအနည်းငယ်သာ နေထိုင်ကြသည်။ ထို့ကြောင့် သူတို့ထံတွင် အိမ်နီးချင်းများ ရှိသော်လည်း အိမ်နှစ်အိမ်မှာ အလွန်ဝေးကွာနေရခြင်း ဖြစ်လေသည်။ ယင်ရှောင်ရှောင်းမှာ လန်ယိယိတို့အိမ်နှင့် အလွန်ဝေးသည့် နေရာသို့ ရောက်နေသည်ဟု မတွေးမိခဲ့ချေ။

တကယ်တမ်းတွင် ယင်ရှောင်ရှောင်း မှားလေသည်။ ယင်တပိုင်တို့အိမ်၊ လန်ယိယိတို့အိမ်နှင့် ဤအခြားမြွေ၏အိမ်မှာ သုံးမြှောင့်ပုံစံ တည်ရှိနေကြခြင်း ဖြစ်သည်။ ယင်တပိုင်တို့အိမ်နှင့် လန်ယိယိတို့အိမ်မှာ မျဉ်းဖြောင့်အတိုင်း သွားမည်ဆိုလျှင် အဝေးဆုံးဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ထိုအခြင်းအရာအား လတ်တလောတွင် သိရှိထားခြင်း မရှိပေ။ ယခုအချိန်တွင် ယင်ရှောင်ရှောင်း ယုံကြည်နေသည်မှာ သူသိနှင့်ပြီးသား မြွေတစ်ကောင်နှင့် ဝင်တိုးမိခြင်း ဖြစ်မည်ဟူ၍ပင်။

ထိုအသံမှာ မြွေငယ်လေးများ မဖြစ်နိုင်ချေ။ ယင်ရှောင်ရှောင်းမှာ မြွေပွေးမျိုးနွယ်စုဝင် ဖြစ်သည့်အတွက် သူကြားလိုက်ရသည့် အသံမှာ အရွယ်ရောက်ပြီးသား မြွေတစ်ကောင်၏ အသံဖြစ်သည်သာမကဘဲ မြွေနှစ်ကောင် ဖြစ်သည်ကိုပင် သူသိနေပြီး ထိုသို့ပြောရန်လည်း အလွန်ယုံကြည်ချက် ရှိ‌လေသည်။

လန်ယိယိ၏ မိဘများမှာ အိမ်၌ရှိနေကြလေသည်။ ထိုသို့ဆိုလျှင် သူမတော်တဆ ဝင်တိုးမိခြင်းမှာ သူ၏ မိဘများ ဖြစ်ကြသည့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ ဖြစ်ပေမည်။

ထိုသို့သဘောပေါက်နားလည်ပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း စိတ်တိုလာတော့သည်။

ငါ့အတွက် ငှက်ဥသွားရှာမယ်လို့ ပြောပြီးတော့ ထွက်သွားကြတာ မဟုတ်ဘူးလား.. မြင်နေရတာတော့ မြက်ခင်းပြင်ကြီးလေ.. ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ငှက်ဥကို ရှာမှာလဲ.. ဟမ်.. ဒီနေရာကနေ ဖြတ်သွားတာလို့ ပြောရင်တောင် ဘယ်သူက ယုံတော့မှာလဲ.. အချိန်တွေအများကြီး ကြာပြီးတာတောင် သူတို့က ‘ဖြတ်သွားရုံလေး’ ပဲ ရှိနေသေးပြီး ဒီနားမှာတင် အတော်လေး ဆူညံနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ..

ယင်ရှောင်ရှောင်း ဤမနက်ခင်းမှ အဖြစ်အပျက်အား ပြန်အမှတ်ရမိလိုက်သည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ အပြင်ဘက်တွင် မဖွယ်မရာကိစ္စများ ပြုလုပ်ရန်အတွက် ထွက်သွားကြခြင်း ဖြစ်သည်ကို ပြန်သတိရမိလိုက်သည်။ ထို့နော်က ယင်ရှောင်ရှောင်းမျက်နှာ မည်းမှောင်သွားလေသည်။

ယင်ရှောင်ရှောင်းမှာ အလွန်အမင်း ဒေါသထွက် တုန်လှုပ်ကာဖြင့် အသံကြားရာနေရာသို့ သွားလေသည်။ ထို့နောက်တွင် အသံအရင်းအမြစ် ရှိရာသို့ ရှေ့ဆက်တိုးသွားလိုက်သည်။

အတားအဆီးများစွာအား ကျော်ဖြတ်ပြီး နောက်ဆုံးတွင် ယင်ရှောင်ရှောင်း ဦးတည်ရာနေရာသို့ ရောက်လာခဲ့သည်။ လည်ဆန့်ပြီးနောက် မြွေနှစ်ကောင်၏ အရိပ်ရှိရာသို့ ပေါ်ပေါ်ထင်ထင် ဝင်လာခဲ့သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ‘သားရဲ့ ငှက်ဥတွေ ဘယ်မှာလဲ..’ ဟု မေးမြန်းရန် ပြင်ဆင်ထားခဲ့သော်ငြား အော်ဟစ်ဖို့ရန်ပင် တောင့်ခဲ့သွားလေသည်။

ယင်ရှောင်ရှောင်းရှေ့တွင် ရှိနေသည်မှာ အစိမ်းရောင် မြွေတစ်ကောင်နှင့် အနီနှင့် အဝါကြားများ ပါရှိသည့် အနက်ရောင်မြွေတစ်ကောင်တို့ ဖြစ်ကြသည်။

ယင်ရှောင်ရှောင်း အကြီးအကျယ် အမှားလုပ်မိကြောင်း သဘောပေါက်သွားလေသည်။ အခြားသူများအား အနှောင့်အယှက် ပေးမိပြီဖြစ်ကြောင်း နားလည်သွားမိသည်။

***

ဟေးအာပန်၏အောက်တွင် ဖိထားခြင်းခံရသည့် လုရှောင်ဟွမ်မှာ ရမ္မက်များနှင့် နစ်မွန်းလို့နေသည်။ သူ့ထံသို့ ဝင်ရောက်လာတော့မည့် ဟေးအာပန်အား ကြည့်ကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မျောလွင့်နေသလို ခံစားနေရသည်။ အထွတ်အထိပ်ဖြစ်သည့် အခိုက်အတန့်တွင် ငွေရောင်ခေါင်းလေးမှာ သူ၏ခေါင်းထက်တွင် ရုတ်တရက်ဆန်စွာ ပေါ်လာလေသည်။ ကြောင်အနေသည့် လုရှောင်ဟွမ်မှာ သတိလက်လွတ်ဖြင့် ဟေးအာပန်နှင့် ဝေးရာသို့ ပြေးထွက်သွားတော့သည်။

ဟေးအာပန်မှာ စိတ်အားထက်သန်နေသည့် လုရှောင်ဟွမ်ကြောင့် အောင်မြင်လုဆဲဆဲမှာပင် သူ၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည့် မြွေပေါက်လေးကြောင့် ရပ်တန့်သွားပြီး လုရှောင်ဟွမ် အဝေးသို့ ပြေးထွက်သွားသည့်အခါမှသာ ဟေးအာပန် နားလည်သွားခြင်း ဖြစ်သည်။

လုရှောင်ဟွမ် အနေခက်နေမိသည်။ ဟေးအာပန်မှာလည်း ကသိကအောက်ဖြစ်နေပြီး ယင်ရှောင်ရှောင်းသည်လည်း ကိုးရိုးကားရား ဖြစ်လို့နေသည်။

မူလတွင် ယင်ရှောင်ရှောင်းမှာ ဒေါသကြောင့် တစ်ကိုယ်လုံး နီရဲနေခဲ့သော်လည်း ယခုအခါတွင်မူ ရှက်ရွံ့မှုကြောင့် နီမြန်းလို့နေသည်။ အခြားမြွေများ၏ ကြည်နူးဖွယ်အခိုက်အတန့်အား သူ၏ရောက်ရှိလာမှုနှင့် နှောင့်ယှက်မိဟန် ရှိလေသည်။

“မင်းက..”

လုရှောင်ဟွမ် အေးဆေးတည်ငြိမ်သည့် ဟန်ဖြင့် ယင်ရှောင်ရှောင်းအား စူးစူးစမ်းစမ်း မေးလေသည်။ ဤမြွေကလေးအား မြင်နေရသည့် ဟေးအာပန်မှာလည်း ယင်ရှောင်ရှောင်းအား သိကျွမ်းခြင်း မရှိပေ။

ကနဦးတွင် ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်၏ တည်ငြိမ်အေးဆေးမှုကြောင့် အံ့အားသင့်နေမိသည်။

“ကျွန်တော်က ယင်ရှောင်ရှောင်းပါ.. ယင်တပိုင်နဲ့ ဟွားရှောင်ဟွားတို့ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်..”

ဤမြွေနှစ်ကောင်မှာ သူ၏မိဘများအား သိရှိလိမ့်မည်ဟု ယင်ရှောင်ရှောင်း ခံစားမိသည်။ မည်သို့ပင်ဖြစ်စေ ဤမြွေနှစ်ကောင်မှာ သူတို့မိသားစုအိမ်နှင့် လန်ယိယိတို့၏အိမ်၏ မဝေးသည့်နေရာတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လုရှောင်ဟွမ် ခေါင်းလှည့်ကာဖြင့် ဟေးအာပန်အား ကြည့်လိုက်သည်။ ဤမြွေကလေးမှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ မကြာသေးမီက ဖွားမြင်ထားခြင်း ဖြစ်ပေမည်။

ဟေးအာပန် အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ သူနှင့် လုရှောင်ဟွမ်တို့မှာ ယခုထိတိုင် ရင်သွေးမရသေးပေ။ သူကဲ့သို့သော မော့မြွေဘဝဖြင့် အဆုံးသတ်သွားမည့် ကလေးငယ်အား ရရှိလာခြင်းမှ ‌ရှောင်ရှားနိုင်ဖို့ရန် ရင်သွေးမရှိခြင်းက ပို၍ကောင်းလေသည်။