အပိုင်း ၂၄
Viewers 12k

Chapter 24



“မင်း ဒီကို တစ်ကောင်တည်း လာတာလား..”

လုရှောင်ဟွမ် ယင်ရှောင်ရှောင်းအား အလွန်ဖော်ရွေစွာ မေးလိုက်သည်။

“ဟုတ်..”

ယင်ရှောင်‌ရှောင်း ပြန်ဖြေရင်း ဟေးအာပန်အား ဖြတ်ခနဲ ခိုးကြည့်လိုက်သေးသည်။

“ကျွန်တော်က ကစားဖို့အတွက် ကိုယ့်ဘာသာ လာခဲ့တာပါ..”

ယင်ရှောင်ရှောင်း ကြည့်နေသည်အား သတိပြုမိသည့်အတွက် ဟေးအာပန်၏မျက်နှာမှာ ပို၍လေးနက်သည့်ဟန် ပေါ်လာကာ တောင့်တင်းလာလေသည်။ စိတ်ဓာတ်ကျသည့် အငွေ့အသက် အနည်းငယ်ပင် ပေါ်ထွက်လို့နေသည်။

အနည်းငယ် ထူးဆန်းနေသည်ဟု ယင်ရှောင်ရှောင်း ခံစားမိသည်။ သူကိုယ်တိုင်မှာ မြွေအများကြီး မမြင်ဖူးသေးသော်ငြား သူ့မိသားစု၏ ပြောကြားချက်အရ မြွေပွေးများမှာ မျိုးနွယ်စုအချင်းချင်းတွင်ပင် တစ်ကောင်နှင့်တစ်ကောင် လွန်စွာရင်းနှီးကြသည်ဟု ဆိုလေသည်။

ဒါဖြင့်ရင် ဒီတစ်ကောင်က ဘာကိစ္စနဲ့ ဖော်ဖော်ရွေရွေမရှိရတာတုန်း.. နည်းနည်းတောင် ရန်လိုနေသလိုပဲနော်..

ယင်ရှောင်ရှောင်း၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်လာသည်။ (_ _|||) မည်သို့ပင် ကြည့်နေစေကာမူ ဤကလေးလေးမှာ တူတစ်ချောင်းကဲ့သို့ ပိန်ပါးလို့နေသည်။

ခင်ဗျားက အရွယ်ရောက်ပြီးတဲ့ မြွေဖြစ်နေတာတောင် ဘာကိစ္စနဲ့ ရန်လိုနေတာလဲ.. ဟမ်..

လုရှောင်ဟွမ်မှာ ဟေးအာပန်နှင့် ယင်ရှောင်ရှောင်တို့အကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုအား သတိပြုမိလေသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်း မမြင်နိုင်သည့်နေရာမှနေ၍ ဟေးအာပန်အား နှစ်ချက်ဆင့်ရိုက်လိုက်သည်။ ထို့နောက် ဟေးအာပန်မှာ ရွေးချယ်ရန်မရှိတော့သဖြင့် မကျေမနပ်ဖြင့် ကောင်းကင်အား မော့ကြည့်လိုက်ရသည်။

ဟုတ်ပါပြီ.. မကြည့်တော့ဘူး..

လုရှောင်ဟွမ် ယင်ရှောင်ရှောင်းအား ပြုံးပြပြီးနောက် စကားသံထွက်လာသည်။

“ရှောင်ရှောင်း.. ဟုတ်တယ်မလား.. သူ့ကို စိတ်ထဲမထားနဲ့နော်.. ငါ့ရဲ့ အာပန်က မသိတဲ့မြွေတွေနဲ့ဆိုရင် အရမ်းရှက်တတ်လို့လေ.. ရန်လိုတာမျိုး မဟုတ်ပါဘူး..”

ယင်ရှောင်ရှောင်းမှာ ယခုလေးတင် သူမြင်တွေ့ခဲ့ရသည့် မြင်ကွင်းအား ပြန်မြင်ယောင်မိသည်။

ဪ.. ဒီ ရှက်ရွံ့တတ်တယ်လို့ ခေါ်တဲ့ မြွေက အခု ရှင်းပြနေတဲ့ မြွေကို သူ့ခန္ဓာကိုယ်အောက်မှာ ဖိထားတယ်ပေါ့.. ဘာကို ‘ရှက်တတ်တာ’ တုန်း.. မင်းဆိုရင်ကော ယုံမှာလား.. ငါတော့ လုံးဝပဲ..

“ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူးနော်.. ငါ့နာမည်က လုရှောင်ဟွမ်ပါ.. ငါ့ကို ဦးဦးလု လို့ခေါ်လို့ရတယ်.. ဒီ ရှက်တတ်တဲ့ တစ်ကောင်ကတော့ ဟေးအာပန်တဲ့.. သူ့ကို ဦးဦးဟေးလို့ ခေါ်နော်..”

ယင်ရှောင်ရှောင်း ခေါင်းငဲ့လိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ယင်ရှောင်ရှောင်း ခံစားနေမိသည်။ သို့သော်လည်း ကျယ်လောင်ပြတ်သားသည့် အသံဖြင့် ပြောလိုက်သည်။

“ဦးဦးလု.. ဦးဦးဟေး..”

ဤတစ်ကြိမ်တွင် လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့ အံ့အားသင့်ရသည့် အလှည့်ဖြစ်သည်။ မြွေနှစ်ကောင်မှ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဟေးအာပန် ကြည့်လိုက်သည့်အခါ လုရှောင်ဟွမ်၏ မျက်လုံးများမှာ ရွှင်လန်းဝမ်းမြောက်မှုတို့ဖြင့် တောက်ပလို့နေသည်ကို မြင်လိုက်ရသည်။ လုရှောင်ဟွမ် ကြည့်လိုက်သည့်အခါတွင် ဟေးအာပန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလို့နေသည်။

လုရှောင်ဟွမ်မှာ ပျော်ရွှင်မှုတို့ ပြည့်နှက်နေသည့် အသံဖြင့် ပြောလေသည်။

“မင်း.. မင်းက ဦးဦးတို့ကို အဲလိုမျိုး တကယ်ခေါ်လိုက်တာလား..”

“ဟင်..”

ယင်ရှောင်ရှောင်း၏ မျက်နှာတွင် ရှုပ်ထွေးမှုတို့ ပေါ်လာသည်။

သူတို့ပဲ အဲလိုခေါ်ခိုင်းတာ မဟုတ်ဘူးလား.. ဘာကိစ္စနဲ့ ဒီမြွေနှစ်ကောင်က အရမ်းစိတ်လှုပ်ရှားနေတာလဲ..

“မဟုတ်ဘူး.. မဟုတ်ဘူး.. ဘာမှမဟုတ်ဘူး..”

လုရှောင်ဟွမ်မှာ ခက်ခက်ခဲခဲဖြင့် သူ၏ ပီတိတို့အား ချိုးနှိမ်ကာ သတိထားလျက် နူးညံ့ညင်သာစွာ မေးလေသည်။


“မင်း ဦးဦးတို့အိမ်ကို လိုက်လည်ပြီး ခဏလောက် ကစားချင်လား.. ဦးဦးတို့အိမ်က ဒီနေရာကနေ သိပ်မဝေးပါဘူး..”

ယင်ရှောင်ရှောင်း တုံ့ဆိုင်းသွားသည်။

သိပ်တော့မကောင်းဘူးနော်.. အခုလေးတင်မှ သူတို့နဲ့ တွေ့ခဲ့တာကို ချက်ချင်းကြီး အိမ်ကို ဖိတ်နေပါရောလား.. ဘယ်လိုပဲကြည့်ကြည့် ကလေးတွေကို ပြန်ပေးဆွဲပြီး ရောင်းတဲ့ပုံနဲ့ တူနေတယ်နော်..

လုရှောင်ဟွမ်နှင့် သူ၏နောက်နားတွင် ရပ်နေသည့် ဟေးအာပန်တို့မှာ ယင်ရှောင်ရှောင်းအား ချစ်ခင်မှုတို့ဖြင့် ကြည့်လို့နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ယင်ရှောင်ရှောင်း၏ နှလုံးသားလေးမှာ နူးညံ့လို့သွားလေသည်။ နှလုံးသား နူးညံ့သူ ယင်ရှောင်ရှောင်းမှာ သူ့ကိုယ်သူ ပြန်တွေးမိလိုက်သည်။ ‘ငါက အတွေးလွန်နေပြီပဲ.. မြွေတွေက အဲဒီလောက် ရှုပ်ထွေးမနေဘူးလေ.. ငါ့ကို ဧည့်သည်အနေနဲ့ ဖိတ်ရုံလေပဲ.. ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ မဟုတ်ပါဘူး.. ပြီးတော့ ငါက ဘာမှလုပ်စရာမရှိလို့ အတော်လေးပျင်းနေတာ.. သူတို့အိမ်မှာ သွားကစားတာက အရမ်းကောင်းတဲ့ အကြံပဲ..’

ကျိုးကြောင်းဆီလျော်သည့် ငြင်းခုန်မှုအပြီးတွင် ယင်ရှောင်ရှောင်း ဝမ်းမြောက်စွာဖြင့် လုရှောင်ဟွမ်၏ အကြံအား သဘောတူလိုက်သည်။ လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့၏ အသံနှင့် အမူအရာများမှာ သက်သောင့်သက်သာ ဖြစ်သွားသည့် အခါမှသာ ယင်ရှောင်ရှောင်းမှာ သူ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပို၍ပင် ခိုင်မာသွားလေသည်။

ဤသို့ဖြင့် ဟေးအာပန် ဦးဆောင်လမ်းပြကာ လုရှောင်ဟွမ်နှင့် ယင်ရှောင်ရှောင်းတို့ ဘေးချင်းကပ် လိုက်ပါခဲ့ကြသည်။

ယင်ရှောင်ရှောင်းနှင့် လုရှောင်ဟွမ်မှာ လမ်းတစ်လျှောက် စကားစမြည်ပြောခဲ့ကြသည်။

“ဦးဦးလုတို့အိမ်မှာ တခြားမြွေပေါက်လေးတွေ ရှိနေသေးလား..”

“မရှိပါဘူး..”

“ဟင်.. အဲဒါဆို ဦးဦးဟေးနဲ့ ဦးဦးလုက ဘာဖြစ်လို့ တောင်ခြေမှာ နေကြတာလဲ..”

ယင်ရှောင်ရှောင်းမှာ စဉ်းစားဆင်ခြေမှုမရှိဘဲ ပြောတတ်တဲ့ ကလေးမျိုးဖြစ်သည်။

“ပါပါးပြောတာက ဒီနေရာမှာနေတဲ့ မြွေတွေက မြွေပေါက်လေးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက်ပဲ နေကြတာတဲ့.. တခြားမြွေတွေကတော့ ကျန်တဲ့နေရာတွေမှာ နေရတာကို ကြိုက်ကြတယ်တဲ့..”

အရှေ့တွင်ရှိနေသည့် ဟေးအာပန်မှာ ယင်ရှောင်ရှောင်း၏ စကားကိုကြားပြီးနောက် ခေါင်းလှည့်ကြည့်လာသော်လည်း နှုတ်ဆိတ်လို့နေသည်။

“ဘာမှတော့ မဟုတ်ပါဘူး.. ဟေးအာပန်နဲ့ ဦးဦးက ဒီမှာနေရတာ ကြိုက်လို့လေ.. အဲဒါကြောင့် ထွက်မသွားတော့တာ..”

လုရှောင်ဟွမ်၏ စကားများတွင် အပြစ်ရှိစိတ်တို့ ပါဝင်နေသော်လည်း သတိမမူသည့် ယင်ရှောင်ရှောင်းမှာ မကြားလိုက်ချေ။

“အိုး..”

ယင်ရှောင်ရှောင်း သံသယမရှိချေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကြီးကြီးမားမား ကိစ္စရပ် မဟုတ်ချေ။ လုရှောင်ဟွမ်မှာ သူ့အား လှည့်စားမည်ဟုလည်း ယင်ရှောင်ရှောင်း မယုံချင်ပါ။

“ဦးဦးလုက သားရဲ့ ပါပါးနဲ့ ဖေဖေ့ကို သိလား.. ဦးဦးတို့က သားတို့အိမ်နဲ့ သိပ်မဝေးဘူးလို့ သားထင်တယ်.. သားတို့က အိမ်နီးချင်းတွေ မဟုတ်လား..”

“အင်း.. ဦးဦးသိတယ်.. မင်းရဲ့ ပါပါးက ဟွားရှောင်ဟွားနဲ့ မင်းဖေဖေက ယင်တပိုင်လေ.. ဟုတ်တယ်မလား.. ဦးဦးတို့အိမ်တွေက အဲလောက်ကြီး မဝေးပါဘူး.. အဲတော့.. ဦးဦးတို့က တကယ်ကို အိမ်နီးချင်းတွေ ဖြစ်နိုင်တယ်..”

ကြောင်အသွားသည့် ယင်ရှောင်ရှောင်းမှာ ‌ခေါင်းမော့ကာဖြင့် လုရှောင်ဟွမ်အား ကြည့်လိုက်သည်။ ‘အိမ်နီးချင်းတွေ ဖြစ်နိုင်တယ်’ ဆိုတဲ့ စကားက နည်းနည်းလွဲနေတယ်လို့ ဘာဖြစ်လို့ ထင်နေမိတာလဲနော်..

“အဲဒါဆို ဘာဖြစ်လို့ ပါပါးဆီကနေ ဦးဦးတို့အကြောင်း ပြောတာကို မကြားဖူးတာလဲ မသိဘူး.. သားရဲ့ ကောကောတွေနဲ့ သားက လန်ယိယိတို့နဲ့ ကစားဖို့ ခဏခဏ လာကြတယ်လေ..”

ယင်ရှောင်ရှောင်း စူးစမ်းသည့်အနေဖြင့် ပြောသည်။

“အိုး.. အဲဒါလား..”

လုရှောင်ဟွမ်၏ မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ထင်ဟပ်လာသည်။

“ဦးဦးတို့မှာက မင်းတို့နဲ့ အတူကစားဖို့ မြွေပေါက်လေးတွေ မရှိလို့ မင်းပါပါးက ဦးဦးတို့ကို အနှောင့်အယှက် ပေးမိမှာစိုးလို့ မပြောတာနေမယ်.. မင်းတို့လာမယ်ဆိုရင်တောင် မင်းတို့နဲ့ အဖော်လုပ်ပေးမယ့် မြွေပေါက်လေးတွေ မရှိဘူးလေ..”

ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်သည်။ ဦးဦးလူ ပြောသည်မှာ အဓိပ္ပါယ်ရှိသည့်အတွက် ယင်ရှောင်ရှောင်းမှာ ဤအကြောင်းအရာနှင့် ပတ်သက်၍ ခေါင်းရှုပ်ခံမနေတော့ပေ။ သူ၏ ပါပါးနှင့် ဖေဖေ့ထံတွင်လည်း ဤကဲ့သို့ သဘောထားမျိုး ရှိပေမည်။ သူ၏ တာ့ကောနှင့် စစ်ကောကောတို့သာ ကစားဖို့ ထွက်သွားစဉ်တွင် လန်ယိယိနှင့် ဝင်မတိုးမိခဲ့လျှင် သူတို့အနေဖြင့် လန်ယိယိတို့ ရှိသည်ကိုပင် သိကြလိမ့်မည် မဟုတ်ချေ။

“နောက်ဆုံးတော့ ရောက်ပြီ..”

ယင်ရှောင်ရှောင်းနှင့် လုရှောင်ဟွမ်တို့၏ အရှေ့မှ ဟေးအာပန်၏အသံ ထွက်ပေါ်လာသည်။ ထို့နောက် ဟေးအာပန် လှည့်ကြည့်လိုက်သည့်အခါ ယင်ရှောင်ရှောင်း၏ မျက်နှာပေါ်တွင် ကြည်နူးမှုတို့အား မြင်တွေ့လိုက်ရသည်။ ထိုကောင်ကလေးမှာ သွားရည်များပင် ယိုစီးကျနေသေးသည်။

ယင်ရှောင်ပန်မှာ ကူကယ်ရာမဲ့စွာဖြင့် ခြေလှမ်းပေါင်းများစွာ‌ နောက်ဆုတ်လိုက်မိသည်။ ဒီ.. ဒီကလေးရဲ့ အမူအရာက လုရှောင်ဟွမ်နဲ့ ပထမဆုံး တွေ့တုန်းက အမူအရာနဲ့ တစ်ထပ်တည်းပဲ..

“ဘယ်လိုလဲ.. ဟေးအာပန်ရဲ့ အသံက အရမ်းကို ကြည်နူးဖို့ကောင်းတယ်မလား..”

ညှို့ဓာတ်အပြည့်နှင့်အသံမှာ ယင်ရှောင်ရှောင်း၏ နားထဲတွင် ပဲ့တင်ထပ်လို့နေသည်။ ယင်ရှောင်ရှောင်း ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး သွားရည်ယိုနေဆဲပင်။ အသံက အရမ်းနက်နဲလွန်းတယ်..။ ညှို့နိုင်စွမ်း အရှိဆုံးသော အသံဖြစ်သည်မှာ ငြင်းပယ်၍ မရနိုင်ပေ။ ထိုအသံမှာ လူသားတစ်ယောက်ကိုပင် ပျော့ခွေသွားစေနိုင်လိမ့်မည်။

လုရှောင်ဟွမ်မှာ ရယ်မောကာ ကြမ်းပြင်တွင် လှိမ့်လို့နေပြီး ယင်ရှောင်ရှောင်းမှာမှာ ညှို့ယူဖမ်းစားခံနေရဆဲ ဖြစ်သည်။ ဟေးအာပန်မှာ ကူကယ်ရာမဲ့စွာဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရပြန်သည်။

အဆုံးတွင် ယင်ရှောင်ရှောင်းမှာ ထိုအခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အလွန်ရှက်ရွံ့နေမိသည်။ အသိစိတ်လည်း ပျောက်သွားခဲ့ရပြီး ဝမ်းနည်းမှုတို့ ဝင်ရောက်လာလေသည်။ မြွေတစ်ကောင်ထံတွင် ဤမျှ သာယာနာပျော်ဖွယ်ကောင်းသည့် အသံတစ်သံ ရှိနေခြင်းမှာ မျှတမှုမရှိလှပေ။ ဟေးအာပန်၏ အသံအား နေ့စဉ်နေ့တိုင်း နားထောင်နိုင်သည်။ ထိုသို့တွေးမိသည့်အခါ ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်အား အလွန်အမင်း မနာလိုဖြစ်မိသည်။ လုရှောင်ဟွမ်မှာ ဤကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသည့် အသံအား နှစ်ပေါင်း ၂၀၀ လုံးလုံး နားထောင်နိုင်မည် ဖြစ်သည်။

လုရှောင်ဟွမ်မှာလည်း ယင်ရှောင်ရှောင်း၏ မနာလိုမှုအား ခံစားမိသည်။ ထို့ကြောင့် အလွန်ဂုဏ်ယူနေမိသဖြင့် သူ၏အမြီးမှာ ခေါင်းကိုပင်ကျော်လွန်ကာ ထောင်လို့နေသည်။

“ဘယ်လိုလဲ.. ဘယ်လိုလဲ.. ငါတို့ ဟေးအာပန်ရဲ့ အသံက အရမ်းကောင်းတယ်မလား..”

လုရှောင်ဟွမ် ကိုယ်ကိုကိုင်းကာဖြင့် ယင်ရှောင်ရှောင်းအား တီးတိုးပြောလိုက်သည်။

“မဆိုပါဘူး.. အခုထိတော့ ဒီလောက်သာယာတဲ့ အသံမျိုး မကြားဖူးသေးဘူး..”

ယင်ရှောင်ရှောင်း သွားကြိတ်ကာဖြင့် ပြောသည်။

ယင်ရှောင်ရှောင်း၏ တုံ့ပြန်မှုကြောင့် လုရှောင်ဟွမ်မှာ ထိန်းသိမ်းမရနိုင်လောက်အောင် ရယ်မောလေတော့သည်။