အပိုင်း ၂၅
Viewers 13k


Chapter 25



ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်အား အထင်အမြင်သေးစွာဖြင့် အေးစက်စက်ဟန်ပြုကာ နှာမှုတ်လိုက်သည်။

ဟေးအာပန်မှာ သူတို့၏ဂူထဲသို့ တိတ်တဆိတ် ဝင်သွားလေသည်။ ဤမြွေကလေးအား အမှန်တကယ် မဆုံးရှုံးချင်မိသဖြင့် ခပ်ဝေးဝေး၌သာ ခေတ္တမျှ နေသင့်လေသည်။

လုရှောင်ဟွမ် ရယ်မောပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းနှင့်အတူ ဂူထဲသို့ ဝင်လာလေသည်။

ယင်ရှောင်ရှောင်း ဂူအတွင်းသို့ ဝင်ပြီးသည့်နောက်တွင် သူတို့မိသားစု၏ ဂူနှင့် နှိုင်းစာမည်ဆိုလျှင် ဤဂူမှာ အတော်လေးသေးငယ်သည်ကို သတိပြုမိသည်။ သို့သော်လည်း မြွေပေါက်လေး ခြောက်ကောင်၏ ဆိုးရွားလှသော အိပ်စက်သည့် အလေ့အကျင့်နှင့် ပါပါးနှင့် ဖေဖေ၏ ဂူနောက်ထဲတွင် အိပ်စက်တတ်ခြင်းတို့အား ပြန်သတိရမိသည့်အခါ ထိုအခြင်းအရာအား လျစ်လျူရှုလိုက်တော့သည်။

ဤဂူမှာ အချိန်ကြာမြင့်စွာ နေထိုင်ထားဟန်ရှိပြီး သူတို့မိသားစု၏ ဂူမှာမူ ပါပါးနှင့် ဖေဖေတို့သည် ဥဥဖို့ရန်သာ နေထိုင်ကြခြင်း ဖြစ်ပေမည်။ သူတို့မိသားစု၏ဂူတွင် တစ်လကြာမျှ နေထိုင်ခဲ့သော်ငြား အိမ်အသစ်အနံ့ ရနေဆဲဖြစ်သည်မှာ ငြင်းပယ်၍ မရနိုင်ပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့၏ ဂူမှာမူ ကွဲပြားလှသည်။ အိမ်ဟောင်းတစ်ခု၏ အငွေ့အသက်များအား ယင်ရှောင်ရှောင်း ခံစားမိသည်။

ဂူ၏ ထောင့်ကျယ်တစ်ခုအား မြက်များဖြင့် ဖုံးလွှမ်းထားသည်ကို ယင်ရှောင်ရှောင်း တွေ့ရှိလိုက်ရသည်။ ထိုနေရာမှာ မြွေတစ်ကောင်၏ ခြေရာလက်ရာများ ရှိနေသည်အား အကြည့်နှင့်ပင် မြင်နိုင်သည်။ လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့ထဲ တစ်ကောင်ကောင်မှာ မြက်ခင်းအိပ်ယာနှင့် အိပ်စက်ရသည်ကို သဘောကျဟန်ရှိသည်။ သို့သော်လည်း မြက်များမှာ စိမ်းလန်းကာ မွှေးပျံ့နေဆဲဖြစ်သည်။ ထို့အပြင် ထိုမြက်များအား နှစ်ရက်တစ်ခါ သို့တည်းမဟုတ် နေ့စဉ်နေ့တိုင်း လဲလှယ်ပုံလည်းရှိသည်။

ဂူမှာ အနောက်တောင်အရပ်သို့ မျက်နှာမူထားသည်။ ဂူထဲရှိ အခြေအနေမှာ အေးမြကာ လန်းဆန်းသည်။ အခြားမြွေများအတွက်မူ အပူချိန်မှာ အနည်းငယ် နိမ့်ကျပြီး ဂူ၏ မျက်နှာမူရာဘက်မှာလည်း ကျေနပ်ဖွယ်မရှိဟု ဆိုနိုင်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာမူ အမှန်တကယ် သဘောကျမိသည်။ ဂူအတွင်းရှိ အနေအထားကြောင့် သဘောကျ မိသည့်အပြင် အနောက်တောင်အရပ်သို့ မျက်နှာမူထားခြင်းကြောင့်လည်း နှစ်သက်မိခြင်း ဖြစ်သည်။ ညနေခင်းတိုင်းတွင် နေဝင်ချိန်မရောက်မီ ဂူဝတွင် လဲလျောင်းကာဖြင့် ဆည်းဆာချိန်ကို ခံစားနိုင်မည်။ အပူချိန်မှာလည်း ပူသည်ဟု မဆိုနိုင်သလို အေးသည်ဟုလည်း မဆိုသာဘဲ သင့်တင့်မျှတနေမည်။ မည်မျှလှပလိမ့်မည်နည်း။ နေ့လယ်ခင်းတွင် အလွန်အမင်းပူလောင်ပြီး ညနေခင်းတွင် နေရောင်ခြည်မရသည့် သူတို့မိသားစုအိမ်နှင့် တူမနေချေ။

ယင်ရှောင်ရှောင်းမှာ ထိုအတွေးများစွာနှင့် လုံးခြာလည်နေချိန်တွင် လုရှောင်ဟွမ်မှာ အနည်းငယ် စိုးရိမ်နေမိသည်။

“ရှောင်ရှောင်းက ဦးဦးတို့ရဲ့ ဂူကို သဘောကျရဲ့လား.. ဦးဦးတို့ဂူက အရမ်းသေးပြီး ကောင်းမွန်တဲ့ အရပ်မျက်နှာကိုတောင် မျက်နှာမူမထားဘူးဆိုတာ ဦးဦး.. သိပါတယ်.. ရှောင်ရှောင်း သဘောမကျဘူးလား..”

ယင်ရှောင်ရှောင်းမှာ စိတ်ရှုပ်ထွေးမှုတို့ကြောင့် မျက်တောင်ခတ်ချင်မိသော်လည်း ကံဆိုးစွာဖြင့် မျက်တောင်ရှိမနေချေ။

“အဲလိုမဟုတ်ပါဘူး.. ဒီဂူက အရမ်းကောင်းတယ်လို့ သားထင်တယ်..”

ယင်ရှောင်ရှောင်း ပြုံးလျက်နှင့် ပြန်ဖြေသည်။

လုရှောင်ဟွမ်မှာ ယင်ရှောင်ရှောင်း၏ အပြုံးမှတဆင့် သူ၏စိတ်ရင်းကို ခံစားမိသဖြင့် ပျော်ရွှင်မိလေသည်။ အရမ်းပျော်တာပဲ..။ သူနှင့် ဟေးအာပန်တို့ စုံတွဲများဖြစ်လာသည့် အချိန်မှာစကာ သူတို့နှစ်ဦးအား လက်ခံနိုင်သည့် မြွေများ ရှိလာမည်ကို သူ့အနေဖြင့် မျှော်လင့်မထားမိခဲ့ပါလေ။

ယင်ရှောင်ရှောင်းထံတွင် မှတ်ဉာဏ်အမွေများ ရှိမနေခြင်းအား လုရှောင်ဟွမ် သိရှိထားခြင်း မရှိပေ။ ယင်ရှောင်ရှောင်းအတွက် ဤအခြေအနေများမှာ ဤသို့သာဖြစ်သည် _ လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့မှာ မြွေပွေးများဖြစ်ကြသည်။ သူသည်လည်း မြွေပွေးတစ်ကောင် ဖြစ်သည်။ ထိုမျှမကသေးဘဲ သူတို့အားလုံးမှာ အိမ်နီးချင်းများ ဖြစ်ကြသည်။ လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့မှာ အလွန်ထူးဆန်းနေဟန်လည်း မရှိကြချေ။ ထိုကြောင့် လက်မခံနိုင်စရာအကြောင်း မရှိပေ။

“ရှောင်ရှောင်းရေ.. ဦးဦးတို့အိမ်မှာ ငှက်ဥတွေရှိတယ်.. ရှောင်ရှောင်း စားချင်လား..”

လုရှောင်ဟွမ် ဝမ်းသာအားရ မေးသည်။

“ငှက်ဥလား..”
ယင်ရှောင်ရှောင်း မျက်နှာပေါ်ရှိ အမူအရာမှာ ပြောင်းလဲသွားသည်။ လုရှောင်ဟွမ်၏ ကြင်နာမှုအတွက် ကျေးဇူးတင်ရမည်လား သို့တည်းမဟုတ် လုရှောင်ဟွမ်မှာ သူနှင့်အတူ ငှက်ဥများစားရန် ဖိတ်ခေါ်သဖြင့် ပျော်ရွှင်ရမည်လား မသိတော့ချေ။

“ဟုတ်တယ် ဟုတ်တယ်.. ဦးဦးက ငှက်ဥတွေကို သရေစာအနေနဲ့ စားရတာ သဘောကျတယ်လေ.. အဲဒါကြောင့် အာပန်က နေ့တိုင်း ငှက်ဥတွေ ရှာပေးတယ်..”

ဟေးအာပန်အကြောင်း ပြောသည့်အချိန်တိုင်းတွင် လုရှောင်ဟွမ်၏အသံမှာ အလွန်ချိုသာလှသည်။

“အာ.. ဟုတ်သားပဲ.. မနေ့ကကျန်တဲ့ ငှက်ဥတွေ ရှိနေသေးတယ်.. ဒီနေ့ အာပန်က ငါးလုံးထပ်ရှာလာခဲ့တယ်.. အတူတူစားကြမယ်လေ.. ဟုတ်ပြီလား..”

ယင်ရှောင်ရှောင်းမှာ သူ၏ခေါင်းထဲတွင် တိတ်တဆိတ် ရေတွက်လိုက်ပြီးနောက် အသက်မဲ့စွာဖြင့် ပြောလေသည်။

“အဲဒါက မလုံလောက်သေးဘူး..”

“ဟင်..”

လုရှောင်ဟွမ် အနည်းငယ် စဉ်းစားမရဘဲ ရှိနေသည်။

“ရှောင်ရှောင်းပြောတာက အခုရှိနေတဲ့ ငှက်ဥတွေက မလောက်ဘူးလို့လား..”

“ဟုတ်..”

ယင်ရှောင်ရှောင်း တုန်လှုပ်ခြင်းမရှိ ခေါင်းညိတ်လိုက်သည်။

“တကယ်လား..”

လုရှောင်ဟွမ်မှာ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးအား ကြည့်လိုက်ပြီး မျက်နှာတွင် သံသယများ ပြည့်လို့လာသည်။

“မကြွားနဲ့နော်.. ရှောင်ရှောင်းလေး..”

“သားက တစ်ခါစားတိုင်း အနည်းဆုံး ငှက်ဥ ၁၂ လုံးလောက်စားတာ..”

“...”

လုရှောင်ဟွမ် တိတ်ဆိတ်လို့သွားသည်။ ဤကလေးအပေါ် သူ၏ထင်မြင်ချက်များမှာ မှားယွင်းသွားပုံရသည်။ ဘာကို ချစ်စရာကောင်းတာလဲ။ ဘာကို နှစ်လိုဖွယ်ရှိတာလဲ။ ဘာကို ကြင်နာတတ်ပြီး စဉ်းစားတတ်တာလဲ။ ဒီကလေးက အစားသောင်းကြမ်းတဲ့ ကလေးတစ်ကောင်ပဲ။

ဟေးအာပန် ပြောလာသည်။

“ကိုယ်ထပ်ရှာလိုက်ပါ့မယ်..”

ယင်ရှောင်ရှောင်းမှာ မျက်လုံးထဲတွင် ကြယ်ကလေးများ တဖျက်ဖျက်လင်းလက်လျက် သွားရည်များ ယိုလာပြန်သည်။

ယင်ရှောင်ရှောင်း အသိစိတ်ပြန်ဝင်လာချိန်တွင် ဟေးအာပန်မှာ ပျောက်ကွယ်သွားလေပြီ ဖြစ်သည်။

ဤသို့ဖြင့် ယင်ရှောင်ရှောင်းနှင့် လုရှောင်ဟွမ်မှာ ရှိနေသည့် ငှက်ဥများအား ခွဲဝေလိုက်ကြပြီး လုရှောင်ဟွမ်သည် ယင်ရှောင်ရှောင်းအား အပိုတစ်ဥ ပေးလေသည်။

ဤသို့ဆုံးဖြတ်ခဲ့ကြပြီး ဟေးအာပန်၏ အပြုအမူမှတဆင့် ယင်ရှောင်ရှောင်းအပေါ် လုရှောင်ဟွမ်၏ ထင်မြင်ချက်တို့မှာ မှားယွင်းနေကြောင်း သက်သေပြပြီးဖြစ်သည်။

မြွေနှစ်ကောင်မှာ ငှက်ဥများ စားသောက်ပြီးနောက်တွင် မြေပြင်တွင် ပက်လက်လှန်ကာ လဲလျောင်းလိုက်ကြပြီး စကားစမြည် ပြောကြလေသည်။

“အာပန်ကို ပထမဆုံး စတွေ့တဲ့အချိန်တုန်းက ဦးဦးရဲ့အသက်က ၂၃ နှစ်ပဲ ရှိသေးတာ.. (ယင်ရှောင်ရှောင်း : ၂၃ နှစ်ပဲ ဟုတ်လား..) အရွယ်ရောက်ဖို့ ၇ နှစ် လိုသေးတယ်လေ.. အဲဒီအချိန်တုန်းက အာပန်က အသက် ၅၅ နှစ်တောင် ရှိနေပြီလေ.. ဒါပေမဲ့လည်း သူက တစ်ကောင်တည်း ဖြစ်နေတုန်းပဲ.. အာပန်ကို မြင်မြင်ချင်းမှာပဲ ချက်ချင်းဆိုသလို သိလိုက်ရတာက ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက်မှာ အာပန်မရှိဘဲ နေသွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး ဆိုတာကိုပဲ..”

“အဲဒီလိုနဲ့ ဦးဦးက အာပန်ကို စပြီး ပိုးပန်းတော့တာပဲ.. အစပိုင်းမှာတော့ အာပန်က ပြတ်ပြတ်သားသား ငြင်းခဲ့တာ.. ဒါပေမဲ့ ဦးဦးက နည်းနည်းလေးတောင် လက်မလျော့ခဲ့ဘူး.. အဆုံးကျရင် အာပန်က ဦးဦးနဲ့ပဲ အတူတူရှိသွားမယ်လို့ ယုံကြည်ထားတာ..”

“ဦးဦးရဲ့ ယုံကြည်မှုက အခုတော့ အောင်မြင်သွားပြီလေ.. အခုဆို ဦးဦးက အသက် ၃၆ နှစ်နဲ့ အာပန်က ၆၈ နှစ်ရှိနေပြီ.. အတူတူရှိခဲ့ကြတာလည်း ၁၀ နှစ်ရှိခဲ့ပြီ.. ဦးဦး တကယ်ပျော်နေတာ..”

လုရှောင်ဟွမ် အလွန်ပျော်နေသည်ဟု ဆိုလာသည့်အခါ ယင်ရှောင်ရှောင်း စိုက်ကြည့်လိုက်သည်။ လုရှောင်ဟွမ် အလွန်ပျော်နေပုံ မရချေ။ တခြားသူ၌ ပြောပြ၍မရနိုင်သည့် အရာများ ရှိနေသည်ကို သိသဖြင့် ယင်ရှောင်ရှောင်း မေးမနေတော့ချေ။ လုရှောင်ဟွမ် ပြောပြချင်လာမည်ဆိုလျှင် ဖိအားပေးရန်ပင် မလိုဘဲ ဖွင့်ပြောလာပေလိမ့်မည်။

“ဟေးအာပန်နဲ့ ဦးဦးက အတူတူရှိလာကြတာ ၁၀ နှစ်ကြာခဲ့ပေမဲ့ သားသမီးမရသေးဘူးလေ.. အာပန်က ဦးဦးကို နှစ်သိမ့်ပြီး ကိစ္စမရှိပါဘူး သူလည်းပဲ ကလေးမလိုချင်ဘူးလို့ ပြောနေပေမဲ့ အာပန်က ကလေးတွေကို အရမ်းသဘောကျတယ်ဆိုတာ ဦးဦးသိတယ်လေ.. ဦးဦးတို့မှာသာ ကလေးလေးတွေ ရှိလာမယ်ဆိုရင်...”

“ဦးဦးက စကားအရမ်းများတယ်လို့ ထင်နေပြီလား ရှောင်ရှောင်း..”

လုရှောင်ဟွမ် ရုတ်တရက် မေးလာသည်။

“မထင်ပါဘူး..”

“ဦးဦးက အာပန်ကလွဲလို့ တခြားမြွေတွေနဲ့ စကားမပြောရတာ အရမ်းကြာနေပြီလေ.. ဒီနေ့ မင်းနဲ့ တည့်တည့်တိုးတာ အရမ်းကောင်းတာပဲ..”

လုရှောင်ဟွမ် တီးတိုးရေရွတ်လိုက်သည်။ သူ၏စကားများမှာ ယင်ရှောင်ရှောင်းအား ရှုပ်ထွေးသွားစေသည်။ ဤတောင်တန်းတွင် မြွေအနည်းငယ်သာ ရှိသည်ဆိုသော်ငြား စကားပြောဖို့ရန် မည်သူမျှမရှိဟု မဆိုလိုပေ။ အနည်းဆုံး သူတို့မိသားစုနှင့် လန်ယိယိတို့မိသားစု ရှိလေသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ဒွိဟဖြစ်နေမှုအား ထုတ်ပြောခြင်း မပြုပေ။ သူ့အနေဖြင့် မည်မျှပင် တုံးအနေစေကာမူ ဤအနေအထားနှင့် ပတ်သက်၍ အနည်းငယ်မှားယွင်းနေသည်ကို သတိပြုမိသည်။ သူ့ထံတွင် မှတ်ဉာဏ်အမွေများ ရှိမနေသည့်အတွက် ဤသို့ဖြစ်ရကြောင်းအားလည်း သူ့ကိုယ်သူ သိနေပါသည်။ ဒါက မြွေတစ်ကောင်အတွက် အရမ်း အနိုင်ကျင့်ရာကျနေပြီနော်..။

ဟေးအာပန်မှာ ဥများပြည့်နေသည့် အသိုက်တစ်ခုအားဆွဲကာဖြင့် ပြန်လာသည့်အခါ မြွေနှစ်ကောင်မှာ ပက်လက်လှန်ကာဖြင့် အိပ်စက်လို့နေသည်။ သူယူလာသည့် ငှက်သိုက်အား အမြီးမှ လွှတ်ချပြီးနောက် လုရှောင်ဟွမ်ထံသို့ ကိုယ်ဖော့ကာသွားလိုက်သည်။ ထို့နောက် လုရှောင်ဟွမ်၏ နှုတ်ခမ်းအား အနမ်းပေးလိုက်သည်။

ကိုယ်နဲ့အတူ ကုန်ဆုံးခဲ့တဲ့ ဒီနှစ်တွေက မင်းအတွက် အရမ်းခက်ခဲခဲ့မှန်း ကိုယ်သိပါတယ် ရှောင်ဟွမ်.. ဒါပေမဲ့လည်း ကိုယ်က မင်းကိုချစ်တယ်လေ.. ဘာတွေပဲဖြစ်ဖြစ် ကိုယ်မင်းကို စွန့်လွှတ်လိုက်မှာ မဟုတ်ဘူး.. ကိုယ့်ဘဝတစ်လျှောက်လုံး မင်းက ကိုယ်နဲ့ပဲ နေသွားရမယ်..

လုရှောင်ဟွမ်နှင့် ယင်ရှောင်ရှောင်းတို့မှာ တပြိုင်နက်တည်းနီးပါး နိုးလာခဲ့ကြသည်။ နိုးထလာသည့်အခါတွင် ယင်ရှောင်ရှောင်း၏ ဦးခေါင်းမှာ ချာချာလည်လို့နေသည်။ လုံလောက်အောင် အိပ်စက်ရခြင်းမရှိသောကြောင့် ဖြစ်ပေမည်။ ဂူဝသို့ ‌ခေါင်းပြူကြည့်လိုက်သည့်အခါ နေလုံးမှာ တောင်စောင်းများနောက်သို့ ဆင်းသက်လို့နေပြီ ဖြစ်သည်။

“ရှောင်ရှောင်းရေ.. အာပန်က ငှက်ဥတွေအများကြီး ရှာလာတယ်.. မြန်မြန်လေးလာစားဦး..”

အိမ်ပြန်ဖို့ရန် သိသိသာသာ လိုအပ်နေပြီဖြစ်သည့် ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်၏ သွေးဆောင်ခြင်း ခံလိုက်ရသည်။ မြွေနှစ်ကောင်မှာ ငှက်ဥများစားသောက်ဖို့ရန် ဘေးချင်းယှဉ်ထိုင်လို့နေပြီး ကျေနပ်မှုကြောင့် အမြီးများမှာလည်း ထောင်နေကြသည်။

မင်းတို့က ခွေးတွေမဟုတ်ဘူးဆိုတာတော့ သိသေးတယ်မလား..

ဟေးအာပန်မှာ သူရှာဖွေလာသည့် ငှက်ဥများအား အငမ်းမရစား‌သောက်နေသည့် အစားသမားများအား ထိုင်ကြည့်နေမိသည်။

မျိုးစိတ်တစ်ခု ဆင့်ကဲပြောင်းလဲကာ ကြီးထွားလာသည်နှင့်အမျှ အလှတရားနှင့် အကျည်းတန်ခြင်းတို့အားလည်း သိရှိလာခဲ့ကြသည်။ မြွေပွေးများအတွက်လည်း အလားတူပင်ဖြစ်သည်။ သူတို့၏သက်တမ်း တိုးမြင့်လာသည်နှင့်အမျှ သောကများကင်းဝေးကာ ဉာဏ်ပညာများလည်း မြင့်မားလာကြသည်။ ဤသို့ဖြင့် အလှတရားနှင့် အကျည်းတန်မှုတို့အပေါ်လည်း စတင်ဂရုစိုက်လာတတ်ကြသည်။ ထို့ကြောင့် တစ်ခုခု စားသောက်ပြီးတိုင်းတွင် မြွေပွေးတစ်ကောင်၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားပေလိမ့်မည်။ မြွေများမှာ ရှည်သွယ်ကြပြီး စားသောက်ပြီးသည်နှင့် ဝမ်းဗိုက်မှာ အစာများဖြင့် ပြည့်တင်းလို့နေသည်မှာ သိရှိထားပြီးသား ဗဟုသုတများပင် ဖြစ်သည်။ မြွေပွေးများမှာ ထိုအစာများဖြင့် ပြည့်တင်းနေသည့် ဝမ်းဗိုက်မှာ အလွန်အကျည်းတန်သည်ဟု ခံစားမိကြသည်။ ထို့ကြောင့် မြွေပွေးများ၏ ဘာဘာညာညာ ဖြစ်စဉ်တွင်..... မြွေပွေးများ စားသောက်ပြီးစီးသည့် အချိန်တိုင်းတွင် သူတို့၏ ပြောင်းလဲသွားသည့် ခန္ဓာကိုယ်အနေအထားကြောင့် အပြင်ထွက်ရန် သဘောမကျတော့ချေ။ ဂုဏ်ပြုပါတယ်။ အမှန်တကယ် ဂုဏ်ပြုဖို့ရန် ထိုက်တန်လှသည်။

ထို့ကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် ငှက်ဥများစားသောက်နေသည့် လုရှောင်ဟွမ်နှင့် ယင်ရှောင်ရှောင်းတို့၏ ပုံသဏ္ဌာန်မှာ သိသိသာသာ ဖောင်းကားလို့လာသည်။

လုရှောင်ဟွမ်နှင့် ယင်ရှောင်ရှောင်းတို့မှာ ငြင်းပယ်မရနိုင်လောက်အောင် အလွန်ပျော်ရွှင်ခဲ့ကြသည်။ မြွေနှစ်ကောင်မှာ ငှက်ဥများအား အတူတကွ စားသောက်ခဲ့ကြရသည့် ခံစားချက်မှာ တစ်ကောင်တည်း စားသောက်ရခြင်းနှင့် မတူညီပေ။ ဤအခြင်းအရာမှာတဆင့် သူတို့နှစ်ကောင်ကြားတွင် ခင်မင်ယုံကြည်မှုတို့ တိုးပွားလာလေသည်။

အလွန့်အလွန် နောက်ကျနေပြီ ဖြစ်သော်လည်း ယင်ရှောင်ရှောင်း အမှန်တကယ် မလှုပ်ရှားချင်တော့ပါ။ သို့သော်လည်း ယင်ရှောင်ရှောင်း နောက်ကျမှ ပြန်လာသည့်အတွက်ကြောင့် ဟွားရှောင်ဟွား၏ အိမ်ပြင်ထွက်ခွင့် ပိတ်ပင်ခြင်းခံရမည်အားလည်း မလိုချင်ပေ။ ထို့ကြောင့် ယင်ရှောင်ရှောင်း အတင်းအကြပ် အိမ်ပြန်ဖို့ လိုအပ်လေသည်။ လုရှောင်ဟွမ်သည်လည်း ယင်ရှောင်ရှောင်းအား ပြန်ပို့ရန် အတင်းအကြပ် တောင်းဆိုသည်ကြောင့် ဟေးအာပန်မှာ ရွေးချယ်ရန် မရှိတော့သည်ကြောင့် ကူကယ်ရာမဲ့စွာဖြင့် ခြေနှစ်လှမ်း လှမ်းပြီးတိုင်း တစ်ခါရပ်နားနေသည့် မြွေနှစ်ကောင်နောက်မှ လိုက်ပါလာခဲ့ရသည်။

“သားကို ချောင်းကမ်းဘေးကိုပဲ ခေါ်သွားပေးနော်.. အဲဒါဆို သားဘာသာ ပြန်လို့ရပြီ..”

ယင်ရှောင်ရှောင်း နှေးကွေးစွာပြောသည်။ အာ.. အရမ်းအိပ်ချင်နေပြီ..။

“အိုး.. ဟုတ်ပြီ။”

လုရှောင်ဟွမ်သည်လည်း နှေးကွေးစွာ ပြောလေသည်။ အား.. သူလည်းပဲ အရမ်းအိပ်ချင်နေပြီလို့...။

ယင်ရှောင်ရှောင်တို့ သုံးကောင်သား ချောင်းကမ်းဘေးသို့ ရောက်သည့်အချိန်တွင် နေဝင်သွားပြီးဖြစ်သည်ကြောင့် ကောင်းကင်မှာလည်း မှောင်မည်းလို့နေလေပြီ။

ယင်ရှောင်ရှောင်း၊ လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့မှာ အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။

“သားပြန်ပြီနော် ဦးဦးလု.. သား ဦးဦးကို ရှောင်လုလို့ ခေါ်လို့ရမလား ဦးဦးလု..”

လုရှောင်ဟွမ်၏ အနေအထားမှာ ဦးဦးဟုခေါ်ဆိုရန် အမှန်တကယ် မသင့်လျှော်လှပြီး ထိုသို့ခေါ်ဆိုရခြင်းမှာ အနည်းငယ် ကိုးရိုးကားရားနိုင်လေသည်။

“ရတာပေါ့..”

လုရှောင်ဟွမ် ပြန်ဖြေသည်။ ဤကလေး ယင်ရှောင်ရှောင်း၏ အကြိုက်မှာ သူနှင့်တူလှသည်။ လုရှောင်ဟွမ်မှာ သူ၏အကြီး ဖြစ်လာမည်ဆိုလျှင် သူတို့နှစ်ဦး အတူတူဆော့ကစားဖို့ရန် အဆင်မပြေလှချေ။

ဟေးအာပန်မှာမူ ဤအချိန်အတွင်း၌ တိတ်ဆိတ်လို့နေသည်။

ဟေ့.. ဟေ့.. နာမည်က အခုလို လွယ်လွယ်ကူကူ ပြောင်းလို့ရတယ်ပေါ့.. တကယ်ကြီး အခုလို ဖြစ်သွားတယ်လား.. ဟာသပဲ..

“ဦးဦးဟေး.. ဦးဦးဟေးကကျ သားထက် အသက်အများကြီးကြီးနေတာမို့ ဦးဦးလို့ပဲ ခေါ်မယ်နော်.. နောက်တစ်ကြိမ် သားလာလည်ရင် ဦးဦးက သားကို စကားတွေအများကြီး ပြောရမယ်နော်.. ဦးဦးရဲ့အသံကို နားထောင်ရတာ အရမ်းသဘောကျတယ်..”

ယင်ရှောင်ရှောင်း ကျီစယ်သည့်ဟန်ဖြင့် ရယ်မောလိုက်သည်။

တော်သင့်ပြီ ယင်ရှောင်ရှောင်းရေ.. မင်းက အစာပဲစားခဲ့တာနော်.. မူးနေတာ မဟုတ်ဘူး.. ကိုယ့်ကိုယ်ကိုယ် ထိန်းပါဦး..

“…” မှာ ဟေးအာပန်၏ အဖြေဖြစ်သည်။

ထို့နောက် မြွေသုံးကောင်မှာ လမ်းခွဲလိုက်ကြသည်။ ယင်ရှောင်ရှောင်းမှာ မနှေးမမြန် ပြန်သွားခဲ့ပြီး ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့မှာ ခေတ္တမျှစောင့်ကြည့်ပြီးမှသာ ပြန်သွားကြလေသည်။

ယင်ရှောင်ရှောင်းမှာ မည်မျှကြာအောင် သွားခဲ့ရမှန်း မသိသော်လည်း များမကြာမီမှာပင် သူ့အား အော်ခေါ်နေသည့် အသံများကို ကြားလိုက်ရသည်။

“သားဒီမှာ..”

ယင်ရှောင်ရှောင်း အော်ပြောလိုက်သည်။ ထို့နောက်တွင် သူ့ထံသို့ သေးသွယ်သည့်အရိပ်လေးများ လျင်မြန်စွာ ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

“မင်းကို မမှောင်ခင် ပြန်လာရမယ်လို့ ငါမပြောလိုက်ဘူးလား ယင်ရှောင်ရှောင်း.. အခုဘယ်အချိန်ရှိနေပြီလဲ မမြင်ဘူးလား.. မှောင်နေပြီကွ..”

ယင်ရှောင်စစ်၏ ဦးခေါင်းမှာ ယင်ရှောင်ရှောင်းအား တိုက်မိလုနီးနီးပင်။

ယင်ရှောင်ရှောင်း အနည်းငယ် နောက်ဆုတ်လိုက်သည်။ ကောကောက ဘာဖြစ်လို့ စိတ်လှုပ်ရှားနေတာလဲ..။

“ဟုတ်ပါပြီ.. စစ်ကောကောကလည်း သားပြန်လာပြီလေ.. အိမ်ပြန်ကြမယ်.. အိမ်ပြန်ကြမယ်နော်..”

ယင်ရှောင်စစ်၏မျက်နှာမှာ မည်းမှောင်လို့နေပြီး နှလုံးသားမှာလည်း ဒေါသကြောင့် လေးလံလို့နေသည်။ ထို့နောက် ခေါင်းလှည့်ကာ ထွက်သွားလေသည်။

ဒီကောင်လေးကြောင့် စိတ်ဆိုးလွန်းလို့ စကားတောင်မပြောနိုင်တော့ဘူး..

ယင်ရှောင်ရှောင်းမှာ လွန်စွာအပြစ်ကင်းဟန်ဖြင့် သူ၏ ကောကောများအား လှည့်ပတ်ကြည့်နေသည်။ အနည်းငယ် အပြစ်ရှိစိတ်အား ခံစားမိသည်။ သူတို့အားလုံးမှာ သူ့အား စိတ်ပူခဲ့ကြရသည်။

ယင်ရှောင်ရှောင်း အမှန်တကယ် နောင်တရနေမိသည်။ ဟွားရှောင်ဝူမှာ သူ့အားပွေ့ဖက်လို့ထားသည်။

“ပြန်ကြရအောင် ရှောင်ရှောင်းလေး..”

အခြားသူများအားလုံး ထွက်သွားကြပြီကို သတိပြုမိသဖြင့် ယင်ရှောင်ရှောင်း နာခံစွာဖြင့် လိုက်ပါလာခဲ့သည်။ ယင်ရှောင်ရှောင်းမှာ ဗိုက်ပေါက်လုမတတ် စားသောက်ခဲ့သဖြင့် ယခုအချိန်တွင် မြွေပေါက်လေးများ၏ သွားလာနှုန်းမှာ ယင်ရှောင်ရှောင်းအတွက်မူ အလင်းအရှိန်နှင့် တူ‌နေပေသည်။

ရွေးချယ်ရန် မရှိတော့သဖြင့် ယင်ရှောင်ရှောင်းမှာ သူနှင့်တဖြည်းဖြည်းဝေးဝေးလာသည့် မြွေပေါက်လေးများအား ကြည့်ကာ အနောက်မှသာ ဖြည်းညင်းစွာ လိုက်ပါလာလေသည်။ အာ.. သူ၏နောက်တွင် ဟွားရှောင်ဝူ ရှိနေသေးသည်။