Chapter 26
ယင်ရှောင်ရှောင်း အိမ်ပြန်ရောက်လာသည့်အခါမှာပင် ယင်ရှောင်စစ်နှင့် အခြားမြွေများမှာ အရင်ရောက်နှင့်ကြပြီး ဖြစ်သည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ ဂူဝင်ပေါက်အား ပိတ်လိုက်ကြလေသည်။ ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်း၏ ‘ပြစ်မှု’ အား ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့အား သတင်းပေးပြီး ဖြစ်ပုံပင်။
ယင်ရှောင်ရှောင်းမှာ သူ၏ အဆများစွာ-ကြီးထွား-ဖွံ့ဖြိုးလာသည့် ခန္ဓာကိုယ်အား ဆွဲယူလာသည်။ အကြည့်တစ်ချက်နှင့်ပင် ယင်တပိုင် သူ့အား ချက်ချင်းတွေ့လိုက်ရသည်။
“ရှောင်ရှောင်း.. သားငှက်ဥတွေ စားလာပြန်တာလား..”
ယင်တပိုင်မေးသည်။
ဒီကောင်လေးက တစ်နေ့လုံး ငှက်ဥတွေ လိုက်ရှာပြီး စားသောက်နေတာများလား..
“သားစားခဲ့တယ်..”
ယင်ရှောင်ရှောင်း ရိုးသားစွာပြုံးလျက်နှင့် အမှန်အတိုင်းဖြေသည်။ ထိုအပြုံး၏ ရည်ရွယ်ချက်မှာ သူကျူးလွန်ခဲ့သော ပြစ်မှုအတွက် အပြစ်ပေါ့စေရန်သာ။
“သားစားခဲ့ရုံပဲမဟုတ်ဘူးနော်.. ကိုယ့်ဘာသာတောင် သိမ်းထားခဲ့သေးတာ.. ဖေဖေ ဒီနေ့သားစားဖို့ ယူလာခဲ့ပေးတဲ့ ငှက်ဥတွေကို မနက်ဖြန်အတွက် သိမ်းထားလို့ရပြီ.. ပြီးတော့ သားအတွက် ငှက်ဥတွေသွားရှာပေးစရာ မလိုတော့ဘူး..”
“အဲတော့ တိတိက မနက်ဖြန်ကျ ငှက်ဥတွေစားဖို့ မလိုဘူးပေါ့..”
ယင်ရှောင်ယိ တီးတိုးရေရွတ်လိုက်သည်။
မြွေများမှာသူ့အား လျစ်လျူရှုထားကြလေသည်။
အေး.. အခုအချိန်က ယင်ရှောင်ရှောင်း မနက်ဖြန်မှာ ငှက်ဥ စားမလား မစားဘူးလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေဖို့အချိန် ဟုတ်မနေဘူးနော်..
“သားက ငှက်ဥတွေကို ကိုယ့်ဘာသာ ရှာခဲ့တာလား..”
ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား ပေါ့ပါးစွာမေးလိုက်သည်။ အလွန်နူးညံ့သိမ်မွေ့စွာ မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း ယင်ရှောင်ရှောင်းအား ကြောက်ရွံ့စေသည်။ သူ့ခန္ဓာကိုယ်မှာ ချွေးအေးများပင်ထွက်လာလေသည်။
“သားရှာခဲ့တာ မဟုတ်ဘူး..”
ယင်ရှောင်ရှောင်း အနည်းငယ် နောက်ဆုတ်လိုက်သည်။
“ဟား.. ဟားဟား.. သားက ဘယ်လိုလုပ်ပြီး ကိုယ့်ဘာသာ ဥတွေရှာနိုင်မှာလဲ.. ပါပါး နားလည်မှုလွဲနေပြီနော်..”
“အိုး.. အဲဒါဆို သားသားရဲ့ ငှက်ဥတွေက ဘယ်ကနေ ရလာတာလဲ..”
“သူများပေးတာပေါ့.. သားဒီနေ့ တခြားအိမ်နီးချင်းတွေနဲ့ တွေ့လာခဲ့တာ..”
ယင်ရှောင်ရှောင်း ဂုဏ်ယူစွာဖြင့် ခေါင်းမော့ထားသည်။
ယင်ရှောင်စစ်နဲ့ ယင်ရှောင်ယိတို့တောင် လန်ယိယိနဲ့ တွေ့ခဲ့တာပဲကို..
အဲတော့ သူလည်း သူငယ်ချင်းအသစ်ဖွဲ့ခဲ့တယ်လေ..
အဲ.. သူ့သူငယ်ချင်းအသစ်ရဲ့အိမ်မှာ မြွေပေါက်လေးတစ်ကောင် ရှိနေတယ်လို့တော့ မပြောနိုင်ဘူးပေါ့..
“အိမ်နီးချင်းအသစ် ဟုတ်လား..”
ဟွားရှောင်ဟွား အနည်းငယ် အံ့အားသင့်သွားမိသည်။
အိမ်နီးချင်းအသစ်တွေ ရလာတာ သူဘာလို့ မသိရတာတုန်း..
ဒီနားကို တစ်ကောင်ကောင်များ ပြောင်းလာသေးတာလား..
“ဟုတ်တယ် ပါပါး.. အိမ်နီးချင်းအသစ်..”
ယင်ရှောင်ရှောင်း အလွန်စိတ်အားတက်ကြွနေသည်။
“လန်ယိယိတို့အိမ်နဲ့ သိပ်မဝေးဘူး သူတို့က.. ချောင်းအတိုင်း နည်းနည်းလောက်ဆင်းသွားလိုက်ရုံပဲရယ်..”
“ချောင်းအတိုင်းနည်းနည်းဆင်းသွားရမှာလား..”
ဟွားရှောင်ဟွား ထိုသို့ပြောပြီး ယင်တပိုင်အား သတိလက်လွတ်ဖြင့် ကြည့်လိုက်လေသည်။ ထိုမြွေနှစ်ကောင် အကြည့်ချင်းဆုံသွားပြီးနောက် မျက်လုံးထဲတွင် သတိပေးချက်များ မြည်လာလေသည်။
ယင်တပိုင် စကားစပြောလာသည်။
“သူတို့တွေက ဟေးအာပန်နဲ့ လုရှောင်ဟွမ်လား..”
အမေးတစ်ခုဆိုသော်ငြား ဝါကျတစ်ကြောင်းနှင့်ပင် တူလေသည်။
ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်သဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မျက်နှာမှာ ပို၍ပင် မည်းမှောင်လာသည်ကြောင့် ယင်ရှောင်ရှောင်း၏ ခံစားချက်များ မကောင်းတော့ပေ။
ယင်တပိုင် ထပ်ပြောလေသည်။
“အခုကစပြီး သူတို့နဲ့ အဆက်အသွယ်မလုပ်ရတော့ဘူး နားလည်လား ရှောင်ရှောင်း..”
ယင်တပိုင်မှာ မိသားစုခေါင်းဆောင်နေရာနှင့် ထိုက်တန်လှသည်။ ထိုသို့ပြောလာသည့် လေသံမှာ ခပ်ဖျော့ဖျော့သာဖြစ်သော်လည်း ထိုအမိန့်အာဏာအား မည်သူမျှ လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
“ဘာလို့လဲ ဖေဖေ..”
ယင်ရှောင်ရှောင်း အမှန်တကယ်ကို နားမလည်နိုင်ပေ။
ဘာလို့ ဦးဦးလုနဲ့ ဦးဦးဟေးကို မဆက်သွယ်ခိုင်းတာလဲ..
သူတို့က ငါ့အပေါ် အရမ်းကြင်နာကြပါတယ်နော်..
ဟွားရှောင်ဟွားမှာ ပါပါးဟူသည့် ဖြစ်တည်မှုအား အသိပြုကာဖြင့် ယင်ရှောင်ရှောင်းအား ဖိအားပေးချင်သော်ငြား ယင်တပိုင်၏ တားမြစ်ခြင်းခံလိုက်ရသည်။
“ရှောင်ဟွားရေ.. ရှင်းပြလိုက်တာက ပိုကောင်းလိမ့်မယ်..”
ထိုစကားများနှင့်အတူ ဟွားရှောင်ဟွားအား မိမိကိုယ်ကိုယ် ထိန်းချုပ်ရန် အကြည့်တစ်ချက်ပေးလိုက်သည်။
“ကောင်းပြီ.. ဒီနေ့ ရှောင်ရှောင်းပြောတဲ့ စကားကြောင့် ဖေဖေ သားတို့ကိုပြောပြဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုကို အမှတ်ရလိုက်မိတယ်..”
ယင်တပိုင်၏စကားကြောင့် မြွေပေါက်လေးများအားလုံး စုဝေးလာကြသည်။
“ဖေဖေ ဒီနေ့ပြောပြမယ့် အကြောင်းအရာက သားတို့ရဲ့ မှတ်ဉာဏ်အမွေထဲမှာ ရှိနေတဲ့အရာ မဟုတ်ပေမဲ့ ဒီတောင်တန်းမှာရှိတဲ့ မြွေမျိုးနွယ်စုအားလုံး သိထားပြီးသားအကြောင်းပဲ..”
ထိုသို့ပြောပြီးနောက် စကားမဆက်ခင် ယင်ရှောင်ရှောင်းအား တစ်ချက်ကြည့်လိုက်သည်။
“ဖေဖေ ပြောမှာက မော့မြွေတွေအကြောင်းပဲ.. မော့မြွေတွေရဲ့ အဆိပ်က မြွေမျိုးနွယ်စုထဲမှာ အပြင်းဆုံးပဲ.. မော့မြွေထဲမှာ အားအနည်းဆုံးမြွေရဲ့ အဆိပ်တောင်မှပဲ ဟုန်မြွေတွေထဲက အဆိပ်အပြင်းဆုံးမြွေထက် အဆပေါင်းများစွာ ပိုပြီးတော့ အဆိပ်ပြင်းနေဆဲပဲ.. မြွေမျိုးနွယ်စုတွေကို ခွန်အားအပေါ်မူတည်ပြီး အဆင့်သတ်မှတ်ကြတယ်.. အဲဒါကြောင့် မော့မြွေတွေက ဖေဖေတို့ရဲ့ အုပ်ချုပ်သူလို့ သတ်မှတ်လို့ရတယ်.. ပြောရမယ်ဆိုရင် မော့မြွေမျိုးနွယ်က လေးစားနှစ်သက်ခြင်းကိုခံရတယ်ဆိုပြီး ယူဆရမှာပေါ့..”
“ဒါပေမဲ့ လက်တွေ့မှာတော့ တခြားမျိုးနွယ်တွေက မော့မြွေတွေအပေါ်မှာ မကျေနပ်ချက်တွေ ရှိကြတယ်.. မော့မြွေတွေက မောက်မာတယ်.. ထင်ရာစိုင်းတယ်.. ရိုင်းစိုင်းတယ်.. ကျိုးကြောင်းမရှိကြဘူး.. ပြီးတော့ ရက်ရက်စက်စက် တိုက်ခိုက်ရတာကို သဘောကျကြတယ်.. နှစ်တိုင်းနှစ်တိုင်းမှာ မော့မြွေတွေကိုက်သတ်လို့ မသေတဲ့ တခြားမျိုးနွယ်ဆိုတာ မရှိခဲ့ဖူးဘူး..”
“မော့မြွေတွေရဲ့ အဆိပ်က တခြားမျိုးနွယ်တွေထက် ပိုသာနေရတဲ့ အကြောင်းအရင်းပဲ.. အဲဒါကြောင့် ဖေဖေတို့မျိုးနွယ်တွေကို သူတို့က နှိမ့်ချပြီး ကြည့်ကြတယ်.. ဒါကြောင့်လည်း ကျန်မျိုးနွယ်တွေက မော့မြွေတွေအပေါ်မှာ နာကျည်းမုန်းတီးခြင်းနဲ့ မကျေနပ်ခြင်းတွေ ဖြစ်လာရတာပေါ့..”
“မော့မြွေရှိတဲ့နေရာဆို ကျန်မြွေတိုင်းက ရှောင်သွားကြတယ်.. သူတို့ကိုသွားပြီး မိတ်ဖွဲ့တာမျိုး မလုပ်ကြဘူး.. ပြီးတော့ မော့မြွေတွေက သူတို့ရဲ့ မျိုးနွယ်ကို အရမ်းတန်ဖိုးထားတယ်.. သူတို့သွေးမျိုးသန့်နေအောင်လို့ တခြားမျိုးနွယ်စုနဲ့ မိတ်ဖက်ခြင်းမရှိကြဘူး..”
“ဒါပေမဲ့ ဟေးအာပန်က မော့မြွေမဟုတ်ဘူးလေ..”
ယင်ရှောင်ရှောင်း တုံ့ဆိုင်းစွာဖြင့် ပြောသည်။
“အဲဒါက အခုဖေဖေဆက်ပြောမယ့် အကြောင်းပေါ့.. မော့မြွေတွေက သူတို့ရဲ့ မျိုးနွယ်သန့်ရှင်းနေအောင်လို့ တခြားမျိုးနွယ်တွေနဲ့ မိတ်ဖက်ဖို့ကို တားမြစ်ထားပေမဲ့ သွေးနှောမော့မြွေတွေ ပါလာတတ်တယ်.. အဲဒီလို မော့မြွေမျိုးကျတော့ အနက်ရောင်မှာ မတူညီတဲ့ အစက်အပြောက်လေးတွေနဲ့ပေါ့.. အစက်အပြောက်များလေလေ သွေးမသန့်လေလေပဲ..”
“အဲဒီလိုမျိုး မော့မြွေကျတော့ မော့မြွေလို့ မသတ်မှတ်ဘဲ ဟေးမြွေမျိုးနွယ်ဆိုပြီး ဖြစ်လာတယ်.. သူတို့က မော့မြွေတွေလောက် အဆိပ်မပြင်းပေမဲ့ ဟုန်မြွေတွေထက်တော့ အဆိပ်ပြင်းနေဆဲပဲ.. ဟေးမြွေတွေက ရှားပါးပေမဲ့ ဒီနေရာက မြွေတိုင်းက သူတို့ကို မော့မြွေလို့ပဲ သတ်မှတ်ဆက်ဆံတယ်.. ဟေးအာပန်က ဟေးမြွေပဲ..”
ထိုသို့ကြားပြီးနောက် ယင်ရှောင်ရှောင်း သဘောပေါက်နားလည်သွားသည်မှာ မော့မြွေများမှာ တော်ဝင်မျိုးနွယ်စုဖြစ်ကြပြီး ကျန်မြွေများမှာ သာမန်မြွေများသာဖြစ်သည်။
ဒါက ပုံမှန်ဖြစ်နေကျပဋိပက္ခလေးပဲ မဟုတ်ဘူးလား..
တော်ဝင်မျိုးနွယ်တွေက သာမန်မြွေတွေကို အထင်သေးတယ်.. သာမန်မြွေတွေက တော်ဝင်မျိုးနွယ်တွေနဲ့ ဝေးဝေးနေချင်တယ်..
ဟေးအာပန်တို့ကျတော့ ဟေးမြွေတွေက တော်ဝင်မျိုးနွယ်ရဲ့ တရားမဝင်ကလေးတွေ..
သူတို့က တော်ဝင်မျိုးနွယ်ရဲ့ အသိအမှတ်ပြုတာလည်း မခံရဘူး.. သာမန်မြွေတွေကလည်း ဝိုင်းပယ်ကြတယ်..
ဒါပေမဲ့လည်း ဒီကိစ္စတွေမှာ ဟေးအာပန်က အပြစ်ကင်းတယ်လေနော်..
ယင်ရှောင်ရှောင်း၏ စိတ်ထဲ၌ ဤသို့ပေါ်လာသည်။
ဟေးအာပန်မှာ သူ၏အချစ်စစ်အား ရှာဖွေတွေ့ရှိချိန်အထိ ငယ်စဉ်ဘဝမှစကာ အရွယ်ရောက်ကြီးပြင်းသည့်တိုင်အောင် အခြားမြွေများ၏ ဝိုင်းကြဉ်ခြင်းကြောင့် နာကျင်ခံစားခဲ့ရသည်။ သို့သော်လည်း မြွေအသိုင်းအဝိုင်းမှာ သူတို့နှစ်ကောင်၏ ပေါင်းစည်းခြင်းအား လက်မခံခဲ့ကြသည့်အတွက် ထိုမြွေနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင်သာ ဖေးမယုယကြရရှာသည်။
ယင်ရှောင်ရှောင်းမှာ ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့အတွက် သနားစိတ်ဝင်မိသည်။ လုရှောင်ဟွမ်ထံသို့ အပြေးကလေးသွားကာဖြင့် ဖက်ပြီးနှစ်သိမ့်ခြင်း မပြုနိုင်သည့်အပေါ် သူ့ကိုယ်သူ မုန်းတီးမိသည်။
ကောင်းတယ် ယင်တပိုင်ရေ..
မင်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကလေးဟာ ဆိုရင်တော့ဖြင့် အချည်းအနှီးဖြစ်သွားပုံပါပဲ..
ရှောင်ရှောင်းကို ဟေးအာပန်တို့ မိသားစုနဲ့ ခွဲထားနိုင်မယ်လို့ ထင်ခဲ့တယ်ပေါ့လေ..
ရှောင်ရှောင်းက အခုဆိုရင် ဟေးအာပန်တို့မိသားစုနဲ့ ပိုပြီးနီးကပ်သွားပြီ သိရဲ့လား..
“ဖေဖေတို့တွေက မော့မြွေတွေ ဟေးမြွေတွေနဲ့ ဘယ်တုန်းကမှ နီးကပ်တဲ့ဆက်ဆံရေး မရှိခဲ့ဖူးသလို သူတို့ကိုလည်း သဘောမကျကြဘူး.. ဒါက သားတို့က ဖေဖေဒီနေ့ပြောပြချင်တဲ့ အကြောင်းပဲ..”
ယင်တပိုင် နိဂုံးချုပ်လိုက်သည်။
“ရှောင်ရှောင်း.. သားကို ဘယ်သူနဲ့ သူငယ်ချင်းလုပ်ရမယ် ဘာညာ ဖေဖေ မတားချင်ဘူး.. ဒါပေမဲ့လည်း ဘယ်သူကတော့ သူငယ်ချင်းဖြစ်သင့်တယ်ဆိုတာ သားသေချာအောင်လေ့လာသင့်တယ်.. နားလည်ပြီလား..”
“ဒါ.. ဒါပေမဲ့.. ဦးဦးဟေး.. ဟေးအာပန်နဲ့ လုရှောင်ဟွမ်က သားအပေါ် အရမ်းကောင်းကြတယ်.. သားက သူတို့နဲ့ ဘာလို့ သူငယ်ချင်းလုပ်လို့မရတာလဲဟင်.. ဟေးအာပန်က သားအတွက် ငှက်ဥတွေရှာပေးတယ်.. လုရှောင်ဟွမ်က သားနဲ့အတူ ငှက်ဥတွေစားပြီး အတူတူအိပ်ကြတယ်.. သူတို့က ဖေဖေပြောတဲ့ မြွေစားမျိုး မဟုတ်ဘူးလို့ သားထင်တယ်..”
ယင်ရှောင်ရှောင်း သူ၏အမြင်အား အခြားမြွေများ နားလည်စေရန် အကောင်းဆုံးကြိုးစားကာဖြင့် ရှင်းပြလေသည်။
“လုရှောင်ဟွမ်က လုမြွေဖြစ်တာကြောင့် ပြဿနာမရှိဘူး.. အဓိကပြဿနာက သူ့ရည်းစား ဟေးမြွေကောင်ပဲ.. ဟေးမြွေပဲဖြစ်ဖြစ် မော့မြွေပဲဖြစ်ဖြစ် သူတို့ပေါ်လာတဲ့ ဘယ်နေရာမဆို ဖေဖေတို့ မသွားသင့်ဘူး.. နားလည်ပြီလား ယင်ရှောင်ရှောင်း..”
ယင်တပိုင် ရှောင်ရှောင်းအား ဆက်လက်ရှင်းပြလေသည်။
“လုရှောင်ဟွမ်အတွက် မတရားသလို ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါပေမဲ့လည်း ဒါက သူ့ရဲ့ ရွေးချယ်မှုပဲ.. သူရွေးချယ်တဲ့လမ်းကို သူဆက်လျှောက်ရမှာပဲ..”
“အဲဒါက လုရှောင်ဟွမ်အတွက်ကော ဟေးအာပန်အတွက်ကော မတရားဘူး..”
ယင်ရှောင်ရှောင်း ပြန်ငြင်းတော့သည်။
“ဟေးအာပန်ကလည်း မြွေကောင်းတစ်ကောင်ပဲ.. သူက တိတ်ဆိတ်တယ်.. ပြီးတော့ အရမ်းသာယာတဲ့အသံ ရှိတယ်.. လုရှောင်ဟွမ်ကိုလည်း အတော်လေးချစ်တယ်.. ဟေးအာပန်က ဟေးမြွေဖြစ်နေလို့ သူငယ်ချင်းမလုပ်ရဘူးလို့ သားကိုမပြောနဲ့..”
“ယင် ရှောင် ရှောင်း !!”
ဟွားရှောင်ဟွား ကြားဖြတ်ပြောလာသည်။
“ဒီဟာက မျိုးဆက်တိုင်း လက်ဆင့်ကမ်းလာတဲ့ သင်ခန်းစာပဲ.. လုံးဝ လုံးဝ မလိုအပ်ဘဲ မော့မြွေနဲ့ ဟေးမြွေကို ချဉ်းကပ်စရာ ဘာအကြောင်းမှမရှိဘူး.. မင်းက ယင်မြွေဖြစ်နေပြီဆိုတော့ ဒီစည်းကမ်းကို လိုက်နာရမယ်.. ကောင်းပြီ.. ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒီမှာပဲပြီးပြီ.. မနက်ဖြန် ဂူထဲကနေ ထွက်သွားဖို့ ခွင့်မပြုဘူး..”
ယင်ရှောင်ရှောင်း ဒေါသထွက်နေသည်။ အမှန်တကယ် စိတ်ဆိုးနေခြင်းပင်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့အား မမြင်ရစေရန် ခေါင်းလှည့်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ဂူအတွင်းပိုင်းသို့ လျောတိုက်သွားလေသည်။ ထို့နောက်တွင် သူမွေးဖွားကာစအရွယ်တွင် ရှာတွေ့ခဲ့သည့် တွင်းပေါက်လေးအတွင်းသို့ ခေါင်းဖြင့်တိုးဝင်လိုက်သည်။ ထိုတွင်းပေါက်လေးအတွင်း၌ ယင်ရှောင်ရှောင်း၏မျက်လုံးများမှာ နီရဲလာလေသည်။
ဤငြင်းခုန်မှုအပြီးတွင် ယင်တပိုင်တို့မိသားစုမှာ တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားလေသည်။ ဤအဖြစ်အပျက်မှာ အမြဲလိုလို ပျော်ရွှင်ဖွယ်ရာ မိသားစုအတွင်း၌ ပထမဆုံးသော အငြင်းပွားမှုဖြစ်လာသည်။ ကျန်ရှိသည့် မြွေပေါက်လေး ငါးကောင်မှာ အသက်ပင်ရဲရဲ မရှူရဲကြချေ။
ဟွားရှောင်ဟွား နှုတ်ခမ်းအားကိုက်လိုက်သည်။
“ဒါက ယင်ရှောင်ရှောင်းမှာ မှတ်ဉာဏ်အမွေ ရှိမနေလို့ နားမထောင်တာ.. ငါဘာလုပ်သင့်..”
“တော်လောက်ပြီ ရှောင်ဟွား..!”
ယင်တပိုင် ဟွားရှောင်ဟွားအား မျက်နှာထားတင်းတင်းဖြင့် ပြောလေသည်။
“ယင်ရှောင်ရှောင်းက မင်းနဲ့ငါ့ ကလေးပဲ.. ဘာပဲဖြစ်နေနေ သူက ငါတို့ရဲ့သားပဲ.. မင်းဆီကနေ အခုလိုပြောတာမျိုး ကိုယ်ထပ်မကြားချင်ဘူး.. သူ့ရဲ့ကိစ္စကို ဒီနေ့ပြီးတာနဲ့ ထားလိုက်တော့ ဟုတ်ပြီလား.. ရှောင်ရှောင်းရှေ့မှာ ဒီလိုမျိုး ထပ်မပြောပါနဲ့.. ကိုယ်တို့သီးသန့်ပဲပြောကြမယ်..”
ဟွားရှောင်ဟွား၏ မျက်နှာအမူအရာမှာ အနည်းငယ် အရုပ်ဆိုးလာသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်လေသည်။
“ကောင်းပါပြီ..”
ထိုနေ့ညတွင် ယင်ရှောင်ရှောင်းမှာ သူ၏ တွင်းပေါက်ငယ်လေးအတွင်း၌ တစ်ကောင်တည်း ငိုကြွေးခဲ့ပြီး ကျန်မြွေပေါက်လေးများမှာလည်း မုန့်ကြိုးလိမ်ထုံးဖြစ်မလာခဲ့ချေ။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သည်လည်း မြွေပေါက်လေးများနံဘေး၌ ရှိနေကြလေတော့သည်။