အပိုင်း ၂၇
Viewers 13k


Chapter 27



တွင်းပေါက်လေးထဲ၌ အိပ်ပျော်နေခဲ့သည့် ယင်ရှောင်ရှောင်း နိုးလာသည့်အချိန်တွင် ကောင်းကင်မှာ လင်းထင်းနေပြီးဖြစ်သည်။ တစ်ညလုံးနီးပါး ငိုကြွေးခဲ့သည်ကြောင့် မည်သည့်အချိန်တွင် အိပ်ပျော်သွားခဲ့မှန်း မသိလိုက်ချေ။

ယခုအခါတွင် သူ့မျက်လုံးများမှာ ဖူးယောင်လို့နေလေပြီ။ ဖူးယောင်နေသည့် မျက်လုံးများနှင့် အတူ ယင်ရှောင်ရှောင်း မူးနောက်လျက်နှင့် ဂူအဝသို့ သွားလိုက်သည်။

မျှော်လင့်မထားစွာဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ဂူထဲတွင်ရှိကြသေးသည်။ ယင်ရှောင်ယိမှသည် ဟွားရှောင်ဝူအထိ မြွေပေါက်လေး ငါးကောင်မှာလည်း နာခံစွာဖြင့် အိမ်တွင်သာ ရှိနေကြလေသည်။

မည်သို့ပင် ဆိုစေကာမူ ယင်ရှောင်ရှောင်းမှာ စိတ်ဆိုးနေဆဲ ဖြစ်သဖြင့် ထိုမြွေများအားလုံးကို စကားမပြောချေ။ သူ၏နံဘေးကပ်လျက်တွင် ရှိနေသည့် ဟွားရှောင်ဟွားကိုပင် သိသိသာသာ လျစ်လျူရှုလိုက်လေသည်။ ယင်ရှောင်ရှောင်း ဂူအဝသို့သွားကာဖြင့် ဝမ်းလျားမှောက်လိုက်ပြီး ဗလာမျက်လုံးများဖြင့် အပြင်သို့ ကြည့်နေလိုက်သည်။

ယင်‌ရှောင်ရှောင်း စိတ်ခံစားချက် ပိုကောင်းမလာချေ။ ဟွားရှောင်ဟွား၊ ယင်တပိုင်နှင့် ကျန်မြွေပေါက်လေးများမှာလည်း ထိုနည်းတူပင်ဖြစ်လေသည်။ ယင်ရှောင်ရှောင်းမှာ မှတ်ဉာဏ်အမွေမရှိသည့် မြွေတစ်ကောင်ဖြစ်သော်ငြား အလွန်ချစ်စဖွယ်ရာ ကလေးလေးဖြစ်နေဆဲပင်။

အဲဒီလို ကလေးလေးက ငါတို့စကားကို ဘာလို့များ နားမထောင်ချင်ရတာလဲနော်..

ပါပါးနဲ့ ဖေဖေက သားသားကောင်းဖို့အတွက် အခုလိုလုပ်ရတာပါကွယ်..

ရှောင်ရှောင်းလေးက ဘာလို့များ မနာခံနိုင်ရတာလဲ..

ဘာပဲဖြစ်ဖြစ်လေ.. ပြောစရာရှိတာတော့ ပြောပြီးသွားပြီ.. ဒါကလည်း ငါလေးရဲ့ ပထမဆုံးအကြိမ် မိဘဖြစ်ဖူးတာဆိုတော့လည်း..

နေ့လယ်ခင်းထိတိုင်အောင် ဟွားရှောင်ဟွားမှာ စိတ်ဆိုးနေဆဲဖြစ်သည်။

ငါတို့မိသားစုရဲ့ ရှောင်ရှောင်းလေးကို ကြည့်ကြပါဦး..

မျက်လုံးလေးတွေ ဖူးယောင်နေလိုက်တာများ..

မျက်စိရောဂါရှိတဲ့ မြွေတွေမှပဲ အခုလိုမျိုးဖြစ်ကြတာလေ..

ငါတို့ရဲ့ ရှောင်ရှောင်းလေးက ဗလာမျက်လုံးတွေနဲ့ မကျေမချမ်းနိုင် ဖြစ်နိုင်ပုံပဲ..

ဘာမှမသိတဲ့မြွေသာဆိုရင် ငါတို့ရဲ့ ရှောင်ရှောင်းလေးက အမှားကြီးကြီးမားမား လုပ်ထားတယ်လို့ ထင်ကြမှာပဲ..

တကယ်တမ်းက ငါတို့က သူ့ကို နည်းနည်းပိစိလေးပဲ ဆူထားမိတာပါနော်..

“အဟမ်း.. ရှောင်ရှောင်း.. ဒီကိုလာခဲ့..”

ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား တစ်ချက်ကြည့်ကာဖြင့် အော်လိုက်သည်။

‘ပါပါးက မင်းကိုမွေးထားတာပါကွ.. ပါပါးကသာ မင်းကို အချစ်ဆုံး..’

ယင်ရှောင်ရှောင်းမှာ အပြင်သို့ အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည့်အတွက် သူ၏ဦးနှောက်မှာ ကောင်းကောင်းအလုပ်မလုပ်ချေ။ ဟွားရှောင်ဟွား သူ့အားခေါ်နေသည်ကို သိလိုက်ရန် အချိန်ခဏမျှ ယူလိုက်ရသည်။

ယင်ရှောင်ရှောင်း တစ်ညလုံးနီးပါး ငိုကြွေးခဲ့ပြီး ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောနေခဲ့ခြင်းပင်။ နေ့အချိန်မှာပင် ထိုအဖြစ်အပျက်များကို ပြန်လည်တွေးနေမိပြီး ပိုမိုကာ စိတ်ဆိုးဒေါသထွက်လာခဲ့သည်။ သို့သ်ေလည်း သူ၏ ပါပါးနှင့် ဖေဖေတို့မှာ သူ့အား မော့မြွေနှင့် ဟေးမြွေတို့၏ အနိုင်ကျင့်ခြင်း ခံရကာ အခြားမြွေများ၏ ဖယ်ကြဉ်ခြင်းခံရမည်အား စိုးရိမ်ပူပန်နေကြခြင်း ဖြစ်ကြောင်းကို ပြန်လည်တွေးမိသည့်အခါ ဂရုစိုက်ခံရသည့် ခံစားချက်အား ရရှိလေသည်။ သူမှားသွားခဲ့လေပြီ။

သူ့အနေဖြင့် ပါပါးနှင့် ဖေဖေတို့ ပြောသည်အား သဘောတူလက်ခံလိုက်သင့်သည်။ ထို့နောက်တွင်မှ ဟေးအာပန်တို့ မိသားစုအား လျှို့ဝှက်ကာဖြင့် သွားတွေ့နိုင်လေသည်။ ထိုသို့ဖြင့် ပါပါးတို့နှင့် အငြင်းပွားဖို့ရန် မလိုတော့ပေ။ သူရူးသွပ်သွားခဲ့ပုံပင်။ လုံးဝ ရူးနှမ်းသွားခဲ့မိသည်။

သူ့အနေဖြင့် မြွေတစ်ကောင်ဖြစ်လာခဲ့လျှင်ပင် လူသားအသိဉာဏ်အား စွန့်လွှတ်ပစ်ရန် မလိုအပ်ချေ။ သို့နှင့် ဟွားရှောင်ဟွား၏ ခေါ်သံအား ကြားလိုက်သည့်အခါ ယင်ရှောင်ရှောင်း ချက်ချင်းပင် ဟွားရှောင်ဟွားထံ သွားလိုက်သည်။

ယင်ရှောင်ရှောင်း ဟွားရှောင်ဟွားရှေ့သို့ ရောက်လာလေသည်။

ဟွားရှောင်ဟွား မျက်နှာတွင် အပြုံးတစ်ခု လုပ်ယူထားသည်။ အလွန်နူးညံ့သိမ်မွေ့စွာဖြင့် ပြောလေသည်။

“ရှောင်ရှောင်းရေ.. ဒီနေ့ ဂူထဲမှာက ပိတ်လှောင်မွန်းကြပ်နေရောပဲ.. ကောကောတို့နဲ့အတူ အပြင်သွားကစားလေ သားသား..”

“သား.. သားဘာသားသွားချင်တာ..”

‘မင်းဘာမင်း သွားမရဘူးကွ..’

ဟွားရှောင်ဟွား ထိုသို့ပြောရန် ပြင်စဉ်မှာပင် ယင်တပိုင်၏အသံ ထွက်လာလေသည်။

“သွားလေ သားရဲ့.. ဒါပေမဲ့လည်း အိမ်နဲ့အရမ်းဝေးဝေးကို မသွားနဲ့နော်.. ပြီးရင် မမှောင်ခင် ပြန်လာရမယ်..”

“ဟုတ်ကဲ့ ဖေဖေ..”

ထို့သို့ဖြင့် ယင်ရှောင်ရှောင်း ပျော်ရွှင်စွာ ထွက်သွားတော့သည်။ ဂူထဲတွင်မူ ကျန်မြွေပေါက်လေးများမှာ စတင်ကာ အတွန့်တက်တော့သည်။

“ရှောင်ရှောင်းက ငါတို့ကို စွန့်ပစ်သွားပြီ.. သူက တကယ်ကြီး.. တကယ်ကြီး.. ငါတို့ကို စွန့်ပစ်ခဲ့တာ..” (╥﹏╥)

“မင်းဘာလို့ ရှောင်ရှောင်းကို တစ်ကောင်တည်း သွားခွင့်ပေးလိုက်တာလဲ.. တကယ်လို့....”

ဟွားရှောင်ဟွားမှာ ယင်တပိုင်၏ ရည်ရွယ်ချက်အား နားမလည်နိုင်ချေ။

“မင်းစိုးရိမ်နေတာကို ကိုယ်သိပါတယ်ကွာ..”

ယင်တပိုင် ဟွားရှောင်ဟွားအား စိတ်အေးအေးထားဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကလေးတွေကို အမြဲတမ်း ရှောင်ရှောင်းသွားတဲ့နောက် လိုက်ခိုင်းနေမယ်ဆိုရင် ရှောင်ရှောင်းက အခုထက်ပိုပြီး ကလန်ကဆန်လုပ်လာမှာ ကိုယ်စိုးရိမ်မိတယ်.. ပြီးတော့ ဒီနေ့ သူသွားတဲ့အခါလည်း သူတို့လိုက်တာကို သဘောတူမှာ မဟုတ်ဘူး..”

ယင်တပိုင်ပြောသည်အား ဟွားရှောင်ဟွား သေသေချာချာ စဉ်းစားနေမိသည်။ ထို့နောက်တွင် တူညီသည့် ဆုံးဖြတ်ချက်တစ်ခုသာ ရရှိလာလေသည်။

ရှောင်ရှောင်းအနားမှာ အမြဲတမ်း တစ်ကောင်ကောင် ရှိနေမယ်ဆိုရင် ရှောင်ရှောင်းက ပိုပိုပြီးတော့ မကျေမနပ်ဖြစ်လာမှာ..

အဲဒါကြောင့် ရှောင်ရှောင်းက တစ်ခုခုကို မဆင်မခြင် လုပ်လိုက်မယ်ဆိုရင် အဆိုးက အကောင်းထက်ပိုလိမ့်မယ်..

ဟေ့ ဟေ့ ယင်တပိုင်.. မင်းက ကလေးတွေ ကလန်ကဆန်လုပ်တဲ့အချိန်မှာ အချိုသပ်တတ်လိမ့်မယ်လို့ ထင်တောင်မထားဘူးနော်.. မင်းကို အရင်က အရမ်းကို လျှော့တွက်ခဲ့မိပုံပဲ..

ယင်ရှောင်ရှောင်းမှာ ဗလာမျက်လုံးများဖြင့် လျှောက်သွားနေလေသည်။ ယင်းမှာ အလွန်ဆိုးဝါးသည့် အကျင့်တစ်ခုပင်။

“ဟိတ်”

သွားရင်း သွားရင်းနှင့် ယင်ရှောင်ရှောင်း ရပ်လိုက်သည်။ ထို့နောက် ခေါင်းငိုက်စိုက်ကျကာဖြင့် သက်ပြင်းချလိုက်သည်။

“ဟမ်..”

ယင်ရှောင်ရှောင်း ဝမ်းနည်းညှိုးငယ်စွာဖြင့် ခေါင်းပြန်မော့လိုက်သည်။ တစ်ခုခုကြားလိုက်မိသည်လား။

အသံအား သေသေချာချာ အာရုံစိုက်ပြီး နားထောင်လိုက်သည်။ သူမှားကြားမိခြင်း မဟုတ်ပေ။ ထိုအသံမှာ မြွေတစ်ကောင် လျှောတိုက်လာနေသည့်အသံဖြစ်သည်။ လေထဲရှိ သွေးနံ့ပြင်းပြင်းနှင့် အရှိန်အဝါတစ်ခုအား ယင်ရှောင်ရှောင်း ရလိုက်လေသည်။ ယင်ရှောင်ရှောင်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ထိုမြွေမှာ ဒဏ်ရာရလာပုံပင်။ ဆိုးဆိုးဝါးဝါး အရာတစ်ခုခု ဖြစ်လာပုံပင်။

အဲမြွေဆီ သွားသင့်လား..

ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက်တွင် ယင်ရှောင်ရှောင်း အသံထွက်ပေါ်လာသည့်နေရာသို့ သွားလိုက်သည်။

အဲဒီ သူများကိစ္စကို ဝင်ဝင်ပြီး စပ်စုတတ်တာ ဘယ်တော့မှာ ပြင်မှာလဲ ရှောင်ရှောင်း..

ယင်ရှောင်ရှောင်းနှင့် အဆိုပါ ဒဏ်ရာရနေသည့် မြွေကြားရှိ အကွာအဝေးမှာ ထိုမျှလောက် ဝေးကွာနေခြင်း မဟုတ်ပေ။ ယင်ရှောင်ရှောင်း နှေးကွေးလေးလံစွာဖြင့် သွားမည်ဆိုလျှင်ပင် ထိုမြွေရှိရာသို့ ရောက်သင့်နေလေပြီ။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ယခုထိတိုင်အောင် ထိုမြွေအား မမြင်ရသေးချေ။

ဖြစ်နိုင်သည်မှာ ယင်ရှောင်ရှောင်း ထိုမြွေထံသို့ လာနေသည့်အချိန်မှာပင် ထိုမြွေမှာလည်း သူ၏ နဂိုမူလ လမ်းကြောင်းအတိုင်း ဆက်လက်သွားလာနေခြင်းပင်။ အဆုံးတွင် ယင်ရှောင်ရှောင်း သွားနေသည့် အရှိန်အားတင်လိုက်သည်။

ယင်ရှောင်ရှောင်း ဒေါသထွက်လာလေပြီ။

အဲဒီမြွေကောင်က အကောင်းအဆိုး ခွဲခြားနိုင်ပုံ မရဘူးနော်..

မင်းကို ကယ်ဖို့လာနေတာကွ.. ဘာကိစ္စနဲ့ မြန်မြန်သွားနေရတာတုန်း..

ခေါင်းမာလှသည့် ယင်ရှောင်ရှောင်းမှာ ထိုမြွေအားတွေ့သည်နှင့် ကျော်တက်ပစ်ရန် သံန္နိဌာန်ချလိုက်လေသည်။ (ဟေဟေဟေးးး မြန်မြန်လေး လိုက်ဟေ့.. မဟုတ်ရင် နင့်ရဲ့ ချစ်လှစွာသော ဘဲဘဲက ထွက်ပြေးသွားလိမ့်မယ်နော်..)

ယင်ရှောင်ရှောင်းမှာ ထိုမြွေအား သေလုမျောပါး လိုက်ဖမ်းနေလေသည်။

အဲဒီမြွေက အရှေ့မှာပဲ.. ပြေးနေတာများ သေတော့မလိုပဲနော်..

အာ.. အဲဒီ ‘သေတော့မလိုပဲ’ ဆိုတာက ငါနဲ့ ပိုသင့်တော်မလားလို့..

ယင်ရှောင်ရှောင်း ရေဓာတ်ခန်းခြောက်လုနီးနီးမှာပင် ထိုမြွေအား ကျော်တက်လိုက်နိုင်သည်။

ယင်ရှောင်ရှောင်း အသက်လုရှူနေရသည်။ သူအသက်ပုံမှန်ရှူနိုင်သည့်အထိ ထိုမြွေအား တားထားလိုက်သည်။ သူ၏အရှေ့တွင်ရှိနေသည့်မြွေအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ထို့နောက်တွင် ရန်လိုစိတ်အပြည့်နှင့်အတူ သွေးရောင်လွှမ်းနေသည့် မျက်လုံးနှစ်လုံးအား မြင်လိုက်ရလေသည်။

...

“မာမားးးးး”

ယင်ရှောင်ရှောင်း အော်ဟစ်ကာဖြင့် ‘ဝှစ်’ ခနဲမြည်ကာ အနားရှိ ချုံပုတ်ထဲ ပြေးပုန်းလေသည်။

ဪ.. အဲလိုလေး ပြေးပုန်းလိုက်တာ အရမ်းတွေ လုံခြုံသွားရောပေါ့..

မော့လောင်တမှာ ငယ်ရွယ်ကာ ဗဟုသုတ နည်းပါးနေဆဲ ဖြစ်သော်လည်း အလွန်ရက်စက်ကာ ရိုင်းစိုင်းသည့်အပြင် အကျိုးအကြောင်းလည်း မသင့်ပေ။ သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်နေသည့် မြွေမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အား ရွံကြောက်ကာ ပြေးပုန်းသည်ကို တွေ့လိုက်ရသည်။

အေး.. မင်း ဒီလောက်နဲ့ ရပ်လိုက်ရင် အကောင်းဆုံးပဲနော်..

ထိုမြွေ ထွက်လာကာ သူ့ရှေ့သို့ရောက်လာသည့်အထိ စောင့်နေလေသည်။ သူကိုက်နိုင်စွမ်း ရှိနေသေးသရွေ့ အဆိုပါမြွေမှာ အသက်ရှင်ရန် အလားအလာမရှိချေ။ (ခုမှ စတွေ့တာမို့ ရှောင်ရှောင်းအပေါ် ဘာခံစားချက်မှ မရှိသေးပါ။)

မော့လောင်တမှာ အတော်လေး ပုံမှန်မဟုတ်သည့် မြွေတစ်ကောင်ပင်။ သူ၏အနောက်တွင် ရှိနေခဲ့သည့်မြွေမှာ သူ့အားကျော်တက်ကာဖြင့် အသက်ရှူနေလိုက်သေးသည်ကို မြင်လိုက်ရသည့်အခါ သတ္တိရှိလှသော ထိုကလေးပေါက်စ၏ အပြုအမူကြောင့် မော့လောင်တ အတော်လေး စိတ်အခြေအနေမကောင်းတော့ပေ။

အဲတော့ ဘာဆက်ဖြစ်တုန်း..

အဆိုပါ ကလေးမှာ သူ့အား မြင်လိုက်ရသည့်အခါတွင် အမှန်တကယ်ကို ‘မာမား’ ဟု အော်ကာဖြင့် ပြေးပုန်းသည်ကြောင့် မော့လောင်တ စော်ကားသလို ခံစားလိုက်ရသည်။

ငါက အထီးကွ.. အထီး.. အမ ဟုတ်မနေဘူး..

‘မာမား’ လို့ လာခေါ်မနေနဲ့..

ဟေ့ ဟေ့.. အခုက မာမားကိစ္စကို ရှင်းရမယ့်အချိန် မဟုတ်ဘူးနော်..

“ထွက်လာခဲ့”

ချုံပုတ်ထဲတွင် ပုန်းနေသည့် ယင်ရှောင်ရှောင်းမှာ တုန်ယင်နေလေသည်။

သူငါ့ကို ပြောနေတာလားဟင်.. မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား..

စိတ်ထဲတွင် မျိုးစုံတွက်ချက်ပြီးသည့်နောက် ယင်ရှောင်ရှောင်းမှာ ချုံပုတ်ထဲ၌ ဆက်လက်ပုန်းအောင်း မနေနိုင်တော့ချေ။

မော့လောင်တမှာ ခေါင်းပင်ပေါက်ထွက်တော့မတတ်ပင်။

“ဟိတ် အရူးလေး.. မင်းကို ထွက်ခဲ့လို့ ပြောနေတယ်လေ..”

“မင်းကမှ အရူး.. မင်းတို့ တစ်မိသားစုလုံးကသာ ရူးနေတာ..”

ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို ခုန်ထွက်ကာဖြင့် ဒေါသတကြီး ကြိမ်းမောင်း‌လေသည်။ ထို့နောက်တွင် ချုံပုတ်ထဲ ပြေးပုန်းရန် ပြင်စဉ်မှာပင် ကံမကောင်းစွာဖြင့် မော့လောင်တ၏ ဆွဲယူခြင်းခံလိုက်ရသည်။

မော့လောင်တ ယင်ရှောင်ရှောင်းအား ချုံပုတ်အတွင်းမှ ဆွဲယူလိုက်ပြီး သူ၏အရှေ့တွင် ဖိချလိုက်သည်။ ‘ဆွဲယူသည်’ ဟုဆိုရန်မှာ အနည်းငယ်တော့ မသင့်လျှော်လှချေ။

“ငါ့နောက် ဘာလို့လိုက်နေတာလဲ ပြောစမ်း..”

အလွန်ကြောက်မက်ဖွယ်ရာလေသံဖြင့် ပြောလိုက်ခြင်းဖြစ်သော်ငြား မော့လောင်တ၏ မျက်နှာအမူအရာမှာ ထိုသို့ဟုတ်မနေချေ။ မော့လောင်တ၏ မျက်လုံးထဲတွင် ယင်ရှောင်ရှောင်းမှာ အလွန်ငယ်ရွယ်သည့် မြွေပေါက်လေးသာဖြစ်ပြီး သူ့အား ခြိမ်းခြောက်နိုင်စွမ်း မရှိချေ။ ထို့အပြင် အရူးလေးတစ်ကောင်လည်း ဖြစ်နေသေးသည်။

ယင်ရှောင်ရှောင်းမှာ အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူအား ကြောက်ရွံ့တတ်သူပင်။ မော့လောင်တ၏ အမူအရာမှာ ရက်စက်သည့်ပုံ မပေါ်သဖြင့် ချက်ချင်းဆိုသလို အခွင့်ကောင်းယူလိုက်သည်။

“ခင်ဗျား ဘာတွေအော်နေတာလဲ.. ဘာလို့ အော်ဟစ်နေတာလဲ.. ငါကကော ခင်ဗျားနောက် လိုက်ချင်လို့ လိုက်နေတယ်များ ထင်နေတာလား.. ခင်ဗျားဆီကနေသာ သွေးအနံ့ ရမနေရင် အနောက်ကနေ လိုက်လာမယ်လို့ ထင်နေတာလား..”

ယင်ရှောင်ရှောင်း မရည်ရွယ်ဘဲ မော့လောင်တခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု တွေ့လိုက်လေသည်။

ဪ.. အကိုက်ခံထားရတာပေါ့လေ..

ထို့နောက်တွင် ယင်ရှောင်ရှောင်း တစ်စုံတစ်ခုအား သိလိုက်ရသည်။

“အာ.. ခင်ဗျားက မော့မြွေလား..”

မှန်ပေသည်။ ရှောင်ရှောင်း၏အရှေ့တွင် ရှိနေသည်မှာ မော့မြွေတစ်ကောင်ဖြစ်ပြီး အသက် ၁၈ နှစ်သာ ရှိသေးလေသည်။ သို့သော်လည်း အရွယ်ရောက်ပြီးမြွေတစ်ကောင်ကဲ့သို့ ထွားကျိုင်းလှသည်။

“အဲတော့ ဘာဖြစ်တုန်း.. ပြဿနာရှိလား..”

မော့လောင်တ၏မျက်လုံးများ ကျဉ်း‌မြောင်းသွားသည်။

“မဟုတ်ပါဘူး.. ပြဿနာမရှိပါဘူးခင်ဗျာ..”

ယင်ရှောင်ရှောင်း တံတွေးမြိုချလိုက်သည်။ စိတ်ထဲတွင်မူ ဝမ်းနည်းတကြီး ငိုကြွေးနေလေပြီ။

အားးးးးး ဖေဖေနဲ့ ပါပါးရေ.. သားကို မြန်မြန်လေး လာကယ်ပါဦး.. .·°՞(≧□≦)՞°·.

သား မော့မြွေကောင်နဲ့ တွေ့နေပြီး အဲကောင်က အရမ်းကြောက်ဖို့ကောင်းတာပဲလို့..

မော့လောင်တ ယင်ရှောင်ရှောင်းအား သံသယအပြည့်ဖြင့်ကြည့်လိုက်သည်။ ထိုကောင်လေး၏ ရူးနှမ်းနှမ်း အမူအရာအရ ပြဿနာတစ်ခုခု မရှိဟု ဆိုခြင်းမှာ မဖြစ်နိုင်ချေ။

“ဟေ့ အရူးလေး.. မင်းကြည့်ရတာ အသက်က ငါးရက် ခြောက်ရက်လောက်ပဲ ရှိဦးမှာ.. ဘာလို့ ဟိုဟိုဒီဒီ လျှောက်သွားနေတာလဲ.. ဒါပေမဲ့လည်း မင်းလို ရက်သားလေးအတွက်တော့ မင်းရဲ့ပြေးနှုန်းက အတော်လေးကောင်းတယ်လို့ ပြောရမယ်..”

ယင်ရှောင်ရှောင်းမှာ ဝမ်းနည်းကာ မခံမရပ်နိုင် ဖြစ်နေလေသည်။

ခင်ဗျား မြွေတစ်ကောင်ကို အခုလိုမျိုး စော်ကားဖို့ လိုသလား.. ဟမ်..

“ခင်ဗျားကမှ အရူးမြွေ.. ခင်ဗျားကမှ နှစ်ရက် သုံးရက်သားပဲ ရှိနေသေးတာ.. ဒီ‌ လောင်ဇီက အသက် တစ်လတောင် ရှိနေပြီကွ..”

“ဟမ်..”

ဤတစ်ကြိမ်တွင်မူ မော့လောင်တ၏အကြည့်မှု စိတ်ရှုပ်ထွေးမှုနှင့် အထင်သေးမှုတို့အပြည့် ဖြစ်လာသည်။

“မင်းအသက်က တစ်လရှိနေတာတောင် ဒီလောက်သေးနေတယ်လား.. မင်းရဲ့ ကြီးထွားနှုန်းက အတော်နှေးကွေးတာပဲ.. ဘုရားရေ.. မင်းက ပိုင်မြွေတွေကို သိက္ခာချနေတာပဲ..”

“ဒီ... ခင်ဗျားကမှ ပိုင်မြွေ.. ခင်ဗျားတို့တစ်မိသားစုလုံးကမှ ပိုင်မြွေကွ..”

ယင်ရှောင်ရှောင်းမှာ ဒေါသထွက်လွန်းသဖြင့် ရူးသွားတော့မတတ်ပင်။

“ငါက ယင်မြွေကွ.. ယင်မြွေ သိရဲ့လား.. ပိုင်မြွေမဟုတ်ဘူး..”

“ယင်မြွေလား..”

မော့လောင်တ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား ကြည့်လိုက်ပြန်သည်။

အိုး.. သူလေးက တကယ် ယင်မြွေပေါ့...

“ယင်မြွေက ယင်မြွေလေ.. အဲလောက်ကြီး စိတ်လှုပ်ရှားဖို့ မလိုပါဘူး..”

မော့လောင်တအနေဖြင့် အထင်ကြီးခြင်းမရှိချေ။

“ယင်မြွေပဲဖြစ်ဖြစ် ပိုင်မြွေပဲဖြစ်ဖြစ်ပါ.. ငါတို့ မော့မြွေတွေနဲ့ ဘယ်နေရာမှ ယှဉ်စရာအကြောင်း မရှိဘူးရယ်.. မင်းဘာလို့ အခုလောက်အထိ စိတ်လှုပ်ရှားနေရသလဲဆိုတာ ငါတော့ မပြောတတ်တော့ဘူး..”

ယင်ရှောင်ရှောင်း ငိုချင်လာသည်။ သူမှားခဲ့သည်။ အမှန်တကယ် မှားခဲ့လေပြီ။ ပါပါးနှင့် ဖေဖေတို့ ပြောသည်အား နားထောင်ခဲ့သင့်သည်။ ဟေးအာပန်မှာ မော့မြွေနှင့် ဟေးမြွေတို့အား ကိုယ်စားမပြုချေ။ သူ့အရှေ့တွင်ရှိနေသည့် မော့မြွေကောင်မှာ ဖေဖေပြောသည့် အလွန်ကြောက်မက်ဖွယ်ရာကောင်းလှသော မော့မြွေများနှင့် အတိအကျကို တူလှသည်။ သူ့အဖြစ်မှာ နေ့မကူးဘဲ ဝဋ်လည်နေချေပြီ။

“ကျွန်တော်သွားတော့မယ်နော်..”

ယင်ရှောင်ရှောင်း ထိုစကားအား တိုးတိုးတိတ်တိတ်သာ ပြောလိုက်သည်။

‘သွားနေတယ်.. သွားနေတယ်.. သွားပြီးရင်း သွားနေတာပဲ.. ဒါပေမဲ့လည်းပေါ့နော်.. ငါသွားနေတာ အတော်လေးတောင် ကြာနေပြီရယ်.. ဘာလို့များ ရွေ့မသွားဘူးလို့ ခံစားနေရတာလဲနော်..’

ယင်ရှောင်ရှောင်း သံသယအပြည့်နှင့် နောက်လှည့်ကြည့်လိုက်သည့်အခါတွင် အဆိုပါ မော့မြွေမှာ သူ၏အမြီးဖြင့် သူ့အား ဖမ်းချုပ်ထားခြင်းပင်။

“ကျွတ် ကျွတ်.. မင်းက အရူးလေးလို့ ပြောတာကို ယုံမှမယုံဘဲ..”

မော့လောင်တ၏ မျက်လုံးထဲတွင် လှောင်ပြောင်စနောက်ချင်စိတ်တို့ အပြည့်နှင့်ဖြစ်သည်။

ဒီအရူးကောင်လေးက တကယ်ကို အပျင်းပြေစေတယ်နော်..

ယင်ရှောင်ရှောင်း မည်သည့်စကားမျှ မဆိုဘဲ ခေါင်းပြန်လှည့်လိုက်သည်။ ထို့နောက်တွင် ဆုံးဖြတ်ချက် ချလိုက်သည်။

‘ဟွန့်.. ဒီမော့မြွေက အရမ်းကြီး မုန်းစရာကောင်းတာနော်.. အခုကစပြီးတော့ မော့မြွေတွေကို မုန်းပစ်လိုက်ပြီ..’

မော့လောင်တ ရယ်မောရင်း ခေါင်းငုံ့ကာဖြင့် ယင်ရှောင်ရှောင်းအား မျက်နှာချင်းဆိုင်လိုက်သည်။

“မင်းစိတ်ဆိုးနေတာလား အရူးပေါက်လေး..”

ယင်ရှောင်ရှောင်း နှုတ်ပိတ်နေဆဲပင်။ သူ၏ခေါင်းအား အခြားတစ်ဘက်သို့ လှည့်လိုက်သေးသည်။

မော့လောင်တ ယင်ရှောင်ရှောင်း မျက်နှာမူရာသို့ လိုက်ရွေ့လေသည်။ ယင်ရှောင်ရှောင်းနှင့် ယှဉ်လျှင် မော့လောင်တမှာ အလွန်ကြီးမားနေသည့်အတွက် မည်သည့်နေရာသို့ မျက်နှာမူပါစေ လိုက်ပါနိုင်လေသည်။ ထိုမြင်ကွင်းမှာ အနည်းငယ် ဒွိဟဖြစ်စရာပင်။

ယင်ရှောင်ရှောင်း မတ်တတ်ရပ်နေပြီး မော့လောင်တမှာ ယင်ရှောင်ရှောင်း၏အနောက်တွင် ရှိနေကာ ယင်ရှောင်ရှောင်းနှင့် မျက်နှာမူဖို့ရန် သူ၏ခေါင်းအား ဟိုဟိုဒီဒီ လိုက်ရွှေ့နေရသည်။ မည်သည့်ပုံစံနှင့် ရှိနေပါစေ မော့လောင်တမှာ ယင်ရှောင်ရှောင်းအား ရစ်ပတ်ထားလေသည်။ လူသားအနေဖြင့်ဆိုလျှင် မော့လောင်တမှာ ယင်ရှောင်ရှောင်းအား ရင်ခွင်ထဲ ပွေ့ဖက်ထားခြင်းနှင့်ပင် တူလေသည်။

မော့လောင်တ စကားမပြောချေ။ ယင်ရှောင်ရှောင်းလည်း ထိုနည်းတူပင်။

မြွေနှစ်ကောင် အကြည့်ချင်းဆုံနေတာ ဘာနဲ့တူနေလဲ ခင်ဗျားသိရဲ့လား..

ယင်ရှောင်ရှောင်းမှာ ရှက်ရွံ့လာသည်ကြောင့် ခပ်ရှက်ရှက်နှင့်ပင် စကားဆိုရတော့သည်။

“ခင်ဗျားအနာက ကုဖို့မလိုဘူးလား..”

မော့လောင်တ သူ၏ဒဏ်ရာအား တစ်ချက်ကြည့်လိုက်သည်။

“အဲဒါက ဘာမှမဟုတ်ပါဘူးကွာ.. နှစ်ရက်လောက်နေရင် သူ့ဟာသူ ပျောက်သွားမှာ.. ငါတို့မော့မြွေတွေရဲ့ ကုသနှုန်းက လုံးဝအမိုက်စားဆိုတာ မင်းမသိဘူးလို့တော့ မပြောနဲ့နော်..”

ယင်ရှောင်ရှောင်း သွားယားလာသည်။

ဒီမော့မြွေကောင်က ငါ့ရှေ့မှာ အတော်လေးကို စိတ်ကြီးဝင်နေတယ်ပေါ့လေ..

စကားတိုင်းက ‘ငါတို့ မော့မြွေတွေ’ ဆိုတာချည်းပဲ..

အေး.. မင်းတို့က မော့မြွေ.. ငါက ယင်မြွေ.. အဲ‌တော့ ဘာဖြစ်တုန်း..

“မင်းနာမည် ဘယ်လိုခေါ်လဲ အရူးလေး.. ဒါမှမဟုတ် အရူးလေးလို့ပဲ ဆက်ခေါ်စေချင်လား..”

“ယင်ရှောင်ရှောင်း”

စိတ်မပါသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ငါ့နာမည်က မော့လောင်တ တဲ့.. မှတ်ထားရမယ်နော်..”

မော့လောင်တ ခေါင်းမော့လိုက်သည်။ ယင်ရှောင်ရှောင်းအား သူ၏နာမည် သိခွင့်ပေးလိုက်ခြင်းမှာ မျက်နှာသာ အကြီးကြီး ပေးလိုက်ခြင်းပင်။

“ဟားဟားဟား”

ယင်ရှောင်ရှောင်း မထိန်းနိုင်တော့ပေ။

လောင်တတဲ့လား.. အဲဒီတော့ တကော (ဘော့စ်မော့) ပေါ့..

“ဘာလို့ရယ်တာတုန်းကွ..”

မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ လှောင်ရယ်သံအား ကြားလိုက်ရသည်။

“ဘာမှမဟုတ်ပါဘူး။”

သူတွေးနေသည့်အရာအား ပြော၍မဖြစ်ချေ။ သူ့အနေဖြင့် အသက်ဆက်ရှင်လိုသေးသည်။ ထိုစကားအား ပြောလိုက်မည်ဆိုလျှင် ဘာဖြစ်လာမလဲဆိုသည်ကို သူပင်မသိနိုင်ချေ။ ထိုသို့စဉ်းစားပြီးနောက် ယင်ရှောင်ရှောင်း သူ့ကိုယ်သူ ဂုဏ်ယူလိုက်မိသည်။

ဟွန့် သူ့ဘာသာ မော့မြွေဖြစ်တော့ကော ဘာအရေးလဲ..

ငါ့စိတ်ထဲအထိ လိုက်ပြီးတော့ ပိတ်ပင်လို့မရဘူးလေနော်.. (˘ ˘ ˘)

မော့လောင်တ တိတ်ဆိတ်လို့နေပြီး ရုတ်တရက် လွန်စွာ စိတ်ကြီးဝင်နေသည့် ယင်ရှောင်ရှောင်းအား ကြည့်နေမိသည်။ ယင်ရှောင်ရှောင်း၏ အမြီးလေးပင် ထောင်လို့နေလေသည်။ ထိုအရူးပေါက်လေး တွေးနေသည်အား သူလိုက်မမီနိုင်တော့ပါလေ။

Note – ‘တ’ ဆိုတဲ့စကားလုံးမှာ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ဘော့စ်ဆိုတဲ့သဘောပေါ့။ ဂန်းစတားတွေဆို သူတို့ရဲ့ ခေါင်းဆောင်ကို တကောလို့ ခေါ်ကြတယ် အစ်ကိုကြီးပေါ့။ ယင်ရှောင်ရှောင်းက မော့လောင်တကို ဂန်းစတားခေါင်းဆောင်ဆိုပြီး ‘ဘော့စ်မော့’ လို့ ခေါ်နေတာပါ အဲဒါကြောင့် သူ့ဟာသူ ကြိတ်ရယ်နေတာ။