အပိုင်း ၂၈
Viewers 13k


Chapter 28



“မင်းက အရမ်းကိုငယ်သေးတယ် အရူးလေး.. အဲဒါကို မင်းမိသားစုက ဒီလိုပဲ လျှောက်သွားခွင့်ပေးတယ်ပေါ့.. ကျွတ် ကျွတ်.. နည်းနည်းလောက်ပဲ ထွားကျိုင်းတဲ့ ကြွက်တောင် မင်းကို အနိုင်ကျင့်နိုင်တယ် သိလား..”

မော့လောင်တ ခေါင်းယမ်းကာဖြင့် ယင်ရှောင်ရှောင်းအား လှောင်လိုက်သည်။

ယင်ရှောင်ရှောင်း နှုတ်ခမ်းမဲ့လာသည်။

ဒီမော့လောင်တက ငါ့ကို အရူးလေးလို့ ဆက်ခေါ်နေတုန်းပဲပေါ့..

ဒါနဲ့များ ဘာကိစ္စနဲ့ နာမည်လာမေးနေရသေးလဲ..

ယင်ရှောင်ရှောင်း ရုတ်တရက်ဆိုသလို စကားနှစ်လုံး ပြောလိုက်သည်။

“မီးသွေးတုံး”

(သူပြောတာကတော့ ဟေးတန် ဆိုပြီး နှစ်လုံးတည်းပါပဲ.. အဓိပ္ပါယ်က မီးသွေးပေါ့နော်.. မှောင်မဲနေတာကိုလည်း ပြောတာပါတဲ့..)

“ဘာပြောတာလဲ”

မော့လောင်တ အမှန်တကယ်ကိုပင် ရှင်းရှင်းလင်းလင်း မကြားလိုက်ရခြင်း ဖြစ်သည်။

“ခင်ဗျားကို မီးသွေးတုံးလို့ ခေါ်လိုက်တာလေ.. မီးသွေးခဲကြီး..”

ယင်ရှောင်းရှောင်း နှုတ်ခမ်းတွန့်ကာ တိတ်တဆိတ် ခိုးပြုံးလိုက်သည်။

သေသေချာချာ ကြည့်မနေရင်တောင် ဒီကောင်ကြီးရဲ့အရောင်က တောက်ပနေရောပဲနော်..

ဖေဖေ ပြောထားတဲ့အတိုင်းဆိုရင် သူက လုံးဝကို သွေးမျိုးသန့်တဲ့ မော့မြွေပေါ့..

‘ဟေးတန်’ က ဘာကြီးလဲ..

မော့လောင်တ ထိုစကားလုံးအား တစ်ခါမှပင် မကြားဖူးခဲ့ချေ။ သို့သော်လည်း သူ့ရှေ့ရှိ ထိုအရူးပေါက်လေး၏ အမူအရာအရ ကောင်းသည့်အရာ ဖြစ်ပုံမရပေ။

ယင်ရှောင်ရှောင်း ခေါင်းယမ်းလိုက်ပြီး မော့လောင်တ၏ အပြုအမူအား အတုခိုးလိုက်လေသည်။

“ယဉ်ကျေးမှုမရှိဘူး.. ဘယ်လိုတောင် ဆိုးဝါးတာလဲ..”

“...”

မော့လောင်တ ထိုစကားများကိုတော့ နားလည်လေသည်။

“အိုး.. မှောင်တော့မှာပဲ.. အိမ်ပြန်ရတော့မယ်..”

ယင်ရှောင်ရှောင်း တစ်ဝက်ခန့်ဝင်နေပြီဖြစ်သည့် နေလုံးအားကြည့်ကာဖြင့် သူ့အဖေမှာလိုက်သည်အား အမှတ်ရလိုက်မိသည်။

မမှောင်ခင် ပြန်မရောက်ရင် ပါပါးက နားပူတော့မှာပဲ..

မည်သည့်စကားမျှ မဆိုဘဲ ထွက်ပြေးဟန်ပြုနေသည့် ယင်ရှောင်ရှောင်းအား မော့လောင်တ တားဆီးလိုက်သည်။

“ဟေ့ ဟေ့.. မင်းက အခုလို ထွက်ပြေးဖို့ ပြင်နေတာပေါ့လေ ဟုတ်လား.. ဟက်”

“အဲတော့ ဘာဖြစ်လဲ.. ခင်ဗျားနဲ့ အတူနေမယ်လို့ ထင်နေတာများလား..”

ယင်ရှောင်ရှောင်း မော့လောင်တအား မောက်မာစွာကြည့်လိုက်သည်။

“အဲဒါဆို မင်း မနက်ဖြန်ကျ လာမှာလား..”

မော့လောင်တ ရုတ်ချည်းဆန်စွာ မေးလာသည်ကြောင့် ယင်ရှောင်ရှောင်းမှာ လဲကျလုမတတ် ထိတ်လန့်သွားရသည်။

‘ငါ့ကို ဘာကိစ္စနဲ့ ထပ်လာစေချင်နေတာလား.. ဘာလား.. အရူးလေးလို့ ထပ်ခေါ်ချင်နေတာလား.. ငါ့ကို အနိုင်ကျင့်ချင်နေသေးလို့လား..’ (。· v ·。) ?

“ဘာလို့လဲ.. လာဖို့မသေချာဘူး..”

“လာမှာလား မလာဘူးလား..”

မော့လောင်တ ရုတ်တရက်ဆိုသလို ဒေါသထွက်လာသည်။ ထိုအနက်ရောင်မျက်နှာမှာ ရက်စက်ကြမ်းကြုတ်လာပြန်သည်။ သို့သော်လည်း နက်မှောင်နေသည့် မျက်နှာကြောင့် ရှက်ရွံ့မှုနှင့် နီမြန်းနေသည့် မော့လောင်တ၏ မျက်နှာအား မမြင်နိုင်တော့ချေ။

“ငါက ဒီနေရာမှာပဲ နောက်တစ်နေ့လောက် ထပ်နေဦးမှာလေ..”

“အိုး..”

ယင်ရှောင်ရှောင်း စဉ်းစားခြင်းမရှိ ခေါင်းညိတ်လိုက်သည်။

နေမယ်ဆိုလည်း နေပေါ့.. ဘာကိစ္စနဲ့ ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ..

“လာခဲ့မယ်..”

မော့လောင်တမှာ တင်ပါးတယမ်းယမ်းနှင့်သွားနေသည့် ယင်ရှောင်ရှောင်းအား သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကြည့်ရင်း အံကြိတ်နေလေသည်။ (ဟမ်.. ဟမ်.. မြွေတွေမှာ တင်ပါးရှိနေတာလား..)

ဒီအရူးလေး.. မဟုတ်ဘူး အရူးကြီး..

ယင်ရှောင်ရှောင်း မမှောင်ခင် အိမ်သို့ အလျင်စလို ပြန်လာသည်။

“ရှောင်ရှောင်းရေ.. ဒီနေ့ စိတ်ဝင်စားစရာ တစ်ခုခုနဲ့ ကြုံခဲ့သေးလား သားသား..”

ဟွားရှောင်ဟွား ရှေ့သို့တိုးကာဖြင့် စိတ်ဝင်တစား မေးလိုက်သည်။

“မကြုံခဲ့ဘူး ပါပါး.. သားဒီနေ့ အိမ်နားမှာပဲ ဟိုဟိုဒီဒီ လျှောက်သွားနေတာ.. ပျင်းဖို့ကောင်းတယ်..”

ယင်ရှောင်ရှောင်း ပြုံးလျက်နှင့် ဖြေလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ အပြစ်ရှိသည်ဟု ခံစားနေရသည်။ သူ့အနေဖြင့် ထို ‘မီးသွေးတုံး’ အကြောင်းအား ပြောပြလိုက်မည်ဆိုလျှင် ချက်ချင်းပင် သေသွားနိုင်ချေရှိသည်။

“အာ.. ကောင်းတယ် ကောင်းတယ်..”

ဟွားရှောင်ဟွား ရုတ်တရက် စိုးရိမ်ပူပန်လာမိသဖြင့် တီးတိုးရေရွတ်နေလေသည်။ ထို့နောက်တွင် ပြုံးကာဖြင့် ပြောလေသည်။

“ဗိုက်ဆာပြီလား သားသား.. ဒီနေ့ ငှက်ဥတွေ မစားရသေးဘူးမလား..”

“သားဒီနေ့မဆာဘူး ပါပါး.. ဒီတိုင်းထားလိုက်ပြီး မနက်ဖြန်မှပဲ စားမယ်လေ..”

ယမန်နေ့က အလွန်အမင်း စားသောက်ခဲ့ခြင်း ဖြစ်ပုံပင်။

ထိုစကားအား ကြားလိုက်သည့်အခါ ယင်တပိုင်စိတ်ထဲ၌ ဝမ်းသာနေမိသည်။

အရမ်းကောင်းတယ်နော်.. ဟုတ်တယ်မလား..

မနက်ဖြန်ကျ ငှက်ဥတွေ သွားရှာစရာမလိုတော့ဘူးဆိုတော့ ရှောင်ဟွားလေးနဲ့ ဒိတ်ရမယ်..

ပြီးရင် နေရာကောင်းလေးတစ်ခုရှာပြီး... ဟီးဟီး.. ԅ(≖⌣≖ԅ)

ယင်တပိုင် စိတ်ကူးယဉ်နေစဉ်မှာပင် ယင်ရှောင်ရှောင်းနှင့် စကားပြောနေသည့် ဟွားရှောင်ဟွားမှာ တစ်စုံတစ်ခုအား အာရုံခံမိသည်ကြောင့် ယင်တပိုင်ထံသို့ ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။

“အဲဒါဆိုလည်း သား နည်းနည်းပင်ပန်းနေလို့ စောစောအိပ်တော့မယ်နော်..”

ယင်ရှောင်ရှောင်း အကြောင်းပြချက်တစ်ခုပေးကာဖြင့် အိပ်ဖို့ရန် ပြေးသွားတော့သည်။

အခုလို လိမ်နေရတာ အတော်လေး မသက်မသာဖြစ်လိုက်တာနော်..

ဟွားရှောင်ဟွားမှာ မြွေသိစိတ်အရ တစ်စုံတစ်ခုအား အတည်ပြုလိုက်သည်။ ရှောင်ရှောင်း၏ အပြုအမူများမှာ မူမမှန်နေချေ။ ယင်ရှောင်စစ်သည်လည်း ထိုနေရာတွင် တစ်ချိန်လုံး တိတ်တဆိတ်ဖြင့် ရှိနေလေသည်။ ယင်ရှောင်ရှောင်းမှာ တစ်ခုခုအား ဖုံးကွယ်ထားသည်ဟု ယင်ရှောင်စစ် သံသယဝင်နေလေသည်။

ယင်ရှောင်ရှောင်းမှာ အမှန်တကယ် ပင်ပန်းနေခြင်းဖြစ်သည်။ ယမန်နေ့ညက တစ်ညလုံးနီးပါး ငိုကြွေးခဲ့ရသည်။ ယနေ့တွင်လည်း နေ့လယ်ရောက်မှ နိုးလာခဲ့သော်ငြား အချိန်အတော်ကြာသည်အထိ ရေရေရာရာမရှိဘဲ စိုက်ကြည့်ရင်း ကုန်ဆုံးခဲ့ရသည်။ နေ့လယ်ခင်းတွင် မီးသွေးတုံးအား အသည်းအသန် ပြေးလိုက်ခဲ့ရသည်။ ထို့နောက်တွင် ထိုမီးသွေးတုံးကြောင့် အလွန်စိတ်ဆိုးဒေါသထွက်ခဲ့ရသေးသည်။

တစ်နေ့တာအား ထိုကဲ့သို့ ကုန်ဆုံးခဲ့ရခြင်းကြောင့် သူ့အနေဖြင့် အလွန်ပင်ပန်းနေချေပြီ။ ထို့နောက်တွင် ယင်ရှောင်ရှောင်းမှာ မည်သူမျှမရှိသည့် နေရာအား ရှာဖွေကာဖြင့် လှဲကာအိပ်စက်လိုက်တော့သည်။

“ကောကောလာပြီ ရှောင်ရှောင်းရေ....” ♡⸜(˶˃ ᵕ ˂˶)⸝♡

ထိုသည်မှာ ဟွားရှောင်ဝူဖြစ်ကြောင်း ပြောဖို့ရန်ပင် မလိုချေ။ ယင်ရှောင်ရှောင်း လှဲချလိုက်သည်နှင့် ချက်ချင်းဆိုသလို အခွင့်ကောင်းယူကာ ယင်ရှောင်ရှောင်းထံသို့ အကြမ်းပတမ်း ပြေးလာလေသည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အား ယင်ရှောင်ရှောင်းပေါ်သို့ ပစ်တင်လိုက်ပြီး စိတ်ကျေနပ်သည်အထိ ယင်ရှောင်ရှောင်းခန္ဓာကိုယ်အား ရစ်ခွေလိုက်သေးသည်။

ယင်ရှောင်ရှောင်း : “…”

“ရှောင်စန်းနဲ့ ကောကော..”

“..တို့လည်း လာပြီနော်..” ( ˶ˆᗜˆ˵ )

ယင်ရှောင်ရှောင်း : “…”

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့လည်း အပြေးလေးလာကြသည်။ ပျင်းရိနေကြသည့် ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့လည်း ရှေ့သို့တိုးကာဖြင့် ယင်ရှောင်ရှောင်းအား ခပ်စောင်းစောင်းကြည့်လိုက်ကြသည်။

ယင်ရှောင်ရှောင်း : “…”

ဆိုတော့ကာ မုန့်ကြိုးလိမ်ထုံး ဖြစ်လာတော့မယ်‌ပေါ့..

ယခုအခါတွင် ထို မုန့်ကြိုးလိမ် ထုံးမှာ အပြည့်အဝ ပုံပေါ်လာပြီးဖြစ်သည်။

“ဟင့် ဟင့် ဟင့်.. မနေ့က ကောကောတို့တွေ အခုလိုမျိုးပဲ စုပြီး အိပ်ကြတာပဲ.. ဒါပေမဲ့လည်း ရှောင်ရှောင်း ရှိမနေတော့ အိပ်မပျော်ခဲ့ကြဘူး..” ˙◠˙

ယင်ရှောင်ယိမှ ဟွားရှောင်ဝူအထိ မြွေ‌ပေါက်လေး ငါးကောင်တို့မှာ ထိုသို့ တစ်ထပ်တည်း ဖြစ်ခဲ့ကြခြင်းပင်။

ငါက မုန့်ကြိုးလိမ်ထုံးမှ မဖြစ်ချင်တာ..
မုန့်ကြိုးလိမ် မဖြစ်ချင်ဘူး..
မုန့်ကြိုးလိမ် မဖြစ်ချင်ဘူး..

ထိုသို့ ရေရွတ်ရင်းဖြင့် ယင်ရှောင်ရှောင်း အိပ်မက်ထဲသို့ ရောက်သွားလေသည်။ သို့သော်လည်း ယင်ရှောင်ရှောင်း မုန့်ကြိုးလိမ်ထုံးနှင့် ပတ်သက်၍ ထုတ်ပြောခြင်းတော့ မပြုပေ။

နေ့သစ်မှာ တောက်ပကာဖြင့် လှပလို့နေသည်။

“အိမ်မှာပဲ ကောင်းကောင်းဆော့ကြနော် ကလေးတွေ.. ပါပါးနဲ့ ဖေဖေက ခရီးလေးသွားလိုက်ဦးမယ်..”

ဟွားရှောင်ဟွားမှာ ယင်တပိုင်နှင့် ကြည်နူးစရာအချိန်လေးများ ပိုင်ဆိုင်လိုသည်။ သူ့အနေဖြင့် ကလေးအဖေဖြစ်နေသော်ငြား ချစ်မှုရေးရာဘဝလေး ရှိဖို့ရန် လိုအပ်နေသေးသည်။

ဟွားရှောင်ဟွား၏ ပြောကြားချက်အပြီးတွင် ယင်ရှောင်စစ်မှာ ဗလာမျက်လုံးများနှင့် ရှိနေလေသည်။ ယင်ရှောင်ယိမှာ ယင်ရှောင်စစ်အား စိုက်ကြည့်နေပြီး ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ တီးတိုးတီးတိုးနှင့် ပြောနေကြသည်။ ဟွားရှောင်ဝူမှာမူ ယင်ရှောင်ရှောင်းအား လိုက်ဖမ်းနေလေသည်။ ပြောရမည်ဆိုလျှင် ဟွားရှောင်ဟွား ပြောသည်အား မည်သူမျှ နားထောင်မနေပေ။

‘မွေးရကျိုးမနပ်တဲ့ သားတွေ’ ဟု ဟွားရှောင်ဟွား ပြောကာနီးလေးမှာပင် ယင်တပိုင်၏ ဂူအပြင်သို့ ဆွဲသွားခြင်းအား ခံလိုက်ရလေသည်။

ဟွားရှောင်ဝူနှင့် ခေတ္တမျှ ဆော့ကစားပြီးနောက် ယင်ရှောင်ရှောင်း ပျင်းရိလာသည်။ ထို့နောက် မြေပြင်တွင် လဲလျောင်းကာဖြင့် အတွေးထဲ နစ်မျောနေလေသည်။

‘အဲဒီ မီးသွေးတုံးရဲ့ ဒဏ်ရာက ဘယ်လိုနေလဲမသိဘူးနော်..’

ယင်ရှောင်ရှောင်း လဲလျောင်းရင်းနှင့် မော့လောင်တအကြောင်း တွေးနေလေသည်။ ထို့နောက် ရုတ်ချည်းဆိုသလို အသိပြန်ဝင်လာသည်။

‘ဖာ့.. ဘာတွေစဉ်းစားနေတာတုန်း.. တခြားအကြောင်း စဉ်းစားစမ်း.. ငှက်ဥအကြီးကြီးတွေ စားတဲ့အကြောင်းတို့ ဘာတို့ပေါ့.. တခြားအရာ စားလို့မရသေးသရွေ့တော့ ငှက်ဥလေးတွေ စားနိုင်ပါသေးတယ်လေ.. ဒါပေမဲ့လည်း အစိမ်းတွေစားနေရတာက အဆင်မပြေတုန်းပဲနော်.. ဒီလောက်ကောင်းမွန်တဲ့ ချက်ပြုတ်စားနည်းတွေကို ဘယ်လိုလုပ်ပြီး စွန့်လွှတ်ပစ်နိုင်မှာလဲလို့.. ဒီနေ့တော့ မီးသွေးတုံးကို ပစ်ထားလိုက်တော့မယ်.. ဒီ.. ဘာကိစ္စနဲ့ အဲဒီအကြောင်းကို သွားပြီးတော့ စဉ်းစားနေရပြန်တာတုန်း..’

ယင်ရှောင်ရှောင်း စိတ်မကြည်မသာဖြင့် အကြိမ်အနည်းငယ်ခန့် လှိမ့်လိုက်သည်။ ထို့နောက်တွင် အကြိမ်အနည်းငယ်မျှ ထပ်လှိမ့်လိုက်ပြန်သည်။ ထိုသို့ ထပ်ကာ ထပ်ကာဖြင့် အကြိမ်အနည်းငယ်စီ လှိမ့်လို့နေလေသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း ဝမ်းနည်းပက်လက်ဖြင့် ထလိုက်တော့သည်။

‘ထားလိုက်ပါတော့လေ.. သူ့ဆီသွားပြီး ချောင်းကြည့်လိုက်မယ်.. ဟွန့်.. သူ့ရဲ့ ဒဏ်ရာက ပြင်းထန်လို့ သေနေမှာစိုးလို့ ငါလေးက စိတ်ပူပြီး သွားကြည့်မှာပါနော်.. သူ့ကိုသွားတွေ့ချင်လို့ မဟုတ်ဘူးရယ်.. ဟုတ်တယ်.. အဲလိုပဲ.. ဘယ်လိုပဲဖြစ်ဖြစ်လေနော် သဘောတရားက နည်းနည်းတော့ ကွဲပြားသွားတယ်မလားဟင်..’

ထိုသို့ အမျိုးစုံ တွေးတောရင်းဖြင့် ယင်ရှောင်ရှောင်းမှာ မော့လောင်တဆီသို့ သွားရောက်လည်ပတ်ရန် သူ့ကိုယ်သူ အောင်မြင်စွာ သိမ်းသွင်းလိုက်နိုင်လေသည်။

ယင်ရှောင်းရှောင်း သူ၏ပတ်ဝန်းကျင်ရှိ အခြေအနေအား ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ ဂူအတွင်းနက်နက်ထဲသို့ သွားကြလေသည်။

အရမ်းကောင်းတယ်နော်.. ပြဿနာမရှိတော့ဘူး..

ယင်ရှောင်စစ်နှင့် ယင်ရှောင်ယိတို့မှာ အချင်းချင်း ချစ်ခင်စွာဖြင့် ကြည့်နေကြသည်။

ဟမ်.. ထားလိုက်ပါလေ.. ငါ့ကြည့်နေတာ မဟုတ်ရင် ပြီးတာပဲ.. အဲတော့ သူတို့ကလည်း ပြဿနာမရှိဘူး..

ဟွားရှောင်ဝူမှာ အိပ်ပျော်နေသည်။

ဘာ.. ဘာဖြစ်တယ်.. အိပ်နေပြန်တာလား.. ဟွားရှောင်ဝူရေ.. မင်းက မြွေနော် ဝက်မဟုတ်ဘူး သိရဲ့လား..

မင်းက အခုလေးတင် နိုးလာတာလေ.. ဝက်တစ်ကောင်ထက်တောင်ဆိုးနေပြီကွ..

နေပါစေတော့လေ.. နောက်မှပဲ သင်ကြားပေးရမယ်.. အခုတော့ ခိုးထွက်တာပေါ့..

ထိုသို့ဖြင့် ယင်ရှောင်ရှောင်း ခိုးထွက်သွားလေသည်။

ယင်ရှောင်စစ်၏ခန္ဓာကိုယ် လှုပ်ရှားလာသည်။

“တကောကောရေ.. အာကောကောနဲ့ စန်းကောကောကို ရန်ဖြစ်မနေအောင် သွားကြည့်ပေးပါဦး..”

“ဟုတ်ပြီ”

ယင်ရှောင်ယိ ခေါင်းညိတ်လိုက်ပြီး ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့အကြောင်း တွေးကာဖြင့် ထွက်သွားလေသည်။

ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်းနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ ယင်ရှောင်စစ်၏ ကျွမ်းကျင်မှုနှင့်ဆိုလျှင် ယင်ရှောင်ရှောင်းအနေဖြင့် သူ့အား ရှာမတွေ့နိုင်ရန် ယုံကြည်ချက်ရှိလေသည်။

ယင်ရှောင်ရှောင်းမှာ သူ့အနေဖြင့် ပုံမှန်နှုန်းအတိုင်း သွားလာနေသည်ဟု ထင်နေသော်ငြား တကယ်တမ်းတါင် အလွန်မြန်ဆန်သည့်နှုန်းဖြင့် သွားလာနေခဲ့မိသဖြင့် ယမန်နေ့က မော့လောင်တနှင့် တွေ့ဆုံခဲ့သည့် နေရာသို့ အလျင်စလို ရောက်သွားလေသည်။ သို့သော်လည်း ထိုနေရာတစ်ဝိုက်တွင် မည်သည့်မြွေမျှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ လှည့်ဖြားခြင်းခံလိုက်ရလေပြီ။

ဘာ.. တစ်ရက်လောက် နေဦးမယ် ဟုတ်လား..

ယင်ရှောင်ရှောင်း မကျေမနပ်နှင့် ခေါင်းငုံ့လိုက်သည်။ သူ၏ပုံမှာ စိတ်ဓာတ်ကျနေသည့်ဟန်ဖြစ်သည်။

“ဟေးး အရူးလေး.. မင်းတကယ်လာတယ် ဟုတ်လား..”

ရုတ်တရက်ဆိုသလို ယင်ရှောင်ရှောင်း၏ အနောက်မှ မော့လောင်တအသံ ထွက်လာသည်။ ယင်ရှောင်ရှောင်း လှည့်ကြည့်လိုက်သည့်အခါ သေချာပေါက်ကို မော့လောင်တပင်။

“ငါက ဒီမီးသွေးတုံးကြီးကို လာကြည့်တာပါလို့ ဘယ်သူပြောလဲ.. ကိုယ့်ကိုယ်ကို အထင်ကြီးနေတာတွေ လျှော့လိုက်တော့.. ငါက ဒီနေရာကနေ ဖြတ်သွားရုံပဲနော်.. ဖြတ်သွားတာလို့.. နားလည်လား..”

သူ့အနေဖြင့် အဆိုပါ ‘တဟေးတန်’ အား အမှန်တကယ် လာကြည့်ခြင်း ဖြစ်သော်ငြား ထိုမြွေ၏ ‘မင်းလာမယ်ဆိုတာ ငါသိနေတယ်’ ဟူသော အမူအရာကြောင့် ဝန်ခံဖို့ ဆန္ဒမရှိတော့ချေ။ (တဟေးတန် က မီးသွေးတုံးကြီး လို့ ဆိုလိုတာပါနော်.. ရုတ်တရက် နာမည်အသစ်လို့ ထင်မှာစိုးလို့ပါ။)

“ကောင်းပါပြီ.. ဖြတ်သွားရုံလေးပဲ.. ဖြတ်သွားတာ.. ငါသိပါပြီကွာ..”

ယင်ရှောင်ရှောင်း၏ ‌ဒေါသကြောင့် နီမြန်းလာသည့် ခန္ဓာကိုယ်လေးအား မြင်သည့်အခါ မော့လောင်တ ရယ်မောလိုက်လေသည်။

ဒီအရူးပေါက်လေးက စိတ်တိုလွယ်တာပဲ.. ပျော်ဖို့ကောင်းချက်..

“ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ..”

ယင်ရှောင်ရှောင်းမှာ တုံ့ဆိုင်းဆိုင်းနှင့်ပင် မော့လောင်တ၏ ဒဏ်ရာများအကြောင်း မေးလာသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ဖြတ်သွားဖြတ်လာချင်း ယဉ်ကျေးမှုအရ နှုတ်ခွန်းဆက်စကားဆိုခြင်းသာ ဖြစ်သည်။

“သက်သာနေပါပြီ.. ကြည့်ကြည့်လေ..”

မော့လောင်တ သူ၏ဒဏ်ရာအား ယင်ရှောင်ရှောင်း မြင်နိုင်ရန် ပြလိုက်သည်။

“ငါမပြောဘူးလား မော့မြွေတွေရဲ့ ကုသနှုန်းက မြန်ပါတယ်လို့.. ဟုတ်တယ်မလား.. ဒီ ဒဏ်ရာသေးသေး‌လေးက နှစ်ရက် သုံးရက်လောက်ဆို ပျောက်သွားမှာ..”

မော့လောင်တဆီမှ ထွက်လာသည့် ‘ငါတို့မော့မြွေတွေက’ ဟူသည့် စကားအား ယင်ရှောင်ရှောင်း လျစ်လျူရှုလိုက်သည်။ မော့လောင်တ၏ ဒဏ်ရာဆီသို့ တရွေ့ရွေ့တိုးသွားပြီးနောက် ဂရုတစိုက် ကြည့်လိုက်သည်။ သေချာပေါက်ပင် ထိုဒဏ်ရာမှာ မော့လောင်တဆိုသည့်အတိုင်း ဖြစ်လေသည်။

“ဒါပေမဲ့လည်း အမာရွတ် မကျန်ဘူးလား..”

“သေချာပေါက် အမာရွတ် ကျန်ခဲ့မှာပေါ့..”

မော့လောင်တ ဂုဏ်ယူစွာဖြင့် မြေပြင်အား အမြီးဖြင့် ရိုက်ပုတ်နေလေသည်။

“ဒါပေမဲ့ ငါက ဘယ်သူလဲ.. မော့မြွေလေ.. ငါက ခွန်အားအပြည့်နဲ့ မော့မြွေတစ်ကောင်လေ.. ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ ဒဏ်ရာ အမှတ်အသားတွေက ငါ့ရဲ့ခွန်အားကို ပိုပြီး သိသာစေတယ်လေ..”

ဂုဏ်ယူဝံ့ကြွားနေသည့် မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ မျက်နှာပေါ်ရှိ သဘောမတူဟန်အား မြင်လိုက်ရသည်။

“ဒါက ခွန်အားရဲ့ အမှတ်သင်္ကေတ ဆိုတာကို မင်းသဘောမတူဘူးလို့တော့ မပြောနဲ့နော်..”

“လုံးဝကို မဟုတ်ဘူးပေါ့..”

ယင်ရှောင်ရှောင်း ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

“အမာရွတ်တွေ အများကြီးရှိနေတာ ကောင်းမှမကောင်းဘဲ.. ငါသာဆိုရင်လေ ငါ့ခန္ဓာကိုယ်မှာ အမာရွတ်လေး တစ်ခုလောက်ပဲ ရှိနေရင်တောင် နည်းလမ်းပေါင်းစုံနဲ့ ရအောင်ဖျက်ပစ်လိုက်မှာ..”

မော့လောင်တမှာ ချက်ချင်းဆိုသလိုပင် သူတို့မြွေပွေးများ၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များအား ပျောက်ကင်းစေနိုင်သည့် အစွမ်းရှိသော ဟွိုင်ယန်မြက်ပင် ပေါက်သည့်နေရာအား စဉ်းစားနေတော့သည်။

“အိုး.. ဟုတ်သားပဲ.. ခင်ဗျားဘာလို့ ဒဏ်ရာရလာတာလဲ မသိရသေးဘူးနော်..”

ယင်တပိုင်၏ အမေးကြောင့် မော့လောင်တ၏ အတွေးများ ရှုပ်သွားလေသည်။

“ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး.. တောဝက်ရိုင်းတစ်ကောင်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခဲ့ရတာလေ.. ရှုံးကာနီးလေးပဲ.. ဒဏ်ရာရခဲ့ပေမဲ့လည်း အဲကောင်ကို သေအောင်သတ်နိုင်ခဲ့တယ်လေ..”

ထို့နောက်တွင် မော့လောင်တမှာ ခေါင်းမော့ကာဖြင့် ယင်ရှောင်ရှောင်း၏ ချီးကျူးမှုအား စောင့်စားနေလေသည်။

“ခင်ဗျားက ရူးနေတာလား တဟေးတန်..”

ယင်ရှောင်ရှောင်းမှာ ‘အရူးလား’ ဟူသည့် အကြည့်ဖြင့် မော့လောင်တအား အထင်သေးစွာ ကြည့်လိုက်သည်။

“ခင်ဗျားလည်း မစားနိုင်ဘဲနဲ့ တောဝက်တွေကို လိုက်ဖမ်းနေတာလား.. ဒါမှမဟုတ် တောဝက်ဖမ်းတာအပြင် တခြားဘာမှ မလုပ်တတ်တော့လို့လား..”

မော့လောင်တ : “...”

မော့လောင်တ၏ မျက်နှာအမူအရာမှာ ပိုပိုပြီး အန္တရာယ်ရှိလာသည်ကို ယင်ရှောင်ရှောင်း ကြည့်နေလေသည်။ ထို့နောက် မသေချာစွာဖြင့် ချောင်းနှစ်ချက်မျှ ဟန့်လိုက်သည်။

ငါ တစ်ခုခုများ မှားပြောမိတာလားဟင်..

“ထားလိုက်ပါတော့လေ.. မင်းတွေးနေတာတွေကို ငါဂရုစိုက်မနေဘူး အရူးလေးရေ..”

မော့လောင်တ၏ မဲမှောင်နေသည့် မျက်နှာမှာ ရုတ်တရက်ဆိုသလို စိတ်အခြေအနေ ပြန်ကောင်းလာသည်။

“မင်းဒီကိုလာတာ မင်းမိသားစုက ခွင့်ပြုလို့လား.. မဖြစ်နိုင်ဘူး‌နော်..”

“ဖေဖေနဲ့ ပါပါးက အပြင်ထွက်သွားကြတယ်.. အဲဒါနဲ့ ခိုးထွက်လာခဲ့တာ..”

မော့လောင်တ ခေါင်းညိတ်လိုက်သည်။ တစ်ချက်ကြည့်ရုံမျှနှင့်ပင် ယင်ရှောင်ရှောင်းမှာ သူသွားခဲ့သည့် နေရာအား အမှတ်အသား ပြုမထားခဲ့ကြောင်း သိသာလေသည်။

တဖြည်းဖြည်းနှင့် နေ့လယ်ခင်းသို့ ရောက်လာတော့မည်ဖြစ်သည်။ ယင်ရှောင်ရှောင်း အပူရှိန်အား စတင်ခံစားမိလာသည်။

“ငါသွားရတော့မယ် တဟေးတန်ရေ.. ကိုယ့်ဘာသာ ကောင်းကောင်းဂရုစိုက်နော်..”

“ဟုတ်ပါပြီ..”

ယင်ရှောင်ရှောင်း ထင်ထားသည်ထက်ပိုစွာ မော့လောင်တမှာ ခေတ္တမျှ တုံ့ဆိုင်းနေလေသည်။

“ငါတို့တွေ ခဏလောက်တော့ ထပ်တွေ့ရဦးမှာ မဟုတ်ဘူး.. ဒါပေမဲ့ ပြန်တွေ့ကြဦးမယ်ဆိုတာကိုတော့ မှတ်ထားရမယ်နော် အရူးလေး..”

ယင်ရှောင်ရှောင်း မော့လောင်တအား ခပ်တည်တည်ကြည့်လိုက်သည်။ ထိုမြွေမျာ သူ့အား ‘အရူးလေး’ ဟု ခေါ်နေဆဲပင်။

“တာ့တာ.. တ.. ဟေး.. တန်..”

မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ ပုံရိပ်လေးအား အချိန်အတော်ကြာ ကြည့်နေမိပြီးနောက် ယင်ရှောင်ရှောင်းနှင့် ဆန်ကျင်ဘက်လားရာသို့ စတင်ကာ ထွက်သွားလေတော့သည်။

ယင်ရှောင်ရှောင်း ဂူထဲသို့ ပြန်ရောက်လာခဲ့ပြီး စိတ်သက်သာရာ ရစွာဖြင့် အသက်ရှူထုတ်လိုက်သည်။

မဆိုးဘူးပဲ.. အရမ်းကြီး ပူမလာခင် ပြန်ရောက်လာလို့ တော်ပါသေးရဲ့..

“ဘယ်တွေသွားနေတာလဲ ယင်ရှောင်ရှောင်း..”

ယင်ရှောင်ရှောင်းမှာ နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ထိတ်လန့်တကြား ထခုန်မိသည်။ အလျင်စလို လှည့်ကြည့်လိုက်သည့်အခါတွင် သူ၏အနောက်ဘက်၌ ရှိနေသည်မှာ ယင်ရှောင်စစ်ပင်။

“သား.. အိမ်သာသွားတာပါ..”

“အိမ်သာသွားတာလား..”

ယင်ရှောင်စစ် ဟန်ဆောင်ပန်ဆောင် ရယ်လိုက်သည်။

“ဒီတစ်ချိန်လုံး အိမ်သာသွားနေတာပေါ့လေ.. မင်းထွက်သွားတာ အတော်လေးကြာနေပြီဆိုတာ ကောကော သတိထားမိတယ်နော်..”

“သား အိမ်သာသွားပြီးတော့ ဟိုနားဒီနား လှည့်ပတ်ကြည့်နေတာပါ.. မဟုတ်ရင် ဂူထဲမှာပဲ လှဲနေရမှာ ပျင်းရာကောင်းလို့ပါ..”

ယင်ရှောင်ရှောင်း၏မျက်နှာမှာ အသက်မပါလှချေ။

“သားအထဲဝင်တော့မယ်နော် စစ်ကောကော.. ဒီနေ့ ပိုပိုပြီး ပူလာသလိုပဲ..”

ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်း ဂူထဲသို့ ဝင်သွားသည်အား ကြည့်နေရင်း သူ၏မျက်လုံးထဲတွင် ခံစားချက်အများအပြား ဖြစ်ပေါ်လာသည်။ သို့သော်လည်း ကူကယ်ရာမဲ့မှုတို့နှင့် အလွန်အမင်း အလိုလိုက်ချစ်မြတ်နိုးမှုတို့သာ ထင်ကျန်ရစ်လေတော့သည်။