အပိုင်း ၂၉
Viewers 12k


Chapter 29



ယင်ရှောင်ရှောင်း အသက်လုပြေးနေရသည်။ သူ၏နောက်တွင် မော့လောင်တမှာ မိုးခြိမ်းသံတမျှ ဟိန်းဟောက်ကာဖြင့် မလိုမုန်းထားမှု အပြည့်နှင့် လိုက်ဖမ်းနေလေသည်။ ယင်ရှောင်ရှောင်းခမျာ မော့လောင်တထံမှ လွတ်လမ်းမရှိချေ။ သူတို့နှစ်ကောင်ကြားမှ အကွာအဝေးမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလို့လာနေသည်ကြောင့် နှစ်ကောင်သာ နီးသထက် နီးလာလေသည်။ ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ အသက်ရှူသံကိုပင် ခံစားနိုင်သည်အထိ နီးကပ်လာလေသည်။

ဟမ်.. မော့လောင်တရဲ့ ဝင်လေထွက်လေက ဘာလို့ အေးနေတာတုန်း..

ထို့နောက် ယင်ရှောင်ရှောင်း နိုးလာသည်။

ယင်ရှောင်ရှောင်း အေးစက်စက်အရာများကို သူ၏အမြီးဖြင့် သုတ်လိုက်သည်။ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး အပြင်ဘက်ရှိ ရာသီဥတုအား သတိပြုမိလိုက်သည်။

မိုးရွာကာ မိုးခြိမ်းနေလေသည်။ ဂူအပြင်ဘက်တွင် လေလည်းတိုက်နေသေးသည်။ အိပ်မက်ထဲမှ တဟေးတန်၏ အော်သံမှာ မိုးခြိမ်းသံတမျှ ဆူညံကျယ်လောင်နေခြင်းနှင့်အတူ သူ၏ အေးစက်စက် ထွက်လေမှာလည်း အံ့အားသင့်ဖွယ် မဟုတ်‌တော့ချေ။

နေပါဦး.. ငါက ဘာကိစ္စနဲ့ အဲဒီ တဟေးတန်ကို အိပ်မက်မက်နေရတာတုန်း..

ယင်ရှောင်ရှောင်း၏ အမူအရာမှာ ၀.၀၁ စက္ကန့်အတွင်း ပြုံးနေရာမှာ မဲမှောင်သွားသည်ကို မြင်လိုက်ရသည့် ဟွားရှောင်ဝူမှာ တံတွေးပင် မြိုချလိုက်မိသည်။

“အာ့ကောကောနဲ့ စန်းကောကောတို့ ကောင်းကောင်းဆော့နေကြလားဆိုတာ သွားကြည့်တာကပဲ ပိုကောင်းမယ် ထင်တယ်နော်..”

ယင်ရှောင်ရှောင်းမှာ အတွေးထဲ နစ်မြုပ်နေဆဲပင်။

‘အဲဒီ တဟေးတန်ကို ဘာကိစ္စနဲ့ အိပ်မက်မက်ရတာတုန်းလို့.. လုံးဝကြီး မဖြစ်သင့်တဲ့ အရာလေ.. အိပ်မက်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲလေ..’

ဟွားရှောင်ဝူမှာ မီးခိုးငွေ့သဖွယ် ပျောက်ကွယ်သွားခြင်းအား လုံးဝ သတိမထားမိလိုက်ချေ။

ယင်ရှောင်ရှောင်း၏ အနောက်တွင်မူ ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်းအား ကြည့်ကာဖြင့် နက်နဲစွာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ရှောင်စစ်ရေ.. မင်းခေါင်းမှာ တစ်ခုခုဖြစ်နေတာကို သိသွားပြီလားဟင်..”

ယင်ရှောင်ယိမှာ အဆက်မပြတ် ခေါင်းညိတ်လို့နေသည့် ယင်ရှောင်စစ်အား ကြည့်ကာဖြင့် အလွန်သတိထားကာ မေးလိုက်သည်။ ယင်ရှောင်ယိ အမြဲလိုလို ခံစားမိသည်မှာ ယင်ရှောင်ရှောင်းမှာ အငယ်ဆုံးအဖြစ် မွေးဖွားလာသော်ငြား သူ့အတွက်မူ ယင်ရှောင်စစ်က ပို၍ ထူးဆန်းလှသည်ဟူ၍ပင်။

ယင်ရှောင်စစ် ခပ်တောင့်တောင့်ဖြစ်သွားသည်။

အေး.. မင်းရဲ့ခေါင်းကမှ တစ်ခုခု မှားနေတာ..

မင်းမိသားစု တစ်စုလုံးကမှ မှားနေတာ.. ခဏလေး သူက ငါ့မိသားစုဟ..

ယင်ရှောင်စစ် ခေါင်းမော့ကာဖြင့် ထွက်သွားလေသည်။

ထားလိုက်ပါလေ.. ထက်မြက်တဲ့သူတွေက အရူးတွေနဲ့ ပြိုင်ငြင်းမနေဘူး..

ယင်ရှောင်ရှောင်း ဂူအဝသို့သွားကာ အပြင်ဘက်ရှိ မြင်ကွင်းအား ကြည့်လိုက်သည်။

ကျွတ် ကျွတ်.. ရွာနေလိုက်တာများ ရေပုံးအကြီးကြီး မှောက်ကျသလိုပဲ.. တဝေါဝေါနဲ့..

မိုးက ဒီလောက်တောင် ရွာနေတာဆိုတော့ ဒီနားတစ်ဝိုက်မှာ အပင်တွေ အတော်လေး များလာမှာပေါ့..

ဒါဆို မီးခိုးတွေကိုမမြင်ရတော့ဘူး..

ယင်ရှောင်ရှောင်း ဂူအပြင်အားကြည့်ကာဖြင့် ကျေနပ်နေလေသည်။

‘အား.. မိုးကြိုးတွေ ပစ်နေလိုက်တာများ.. တအုန်းအုန်းနဲ့နေတာပဲနော်.. သခင်လေးရေ.. ဥအစိမ်းတွေ စားနေရတာကို ခဏလောက် ရပ်လို့ရမလားဟင်.. ဟိုးအရင်က လူတွေက အသားအစိမ်းတွေ စားခဲ့တာလေ.. နောက်ပိုင်းကျ ချက်ပြုတ်တတ်လာကြတယ်.. ဘာလို့လဲ.. မီး ကို ရှာတွေ့သွားလို့လေ.. အဲဒါက အမှားဟုတ်မနေဘူးနော်.. လူသားတွေက မီးကို လုပ်နိုင်ကြတယ်..”

“အဲတော့ ငါလေးကလည်း ဘာကြောင့် မီးကိုသုံးပြီး ငှက်ဥတွေကို ချက်ပြုတ်မစားနိုင်ရတာလဲ.. ဘာလို့လဲဆိုတော့ ငါလေးရဲ့ ခန္ဓာကိုယ်က အဲဒီဥတွေကို နည်းပေါင်းစုံနဲ့ ချက်ပြုတ်စားသောက်ဖို့ အဆင်ပြေမနေဘူးလေ.. ဒါပေမဲ့လည်းပေါ့နော် အဲဒီဥတွေကို ဘယ်လိုစားရမလဲဆိုတာတော့ ပြောင်းလဲလို့ရသေးတာပဲ..’

ယင်ရှောင်ရှောင်းမှာ အလွန်ထိခိုက်နစ်နာသလို ခံစားနေရသည်။ မည်သည်ကြောင့် မြွေတစ်ကောင် ဖြစ်လာရသနည်း။ ဝက်ဝံသို့မဟုတ် ခွေးတစ်ကောင်သာ ဖြစ်လာမည်ဆိုလျှင် မည်သည်ကိုမဆို လုပ်နိုင်ပေမည်။ မည်သို့ပင်ဆိုစေကာမူ အခြားတိရိစ္ဆာန်များ၌ ခြေလက်များရှိလေသည်။

အချိန်ယူပြီး လေ့ကျင့်လိုက်မယ်ဆိုရင် အဲဒီအသားတွေကို ကင်တာတို့ဘာတို့ လုပ်နိုင်လာမှာလေ..

အခုတော့ ငါ့မှာ ခြေလည်းမရှိ လက်လည်းမရှိနဲ့.. တစ်ကိုယ်လုံးမှာ ပါးစပ်ကလွဲရင် သုံးစားလို့ရတာ အမြီးပဲရှိတယ်..

မြွေပေါက်လေး ယင်ရှောင်ရှောင်းမှာ သူလုပ်ချင်သည်များကို စဉ်းစားတွေးတောလျက်ရှိနေသော်လည်း ရာသီဥတုမှာ ခွင့်မပြုချေ။ သည်းထန်စွာရွာသွန်းနေသည့်မိုးမှာ မီးမွှေးရန်အတွက် မသင့်လျော်ချေ။ ထို့ကြောင့် ယင်ရှောင်ရှောင်း လက်လျှော့လိုက်ရသည်။

နည်းလမ်းကျကျ ပြောမည်ဆိုလျှင် ယင်ရှောင်ရှောင်းအနေဖြင့် မီးမွှေးဖို့ရန် မိုးတိတ်ချိန်ထိတိုင်အောင် စောင့်ရမည်မှန်း သိလေသည်။ သို့သော်လည်း ယင်ရှောင်ရှောင်း၏ စိတ်လှုပ်ရှားနေမှုအား မည်သည့်အရာကမှ မတားနိုင်ချေ။ ထို့ကြောင့် ဂူထဲရှိ မြွေများမှာ စက်ဝိုင်းပမာ လှည့်ပတ်နေသည့် ယင်ရှောင်ရှောင်းအား မြင်လိုက်ကြရလေသည်။ ယင်ရှောင်ရှောင်းမှာ သူ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားနေမှုတို့အား တည်ငြိမ်စေဖို့ရန် ထိုသို့ပြုလုပ်နေရခြင်းပင်။

“ဟမ်.. တပိုင်ရေ.. မင်းသတိထားမိလား.. ရာသီဥတုက အေးနေတာတောင် ရှောင်ရှောင်းက ဘာမှမဖြစ်သလိုပဲနော်..”

ယင်ရှောင်ရှောင်း၏ စက်ဝိုင်းများအား ကြည့်ရင်းဖြင့် ဟွားရှောင်ဟွား ပျင်းရိလာသည်ကြောင့် သူ၏နံဘေးတွင် ရှိနေသည့် ယင်တပိုင်အား အမြီးဖြင့်ပုတ်လိုက်လေသည်။ ယင်တပိုင်သည်လည်း ဟွားရှောင်ဟွား၏ စကားကြောင့် ယင်ရှောင်ရှောင်းအား ကြည့်လိုက်သည်။

ခေတ္တမျှ လေ့လာပြီးသည့်နောက်တွင် ယင်တပိုင် စကားစပြောလာသည်။

“အမှန်ပဲ.. ရှောင်ရှောင်းက ကလေးခြောက်ကောင်ထဲမှာ အနှေးဆုံးဖြစ်ပေမဲ့လည်း သူ့ရဲ့အရှိန်က အရင်ကလိုပဲ ပြောင်းလဲသွားပုံမရဘူးလို့ ကိုယ်ထင်တယ်.. သူ့ရဲ့ အလျင်က လျော့သွားတာမျိုး မရှိဘူး..”

ဒီနေရာမှာ တစ်ခုလောက် ကြားဖြတ်ပြောပါရစေနော်.. မြွေတွေက သွေးအေးသတ္တဝါတွေပါ.. အဲဒါကြောင့် သူတို့ကို poikilothermal တိရိစ္ဆာန်တွေလို့ ခေါ်ကြပါတယ်.. poikilothermal ရဲ့ အဓိပ္ပါယ်ကတော့ အပြင်ဘက်အပူချိန်က မြွေတွေအပေါ်ကို ကြီးကြီးမားမား သက်ရောက်မှုရှိတယ်လို့ ဆိုလိုတာပါ..

သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်က လေထုအပူချိန်အပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်.. လေထုအပူချိန် နိမ့်တဲ့အခါဆို မြွေတွေရဲ့ လှုပ်ရှားမှုကလည်း နှေးကွေးလာမှာဖြစ်ပြီး အပူချိန် သိသိသာသာ ကျဆင်းသွားတဲ့ အခါမျိုးဆိုရင် မြွေတွေရဲ့ ကြွက်သားတွေက ကျုံ့သွားမှာဖြစ်ပြီး လှုပ်ရှားဖို့လည်း အရမ်းခက်ခဲသွားနိုင်ပါတယ်.. အဲဒါကြောင့် မြွေတွေက ပူနွေးတဲ့နေရာတွေမှာ နေထိုင်ကြခြင်း ဖြစ်ပါတယ်..

ဤတောင်တန်းတွင်နေထိုင်ကြသည့် မြွေပွေးမျိုးနွယ်စုများအားလုံးတို့မှာ နေပူဆာလှုံရခြင်းအား သဘောကျ နှစ်သက်ကြသည်။ ယင်းမှာ ပုံမှန်ပင်ဖြစ်သည်။ ဤနေရာ ပြင်ပရှိ မြွေများအားလုံးတို့မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ သို့သော်လည်း အတော်လေး ပုံမှန်မဟုတ်သည်ဟု ဆိုနိုင်သည့်အရာမှာ ဤတောင်တန်းဒေသမှ မြွေများမှာ အလွန်မြင့်မားသည့် အပူချိန်အား အတော်လေး နှစ်သက်ကြခြင်းပင်။ ပြင်ပမှ မြွေများမှာ ၄၀ ဒီဂရီအထက်ရှိသည့် အပူချိန်အား မည်သို့မျှ ခံနိုင်မည် မဟုတ်ကြချေ။ သို့သော်လည်း ဤနေရာတွင် နေ့တိုင်းလိုလိုပင် အပူချိန်မှာ ၄၀ ဒီဂရီကျော် ရှိလေသည်။

အဲဒါတောင်မှပဲ မြွေတွေက ဒီလောက်တောင် မြင့်တဲ့ အပူချိန်ကို သဘောကျနေရသေးတာလဲ ဟုတ်လား..။

အကြောင်းမှာ မြွေများ၏ ခန္ဓာကိုယ်အပူချိန်တက်လာရန်မှာ အလွန်ခက်ခဲသည်ကြောင့်ပင်။ အကယ်၍ ကိုယ်တွင်းအပူချိန် တက်လာသည်ဆိုလျှင်ပင် မြင့်တက်နှုန်းမှာ လွန်စွာနှေးလှသည်။ ထို့ကြောင့် မြွေများမှာ မြင့်မားသည့် အပူချိန်အား လိုအပ်ကြပြီး သူတို့ခန္ဓာကိုယ်အပူချိန် တက်ရန်လည်း လွန်စွာကြာမြင့်လှလေသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းမှာမူ အဖြေမရှိသည့် အမေးတစ်ခု ဖြစ်နေဆဲပင်။

ယင်ရှောင်ရှောင်း၏ အရှိန်နှင့် အလျင်မှာ ရာသီဥတုအပေါ်လိုက်၍ ပြောင်းလဲလျော့ကျခြင်း မရှိခြင်းကြောင့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ စိတ်ဝင်တစား ကြည့်နေကြလေသည်။

“ရှောင်ရှောင်း.. ဒီကိုလာပါဦး..”

ယင်တပိုင် ခေါ်သည့်အခါ ယင်ရှောင်ရှောင်း မနာခံဘဲ မနေနိုင်ချေ။ သူ၏ စိတ်လှုပ်ရှားမှုတို့အား ဖိနှိပ်ကာဖြင့် ယင်တပိုင်ထံသို့ နာခံရိုကျိုးစွာ သွားလေသည်။

“သားကိုခေါ်လိုက်တာလား ဖေဖေ..”

“ရှောင်ရှောင်းရေ.. ရာသီဥတုက အေးနေတော့ သားသား ချမ်းတယ်လို့ ခံစားရပြီး မလှုပ်ချင်တာမျိုးကော ရှိသလား.. ပြီးတော့ လှုပ်ရှားနေတဲ့ အခါမျိုးမှာလည်း ပုံမှန်ထက်ပိုပြီး အားစိုက်ထုတ်ရတယ်လို့ ခံစားရလား..”

“ဟင်..”

ယင်ရှောင်ရှောင်း သံသယအပြည့်နှင့် ပြန်ဖြေသည်။ ခေတ္တမျှ လှည့်ပတ်ကြည့်လိုက်သေးသည်။

“အာ.. အဲလိုမဖြစ်ဘူး..”

အဟမ်း အဟမ်း.. ဤသည်မှာ နားလည်လက်ခံနိုင်ဖွယ်ရာပင်။ ယင်ရှောင်ရှောင်းမှာ ယခင်ဘဝတွင် လူသားတစ်ဦးသာ ဖြစ်သဖြင့် မြွေများအကြောင်း များများစားစား မသိပေ။ ထို့အပြင် ယင်ရှောင်ရှောင်းမှာ မြွေကြောက်သူတစ်ဦးလည်း ဖြစ်ခဲ့သည်ကြောင့် မြွေများအား စိတ်ဝင်စားမှုမရှိသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့် မြွေများ၏ အမူအကျင့်များနှင့် နေထိုင်မှုပုံစံအား အနည်းအကျဉ်းမျှသာ သိရှိခြင်းဖြစ်ကြောင်း သိနိုင်လေသည်။

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက်တွင် ဟွားရှောင်ဟွား ခန္ဓာကိုယ် ဆန့်ထုတ်ကာဖြင့် ယင်ရှောင်ရှောင်းအား ကပ်တွယ်နေလိုက်သည်။

“ပူနေတာလား”

ဟွားရှောင်ဟွား၏အသံမှာ မမျှော်လင့်ဘဲ ကျယ်သွားသည်ကြောင့် ဂူထဲရှိ မြွေပေါက်လေးများ၏ အာရုံအား ဆွဲဆောင်လိုက်လေသည်။

ဟွားရှောင်ဟွား တံတွေးတစ်လုပ် မြိုချလိုက်ပြီးနောက် သူ၏ နံဘေးတွင် တွတ်ထိုးနေကြသည့် မြွေပေါက်လေးများအား ဂရုမထားချေ။

“ဘာက ပူတာလဲ.. ဘာက ပူနေတာလဲဟင်..”

ယင်တပိုင်ဘက်သို့ လှည့်ကာဖြင့် အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလေသည်။

“ရှောင်ရှောင်း.. ရှောင်ရှောင်းရဲ့ ခန္ဓာကိုယ်က ပူနေတယ်..”

“ပူနေတယ်..”

ယင်တပိုင် သံယောင်လိုက်ပြီး ယင်ရှောင်ရှောင်းနှင့် ပူးကပ်လိုက်ပြန်သည်။

“တကယ်ကို ပူနေတာပဲ..”

ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးအား အမြီးမှ ခေါင်းအထိတိုင် အပြေးအလွှား ပွတ်သပ်ကြည့်လိုက်သည်။

“သူ့တစ်ကိုယ်လုံးက ပူကျစ်နေတာ..”

ယင်ရှောင်ရှောင်းမျက်နှာတွင် အနက်ရောင်လိုင်းများ ဖြစ်လာလေသည်။ (-_-\\\)

မြွေတွေမှာ ခေါင်းကတော့ပူပြီး အမြီးက အေးနေတာမျိုး ရှိလို့လား..

ဟွားရှောင်ဟွား၏ ခန္ဓာကိုယ်အပူချိန်အား ခံစားမိပြီးနောက်မှသာလျှင် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ ဆိုလို့သည့် ‘ပူသည်’ ဟူသော စကားအား ယင်ရှောင်ရှောင်း သတိပြုမိလာခြင်းပင်။ ဟွားရှောင်ဟွား၏ ခန္ဓာကိုယ်မှာ ရေခဲတမျှ အေးစက်လို့နေသည်ကြောင့် သူ၏ခန္ဓာကိုယ်နှင့် ထိမိသည့်အခါ ပူနေခြင်း ဖြစ်သည်။

ထိုအခါမှသာ မြွေများမှာ poikilothermic မျိုးနွယ်များဖြစ်ကြောင်း ယင်ရှောင်ရှောင်း ပြန်လည်ကာ အမှတ်ရလာတော့သည်။ ယခုအခါတွင် သူ၏ခန္ဓာကိုယ်မှာ နွေးထွေးနေခြင်းဖြစ်သည်။ ထို့အပြင် သူ့အနေဖြင့် နေပူဆာလှုံထားခြင်းလည်း မရှိ။

ငါလေးက ကိုယ်အပူချိန် တသမတ်တည်းနဲ့ မြွေတစ်ကောင်များ ဖြစ်နေတာလားနော်..

ယင်ရှောင်ရှောင်း ချွေးများပင် စို့လာချင်သည်။

‘ဘုရားရေ.. ကျွန်တော်မျိုးကို ဘဝမမေ့နဲ့လို့ ပြောချင်နေတာလားဗျာ.. မင်းရဲ့ခန္ဓာကိုယ်က မြွေတစ်ကောင်ပေမဲ့ ဝိညာဉ်ကတော့ လူပဲနော်လို့ သတိပေးချင်နေတာလား.. လုံးဝ လုံးဝကြီး မကောင်းဘူးနော်...’

ယင်ရှောင်ရှောင်း မည်မျှပင် ဘုရားတနေစေကာမူ မြွေပေါက်လေးများမှာ ယင်ရှောင်ရှောင်းအား အလယ်တွင်ထားကာဖြင့် လှည့်ပတ်နေကြလေသည်။

ပါပါးနဲ့ဖေဖေ ပြောတာက ရှောင်ရှောင်းရဲ့ ခန္ဓာကိုယ်လေးက ပူနေတယ်လို့လေ ဟုတ်တယ်မလား..

ယခုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်များမှာ အေးစက်လို့နေကြသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းနံဘေး၌ နေမည်ဆိုလျှင် ပူနွေးလာနိုင်ပေလိမ့်မည်။

မြွေတွေရဲ့ IQ ကို လျှော့မတွက်နဲ့နော်.. လုံးဝ အမိုက်စားဆိုတာ ခုတွေ့ပြီမလား..

မြွေပေါက်လေးများ၏ ပြင်းထန်သည့် အကြည့်များအောက်တွင် ရှောင်ရှောင်းအား လှည့်ပတ်နေသည့် အဝိုင်းမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလို့လာသည်။ ယင်ရှောင်ရှောင်းမှာ စိတ်ထဲတွင် မသက်မသာဖြစ်လာပြီး ကြောက်ရွံ့မှုကြောင့် အော်ငိုချင်လာမိသည်။ ချက်ချင်းဆိုသလိုပင် ဟွားရှောင်ဝူထံသို့ ပြေးသွားပြီး သူ့အားလှည့်ပတ်နေသည့် စက်ဝိုင်းအား ချိုးဖြတ်ကာ ထွက်ပြေးဖို့ ကြိုးစားလေသည်။

ဤမြွေပေါက်လေးများ၏ အလျင်မှာ လျော့ကျနေသည် ဆိုသော်ငြား ယင်ရှောင်ရှောင်းထက်တော့ မြန်ဆန်နေသေးသည်ကြောင့် ဟွားရှောင်ဝူ၏ နံဘေးတွင်ရှိနေသော ယင်ရှောင်စစ်၏ အမြီးဖြင့် ပုတ်ထုတ်ခြင်းအား ခံလိုက်ရကာ အလယ်ဗဟိုသို့ ပြန်ရောက်သွားပြန်သည်။ ယင်ရှောင်ရှောင်းအား လှုပ်ရှားခွင့်မပေးတော့ဘဲ မြွေပေါက်လေးများမှာ ချက်ချင်းဆိုသလို ရှောင်ရှောင်းထံသို့ ခုန်ဝင်ကာ ခန္ဓာကိုယ်များဖြင့် ဖိလိုက်ကြလေသည်။

အပြင်မှကြည့်မည်ဆိုလျှင် ယင်ရှောင်ရှောင်း၏ အမြီးထိပ်လေးကိုသာလျှင် မြင်နိုင်ပေသည်။ ယင်ရှောင်ရှောင်း၏အမြီးမှာ လှုပ်ရှားမှုမရှိ တွဲလွဲကျနေလေသည်။ အထွေအထူး မဟုတ်ချေ။ ထိုမြွေလေးများမှာ ရှောင်ရှောင်းအား အသက်ဆုံးရှုံရန် ပြုလုပ်ကြမည် မဟုတ်။ ယခုအခါ ညအချိန် အိပ်စက်စဉ်အတိုင်း မုန့်ကြိုးလိမ်ထုံး တစ်ခု ဖြစ်လာတော့သည်။ အကြောင်းမှာ ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေးမှာ ညအချိန်ဆိုလျှင် နွေးထွေးနေတတ်ခြင်းကြောင့်ပင်။

အဟမ်း အဟမ်း.. ဒီအကြောင်းကို ယင်ရှောင်ရှောင်း မသိစေနဲ့နော်..

“နွေးလိုက်တာ.. ~”

“ရှောင်ရှောင်းရဲ့ ကိုယ်လေးက တကယ်ကို နွေးနေရောပဲ.. ~”

“နောက်များဆိုရင် မိုးရွာတဲ့ရက်တွေတိုင်း ရှောင်ရှောင်းကို ဖက်ထားပစ်လိုက်မယ်ကွ...”

ယင်ရှောင်ရှောင်း : “...”

ယင်ရှောင်ရှောင်းမှာ စကားမပြောချင်၍ မဟုတ်ဘဲ ထိုအခိုက်အတန့်တွင် ဖိထားခံရသည်အတွက်ကြောင့် စကားမပြောနိုင်ခြင်း ဖြစ်နေလေသည်။

ဟွားရှောင်ဟွား ယင်တပိုင်အား ခံစားချက်အပြည့်နှင့် ကြည့်လိုက်သည်။

“အချစ်တုံးကြီးရေ.. ရှောင်ဟွားတို့ ခန္ဓာကိုယ်တွေက ရေခဲလို အေးနေပေမဲ့ အချစ်တုံးကြီးက ရှောင်ဟွားကို ချစ်တယ်ဆိုတာ ခံစားမိနေတုန်းပဲ.. အချစ်တုံးကြီးရဲ့ နှလုံးသားလေးကလည်း ရှောင်ဟွားကို ဘယ်တော့မှ လောင်ကျွမ်းသွားစေမှာ မဟုတ်ဘူး.. အား.. အချစ်တုံးကြီးရေ..”

ထိုသို့ပြောပြီးနောက်တွင် ဟွားရှောင်ဟွားမှာ ယင်တပိုင်၏ ပွေ့ဖက်ခြင်းခံလိုက်ရသည်။ ထို့နောက်တွင် ထိုမြွေနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေပွေ့ဖက်လိုက်ကြလေသည်။

ယင်တပိုင် : “အချစ်ကလေး ရှောင်ဟွားရေ.. ကိုယ့်နှလုံးသားလေးက မင်းကို အမြဲတမ်း နွေးထွေးနေစေမှာပါကွာ..”

မြွေပေါက်လေးများ : “ဝေါ့....”

ယင်ရှောင်ရှောင်း : “...”

‘ဟေ့ ဟေ့ ငါလည်း အန်ချင်လာပြီနော်.. လောလောဆယ် ဖိထားခံနေရလို့ပေါ့ကွာ..’