အပိုင်း ၃၀
Viewers 13k


Chapter 30



ယင်ရှောင်ရှောင်းတို့ တစ်မိသားစုလုံး အိပ်ရာဝင်သည့်အချိန်ထိတိုင်အောင် မိုးရွာနေဆဲပင်။ ယင်ရှောင်ရှောင်းမှာ မတတ်နိုင်တော့ဘဲ သက်ပြင်းချမိလိုက်သည်။

ဒီမိုးက ဘယ်တော့မှ တိတ်မလဲနော်.. ရွာနေတာ မရပ်တော့ဘူး.. လက်ဖျားခါတယ်..

“အိပ်တော့ အိပ်တော့.. မနက်ဖြန် အိပ်ရာနိုးရင် တိတ်သွားလိမ့်မယ်..”

ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား ချော့မော့ကာဖြင့် ပြောလေသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ အရူးပေါက်လေး ဖြစ်သည်။ ထို့ကြောင့် ဟွားရှောင်ရှောင်း၏ လေသံမှာ အနည်းငယ် သံသယဖြစ်ဖွယ် ကောင်းနေသည့်တိုင်အောင် သူသတိမထားမိချေ။

နောက်တစ်နေ့နံနက်ခင်း မြွေမိသားစု တစ်စုလုံး နိုးထလာသည့်အချိန်တွင် ကောင်းကင်မှာ ကြည်လင်နေပြီ ဖြစ်သည်။

ယင်ရှောင်ရှောင်း လမ်းတစ်ပတ်လျှောက်ပြီး အိမ်ပြန်လာသည်။ အလွန်ကောင်းမွန်သည့် စိတ်အခြေအနေ၌ ရှိနေသည်မှာ သေချာလှသည်။ ယမန်နေ့က တစ်နေ့လုံး မိုးရွာထားသော်ငြား သူသွားခဲ့သမျှ နေရာတိုင်းမှာ ခြောက်သွေ့လို့နေလေသည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် စိုစိစိ ဖြစ်နေသော်လည်း ညစ်ပတ်နေခြင်းတော့ မဟုတ်ချေ။ ယင်ရှောင်ရှောင်းအား အသန့်ကြိုက်ရောဂါရှိသည်ဟု ပြောမရသော်ငြား ယင်‌ရှောင်ရှောင်း၏ စရိုက်လက္ခဏာအရ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပေနေခြင်းအား လက်ခံနိုင်မည် မဟုတ်ချေ။

“တပိုင်က ရှောင်ရှောင်းအတွက် ငှက်ဥတွေ သွားရှာလိုက်.. ငါက အစာသွားရှာမယ်..”

ဟွားရှောင်ဟွား တုံးတိတိ ပြောပြီးနောက် ယင်တပိုင်အား ဆွဲခေါ်သွားတော့သည်။ ယင်ရှောင်ရှောင်းမှာ သံသယအပြည့်နှင့်ပင်။

အဲတော့ ဖေဖေက အစာသွားရှာမှာလား ငါ့အတွက် ငှက်ဥသွားရှာမှာလား။

ရုတ်တရက်ဆိုသလို ဘဝကြီးမှာ အလွန်ဇိမ်ကျလာသည်။

ဆိုလိုသည်မှာ ယင်ရှောင်ရှောင်းရေ မင်းဘယ်တော့မှ သုံးစားလို့ ရလာမှာလဲ.. ဟမ်..

ယင်ရှောင်ရှောင်းမှာ အလုပ်မရှိဟု ဆိုရပေမည်။ မည်သည်မျှ လုပ်စရာမရှိသည်ကြောင့် ပျင်းရိလာသည်။ ထိုသို့ဖြင့် ယင်ရှောင်ရှောင်းမှာ ယမန်နေ့က တွေးနေသည့် အရာအား ပြန်လည်ကာ တွေးတောပြန်သည်။

ဘာအတွေးလဲ ဟုတ်လား..

ယင်ရှောင်ရှောင်းမှာ သူ၏ နေထိုင်မှုအဆင့်အတန်းအား တွေးတောနေခြင်းပင်။

သို့သော်လည်း အပြောလွယ်သလောက် အလုပ်ခက်လှလေသည်။ ယင်ရှောင်ရှောင်းအနေဖြင့် ဝက်ဝံ သို့မဟုတ် ခွေး အဖြစ် ပြန်လည်မွေးဖွားလည်မည်ဆိုလျှင် သူ၏ လက်များအား အသုံးပြုနိုင်ပေမည်။ ဥပမာဆိုရလျှင် သူ၏ လက်နှစ်ဘက်အားသုံးကာဖြင့် တုတ်တစ်ချောင်းအားကိုင်ကာ သစ်သားအား ဖောက်ထွင်းခြင်းဖြင့် မီးမွှေးနိုင်ပေမည်။ သို့သော်လည်း ယခုယင်ရှောင်ရှောင်းမှာမူ လက်မရှိချေ။ သူအသုံးပြုနိုင်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ပါးစပ်နှင့် အမြီးသာ ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ မြွေတစ်ကောင်ဖြစ်နေသော်ငြား လူတစ်ဦး၏ ဦးနှောက်ရှိနေခြင်းကြောင့် တစ်နေ့တွင် မီးမွှေးနိုင်လာမည်ဟု ယုံကြည်နေလေသည်။

သစ်သားအား ဖောက်ကာဖြင့် မီးမွှေးမည်ဆိုပါက ထင်းလိုလာမည်ဖြစ်သည်။ ယင်ရှောင်ရှောင်း သူတို့အိမ်၏ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီးနောက် စိတ်ဓာတ်ကျသွားလေသည်။

ဘာ.. မြက်တွေကိုလည်း သုံးနိုင်သေးတယ် ဟုတ်လား..

အဲဒါဆိုလည်း မြက်နှစ်ထုံးကို ထိုင်ပွတ်နေပြီး ကိုယ့်ဘာသာ မီးလောင်ခံလိုက်လေ..

ယင်ရှောင်ရှောင်း မျက်လုံးဝေ့ကြည့်လိုက်ပြီး ယင်ရှောင်စစ်ထံသို့ သွားလိုက်သည်။

“စစ်ကောကော.. သားတို့အိမ်နားမှာ တကယ်ကြီး သစ်ပင်တွေ မရှိတာလားဟင်.. တကယ်.. တကယ်ကြီးကို မရှိတာလား..”

“ဘာလုပ်ဖို့ သစ်ပင်ရှာနေရတာတုန်း..”

ယင်ရှောင်စစ် ရှောင်ရှောင်းအား တစ်ချက်ကြည့်လိုက်သည်။

“သားတို့မိသားစုအတွက် အသုံးဝင်မယ့် အရာတစ်ခုခုအတွက်ပေါ့.. မြန်မြန်လေး ပြောပြပါနော် စစ်ကောကော..”

ယင်ရှောင်ရှောင်းမှာ အလိုလိုက်ခံထားရသည့် ကလေးတစ်ဦးသဖွယ် ပြုမူလေသည်။

‘ဟွန့်.. မီးမွှေးမလို့လို့ ပြောလိုက်ရင် သေချာပေါက် တားမှာကို.. ပြောစရာလား..’

ယင်ရှောင်စစ် ကျောချမ်းလာသည်။

“ကောကောတို့ အိမ်နားမှာတော့ သစ်ပင်တကယ်မရှိဘူး.. ဒါပေမဲ့ လန်ယိယိတို့အိမ်ရဲ့ အရှေ့အရပ်မှာ‌တော့ သစ်ပင်နည်းနည်းရှိတယ်.. လန်ယိယိတို့အိမ်ကို သွားတုန်းက တွေ့ခဲ့တာ မှတ်မိသေးတယ်..”

“တကယ်ကြီးလား..”

သူတို့မိသားစု၏ စစ်ကောကောမှာ အမှန်တကယ်ကို အံ့ဩဖွယ်ရာပင်။ မည်သည့်မေးခွန်းမဆို ဖြေနိုင်စွမ်းရှိသည်။

“အဲဒါဆိုရင် သားတို့အားလုံး သွားကြမယ်လေ.. ဟုတ်ပြီလား..”

ပထမဆုံးအချက်မှာ ဟွားရှောင်ဟွားနှင့် ယင်တပိုင်အပါအဝင် ကျန်မြွေ‌ပေါက်လေးများမှာ သူ့အား တစ်ကောင်တည်း လွှတ်မည်မဟုတ်။ ဒုတိယမှာ ယင်ရှောင်ရှောင်း တစ်ကောင်တည်းသွားမည်ဆိုလျှင် ထင်းအများအပြား ပြန်သယ်နိုင်မည် မဟုတ်။ ထို့ကြောင့် အားလုံးအတူတကွ သွားကြမှသာ သူ့အား ကူညီကာ သယ်ပေးနိုင်မည် ဖြစ်သည်။

ယင်ရှောင်ရှောင်း ငှက်ဥများသွားရှာချင်နေသည်ဟု ထင်မိသည်ကြောင့် ယင်ရှောင်စစ် ပါးပါးနပ်နပ်နှင့် အကြံပြုလေသည်။

“အဲဒီသစ်ပင်တွေမှာ ငှက်ဥတွေ မရှိဘူးနော် ရှောင်ရှောင်.. လန်ယိယိပြောတာကတော့ အဲဒီမှာ ငှက်တွေ နေဖူးတယ်တဲ့.. လန်ယိယိရဲ့အဖေက အဲဒီဥတွေကို မကြာခဏ သွားသွားယူလို့ ငှက်တွေမနေကြတော့တာတဲ့.. ပြီးတော့ ဖေဖေကလည်း ငှက်ဥသွားရှာနေတယ်လေ.. အဲဒီတော့ ကောကောတို့ မသွားသင့်ဘူး..”

“သားက ငှက်ဥသွားရှာဖို့ သွားမှာ မဟုတ်ပါဘူး စစ်ကောကောရဲ့.. သစ်ကိုင်းခြောက်လေးတွေ လိုချင်လို့ပါ..”

ယင်ရှောင်ရှောင်း၏ အပြစ်ကင်းစင်သည့်ဟန်ကြောင့် ယင်ရှောင်စစ် မငြင်းပယ်နိုင်တော့ချေ။ ထို့အပြင် ယင်ရှောင်ရှောင်းမှာ အန္တရာယ်ရှိသည့်အရာ ပြုလုပ်မည် မဟုတ်သ၍ မည်သူမျှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သည်ကြောင့် ယင်ရှောင်ရှောင်း သစ်ကိုင်းခြောက်များ သွားယူမည်ကို မသိသော်ငြား ယင်ရှောင်ရှောင်း၏ တောင်းဆိုမှုအား တားဆီးရန် နည်းလမ်းမရှိချေ။

ထိုသို့နှင့် မြွေပေါက်လေးများမှာ သစ်ကိုင်းများစုစည်းရန်အတွက် စတင်ထွက်ခွာကြလေသည်။

သစ်ပင်များမှာ လန်ယိယိတို့အိမ်၏ အရှေ့အရပ်တွင် ရှိခြင်းကြောင့် ယင်ရှောင်ရှောင်းတို့ အဖွဲ့မှာ လန်ယိယိတို့အိမ်သို့ ဦးတည်ခြင်းမရှိဘဲ လန်ယိယိတို့အိမ်မှ အတော်လေး ဝေးသည့် အရှေ့အရပ်သို့ သွားကြလေသည်။ သဘာဝအတိုင်း ယင်ရှောင်စစ်မှာ ဦးဆောင်သူ ဖြစ်လေသည်။

ဦးတည်ရာသို့ ရောက်သည့်အချိန်တွင် ထိုနေရာတစ်ဝိုက်တွင် သစ်ပင်များများစားစား မရှိဘဲ အပင်ကြီးများသာ ရှိသည်ကို တွေ့လိုက်ရသည်။ ထိုမျှသာမကဘဲ မြေပြင်ပေါ်တွင် ကျိုးကျနေသည့် သစ်ကိုင်းများ ရှိပြီး ယင်ရှောင်ရှောင်း သယ်ယူနိုင်လောက်သည်အထိ အဆင်ပြေ လွယ်ကူလေသည်။ သို့သော် ယင်ရှောင်ရှောင်းမှာ သူ၏အရှေ့တွင်ရှိနေသည့် သစ်ကိုင်းများကို ကြည့်ကာဖြင့် ငိုချင်လာလေသည်။ ပြဿနာမှာ ထိုအရာပင်။ မိုးရွာထားသည်ကြောင့် သစ်ကိုင်းများ စိုစွတ်နေမည်ကို သူမေ့သွားခဲ့ခြင်းပင်။

အရမ်းကြီး အတွေ့အကြုံ မရှိတဲ့ပုံ ပေါ်နေတယ်မလားလို့.. .·°՞(≧□≦)՞°·.

သို့သော်လည်း အချည်းအနှီး အဖြစ်မခံနိုင်ပါချေ။ ယင်ရှောင်ရှောင်း အားလုံးကို လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ကြောက်လန့်တကြား ပြန်လှည့်သွားတော့သည်။

ဘာကိစ္စနဲ့ ငါ့ကို မျှော်လင့်စောင့်စားနေတဲ့ မျက်လုံးတွေနဲ့ လာကြည့်နေကြတာတုန်း..

အခုမှ‌တော့ လက်လျှော့လို့လည်း မရတော့ဘူး..

ယင်ရှောင်ရှောင်း ‌စဉ်းစားပြီး နောက်သို့ပြန်လှည့်ကာ ပြောသည်။

“အဲဒါဆိုရင် ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ သားပြောမယ်.. အာကောကောနဲ့ စန်းကောကောက...”

ယင်ရှောင်ရှောင်း အရွယ်ရောက်ပြီး လူတစ်ဦး၏ လက်မောင်းတစ်လုံးစာ အရွယ်အစားရှိသည့် သစ်ကိုင်းတစ်ခုထံသို့ သွားလိုက်သည်။

“... ဒီသစ်ကိုင်းကို ပြန်သယ်သွားပေးနော်..”

“ဟုတ်ပြီ..”

“ကိစ္စမရှိဘူး..”

ထို့နောက်တွင် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ ထိုသစ်ကိုင်းကြီးအား လိုက်လျောညီထွေစွာ သယ်ကြလေသည်။

“တကောကောရယ်.. စစ်ကောကောရယ်.. ဝူကောကောရယ်.. သားရယ်က ဒီသစ်ကိုင်းအသေးလေးတွေကို အစည်းလေးတွေလုပ်ပြီး များနိုင်သမျှ များများရအောင် ပြန်သယ်ကြမယ်..”

ထို့နောက် ကျန်ရှိသည့် မြွေပေါက်လေးများ စတင်လှုပ်ရှားကြလေသည်။

ယင်ရှောင်ရှောင်း သစ်ကိုင်းအသေးလေးများကို လိုက်လံကောက်ယူနေသည်။ အကြောင်းမှာ ဤသစ်ကိုင်းလေးများအား နေရောင်အောက်တွင် အခြောက်ခံနိုင်မည်ဟု ထင်သည့်အတွက်ကြောင့်ပင်။ အပူချိန်မှာလည်း ၄၀ ဒီဂရီကျော် ရှိလေသည်။ ထို့ကြောင့် ညနေခင်းတွင် ဤသစ်ကိုင်းများ ခြောက်သွေ့သွားနိုင်ပေလိမ့်မည်။

အားလုံးပြီးစီးသည်အထိ စောင့်ပြီးသည့်နောက်တွင် အိမ်ပြန်ခရီးစလေသည်။ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ အရှေ့ဆုံးတွင် ယင်ရှောင်စစ်နှင့်အတူ ရှိနေပြီး ယင်ရှောင်ယိမှာ အနောက်မှ နီးကပ်စွာ လိုက်ပါလေသည်။ ယင်ရှောင်ယိနောက်တွင် ယင်ရှောင်ရှောင်းရှိနေပြီး ဟွားရှောင်ဝူမှာ အနောက်ဆုံးတွင် ဖြစ်သည်။

သစ်ကိုင်းများစွာကို သယ်ယူရင်းဖြင့် မြွေပေါက်ကလေးများမှာ အခက်အခဲများအား ဖြတ်ကျော်ခဲ့ကြသည်။ ကြည့်ရသည်မှာ ရယ်စရာကောင်းသော်ငြား ကံကောင်းစွာဖြင့် မည်သည့်မြွေမျှ ထိုခရီးအား မမြင်ခဲ့ကြချေ။

အိမ်သို့ပြန်ရောက်သည့်အခါ ယင်ရှောင်ရှောင်းမှာ ပင်ပန်းလွန်းသဖြင့် ကြယ်များပင် မြင်နေမိသည်။ ကျန်မြွေပေါက်လေးများမှာမူ လန်းဆန်းတက်ကြွကာ အားအင်အပြည့်နှင့်ပင်။ ယင်ရှောင်ရှောင်း သွားများပင် ကိုက်ခဲလာသည်။

မုန်းစရာကောင်းလိုက်တာနော်..

အဲလောက်ကြီး ကွာခြားနေဖို့ လိုလို့လား..

အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်ကို ကြည့်ရင်းဖြင့် ယင်ရှောင်ရှောင်းမှာ မြွေအုပ်အား ချက်ချင်းပြောလေသည်။

“ဟုတ်ပြီ.. နားထောင်မယ်.. သားတို့ ယူလာခဲ့တဲ့ သစ်ကိုင်းတွေအားလုံးကို ဂူအရှေ့ကွင်းပြင်မှာ ထားလိုက်မယ်.. ညမရောက်ခင် နေရောင်နဲ့ အခြောက်ခံကြမယ်..”

သစ်ကိုင်းများစီရင်း အလုပ်များနေကြစဉ် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့ သယ်လာခဲ့သည့် သစ်ကိုင်းကြီးအားကြည့်ကာဖြင့် စိုးရိမ်နေလေသည်။ ထိုသစ်ကိုင်းမှာ လွန်စွာကြီးမားနေသည်ကြောင့် ညနေခင်းရောက်သည့်အချိန်တွင် ခြောက်သွေ့သွားနိုင်ခြင်း ရှိမရှိ မသေချာပေ။

မခြောက်ရင်လည်း မခြောက်ဘူးပေါ့ကွာ..

“ရှောင်ရှောင်းရေ.. စိတ်ပူမနေနဲ့နော်.. ဒီတစ်ခုလည်း ညနေရောက်ရင် ခြောက်သွားလိမ့်မယ်..”

ယင်ရှောင်စစ်မှာ ယင်ရှောင်ရှောင်း၏ စိုးရိမ်ပူပန်နေသည့် အကြည့်များအား အတော်ကြာမှသာ သတိထားမိလေသည်။ ထို့နောက် ယင်ရှောင်ရှောင်းနံဘေးသို့ သွားလိုက်သည်။

“အပူချိန်ကို လျှော့တွက်မထားနဲ့..”

ယင်ရှောင်ရှောင်း ထိုအကြောင်းအား စဉ်းစားလိုက်သည်။

စစ်ကောကောပြောတာ မှန်တယ်..

သူ၏အတိတ်ဘဝတွင် အပူဆုံး နေ့ရက်များ၌ပင် အမြင့်ဆုံး အပူချိန်မှာ ၄၀ ဒီဂရီ စွန်းရုံမျှသာရှိသည်။ (သူ့အရင်ဘဝက ဒီလောက်မြင့်တဲ့အပူချိန်ကို မကြုံဖူးဘူးလို့ ဆိုလိုတာပါ.. ဒါပေမဲ့ တောင်ဘက်ပိုင်းဒေသတွေမှာဆို ရာသီဥတုက အတော်လေး ပူနွေးတာကြောင့် ၄၀ ဒီဂရီထက်မြင့်တဲ့အပူချိန်တွေရှိပါတယ်..) ဤနေရာတွင်တော့ ပုံမှန်နေ့ရက်များ၌ပင် အပူချိန် ၄၀ ဒီဂရီကျော်ရှိသည်။ အပူဆုံးနေ့ရက်များတွင် ဂူထဲတွင် သို့မဟုတ် စမ်းချောင်းထဲတွင်နေမှသာ အဆင်ပြေလေသည်ကြောင့် အပူချိန် မည်မျှရှိမည် ဆိုသည်အား ဘုရားမှသာ သိနိုင်ပေမည်။ ထို့ကြောင့် ထိုသစ်ကိုင်းကြီး မခြောက်မည်ကို စိုးရိမ်နေရန် မလိုတော့ချေ။ သို့သော်လည်း လိုလိုမယ်မယ် အလယ်ဗဟိုတွင် နေရာချလိုက်သေးသည်။

ယင်းမှာ အသုံးမဝင်လောက်ဟု တွေးမိသော်ငြား ထိုအခါမှသာ ယင်ရှောင်ရှောင်းမှာ စိတ်ချလက်ချ နေနိုင်တော့သည်။

ယင်ရှောင်ရှောင်းမှာ ပီတိများနှင့် ဝေဖြာနေလေသည်။

“ဒီသစ်ကိုင်းတွေ ကောင်းကောင်းခြောက်ဖို့ဆို ဟိုဘက် သည်ဘက် လှန်ပေးဖို့ပဲ လိုတယ်..”

ထို့နောက်တွင် ဂူထဲသို့ ဝင်သွားတော့သည်။

ဟားဟားဟား.. ရာသီဥတုကလည်း ပူနေတော့ လုံးဝ အမှားအယွင်း မရှိနိုင်ဘူး..

ဂူထဲတွင် ယင်ရှောင်ရှောင်းမှာ အေးအေးဆေးဆေး ရှိနေရုံသာမကဘဲ ကျေနပ်ပျော်ရွှင်စွာ အိပ်နေလေသည်။ အပြင်ဘက်တွင်မူ မြွေပေါက်လေးများတို့မှာ မပျော်မရွှင် ရှိနေကြလေ။ ယင်ရှောင်ရှောင်းမှာ ထိုသစ်ကိုင်းများ ကောင်းကောင်းခြောက်သွေ့စေရန်အတွက် ဟိုဘက်သည်ဘက် လှန်ပေးရမည်ဟု မှာသွားခဲ့သည်ကြောင့် သူတို့မှာ တစ်ရေးတစ်မော အိပ်စက်နိုင်ခြင်း မရှိကြချေ။

တစ်နေ့လယ်ခင်းလုံး ထိုသစ်ကိုင်းများကို ဟိုဘက်သည်ဘက် လှန်ရင်းဖြင့် ကုန်ဆုံးခဲ့ရသည်။ အပူချိန်အနည်းငယ် ကျဆင်းလာသည့်အခါတွင် ယင်ရှောင်ရှောင်း ဂူထဲမှထွက်လာပြီး မောပန်းနွယ်နယ်ကာ သန်းဝေနေကြရင်း သစ်ကိုင်းများကို လှန်နေကြသည့် မြွေပေါက်လေးများအား မြင်လိုက်ရလေသည်။

ယင်ရှောင်ရှောင်း နှာခေါင်းခပ်စူးစူးဖြစ်လာပြီး ငိုချင်လာမိသည်။

“ရှောင်ရှောင်း နိုးပြီလား..”

ဟွားရှောင်ဝူမှာ ဂူဝတွင် ရပ်နေသည့် ယင်ရှောင်ရှောင်းအား ဦးဆုံး သတိထားမိသူ ဖြစ်သည်။

“ရှောင်ရှောင်း လာကြည့်.. ကောကောတို့ ဒီသစ်ကိုင်းတွေကို သေချာလေး အခြောက်ခံထားတယ်မလား..” (▰˘◡˘▰)

ယင်ရှောင်ရှောင်း ဟွားရှောင်ဝူအပါအကျန် ကျန်မြွေပေါက်လေးများကိုလည်း ကြည့်လိုက်သည်။ ထို့နောက်တွင် သစ်ကိုင်းခြောက်ကြီးပါမကျန်‌ ခြောက်သွေ့လို့နေသည်ကို တွေ့လိုက်ရလေသည်။

“အားလုံးခြောက်သွားပြီ..”

ယင်ရှောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်တွင် ကြမ်းကြမ်းတမ်းတမ်း ခေါင်းမော့လိုက်ပြီး သူ၏အရှေ့တွင်ရှိနေသည့် မြွေပေါက်လေးများအား စိုက်ကြည့်လိုက်သည်။

“ကောကောတို့က အရူးတွေလား.. ပင်ပန်းနေရင် အိပ်ရမှာပေါ့.. ဒီသစ်ကိုင်းတွေကို ဒီတိုင်းထားလိုက်ပါလား.. သူတို့ဘာသာ ခြောက်သွားမှာပေ့ါ..”

“ရှောင်ရှောင်းက ဟိုဘက်သည်ဘက် လှည့်ရမယ်လို့ ပြောခဲ့တာကို..”

“ကောကောတို့က ရှောင်ရှောင်းပြောသလို လုပ်တာကို..”

မည်သို့ပင်ဆိုစေကာမူ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ အမူအရာများအရ အလွန်ပျော်ရွှင်နေကြကြောင်း သိသာလေသည်။

ယင်ရှောင်ရှောင်း တစ်ဘက်သို့လှည့်ရင်းနှင့် ပြောသည်။

“ဟုတ်ပြီ.. ဟုတ်ပြီ.. ကောကောတို့ သွားအိပ်ကြတော့..”

“ဒီသစ်ကိုင်းတွေကို ဒီနေရာမှာပဲထားမှာ.. ထွက်ပြေးမှာလည်း မဟုတ်ဘူး.. အခု ကောကောတို့ အရင်ဆုံး သွားအိပ်ကြတော့.. နိုးလာမှ ဘာလုပ်ကြမလဲဆိုတာ ပြောမယ်နော်.. မြန်မြန် မြန်မြန်လေး အိပ်ကြတော့..”

ထိုသစ်ကိုင်းများနှင့် ယင်ရှောင်ရှောင်း ဘာလုပ်မည်ကို သိချင်ကြသော်ငြား ယင်ရှောင်ရှောင်း၏စိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်သဖြင့် ရွေးချယ်စရာမရှိတော့ဘဲ အိပ်ဖို့ရန် ပြင်ကြလေသည်။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ပြန်ရောက်လာချိန်တွင် သူတို့ဂူ၏ မြေကွက်လပ်နေရာတွင် သစ်ကိုင်းများပြည့်နေသည်ကို တွေ့လိုက်ရသည်။ အချိန်အနည်းငယ်မျှ ရှာဖွေပြီးသည့်နောက်တွင် ကလေးများမှာ သစ်ကိုင်းများ၏အလယ်တွင် အိပ်ပျော်နေကြသည်ကို တွေ့လိုက်လေသည်။ ယင်ရှောင်ရှောင်းမှာ မြွေ‌ပေါက်လေးများ၏ အလယ်တွင်ရှိနေပြီး အိပ်ဟန်ဆောင်နေခြင်းပင်။

မွန်းတည့်နေကို မခံစားနိုင်တာနဲ့ပဲ ညနေဆည်းဆာကို လက်လွှတ်ခံစရာလား..

ဟွားရှောင်ဟွား စတင်ပြသနာရှာတော့သည်။

“ဒါတွေက ဘာတွေလဲ.. ဟမ်.. ဘာတွေလဲလို့.. ဒီသစ်ကိုင်းတွေက ဘယ်ကနေဘယ်လို ရောက်လာကြတာလဲ..”

ဟွားရှောင်ဟွား၏ ရုတ်တရက်အော်ဟစ်သံကြောင့် မြွေ‌ပေါက်လေးများ နိုးလာကြပြီး ဟွားရှောင်ဟွားအား ရှုပ်ထွေးစွာ ကြည့်နေကြလေသည်။ ယင်ရှောင်ရှောင်း နှုတ်ခမ်းများ ကွေးသွားသည်။

“သားက ကောကောတို့ကို ကူပြီး သယ်လာခိုင်းတာ..”

ယင်ရှောင်ရှောင်း ခေါင်းမော့ကာ ကောင်းကင်သို့ကြည့်လိုက်သည်။ ထို့နောက်တွင် ခေါင်းပြန်ငုံ့ကာ မြေပြင်သို့ ကြည့်လိုက်ပြန်သည်။

“အဲလိုဆိုမှတော့ သားပြစရာရှိတယ်..”

ယင်ရှောင်ရှောင်း အကြီးဆုံးသစ်ကိုင်းဆီသို့ သွားကာ သစ်ကိုင်းတွင်ရှိသည့် အပေါက်ငယ်လေးများအား သေချာစွာကြည့်ကာ မြေပြင်ပေါ်ရှိ သစ်ကိုင်းလေးများနှင့် ထိုအပေါက်လေးများအား နှိုင်းယှဉ်လိုက်သည်။ အဆုံးတွင် အတော်လေး ပါးလှပ်သည့် သစ်ကိုင်းတစ်ခုအား ရွေးချယ်လိုက်သည်။ ယင်ရှောင်ရှောင်း ထိုသစ်ကိုင်းအား သစ်ကိုင်းကြီးပေါ်ရှိ အပေါက်တစ်ခုအတွင်း ထည့်ကာ လှည့်လိုက်သည်။ ထိုအပေါက်နှင့် သစ်ကိုင်းမှာ အနေတော်ပင် ဖြစ်သည်။ အောင်မြင်ဖို့ရန် ရာနှုန်းတစ်ဝက်ခန့်ပင် မရှိချေ။ နောက်တစ်ဆင့်မှာ အရေးအကြီးဆုံးပင်။

ထိုသို့ဖြင့် ဤနေရာတွင်ရှိသည့် မြွေများမှာ ယင်ရှောင်ရှောင်း၏ အခြားတစ်ဘက်အား ကံကောင်းစွာဖြင့် မြင်တွေ့လိုက်ကြလေသည်။ ယင်ရှောင်ရှောင်း လှည့်နေရင်း အစိမ်းရောင်မျက်လုံးများ၌ မုန်းတီးမှုတို့ ထင်ဟပ်လာပြီး သူ၏နှုတ်ခမ်းထောင့်တွင်လည်း မနှစ်မြို့ဖွယ်ရာ အပြုံးတစ်ခု ထင်ဟပ်လာသည်။ မြွေအုပ်စုမှာ တုံ့ဆိုင်းမနေဘဲ ကြောက်ရွံ့မှု‌ကြောင့် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ကြသည်။

“ရှောင်.. ရှောင်ရှောင်းရေ.. ဘာ.. ဘာလုပ်နေတာလဲဟင်..”

ဟွားရှောင်ဝူမှာ အတော်လေး ထိတ်လန့်နေဟန်ရှိသည်။ ဟွားရှောင်ဝူထံ၌ လက်များသာရှိမည်ဆိုလျှင် သူ၏ရင်ဘက်တွင် ထိုလက်များအားကပ်ကာဖြင့် ကာကွယ်ဟန်ပြုမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ (Wakanda forever pose)

ယင်ရှောင်ရှောင်း၏ စိတ်ထဲတွင် လျှပ်တပြက်ဆိုသလို အတွေးများစွာ ပေါ်လာသည်။ အဆုံးတွင် သူ၏ အကြည့်များမှာ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ထံ ရောက်သွားလေသည်။

“ပါပါး.. ဖေဖေ.. သားကို တစ်ခုလောက် လုပ်ပေးမလားဟင်..”

ယင်ရှောင်ရှောင်း၏ အပြုံးမှာ တစ်စုံတစ်ခုအား ကြံစည်နေပုံ အတိအကျပင်။

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ ယင်ရှောင်ရှောင်း၏ အစီအစဉ်အား သတိမထားမိဘဲ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အဆုံးတွင် ဦးစွာမေးလာသည်မှာ ယင်တပိုင်ပင်။

“ဘာများလဲ..”

ယင်ရှောင်ရှောင်းလှည့်ကာ သစ်ကိုင်းကြီး၏ အပေါက်ထဲသို့ တုတ်ချောင်းထိုးထည့်ထားသည့် နေရာအား ညွှန်ပြလိုက်သည်။

“ဖေဖေနဲ့ ပါပါးက ဒီသစ်ကိုင်းရဲ့ တစ်ဘက်စီမှာရပ်နေပြီး အမြီးတွေနဲ့ အဆက်မပြတ် ပွတ်တိုက်ပေးဖို့ပါ..”

“ပြီးရင်ကော..”

“ပြီးရင် အဲဒီအပေါက်ထဲကနေ မီးခိုးထွက်လာတဲ့အထိ စောင့်ရမှာ.. အာ.. ဟုတ်သားပဲ..”

ယင်ရှောင်ရှောင်း ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုအား မှတ်မိလာသည်။ ထို့နောက်တွင် မြေပေါ်မှ သဲပွင့်အချို့အား ယူကာ ထိုအပေါက်ထဲသို့ ထည့်လိုက်သည်။ ပွတ်အားပိုကောင်းလာမည်ဟု မျှော်လင့်မိသည်။ မြွေတစ်ကောင်အနေဖြင့် ထိုသို့ပြုနိုင်ခြင်းမှာ မဆိုးလှချေ။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ယင်ရှောင်ရှောင်း ပြောသည့်အတိုင်း သစ်ကိုင်းကြီး၏ တစ်ဖက်စွန်းစီသို့ သွားလိုက်ကြပြီး အပေါက်ထဲရှိ တုတ်ချောင်းအား အမြီးများဖြင့် ရစ်ပတ်လိုက်ကြသည်။ သူ၏ ပါပါးနှင့် ဖေဖေမှာ ရှက်သွေးဖြန်းနေပုံရသည်။

“စ ပွတ်လို့ရပြီ..”

ယင်ရှောင်ရှောင်းမှာ အပြစ်ကင်းစင်သည့် မျက်လုံးကြီးများဖြင့် ကြည့်နေလေသည်။

ပွတ်တိုက်ခြင်း စတင်လေပြီ။

ယင်ရှောင်ရှောင်း၏ မျက်လုံးများ လည်နေသည်။ သူမျှော်လင့်ထားသလိုပင် ဤမြွေများမှာ သာမန်တွေ့မြင်နေကျ မြွေများ မဟုတ်ချေ။ သူတို့၏ ပွတ်တိုက်နှုန်းမှာ မြန်ဆန်လှသည်။ ပါပါးနှင့် ဖေဖေတို့၏ အမြီးများကိုပင် ရှင်းရှင်းလင်းလင်း မခွဲနိုင်တော့ဘဲ အရောင်များကိုသာလျှင် မြင်ရလေသည်။

နှစ်မိနစ် သုံးမိနစ်ခန့် အတွင်းမှာပင် အပေါက်ထဲမှ မီးခိုးများထွက်လာသည်ကို ယင်ရှောင်ရှောင်း မြင်လိုက်လေသည်။ နည်းနည်းပိုကြာအောင် ပွတ်တိုက်မည်ဆိုလျှင် ပိုကောင်းမည်ဟု ယင်ရှောင်ရှောင်း တွေးမိသည်။ ဟွားရှောင်ဟွား၏ အော်ဟစ်သံနှင့်အတူ ကြောက်လန့်တကြား ပြေးထွက်သွားသည်ကို ကြားလိုက်ရသည်။ ယင်ရှောင်ရှောင်း သေသေချာချာ ကြည့်လိုက်သည့်အခါ ယင်တပိုင်မှာလည်း အကွာအဝေးတစ်ခု ရောက်သည့်တိုင် ခုန်ထွက်သွားသည်ကို မြင်လိုက်လေသည်။ သစ်ချောင်းပေါ်ရှိ အပေါက်အား ကြည့်လိုက်သည့်အခါ မီးစွဲနေလေပြီ။

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့၏ မျက်နှာများတွင် ထိတ်လန့်မှုတို့ အထင်းသာပင် ဖြစ်သည်။ အခြား မြွေပေါက်လေးများမှာလည်း ကြောက်ရွံ့လျက်ရှိကြလေသည်။ ယင်ရှောင်ရှောင်း စိတ်ရှုပ်ထွေးသွားသည်။

သူတို့က မီး ကြောက်ကြတာလား.. ဒါပေမဲ့လည်း နေပူဆာလှုံတာကိုကျ ကြိုက်ကြပြီးတော့..

ဘာလို့များ မီး ကြောက်ကြတာလဲနော်..

အာ.. ယင်ရှောင်ရှောင်း အရူးလေး.. မြွေဆိုတာက တောရိုင်းတိရိစ္ဆာန်လေ.. ဘာလို့များ မီး မကြောက်ရမှာတုန်း.. သူတို့ကို အနွေးဓာတ်ပေးလို့သာ နေပူဆာလှုံရတာကို ကြိုက်ကြတာ.. အဲဒါက တစ်ကိုယ်လုံး လောင်ကျွမ်းပြီး သေသွားတာနဲ့ ဘယ်တူမှာလဲ.. မီးကကျ မတူတော့ဘူးလေ.. အဲဒါက သက်ရှိလည်းမဟုတ်ဘူး.. မီးကို ကောင်းကောင်း သုံးနိုင်တဲ့ လူကလွဲပြီး ဘယ်သူက မကြောက်ကြလို့လဲ..