Chapter 31
“အဲဒါက ကြောက်ဖို့ကောင်းလို့လား..”
ယင်ရှောင်ရှောင်း တာဝန်အရ မေးလိုက်သည်။
ဘေးဆိုးတစ်ခုခုကို ဖန်တီးမိလိုက်တာတော့ မဟုတ်လောက်ပါဘူးနော်..
ထိုအချိန်တွင် အိမ်ထောင်ဦးစီးဖြစ်ပြီး သူ၏လုပ်ဆောင်နိုင်စွမ်းကို ပြသသည့်အနေဖြင့် ယင်တပိုင်မှာ သူ၏ ကြောက်လန့်နေမှုအား ဦးဆုံး တည်ငြိမ်စေလိုက်သည်။ အရှေ့သို့ပင် အနည်းငယ် တိုးလိုက်သေးသည်။ လောလောလတ်လတ် သူထွက်ပြေးလာခဲ့သည့် နေရာအား ခေါင်းမော့ကာကြည့်လိုက်သည်။ ခေတ္တတုံ့ဆိုင်းနေပြီးနောက် မေးလေသည်။
“အဲဒါ မီး လား..”
ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်ပြီး သစ်တုံးဆီသို့ သွားလိုက်သည်။ သို့သော်လည်း ဟွားရှောင်ဟွား၏ တုန်ယင်နေဆဲ ခန္ဓာကိုယ်မှာ သူ့အား တားဆီးလာသည်။
“မရဘူး.. မသွားရဘူး..”
ဟွားရှောင်ဟွား အသံမှာ တုန်ယင်နေသည်။
“မီးက အန္တရာယ်ရှိတယ်.. မီးနားကို မသွားရဘူးဆိုတာ မသိဘူးလား ရှောင်ရှောင်း..”
“ပါပါးနဲ့ ဖေဖေ့ကို မီးညှိခိုင်းတာ သားလေ.. ပါပါးမေ့သွားတာလား..”
ယင်ရှောင်ရှောင်း ထိုသို့ပြောရင်း ဟွားရှောင်ဟွား၏ ခန္ဓာကိုယ်နောက်မှ ခေါင်းပြူကြည့်လိုက်သည်။
“အဲတော့ သားက သေချာပေါက် ပါပါးတို့လုပ်ထားတဲ့ မီးကို မကြောက်ဘူးပေါ့..”
ထိုအခါ ဟွားရှောင်ဟွားထံ၌ စိတ်ကူးတစ်ခုပေါ်လာသည်။ ယင်ရှောင်ရှောင်းမှာ ထိုမီးအား ညှိခိုင်းခြင်းပင်။ သို့သော်ငြား ထိုသို့ပြုလုပ်ရန် ရှောင်ရှောင်း မည်သို့သိသနည်း။ ဟွားရှောင်ဟွားမှာ ယင်တပိုင်အား သတိလက်လွတ် ကြည့်လိုက်ပြီး ယင်တပိုင်မှာလည်း သူ့အားကြည့်နေသည်ကို တွေ့လိုက်လေသည်။ သူ၏အကြည့်ထဲတွင် မီးအားကြောက်လန့်နေခြင်းအပြင် သူ၏သားအား ယုံကြည်မှုလည်း ရှိနေသည်။
ဟွားရှောင်ဟွား တိတ်တဆိတ်ပင် ဘေးသို့ဖယ်လိုက်ပြီး သစ်တုံးထံ ချဉ်းကပ်သွားသည့် ယင်ရှောင်ရှောင်းအား ကြည့်နေသည်။ ယင်ရှောင်ရှောင်းအား သူ၏ခေါင်းထက်တွင် မီးဖိုမည်ဆိုလျှင်ပင် တိတ်တဆိတ် ခွင့်ပြုထားလေသည်။
သစ်တုံး၌ မီးစွဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သေးငယ်သည့် မီးတောက်ပင် ဖြစ်သော်ငြား သစ်ကိုင်းခြောက်များအား တစ်ခုပြီးတစ်ခု မီးညှိကာ မီးဖိုလိုက်သည်။ ထိုသို့ဖြင့် ဤတောင်တန်း၏ သက်တမ်းတစ်လျှောက် နှစ်သန်းပေါင်းများစွာအတွင်း သက်ရှိတစ်ကောင်မှ စတင်ကာ မီးဖိုလိုက်လေသည်။
တဖြည်းဖြည်းနှင့် အမှောင်ထု ချဉ်းနင်းဝင်ရောက်လာသည်။ ယင်ရှောင်ရှောင်းတို့ မိသားစု နေထိုင်ရာ နေရာတွင်သာ အလင်းရောင်ရှိနေခြင်းဖြစ်ပြီး မြေပြင်တွင် မြွေအရိပ်များ ထင်ဟပ်နေလေသည်။
“အရမ်းလှတာပဲ..”
မြွေပေါက်ကလေးများ အားလုံးတို့တွင် ကြောက်လန့်နေခြင်းမှ ပထမဆုံး ပြန်လည်သတိဝင်လာသူမှာ မမျှော်လင့်ထားစွာပင် ဟွားရှောင်ဝူ ဖြစ်နေလေသည်။ ဟွားရှောင်ဝူမှာ မီးဖိုနားသို့ တဖြည်းဖြည်း တိုးလာပြီး ယင်ရှောင်ရှောင်းအနီး ရပ်နေလေသည်။ ယင်ရှောင်ရှောင်းမှာ ခေတ္တမျှ ကြောင်အသွားမိသော်လည်း ဟွားရှောင်ဝူ၏ အမူအကျင့်အရ ယင်ရှောင်ရှောင်းနံဘေး၌ ပထမဆုံး လာရပ်မည်မှာ သေချာပေါက်ပင်။
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့လည်း တစ်ကောင်နှင့် တစ်ကောင် ကြည့်လိုက်ကြပြီး မီးပုံအနီးသို့ တဖြည်းဖြည်း တိုးသွားကြလေသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ရှင်သန်လာသည်မှာ အနှစ် ၄၀၊ ၅၀ ခန့် ရှိပြီဖြစ်သော်ငြား ညအချိန်တွင်လည်း ယခုလို နွေးနွေးထွေးထွေး နေနိုင်သည်ကို ပထမဆုံးအကြိမ် သိရှိလာခြင်းပင်။ တဖြည်းဖြည်းနှင့် ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ယင်ရှောင်ယိတို့လည်း တိုးကပ်လာကြသည်။
ယခုအခါတွင် မီးပုံမှာ မြွေများ၏ ဝန်းရံခြင်းအား ခံထားရလေသည်။ ယင်ရှောင်စစ်မှာမူ တကယ်တမ်းတွင် ဟွားရှောင်ဝူ အသိပြန်ဝင်လာပြီးနောက် ချက်ချင်းပင် နိုးထလာခြင်းဖြစ်သည်။ သို့သော်လည်း ယင်ရှောင်စစ် ပထမဆုံးလုပ်သည့်အရာမှာ အမှောင်ထဲရှိ ထောင့်တစ်ခုသို့သွားကာဖြင့် မြေပြင်အား ခေါင်းနှင့်ဆောင့်နေခြင်းပင်။
“ရှောင်ရှောင်းက ငါ့ထက်ပို တော်နေတာ.. ရှောင်ရှောင်းလေးက ငါ့ထက်ကို ပိုတော်နေတာလို့..”
ထိုမြွေပေါက်လေးမှာ ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအား ခံစားနေရခြင်းပင်။
“ရှောင်ရှောင်းက ဘာလို့ မီးကိုလိုချင်ရတာလဲ..”
ဤတောင်တန်းရှိ သတ္တဝါများထဲတွင် မီးအား မကြောက်ရွံ့သူ မရှိသဖြင့် ယင်တပိုင် အထင်ကြီးနေမိခြင်းပင်။ သူတို့ကဲ့သို့သော သဘာဝလွန် မြွေများသည်ပင်လျင် မီး ကြောက်ကြသည်။ ရှောင်ရှောင်းမှာ မည်သည်ကြောင့် ထိုသို့ မဖြစ်ရသနည်း။
“ဘာလို့ဆို သား ဥအစိမ်းတွေချည်း စားနေရတာ ငြီးငွေ့လာလို့.. အဲဒါကြောင့် ချက်စားကြည့်မလို့လေ.. ဒါဆို ဥအစိမ်းတွေချည်း စားစရာ မလိုတော့ဘူး..”
ယင်ရှောင်ရှောင်း မရပ်မနား ပြောလေသည်။ ယင်းမှာ သူအချိန်အတော်ကြာ စဉ်းစားပြီးနောက် ရရှိလာသည့် လက်သင့်ခံနိုင်ဖွယ်ရာ အကြောင်းပြချက်ကောင်း ဖြစ်လေသည့်အပြင် အမှန်တရားလည်း ဖြစ်သည်။
ယင်တပိုင် : “…”
ဟွားရှောင်ဟွား : “…”
မြွေပေါက်လေးများ : “…”
ယင်ရှောင်ရှောင်း နှစ်ကြိမ်မျှ ခပ်နောက်နောက်ဟန်ဖြင့် ရယ်မောလိုက်ပြီး ယင်တပိုင် ရှာဖွေလာခဲ့သည့် ငှက်ဥများအား ကြည့်လိုက်သည်။ မီးပုံထဲ ထည့်လိုက်ရမလား။ မလုပ်နိုင်ချေ။ ယင်ရှောင်ရှောင်း ရုတ်တရက်ဆိုသလိုပင် ငှက်ဥများအား မီးပုံထဲသို့ တိုက်ရိုက်ထည့်ကာ ချက်ပြုတ်နိုင်ခြင်း ရှိ မရှိအား မသိသေးကြောင်း နားလည်သွားလေသည်။
ယင်ရှောင်ရှောင်းမှာ အသိစိတ်ပင် လွတ်မတတ် ဖြစ်နေလေသည်။ သူ့အနေဖြင့် ချက်ပြုတ်ပြီးသား ဥများကိုသာ စားချင်မိခြင်းသာ ဖြစ်သည်။ မည်သည်ကြောင့်များ သည်လောက် ခက်ခဲနေရသနည်း။
ဘုရားသခင်က ငါ့ကို ကောင်းကောင်းစားခွင့်မပြုဘူး.. အားးးးးးးး °՞(ᗒᗣᗕ;)՞°
ယင်ရှောင်ရှောင်း၏ မျက်နှာပေါ်ရှိ စိတ်ဓာတ်ကျမှုနှင့် ခါးသီးမှုတို့အား မြင်ရသည်ကြောင့် ဟွားရှောင်ဟွား မနေနိုင်တော့ချေ။
“ဘာဖြစ်လို့လဲ ရှောင်ရှောင်း.. သားပဲ ဥတွေကို ချက်စားချင်တာ မဟုတ်ဘူးလား..”
ဟွားရှောင်ဟွား စကားများ၏ အဓိပ္ပါယ်မှာ ဤသို့ဖြစ်သည်။
‘ရှောင်ရှောင်းရေ.. မြန်မြန်လေး ပစ်ထည့်လိုက်.. မြန်မြန်လေး ပစ်ထည့်လိုက်..’
“ဟား.. ဟားဟား.. အဲဒီဥတွေကို မီးထဲ တိုက်ရိုက်ထည့်လို့မရဘူးလို့ သားထင်တယ်..”
ယင်ရှောင်ရှောင်း မျက်နှာမှာ မည်းမှောင်လို့နေသည်။
“နည်းနည်းလောက် ပြန်စဉ်းစားကြည့်ဦးမယ်.. မီးရှိနေပြီ ဆိုမှတော့ ဥတွေကို ချက်ပြုတ်မစားနိုင်စရာ အကြောင်းမရှိဘူးရယ်..”
ထို့နောက်တွင် ယင်ရှောင်ရှောင်း ချောင်ထဲသို့သွားကာ ငှက်ဥများစားရင်း နည်းလမ်းစဉ်းစားလို့နေသည်။
မြွေများမှာလည်း တစ်ကောင်နှင့်တစ်ကောင် တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်ကြပြီးနောက် ရယ်မောကြလေသည်။
အဲတော့ကော ဘာဖြစ်သေးတုန်း.. ရှောင်ရှောင်းရဲ့ ဥတွေကို မချက်နိုင်ပေမဲ့လည်း အခု အတော်လေး နွေးနေတယ်လေ..
ဒါက ဆိုးရွားတဲ့အရာမှ မဟုတ်ဘဲ..
ဖြစ်ပျက်ခဲ့သမျှအား ပြန်လည်ကာ တွေးတောကြည့်မည်ဆိုပါက ယင်ရှောင်စစ်အပါအဝင် တစ်မိသားစုလုံးမှာ အရူးများသာလျှင် ဖြစ်လေသည်။
အိပ်ချိန်သို့ရောက်လာသည့်ခါ အားလုံးမှာ မီးပုံနံဘေး၌သာ အိပ်ချင်ကြသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ တစ်ကောင်ချင်းစီ ဂူထဲသို့ မောင်းထုတ်လေသည်။
‘လာနောက်နေတာလား.. အဲဒီမီးက တစ်ညလုံး လောင်နေမယ်လို့ ထင်နေတာလား.. ပြီးတော့ မင်းတို့က တစ်ညလုံး မလှုပ်တော့ဘူးတဲ့လား.. ဟိုလှည့်သည်လှည့်လုပ်နေရင်း အမြီးကို မီးလောင်သွားမှာ မကြောက်ဘူးလား..’
မြွေတစ်အုပ်အား ဂူထဲသို့ မောင်းထုတ်ပြီးနောက် ယင်ရှောင်ရှောင်း မီးမငြှိမ်းလိုက်ဘဲ ပို၍ ပို၍ တောက်လောင်စေသည်။ မီးပုံအား ကျောက်တုံးများကြား ပြုလုပ်ထားခြင်းဖြစ်ပြီး ထင်းများကုန်သွားသည်နှင့် သူ့သဘာဝအတိုင်း သေသွားမည်ပင်။
နောက်တစ်နေ့နံနက်သို့ ရောက်သည့်အခါ မြွေမိသားစုမှာ အိပ်ရာထနောက်ကျကြလေသည်။
ယင်းမှာ ပုံမှန်ဟုပင် ဆိုရပေမည်။ ယခင်ကဆိုလျှင် အဆိုပါမြွေများမှာ ညမှောင်လာသည်နှင့် အိပ်ရာဝင်ကြပြီး နံနက် အရုဏ်တက်ချိန်တွင် အလိုလို နိုးလာကြလေသည်။ သို့သော်လည်း ယမန်နေ့ ညနေခင်းတွင် မိသားစုလိုက် မီးပုံနံဘေးထိုင်ကာ ပျော်ရွှင်ဖွယ်အချိန်အား ကုန်ဆုံးခဲ့ခြင်းကြောင့် အိပ်ရာဝင် နောက်ကျခဲ့သည်။ ထို့ကြောင့် နောက်ကျမှ နိုးလာခြင်းမှာ သဘာဝပင်ဖြစ်သည်။
‘ဘာလား.. ဒီကမ္ဘာကြီးထဲ ညဇီးကွက်ဘဝကို စတင်လိုက်မိတာလား..’
ယင်ရှောင်ရှောင်း တွေးလိုက်မိသည်။
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ကတိုက်ကရိုက်နိုင်စွာဖြင့် ငှက်ဥရှာဖွေရန် အလျင်စလို ထွက်သွားလေသည်။
ယင်ရှောင်ရှောင်း အပြင်ဘက်ရှိ ရာသီဥတုအား ကြည့်လိုက်သည်။ ယခုအချိန်မှာ နေအတော်မြင့်နေပြီပင်။ ထို့ကြောင့် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဝူ၏ လန်ယိယိတို့ဆီမှာ သွားကစားကြမည် ဟူသည့် အဆိုအား ငြင်းပယ်လိုက်လေသည်။ ထိုသို့ပြင် မြွေကလေးများမှာ ဂူထဲ၌သာ ခပ်ဆွေးဆွေး ရှိနေကြလေသည်။
“ရှောင်ရှောင်းရေ.. ဒီနေ့လည်း မီးဖိုမှာမလားဟင်..”
ဟွားရှောင်ဝူ၏ မျက်နှာတွင် မျှော်လင့်ချက် အပြည့်နှင့်ပင်။ မီးဖိုပြီးသည့်အချိန်တွင် အလွန်နွေးထွေးလှသည်။ ထို့အပြင် ညအချိန်၌ စိုးရိမ်ပူပန်နေရန်လည်း မလိုအပ်တော့ချေ။
ယင်ရှောင်ရှောင်းမှာ ဝမ်းလျားမှောက်ကာဖြင့် ဟွားရှောင်ဝူအား မျက်နှာမူနေခြင်းဖြစ်ပြီး ထိုသို့ပြောလာသည့်ခါ ခေါင်းလှည့်လိုက်သည်။
“မလုပ်ဘူး..”
ရှောင်ရှောင်း၏ ငြင်းပယ်မှုအား ကြားလိုက်သည့်အခါ ဟွားရှောင်ဝူ မျက်မှောင်ကြုတ်သွားသည်။
“ဘာလို့လဲ..”
ယင်ရှောင်ရှောင်း သူ့အား လျစ်လျူရှုလိုက်သည်။
မီးဖိုပြီးတာတောင် ငါလေးက ဥတွေကို ချက်စားလို့မရဘူးလေ.. အဲတော့ ဘာလို့ ထပ်လုပ်ရမှာတုန်း..
အဝေးကြီးသွားပြီး သစ်ကိုင်းတွေ စုရဦးမယ်.. ပြီးတော့ မီးလည်း မဖိုချင်ပါဘူး..
မြွေဖြစ်ရတာ အရမ်းကို ပင်ပန်းနေပြီနော်..
ယင်ရှောင်ရှောင်း၏ ငြင်းပယ်မှုတို့မှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ပြန်ရောက်လာသည့်အခါ ပြိုပျက်သွားရလေသည်။
ယင်တပိုင်မှာ ငှက်ဥများအား ပြန်သယ်လာသည်။ သို့သော်ငြား ဟွားရှောင်ဟွားမှာမူ သစ်ကိုင်းခက် တစ်ခုအား ဆွဲလာလေသည်။ ဟွားရှောင်ဟွားမှာ မီးဖိုခြင်းမှာ အလွန်ပျော်ရွှင်စရာကောင်းကြောင်း သိရှိလိုက်ရသဖြင့် နောက်ထပ် တစ်ညထပ်ကာ မီးဖိုချင်နေခြင်းပင်။
ယင်ရှောင်ရှောင်းမှာ ‘ပါပါးယူလာတဲ့ သစ်ကိုင်းတွေက ပွတ်တိုက်ဖို့အတွက် မလုံလောက်ဘူး’ ဟု ဆိုကာ ဟွားရှောင်ဟွား၏ မျှော်လင့်ချက်များအား ငြင်းဆိုရန်ဖြစ်သည်။ သို့သော်လည်း ဟွားရှောင်ဟွားမှာ လွန်စွာဂုဏ်ယူနေဟန်ဖြင့် သစ်ကိုင်းတစ်ခက်အား ဆွဲယူလာခြင်းဖြစ်ကာ ထိုသစ်ကိုင်းရှိ သစ်ငုတ်များတွင် လွန်စွာသေးငယ်သည့် အပေါက်လေးများ ရှိနေသည်ကြောင့် ယင်ရှောင်ရှောင်းမှာ မလိုလားခြင်း အပြည့်နှင့်ပင် လက်ရှိအား လက်ခံလိုက်ရသည်။
မျက်လုံးများမှာ စူးရှလေသည်။ ယင်တပိုင်မှာ သစ်ကိုင်းအား သေသေချာချာ လေ့လာပြီးနောက်တွင်မှ ဟွားရှောင်ဟွားအား ပေးလာခြင်းပင်။
ဤသို့ဖြင့် ထိုညနေခင်းတွင်လည်း ယင်ရှောင်ရှောင်းတို့ မိသားစုမှာ မီးပုံဖိုလိုက်ကြပြီး ယင်တပိုင်နှင့် ဟွားရှောင်ဟွားမှာလည်း အိပ်ရာထ နောက်ကျကြလေသည်။
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သာ နောက်ကျမှ နိုးရခြင်းမှာ ယမန်နေ့ ညနေခင်း တစ်မိသားစုလုံး စိတ်လှုပ်ရှားစွာဖြင့် မီးလှုံနေကြချိန်တွင် ယင်ရှောင်ရှောင်းမှာ ဂူထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလေသည်။ ထို့ကြောင့် နောက်တစ်နေ့နံနက်တွင် ပုံမှန်အတိုင်းနိုးလာပြီး မုန့်ကြိုးလိမ်ထုံး၏ အလယ်ဗဟိုတွင်ရှိနေသည့် ယင်ရှောင်ရှောင်း လွတ်မြောက်ရန် ရုန်းကန်လာသည့်အခါ မြွေပေါက်လေးများပါ နိုးလာကြခြင်းဖြစ်သည်။
မြွေပေါက်လေးများမှာ မရပ်မနား သန်းဝေလျက်ရှိကြပြီး လန်ယိယိတို့ထံသို့ သွားရောက်လည်ပတ်ရန် ထွက်ခွာသွားကြသည်။ ယင်ရှောင်ရှောင်းမှာ ယမန်နေ့က ငြင်းပယ်ခဲ့ပြီး ဖြစ်ခြင်းကြောင့် ယနေ့တွင် မတားတော့ဘဲ လန်ယိယိတို့နှင့် ကစားရန်လိုက်ပါသွားသည်။
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့အား အကြောင်းကြားရန်မလိုပေ။ ယင်ရှောင်ရှောင်းမှာ တစ်ကောင်တည်း သွားခြင်းမဟုတ်ချေ။
လန်ယိယိတို့နှင့် တွေ့ဆုံပြီးနောက်တွင် မြွေကလေးများမှာ မြစ်ကမ်းနံဘေးသို့ ပြေးသွားကြလေသည်။ သူတို့မှာ ထိုသို့ အကြိမ်ပေါင်းများစွာတိုင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
စိတ်ဓာတ်ကျနေသည့် ယင်ရှောင်ရှောင်းမှာ တလက်လက်တောက်ပနေသည့် ရေပြင်အားကြည့်ကာ အမြီးဖြင့် တဖြန်းဖြန်း ရိုက်နေလေသည်။
လူသားများနှင့် ဝေးရာတွင်ရှိသောကြောင့် ရေမှာကြည်လင်လို့နေသည်။ မြစ်ကြမ်းပြင်ရှိ ကျောက်စရစ်ခဲများမှာလည်း နှစ်ပေါင်းများစွာ တိုက်စားခံထားရခြင်းကြောင့် လုံးဝန်းချောမွတ်ကာ လှပလို့နေသည်။ ထိုကျောက်စရစ်ခဲများကားတွင် အစိမ်းရောင် ရေနေအပင်များ ပေါက်ရောက်လို့နေပြီး ရေစီးကြောင်းဒဏ်ကြောင့် အနည်းငယ် ကွေးညွတ်လို့နေသည်။ ကြာပင်များပင်လျှင် ရွံ့ထဲ၌ အပြစ်အနာအဆာမရှိ ကြီးထွားသန်မာလို့နေသည်။ သို့သော်လည်း ဤချောင်းထဲရှိ ရေနေအပင်များကို ကြာပင်များနှင့် ယှဉ်ကြည့်မည်ဆိုပါက...
ခဏလေ.. ဘာ.. ရွံ့ထဲမှာ ကြီးထွားနေတာ.. ဒါဆိုရင်.. နုန်း.. ရွှံ့စေး..
ယင်ရှောင်ရှောင်း စမ်းချောင်းဆီမှ ပြေးလာသည်။ ယင်ရှောင်စစ်မှာ ကြောင်လျက်နေလေသည်။ ထို့နောက်တွင် ဆော့ကစားလျက်ရှိသည့် မြွေပေါက်လေးများမှာလည်း ကြောင်အသွားကြလေသည်။ ယင်ရှောင်ရှောင်း လန်ယိယိထံသို့ အမောတကြီး ပြေးလာသည်။
“လန်ယိယိရေ.. မင်းတို့အိမ် ဘယ်နားလောက်မှာ ရွံ့ရှိလဲ.. ငါပြောတာ အတော်လေး စေးတဲ့ရွံ့..”
“.. ဒီ ရေစုန်မှာရှိသလားလို့..”
“တကယ်လား.. တကယ်လား.. အဲဒါဆို သွားကြမယ်..”
ယင်ရှောင်ရှောင်းမှာ လုံးဝ စိတ်လှုပ်ရှားလို့နေသည်။
“မေးစရာရှိတယ်..”
အနောက်နားဆီမှ ပြတ်သားသည့်အသံ ထွက်ပေါ်လာသည်။ ယင်ရှောင်ရှောင်း လှည့်ကြည့်လိုက်သည့်အခါ ယင်ရှောင်စစ်၏ မှောင်မည်းနေသည့် မျက်နှာအား တွေ့လိုက်ရသသည်။ ‘ဘာလို့လဲ’ ဟု မေးချင်သော်ငြား ယင်ရှောင်စစ် ငြင်းပယ်ရသည့်အကြောင်းအား အမှတ်ရမိလိုက်သည့်အတွက် ပြန်မြိုချလိုက်ရသည်။ ဟေးအာပန်၏ မိသားစုမှာ ရေစုန်၌နေလေသည်။
ထိုမသိနိုင်သည့် အတွင်းသတင်းများကြောင့် လန်ယိယိ ဆက်ပြောသည်။
“ဒီနေရာကနေ သိပ်မဝေးဘူး.. ငါးမိနစ် ခြောက်မိနစ်လောက်ပဲ သွားရမှာ.. အဲဒီနားမှာ ရေတိမ်တဲ့ မြစ်ဆုံရှိတယ်.. ရေစီးနှေးတယ်.. ပြီးတော့ ယင်ရှောင်ရှောင်းပြောတဲ့ ရွံ့မျိုးလည်းရှိတယ်..”
ငါးမိနစ် ခြောက်မိနစ်မျှသာဆိုလျှင် ဟေးအာပန်၏အိမ်သို့ရောက်ရန် မဖြစ်နိုင်တော့ချေ။ ဟေးအာပန်၏အိမ်မှာ ထို့ထက်ပိုဝေးလေသည်။ ယင်ရှောင်ရှောင်းမှာ တလက်လက်တောက်ပကာ မျှော်လင့်စောင့်စားနေသည့် မျက်လုံးများဖြင့် ယင်ရှောင်စစ်အား ကြည့်လေသည်။ ယင်ရှောင်စစ် နှစ်မိနစ်မျှ တိတ်ဆိတ်ပြီးနောက် သဘောတူလိုက်ရသည်။
ယင်ရှောင်စစ် သဘောတူသည်နှင့် ယင်ရှောင်ရှောင်းတို့ မိသားစုမှ မြွေပေါက်လေးများအားလုံး သဘောတူပြီးဖြစ်သည်။ လန်ယိယိသဘောတူသည်နှင့် လန်ယိယိတို့ မိသားစုမှ မြွေပေါက်လေးများအားလုံး လိုက်ပါမည်ဖြစ်သည်။ ထိုသို့ဖြင့် မြွေတစ်အုပ်မှာ ဆူညံကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရေစုန်ဆီသို့ သွားကြလေတော့သည်။