အပိုင်း ၁၃၉
Viewers 13k

Chapter 139



မုန့်ရှစ်ရွှမ်ရော ဘာလုပ်နေခဲ့သနည်း။ 


လွန်ခဲ့သော ရက်အနည်းတုန်းက မုန့်ရှစ်ရွှမ်သည်လည်း နိုင်ငံလုံးဆိုင်ရာ အကြိုနောက်ဆုံးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သော်လည်း သူမ နှင့် ကျုံးယို့ယို့သည် မတူညီသော နေရာတွင် ဖြစ်ပြီး အပြန်အလှန်တွေ့ဆုံရခြင်းမျိုးလည်း မရှိသေးပေ ။ 


ထို့နောက် ကျုံးယို့ယို့သည်လည်း သူမနှင့် ပက်သက်၍ သေချာမေးမြန်းရခြင်းမျိုးမရှိသေးပေ ။ ထို့ကြောင့် မုန့်ရှစ်ရွှမ်ဘာတွေဖြစ်နေလည်း ဆိုသည်ကို သူမဘာမှမသိချေ ။


 သူမ တစ်နိုင်ငံလုံးတွင် ထိပ်ဆုံးအယောက် နှစ်ဆယ်သို့ မဝင်မီ ကစားသမားတစ်ယောက်နှင့် အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး လှေကားမှ တစ်ဆင့် စိတ်မရှည်သောကစားသမားထံမှ တွန်းချခံလိုက်ရသည် ။


ကင်မရာသမားသည် ထိုနေရာတွင် ရှိနေခဲ့ပြီး အားလုံးကို ရိုက်ကူးမှတ်တမ်းတင်ထားခဲ့သည် ။ တစ်ဖက်ကစားသမားသည် အဆင်ပြေသော်လည်း မုန့်ရှစ်ရွှမ်သည် သူမ၏ ညာဘက်ခြေချင်းဝတ် အဆစ်လွဲသွားပြီး သည်းမခံနိုင်သော နာကျင်မှုကြောင့် ပြိုင်ပွဲအားဆက်လက်မယှဥ်ပြိုင်နိုင်တော့ဘဲ ဆေးရုံသို့ ပို့လိုက်ရသည် ။


  ထိုကိစ္စပြီးနောက်တွင် တစ်ဖက်ကစားသမားသည်လည်း ပြိုင်ပွဲမှ ဖယ်ရှားခံလိုက်ရသည် ။ကစားသမားသည် ထိတ်လန့်သွားပြီး သူ အမှုဆင်ခံရတာသာဖြစ်ကြောင်း ပြောခဲ့သည် ။ သို့သော် မည်သူမှ သူမ၏ စကားကို နားမထောင်ခဲ့ပေ ။


ဤ​ပြဿနာသည် လွန်ခဲ့သော ရက်အနည်းငယ်က ပြိုင်ပွဲအတွင်း၌ အနည်းငယ် အုံကြွသွားစေခဲ့သည် ။ အကယ်၍ ကျုံးယို့ယို့သာ ပတ်ဝန်းကျင်ရှိ ပြောစကားများဆို အနည်းငယ်အာရုံစိုက်ခဲ့လျှင် သူမသေချာပေါက် သိပေလိမ့်မည် ။


  မုန့်ရှစ်ရွှမ် ကံမကောင်းဘူးဟု အားလုံးက ပြောကြသည် ။ သူမသည် နောက်ဆုံးတွင် အကြိုနောက်ဆုံးအဆင့်ထိ တက်လှမ်းသွားနိုင်ခဲ့သည် ။ ပထမဆုံးစည်းဝိုင်းယှဥ်ပြိုင်ပွဲတွင် လုပ်ဆောင်ချက်များသည် အလွန်ကောင်းမွန်ပြီး သူမသည် နိုင်ငံတွင်း ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲသို့ပင် ဝင်နိုင်သည် ။ ထိုကဲ့သို့ အပြောင်းအလဲအဆင့်တွင် သူမလှေကားမှ တွန်းချခံလိုက်ရသည် ။လူအများသည် သူမအား စာနာမိကြသည် ။


မည်သို့ပင်ဖြစ်စေ တကယ်တမ်းတွင် ဆေးရုံတွင် လှဲ၍ အင်တာဗျူးဖြေနေရသော မုန့်ရှစ်ရွှမ်သည် ကံမကောင်းသည်ဟု မခံစားရပေ ။


သတင်းသမားများ ထွက်သွားပြီးသောအခါတွင် သူမ၏ နှုတ်ခမ်းကိုပင် ကွေးညွှတ်လိုက်သေးသည် ။


  ပြိုင်ပွဲ၏ ပထမအချီတွင် သူမ၏ လမ်းကြောင်းကို ဖောက်ထွက်နိုင်ခဲ့ရုံသာရှိပြီး ဒုတိယအချီကို သူမနိုင်ချင်လျှင် ထိုအရာသည် အလွန်ခက်ခဲလိမ့်မည်ကို သူမ သိသည် ။သူမ၏ အဆင့်နှင့်ဆိုလျှင် ထိုနေရာအထိရောက်ဖို့သည် အလွန်ခက်ခဲလိမ့်မည်ဖြစ်ပြီး ထိုအရာအား မပြောလျှင်တောင် သူမ နောက်ဆုံးအဆင့်ထိ ဝင်နိုင်ဖို့ပင် မသေချာပေ ။


သူမသာ ယှဥ်ပြိုင်ပွဲတွင် ဆက်၍ ယှဥ်ပြိုင်နေမည်ဆိုလျှင် သူမသည် သေချာပေါက် ကျရှုံးခြင်းနှင့် သာအဆုံးသတ်ရပြီး အခြားအရှုံးသမားများ ကဲ့သို့ပင် မည်သူ၏ အာရုံစိုက်မှုမှ မခံရဘဲ ထွက်သွားရလိမ့်မည် ။


 သို့သော် ယခုတွင် အခြေအနေသည် ကွာခြားသွားပြီဖြစ်သည် ။


သူမ နောက်ဆုံးအဆင့်ထိ လုံးဝဝင်ရောက်နိုင်မည် မဟုတ်သည်ကို သူမသိသည် ။ထို့ကြောင့် သူမသည် ရည်ရွယ်ချက်ရှိရှိ ဆူညံမှုအကြီးကြီးအား ဖန်တီးခဲ့ခြင်းဖြစ်သည် ။ စင်ပေါ်သို့ မသွားခင်တွင် သူမသည် မိန်းကလေးတစ်ယောက် နှင့် အငြင်းပွားခဲ့ပြီး ထိုမိန်းကလေးထံမှ တွန်းချခံခဲ့ရသည် ။


အရာအားလုံးသည် ဘုရားသခင်၏ အကူအညီပေးမှုပင် ဖြစ်သည် ။ ထိုကိစ္စတွင် သူမ၏ အနားယူလိုက်ခြင်းသည် သေချာပေါက် ဖြတ်ထိုးဉာဏ်ကောင်းမှုပင် ဖြစ်သည် ။


 လုံလုံလောက်လောက်ပင် သူမ မျှော်လင့်ထားသကဲ့သို့ ကျုံးမိသားစု နှင့် သူမကြားရှိ ရှုပ်ထွေးမှုများသည် ကျော်ကြားမှုများကို ဆောင်ကျဥ်းပေးခဲ့ပြီး ပြိုင်ပွဲကိစ္စနှင့်ပါ ထပ်ပေါင်းလျှင် ဤအငြိမ်းစားအနားယူသွားခြင်းသည် သူမ၏ ကျော်ကြားမှုအား ပို၍ ပျံ့နှံ့စေပေလိမ့်မည် ။ 


သူမ ပြိုင်ပွဲမှ အနားယူလိုက်သည့်နေ့တွင် ကြော်ငြာကုမ္ပဏီတစ်ခုသည် သူမကို ဆက်သွယ်လာခဲ့ပြီး စတင်တည်ထောင်သူသည် သူမနှင့် ကြော်ငြာပြုလုပ်ရန် ရင်းနှီးချင်ခဲ့သည် ။


ဤကြော်ငြာ၏ ကုန်ကျစားရိတ်သည် မများပေ ။ သို့သော်လည်း အခြားနာမည်ကြီးလာသော မိန်းကလေးအဖွဲ့၏ အဖွဲ့ဝင်များပါဝင်ပြီး သေချာပေါက် မုန့်ရှစ်ရွှမ်အား ပို၍ နာမည်ကြီးလာစေလိမ့်မည် ။


ထိုအရာသည် သူမအား ချက်ခြင်းအောင်မြင်မှုမရစေလျှင်တောင်မှ  ကြော်ငြာပြီးသွားလျှင် စီးပွားရေးအကျိုးဆောင်များသည် သူမအား လိပ်စာကတ်သေချာပေါက် လာပေးကြလိမ့်မည် ဖြစ်သည် ။


ဤအရာသည် အစသာရှိသေးသည် ။


သဘာဝကျကျပင် မုန့်ရှစ်ရွှမ်ပြိုင်ပွဲတွင် ဝင်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်သည် ဤအရာပင်ဖြစ်သည် ။


သူမတွင် ပိုက်ဆံ နှင့် အာဏာမရှိချေ ။ထို့နောက် ကျုံးမိသားစုမှ ထွက်လာရပြီးနောက်တွင် သူမထံ၌ ဘာမှ မကျန်တော့ချေ ။ သူမထံတွင် ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ နှစ်ပေါင်းများစွာ  ကျုံးအိမ်မှ ပျိုးထောင်ပေးလိုက်သော ပညာတတ်ဆန်သည့် ပင်ကိုယ်စရိုက်ပင်ဖြစ်သည် ။ ဤနူးညံ့လှပသော မျက်နှာ နှင့် အသွင်ဏ္ဍာန်သည်လည်း အပါအဝင်ပင် ဖြစ်သည် ။


သူမသည် ရှန်းချီကို အသုံးချကာ ကျုံးမိသားစုကို ချေပနိုင်လောက်သော်လည်း ရှန်းချီသည် သူမကို ပိုကောင်းသည့် ပတ်ဝန်းကျင်တစ်ခုရအောင် မထောက်ပံ့ပေးနိုင်ပေ ။ သူမသည် ယခင်ကကဲ့သို့ အလွန်အကြွံသုံးဖြန်းနိုင်သော ဘဝနှင့် နေချင်လျှင် သူမအတွက် တန်ဖိုးအရှိဆုံးအရာများကိုသာ အပြည့်အဝကစားပြရလိမ့်မည် ။ 


အတိတ်တွင် သူမသည် ဖျော်ဖြေသည့်အနုပညာရှင်များအား အလွန်အထင်သေးခဲ့သော်လည်း ယခုတွင် ထိုအရာသည် သူမအတွက် ဖြတ်လမ်းသာဖြစ်သည် ။


ယခုတွင်တော့ မုန့်ရှစ်ရွှမ်သည် Zမြို့သို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည် ။သူမသည် ဆေးရုံတွင်ဖြစ်သည် ။ သူမ၏ ညာဘက်ခြေချင်းဝတ်သည် အနည်းငယ်သာ အဆစ်လွဲသွားခဲ့သော်လည်း သူမသည် ဇာတ်လမ်းအား အဆုံးထိ ပြီးအောင် ဆောင်ရွက်ရပေလိမ့်မည် ။


လွန်ခဲ့သော နှစ်ရက်တွင် ကျုံးမိသားစုသည် ဒေဝါလီခံရခါနီးဖြစ်နေပြီး ဆေးရုံရှိ သူနာပြုများသည်လည်း တိတ်တဆိတ်ထိုအကြောင်းအရာအား ပြောနေကြသည် ။


ဆေးရုံ၏ အောက်ထပ်တွင် ဝူသာ့ကျန်း နှင့် လီဟိုင် ၏ ပြဿနာဖြစ်နေသော အမျိုးများရှိနေကြသည် ။


သူမသည် ဆေးရုံပြတင်းပေါက်တွင်ရပ်နေပြီး အောက်ထပ်ဆေးရုံတံခါးနားတွင် ထိုဆွေမျိုးများ တစ်စုံတစ်ယောက်ထွက်လာသည့်နောက်အား လိုက်နေသည်ကို အပေါ်မှကြည့်နေခဲ့သည် ။ ကျုံးရှီယို့ ကားထဲမဝင်ခင် အချိန်ထိ ဆွဲထားကြပြီး ထိုလူအုပ်စုသည် သူ့အား အနိုင်ကျင့်နေကြတုန်းပင် ဖြစ်သည် ။


  သူမသည် နှလုံးသားထဲတွင် မာကြောနေမှုကိုသာ ခံစားခဲ့ရသည် ။


ကြည့်စမ်းပါအုန်း ။ ဒါက ကျုံးမိသားစုရဲ့ အဆုံးသတ်ပဲ ။


သွေးအေးသော ကျုံးမိသားစုများသည် သူမ၏ အမေအရင်းအား ထောင်ထဲသို့ ပို့ခဲ့ပြီး သူမအား ခွေးတစ်ကောင်လိုပင် အိမ်မှ ကန်ထုတ်ခဲ့သည် ။ထိုအရာသည် သူတို့နှင့် ထိုက်တန်သောအရာဖြစ်သည် ။ယခုတွင် သူမသည် ကျုံးမိသားစု၏ တစ်ဆင့်ချင်းစီ ဖျက်စီးခံရခြင်းအား စောင့်ကြည့်နေမည်ဖြစ်သည် ။


သို့သော် သူမထိုအရာများအားလုံးကို လုပ်နေသည့်အချိန်တွင် သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုကို မခံစားခဲ့ရပေ ။


သူမသည် ကျုံးမိသားစုဝင်များ သူမကို တောင်းပန်လာမည်ကိုပင် မျှော်လင့်နေပြီး သူတို့ သူမအားတောင်းပန်ကာ ဆယ့်ရှစ်နှစ်တာ မိသားစုချစ်ခင်မှုအား ဂရုမစိုက်ဘဲ သူမအား ရက်စက်စွာနှင်ထုတ်ခဲ့သည်မှာ သူတို့၏အမှားသာဖြစ်သည်ဟုသာ ပြောလာခဲ့လျှင် သူမသည် သူတို့အား ခွင့်လွှတ်ပေးမည်ဖြစ်သည် ။ ထို့နောက်တွင် သူတို့လွန်ခဲ့သော ရက်အနည်းက သူမကို ဆက်သွယ်လာခဲ့လျှင် ရှန်းမိသားစုအား ဖြုတ်ချနိုင်မည့် လျှို့ဝှက်ချက်ကို ပြောပြလိုက်မည် ဖြစ်သည် ။


သို့သော် ဖြစ်မလာပေ ။ ထိုမတော်တဆမှုဖြစ်ကတည်းကပင် မည်သည့်ကျုံးမိသားဝင်မှ သူမကို ဆက်သွယ်မလာခဲ့ပေ ။


သူမတွေးခဲ့သည်မှာ ပရောဂျက်အချက်အလက်များသည် သူမကြောင့်ပေါက်ကြားသွားသည်ကို ပါပါးကျုံး မကြာမီအချိန်တွင် ခန့်မှန်းမိသွားလိမ့်မည်ဟုပင် ။ သို့သော် ဘာဆက်ဖြစ်နိုင်မည်နည်း ။လျှို့ဝှက် ကုန်သွယ်မှုအချက်အလက်အား  သူမ ပေါက်ကြားအောင်လုပ်လိုက်သည်ဆိုသည့် သက်သေတော့မရှိပေ ။


မုန့်ရှစ်ရွှမ်သည် ညဘက်မရောက်ခင်အထိ သူမတစ်ယောက်ထဲသာ ရပ်နေခဲ့ပြီး နွေဦး၏ အေးစက်သော လေများတိုက်ခတ်နေပြီး မျက်နှာချင်းဆိုင်အဆောက်အဦရှိ မီးအလင်းရောင်များအား ကြည့်ကာ ထိုနေရာတွင် မိသားစုလေးယောက်ညစာစားနေသည့် အရိပ်အယောင်မှိန်ပြပြရှိနေသည် ။ သူမသည် အဆုံးမသတ်နိုင်သော အထီးကျန်မှုကို ခံစားနေမိသည် ။


ဤအရာများသည် ယခင်က ထိုကဲ့သို့မဟုတ်ခဲ့ပေ ။ ယခုအချိန်ဆိုလျှင် သခင်မကျုံးသည် သူမ၏ အစေခံများအား အရသာရှိသော အစားအသောက်များကို ပြုလုပ်ခိုင်းပြီး ကျုံးရှီယို့သည်လည်း သူမ၏ဘေးတွင် ချစ်ခင်ရင်းနှီးစွာဖြင့် ထိုင်နေပေလိမ့်မည် ။သူမ၏ လက်မောင်းအားကိုင်ကာ " အစ်မ " ဟုခေါ်လိမ့်မည် ဖြစ်ပြီး အရသာရှိသော အစားအသောက်မျိုးစုံကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိမ့်မည် ။ သူသည် အလေးအနက်ဖြစ်နေသော်လည်း ပါပါးကျုံးသည် အလုပ်မှပြန်လာကာ သူ၏ အပေါ်ကုတ်အင်္ကျီကို ချွတ်ပြီး သူမအား ကျောင်းတွင် အဆင်ပြေရဲ့လားဟု မေးလိမ့်မည် ။ ထိုအခါတွင် သူမ၏ ရလဒ်များသည် အမြဲကောင်းနေပြီး သူ၏ ဂုဏ်ယူဖွယ်ရာဖြစ်နေလိမ့်မည် ။သို့သော် ယခုတွင်တော့ သူမအရာအားလုံး ဆုံးရှုံးသွားပြီဖြစ်သည် ။


သူမ မသိလိုက်ခင်တွင် မျက်ရည်များသည် မုန့်ရှစ်ရွှမ်၏ မျက်လုံးထဲတွင် ရှိနေခဲ့ပြီဖြစ်သည် ။ သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး သွားကို တင်းတင်းစေ့ထားကာ သူမ၏ မျက်နှာအမူအရာသည် ကင်းစင်နေသည်လား အမုန်းများဖြင့် ပြည့်နေသည်လားကိုပင် မပြောတတ်တော့ပေ ။


သူမ ဖုန်းအားဖွင့်ကာ ရှန်းချီကို ခေါ်ဆိုလိုက်ပြီး အေးစက်စွာပင် ပြောလိုက်သည် ။


" ဥက္ကဌရှန် ၊ အခုရှင့်ရဲ့ ပန်းတိုင်ကို ရောက်သွားပြီ ။ ရှင်ကျွန်မကို ကတိပေးထားတဲ့ ပိုက်ဆံကို အခုပေးနိုင်မလား ။ "


ဤတွင် ရှန်းချီသည် ရေချိုးခန်းမှ ကိုယ်သုတ်ပဝါအား ပတ်ထားပြီး ဝိုင်တစ်ခွက်နှင့် ထွက်လာခဲ့သည် ။သူသည် အလွန်မသက်မသာခံစားလိုက်ရသော်လည်း ပြုံး၍ပင် ပြောလိုက်သည် ။


"ကလေးမလေး ၊ အရမ်းစိုးရိမ်မနေစမ်းပါနဲ့ ။ ငါမင်းကို ကတိပေးခဲ့ပြီးပြီပဲ ။ငါ့ကတိကို လုံးဝချိုးဖောက်မှ မဟုတ်ပါဘူး ။ "


မုန့်ရှစ်ရွှမ်ပြောလိုက်သည် ။


" မစ္စတာရှန် ကတိတည်မယ်ဆိုတာ ကျွန်မယုံပါတယ် ။ဒါပေမဲ့ ရှင်အခုတွေ့တဲ့အတိုင်းပဲ ။ကျုံးမိသားစုမှာ နောက်တစ်ခါ ပြန်ရပ်တည်နိုင်ဖို့ အခွင့်အရေးဆိုတာ မရှိတော့ဘူး ။ ဒါကြောင့် ရှင်ကျွန်မကို တတ်နိုင်သမျှ မြန်မြန်ကတိပေးနိုင်ဖို့မျှော်လင့်ပါတယ် "


ရှန်းချီသည် သူ၏ မျက်ခုံးများအားပင့်လိုက်သည် ။


" အခုကျုံးမိသားစုက ဒီလိုတွေဖြစ်ကုန်ပြီ ။ မင်းဘယ်လိုခံစားရလဲ ။ ငါအရမ်းသိချင်တာပဲ ။သူတို့က မင်းကို ဆယ့်ရှစ်နှစ်လောက် ပျိုးထောင်ပေးခဲ့တာ ။မင်းအပြစ်ရှိတဲ့စိတ်မဝင်မိဘူးလား ။ "


" အပြစ်ရှိစိတ်လား " မုန့်ရှစ်ရွှမ်လှောင်ရယ်လိုက်သည် ။ 


" သူတို့ကျွန်မကို ဘယ်လိုမောင်းထုတ်ခဲ့လည်း ရှင်သိလား ။ ကျွန်မရဲ့ မျက်နှာကို ရေဆိုးမြောင်းထဲကို ပစ်ခဲ့ပြီးပြီ ။ပြီးတော့ ကျွန်မဆီက အရာအားလုံးကို ကျုံးယို့ယို့ဆီမှာ လုယူခံလိုက်ရတာ ။ ကျွန်မ လိပ်ပြာမသန့်ဖြစ်နေလိမ့်မယ်လို့ ရှင်ထင်နေတာလား ။"


ရှန်းချီသည် နှစ်ခါမျှ ရယ်မောလိုက်ပြီး ထိုအကြောင်းအရာအား ဆက်မပြောတော့ပေ ။


သူ မုန့်ရှစ်ရွှမ်ကိုပြောလိုက်သည် ။


" မင်းလိုချင်တာကို ပေးဖို့ ကိုယ့်လက်ထောက်တစ်ယောက်ကို လွှတ်ပြီး အမိန့်ပေးလိုက်မယ် ။ ကိုယ့်ဘက်မှာ တစ်ခြား သူတွေရှိနေသေးတယ် ။ ဒါကြောင့် မင်းကို အများကြီးမပြောတော့ဘူး ။ ပူးပေါင်းမှုက ပျော်ရွှင်စရာကောင်းခဲ့ပါတယ် ။ "


သူဖုန်းချသွားခဲ့သည် ။သူသည် ဝိုင်နီအား  ပျော်ရွှင်သောစိတ်အခြေအနေဖြင့် သောက်နေခဲ့ပြီး ထိုင်လိုက်ကာ ဘောပင်ကို ကောက်ကိုင်လိုက်သည် ။ အနိုင်ရသည့် အပြုံးဖြင့် ဘဏ္ဍာရေး နှင့် စီးပွားရေး မဂ္ဂဇင်း၏ အဖုံးရှိ ကျုံးကော်ချန်း၏ မျက်နှာအား ရေးခြစ်လိုက်သည် ။


 ခဏအကြာတွင် လက်ထောက်သည် တံခါးအားဖွင့်ကာဝင်လာခဲ့သည် ။  ထို့နောက် ကျုံးဘက်မှ ထွက်လာသော ချန်းချောင်ရောက်လာပြီ ဖြစ်သည်ကို ပြောပြခဲ့သည် ။


ရှန်းချီ သူ၏မျက်ခုံးအား ပင့်လိုက်သည် ။


" သူ့အတွက် အခန်းစီစဥ်ပေးပြီး သူ့ကိုအဲ့မှာပဲ နေပါစေ ။မနက်ဖြန်မှ သူနဲ့တွေ့မယ် ။ "


လက်ထောက်သည် တွန့်ဆုတ်နေခဲ့သည် ။


ဤလူသည် မည့်သည့်အခြေအနေတွင်မဆို ကျုံး၏ မန်နေဂျာဟု သတ်မှတ်လို့ရပေသည် ။အတိတ်က လစဥ်ပုံမှန် မီလီယံနှင့်ချီသော လစာဝင်ငွေများသည် တူးဆွ၍မရပေ ။ယခုတွင် မစ္စတာရှန်းသည် ဤကဲ့သို့ဖြစ်နေပြီး သူသည် အလွန်ကိုပေါ့ဆမနေပေဘူးလား။


သို့သော် ယခုတွင်တော့ ရှန်းချီသည် နွေဦး၏ လေပြေအတွက် အလွန်ကို ဂုဏ်ယူနေခဲ့ပြီး ချန်းချောင်အား စဥ်းစားနေရန် အချိန်မရှိပေ ။ ချန်းချောင်တစ်ယောက်ထဲပင်လျှင် ဘာမှမဟုတ်ရုံသာမက ဒါဇင်ချီသော ချန်းချောင်များကိုပင်လျှင် သူဂရုစိုက်မည်မဟုတ်ပေ ။ ကျုံးမိသားစု တိုက်ခိုက်ခံနေရသမျှ ရှန်းမိသားစုသည် စျေးကွက်ထဲတွင် ဖြတ်မလျှောက်နိုင်မည်ကို စိုးရိမ်စရာလိုနေပါအုန်းမည်လား ။


ဤတွင် ချန်းချောင်သည် ညနေ ခြောက်နာရီမှ ဆယ်နာရီအထိ စောင့်နေခဲ့သော်လည်း ရှန်းမိသားစုမှ မစ္စတာရှန်းအား သူမတွေ့ရသေးပေ ။ရှန်းချီသည် ဟိုတယ်တွင်ရှိနေသည်မှာ သေချာသော်လည်း သူ၏ လက်ထောက်မှတစ်ဆင့် ဒီညတွင် ပင်ပန်းနေသောကြောင့် မနက်ဖြန်မှသာ တွေ့မည်ဟု ပြောလိုက်သည် ။


လက်ထောက်၏ အပြုအမူသည် အလွန်သာမန်ဆန်နေပြီး ရှန်းချီ၏ အပြုအမူသည် မည်မျှသာလွန်မလဲဆိုသည်ကို ခန့်မှန်းလို့ရပေသည် ။


 ရှန်းချီသည် သူ့ကိုယ်သူ စျေးမြင့်မြင့်ဖြင့် တူးဖော်ပြီးသည့်နောက်တွင် ထိုကဲ့သို့ အမူအရာမဟုတ်တော့ပေ။ယခုတွင် ကျုံးမိသားစုပြိုလဲတော့မည်ကို သူမြင်နေရပြီး အနာဂတ်တွင် ကမ္ဘာကြီးသည် ရှန်းမိသားစု၏ အပိုင်သာဖြစ်လာမည်ကို သူတွေးမိသည် ။

ချန်းချောင်သည် ရှောင်ကြဥ်ခံလိုက်ရသည်ကို အလွန်ဒေါသထွက်နေခဲ့ပြီး ထိုအရာအား ဖိနှိပ်လိုက်ကာ ပြန်လည်​ချေပမှု မရှိခဲ့ပေ ။


သူပြောလိုက်သည် ။ 


" ဒါဆို အလုပ်ကြိုးစားလိုက်ပါအုန်း ။အပေါ်ထပ် အခန်းကို ငါ့အတွက် စီစဥ်ပေးပါ။ မနက်ဖြန် မစ္စတာရှန်းနိုးလာရင် သူ့ငါကို မိတ်ဆက်ပါလိမ့်မယ် ။ "


လက်ထောက်သည် ခေါင်းငြိမ့်ပြကာ ချန်းချောင်၏ စိတ်တိုင်းကျ အခန်းကိုစီစဥ်ပေးလိုက်သည် ။


သူသည် ပုံမှန်အခန်းတစ်ခန်းကိုသာဝင်သွားခဲ့ပြီး ထိုအခန်းသည် သူမျှော်လင့်ထားသကဲ့သို့ အဆောင်အယောင်အပြည့်နဲ့ အခန်းမဟုတ်သည်ကိုတွေ့လိုက်ရပြီး နောင်တရသွားခဲ့သည် ။


သူသည် ကျုံး၏ ဝန်ထမ်းဟောင်းဖြစ်ပြီး မစ္စတာကျုံး၏ နောက်သို့လိုက်ကာ စျေးကွက်အား ချဲ့ထွင်ခဲ့သည် ။ကျုံးမိသားစုထဲတွင် သူသည် ရှန်းမိသားစုမှ ပေးသည်ထက် ပိုရခဲ့သည် ။ ကျုံး၏ ကပ်ဆိုက်ကာလကြောင့်သာမဟုတ်လျှင် သူနှင့် မရင်းနှီးသော ရှန်းမိသားစုဘက်သို့ လှည့်ရန် ဘာကြောင့်များ အပင်ပန်းခံနေမည်နည်း ။သိုသော်လည်း သူသည် ကိုယ့်ကိုယ်ကို အသားကျအောင်လုပ်လိုက်သည် ။


 ကျုံးသည် ပြိုလဲမလိုပင် ဖြစ်နေချေပြီ ။ ဤအချိန်တွင် အလုပ်ထွက်ခဲ့ခြင်းသည် အမျှော်အမြင်ကြီးခြင်းသာဖြစ်သည် ။ ကျုံးနှင့် အတူရှိနေကြသော သူများသည် အရူးများသာဖြစ်သည် ။



xxxxxxx