Chapter 149
ရက်အနည်းငယ်ကြာပြီးနောက် ကျုံးမိသားစု၏စတော့ရှယ်ယာများ တဖြည်းဖြည်းတည်ငြိမ်လာပြီး စျေးကွက်အတွင်း မတည်ငြိမ်မှုများက လုံးဝပျောက်ကွယ်သွားသည်။
ရှေ့နေသည် ဒုတိယအကြိမ် ရုံးချိန်းအတွက် ပြင်ဆင်နေပြီး သက်သေအထောက်အထားများက ခိုင်လုံသည်။ ရှန်းချီသည် ထောင်ဒဏ်နှစ်ပေါင်းများစွာ ချမှတ်ခံရမည်ဖြစ်ပြီး ထွက်ပြေးနိုင်မည်မဟုတ်ပေ။
ကျုံးပါပါးသည် နောက်ဆုံးတွင် သက်ပြင်းချကာ တင်းမာနေသည့် အခြေအနေမှ ပြေလျော့သွားသည်။ သို့သော် သူ ပြန်ရောက်မလာမီ နေ့တိုင်း ညနှောင်းပိုင်းအထိ ကုမ္ပဏီတွင် ရှိနေသေးသည်။ အဖြစ်အပျက်ပြီးဆုံးပြီးနောက် ကိုင်တွယ်ရန် အရှုပ်အထွေးများစွာ ရှိပါသေးသည်။ ကုမ္ပဏီတွင် ရာထူးတိုးသင့်သည့်သူသည်လည်း အများအပြားရှိနေသည်။
ဆိုလိုသည်မှာ ဤအကြပ်အတည်းအပြီးတွင် သူသည် ကျုံးယို့ယို့နှင့် စကားမပြောနိုင်ေသးပေ...
ကျုံးယို့ယို့ကြောင့်မဟုတ်လျှင် ဤကိစ္စကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်ခဲ့မှာ မဟုတ်ချေ။ ကျုံးပါပါးသည် အမွေခွဲဝေမှုနှင့် ပက်သက်ပြီး စကားပြောချင်သော်လည်း အခွင့်အရေးမရှိပေ။
သို့သော် ဤကိစ္စက ကြီးကြီးမားမားမဟုတ်ချေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင် ကျုံးယို့ယို့သည် မြို့မှ ထွက်သွားရန် မဖြစ်နိုင်ပေ။
ကျုံးမာမားသည် ချမ်းသာသည့်အမျိုးသမီးတွေ သူငယ်ချင်းများနှင့် spa သွား၊ဈေးဝယ်ထွက်ရန် အချိန်မရှိေတာ့ချေ။ကျုံး၏ အကြပ်အတည်းက ပြီးသွားခဲ့ပြီး သူမ၏စိတ်က လုံးလုံးလျားလျား ပြေလျော့မသွားပေ။ ထို့အပြင် မုန့်ရှစ်ရွှမ်၏ သစ္စာဖောက်မှုကလည်း ဖြစ်ပေါ်လာခဲ့သည်။ သူမ၏နှလုံးက လေးလံလွန်း၍ အသက်ရှူမဝသလိုပင ခံစားရသည်။
ထို့ကြောင့် သူမသည် နိုင်ငံရပ်ခြားသို့ အပန်းဖြေခရီးထွက်ရန် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းသာ စီးခဲ့သည်။
ထို့ကြောင့် ကျုံးရှီယို့သည် အိမ်တွင် တစ်ဦးတည်းကျန်ရှိနေသည်။ သူ၏လက်က ကျောက်ပတ်တီးသည် တစ်လကျော်ကြာပြီး နောက်တွင် ဖယ်ရှားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ၎င်းကို ဖယ်ရှားရန်အတွက် သူ့မိသားစု၏ယာဉ်မောင်းနှင့် ကျင်းမင်တို့က သာ လိုက်ပါလာသည်။ ကျုံးပါပါးနှင့် မာမားသည် သူ့ကို ဂရုမစိုက်နိုင်ပေ။
ဤရက်ပိုင်းမှာ အဖြစ်အပျက်တွေ များလွန်းနေပြီး ကျုံးရှီယို့၏ ခံစားချက်က အနည်းငယ် မပျော်ရွှင်ပေ။ အထူးသဖြင့် သူ၏မျက်နှာပေါ်က ထိရှဒဏ်ရာသည် ရေမထိရတာကြောင့် သူ့အား အလွန်စိတ်ဒုက္ခဖြစ်စေသည်။
အကယ်၍ အခြားချမ်းသာသော ဒုတိယ မျိုးဆက်ပုဂ္ဂိုလ်များဆိုလျှင် သူတို့သည် အရက်သောက်ပြီး ပျော်ပျော်ပါးပါး ဘားသွား ကြပေမည်။ ကံကောင်းထောက်မစွာ သူ့မိသားစု ကြီးပြင်းလာမှုက အတော်လေး တင်းကျပ်သည့်အတွက် သူသည် ထိုကဲ့သို့အတွေးမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။
ထိုက်ကျင်းလမ်းဟောင်းမှာ တစ်ယောက်ယောက်က သူ့ကို အုတ်ခဲနှင့် ရိုက်ခဲ့သည့် အဖြစ်အပျက်ကို တနုံ့နုံ့စဉ်းမိနေဆဲဖြစ်သည်။
အုတ်ခဲနှင့်ရိုက်ခြင်းက အလွန်တိကျပြီး သူသာ အချိန်မှီမပုန်းကွယ်နိုင်ခဲ့လျှင် ဦးခေါင်းမှာ သွေးထွက်သံယို ဖြစ်နေပေမည်။
တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်ဟူ၍ သူအမြဲခံစားရေသာ်လည်း ခဏတာ သဲလွန်စရှာမတွေ့ခဲ့ချေ။ နောက်ဆုံးတော့ ထို့နေ့၌ အလုပ်သမားများစွာ စုပြုံပြီး ရှုပ်ယှက်ခတ်နေခဲ့ကာ စောင့်ကြည့်ရေးကင်မရာထဲကတောင် မည်သူက ဖြစ်စေသည်ကို ရှာမတွေ့နိုင်ခဲ့ချေ။ သက်သေအထောက်အထားများ ရှာမတွေ့သဖြင့် အချိန်အတိုင်းတာတစ်ခုအတွင်း မည်သည်ကိုမှ မလုပ်နိုင်ချေ။
အိမ်တွင် နောက်ထပ်နှစ်ရက် အနားယူပြီး နောက် ကျောင်းသွားသည်။
မုန့်ရှစ်ရွှမ်သည် ကျုံးအိမ်မှနှင်ထုတ်ခံရပြီးနောက် သူမ ဆေးရုံတက်ခဲ့သည်။ ဆေးရုံရောက်သည်နှင့် မိုဘိုင်းလ်ဘဏ်လုပ်ငန်းမှာ မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။ ကျုံးသခင်မက သူမကို ပေးခဲ့သည့် ကတ်သည် လုံးဝ အေးခဲသွားလေသည်။ သူမ စက်ဆုပ်ရွံရှာသည့်တိုက်ခန်းကို သွားရန် ကြိုးစားသော်လည်း လုံခြုံရေးအစောင့်က ပိတ်ဆို့ထားပြီး ၀င်ခွင့်မရခဲ့ပေ။
ကျုံးရှီယို့သည် သူမ၏ တုံ့ပြန်မှုကို မသိသော်လည်း သူမ နောက်တစ်ကြိမ် ဒုက္ခပေးသည်ကို သူ မတွေ့ရတော့ပေ။
သို့သော် ရယ်စရာကောင်းသည်က မုန့်ရှစ်ရွမ်သည် ယခင်နေ့က ကျုံးအိမ်တွင် ငိုယိုပြဿနာရှာခဲ့ပြီး နောက်နေ့၌ ကြော်ငြာတစ်ခုအတွက် ပရိုမိုးရှင်းဗီဒီယိုတစ်ခုမှာ သူမ၏ ဒဏ်ရာရနေသည့် ဒူးတွေကို ဖုံးအုပ်ထားခဲ့သည်ပဲ ဖြစ်သည်။ စကတ်ရှည်ဖြင့် ပိတ်ဆို့ပြီး သာမန်လူတစ်ယောက်လို ပြုံးပြလိုက်သည်။ သူမ၏ ပြန်လည်နာလန်ထူနိုင်စွမ်းမှာ အတော်လေး အားကောင်းနေသည်။
သူ၏အစ်မသည် ဖျော်ဖြေရေးနယ်ပယ်ထဲကို ၀င်ချင်နေသည်လား...
ဖျော်ဖြေရေးနယ်ပယ်၌ လူအများအတွက် မည်သည့်နေရာ ရှိမည်နည်း။ နတ်ဆိုးများနှင့် နတ်ဘုရားများသည် ပြဿနာရှာရန် မလွယ်ကူပေ။ သူမ မည်သည်ကို တွေးတောနေသနည်း။
သို့သော် ကျုံးရှီယို့သည် ဤသည်ကို ဂရုစိုက်ရန် ပျင်းရိလွန်း၏။ ဘာပဲဖြစ်ဖြစ် မုန့်ရှစ်ရွှမ် သည် သူ့မိသားစုနှင့် ယခုအခါ မသက်ဆိုင်တော့ချေ။ အိမ်ထောင်စုစာရင်းက ရှင်းလင်းသွားချေပြီ။ သူမ အသက်ရှင်သည်ဖြစ်စေ ၊ သေသည်ဖြစ်စေ သူ မထိန်းချုပ်နိုင်ပေ။
ကျုံးယို့ယို့သည် မုန့်ရှစ်ရွှမ်၏ လတ်တလော လှုပ်ရှားမှုများကို သတိထားမိပြီး သူမကကြော်ငြာရှင် မစ္စတာကျင်းနှင့် ရုတ်တရက် အလွန်ရင်းနှီးလာသည်။ ထို့အပြင် သူမသည် Weiboကို ရည်ရွယ်ချက်ရှိရှိဖြင့် စတင်သုံးစွဲလာပြီး ပြိုင်ပွဲကာလမှ ဓာတ်ပုံများစွာတင်ခဲ့ပြီး ပရိသတ်များစွာရရှိလာသည်။ မုန့်ရှစ်ရွှမ်သည် သူမ၏မျက်နှာနှင့် ရုပ်ရည်ကို ကြည့်ရုံနှင့်ပင် အတော်လေး ဆွဲဆောင်မှုရှိ၏။
ပြိုင်ပွဲကနေ အနားယူပြီးနောက် ဖျော်ဖြေရေးနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းပြုရန် အစီအစဉ်ရှိသည်လား...
သို့သော်လည်း ကျုံးယို့ယို့သည် အားကျစရာ ဘာမှမရှိဟု ခံစားရပြီး Weibo ကိုပင် မဖွင့်ပေ။
ပြိုင်ပွဲတစ်လျှောက်မှာ ဖျော်ဖြေရေးနယ်ပယ်မှလူများသည် သူမကို သံလွင်ခက်များ ကမ်းလှမ်းလာကြ၏။ သို့သော် သူမသည် သရုပ်ဆောင်ခြင်းနှင့် သီချင်းသီဆိုခြင်းကို မလုပ်တတ်သလို ထိုအရာများကိုလည်း မနှစ်သက်ရာ သူမရဲ့ ရည်မှန်းချက်များကို အလဟသတ်ထင်ပေါ်ကျော်ကြားမှုအတွက် မဖြုန်းတီးချင်ပေ။
မုန့်ရှစ်ရွှမ် မည်သည့်လမ်းကို ရွေးချယ်သည်က သူမနှင့် ဘာမှမဆိုင်ပေ။ မုန့်ရှစ်ရွှမ်က သူမကိုဒုက္ခမပေးသရွေ့ သူမလည်းပဲ မုန့်ရှစ်ရွှမ်ကို ဘာမှလုပ်မည်မဟုတ်ချေ။
ကျောင်းပြန်တက်ချိန်တွင် မေလထဲရောက်နေပြီဖြစ်၏။ ရာသီဥတုက အလွန်ပူပြင်းပြီး ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအားလုံး လက်တိုများနှင့် စကပ်တိုများ၀တ်ထားကြသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ တစ်လအလိုဖြစ်ပြီး စာသင်ခန်း၏ လေထုက ပိုပိုတင်းမာလာသည်။
စာသင်ခန်းရှိ လျှပ်စစ်ပန်ကာသည် အလွန်ဆူညံနေပြီး စေးကပ်သောလေက ကျောင်းသားများ၏လည်ပင်းကို ချွေးများဖြင့် ဖုံးအုပ်ထားသော်လည်း အခန်း(၁၉)ရှိ လူအများအပြားသည် ငြိမ်သက်စွာ စာသင်ကြားနိုင်ကြသည်။
ကျုံးယို့ယို့က သူတို့အတွက် သင်ခန်းစာများရေးပေးမည်ဟူ၍ ကတိပေးခြင်းသည် ဟာသမဟုတ်ချေ။ ကျောင်းဆင်းချိန်တိုင်း စာသင်ရန် ဆန္ဒရှိသည့်သူများက ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့ နောက်ကိုလိုက်ပြီး အနီးနားက တိတ်ဆိတ်သည့် လက်ဖက်ရည်ဆိုင်တစ်ခုဆီ သင်ခန်းစာများအတွက် သွားကြသည်။
ပြိုင်ပွဲအပြီးမှာ ကျုံးယို့ယို့သည် အင်တာနက် ကျော်ကြားသူ တစ်ယောက်ဖြစ်လာသည်။ သူ မ ရေခဲမုန့် ဝယ်ရန်အတွက်ကျောင်းနှင့်ဆန့်ကျင်ဘက် လမ်းကြားကို သွားသည့်အခါ တစ်စုံတစ်ယောက်က သူမကို မှတ်မိပြီးစကားစမြည် ပြောလာခဲ့သည်။ ကျုံးယို့ယို့သည် သူမခေါင်းကိုလှည့်၍ အဓိပ္ပါယ်မရှိသော စကားများမပြောဘဲ ထွက်လာခဲ့သည်။ သို့သော် ယခုအချိန်တွင် အင်တာနက်၌ မည်မျှပင် ခေတ်စားနေပါစေ ခဏကြာပြီးနောက် ပျောက်ကွယ်သွားမည်ကို သံသယဖြစ်စရာမရှိပေ။
ဤဆိုင်ကို ရွေးချယ်ရသည့် အကြောင်းရင်းသည် ဆိုင်ပိုင်ရှင်က အတန်းထဲက စွန်းမန့်၏ဝမ်းကွဲဖြစ်ပြီး တခြားစတိုးဆိုင်များ မတူဘဲ အင်တာနက်နာမည်ကြီး ကျုံးယို့ယို့ဝင်လာေသာကြောင့် ရုတ်တရက် လူစည်ကားမှာ မဟုတ်ချေ။
ကျုံးယို့ယို့သည် လာမည့် နိုင်ငံတွင်းဆိုင်ရာ ဖိုင်နယ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ပြိုင်ပွဲမေးခွန်းများကို ဖြေဆိုနေစဉ်တွင် အတန်းတွင်းရှိ အခြားကျောင်းသားအနည်းငယ်က အနီးနားတွင် စားပွဲဝိုင်းဖွဲ့ကာ ဘာသာရပ်အသီးသီးအတွက် လေ့လာနေကြသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ တစ်လအတွင်း ရလဒ်က မည်သို့ပင်ရှိစေကာမူ အနည်းဆုံး မြင်းသေကို အသက်ရှင်နေသယောင် ဆက်ဆံရမည်ဖြစ်၏။
ကျုံးယို့ယို့သည် အအေးသောက်ရင်း ဘောပင်ကိုလှည့်ကာ မေးခွန်းများကို စိုက်ကြည့်ပြီး မေးခွန်းများဖြေရာတွင် စိတ်ငြိမ်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း တွေးလိုက်မိသည် ။ ယနေ့ခေတ်တွင် ထွေထွေထူးထူးပြောစရာ၊လုပ်စရာများစွာရှိ၍ စာကျက်ရန် အဟန့်အတားဖြစ်စေသည်။
ထို့အပြင် သိပ္ပံသုတေသနဌာန ကိစ္စလည်းပဲ ရှိသေးသည်။
ကျုံးယို့ယို့သည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ယူပြီး ရက်စွဲကို အတည်ပြုလိုက်သည်။ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး သုံးရက်မြောက်နေ့တွင် သိပ္ပံသုတေသနဌာနသို့ လာရောက်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ကျုံးရှီယို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် ပက်သက်ပြီး ဖိအားတစ်စုံတစ်ရာမရှိပေ။နောက်ဆုံးတွင် သူသည် အထက်တန်းကျောင်းဒုတိယနှစ်သာရှိသေးပြီး ကျောင်းပြန်တက်ပြီးနောက်တွင် သူ၏အတန်းဖော်များက သူအတွက် တက်ကြွသော အခမ်းအနားတစ်ခုကျင်းပကာ ညစာစားရန် ဖိတ်ခေါ်သည်။
ဤအချိန်တွင် ကျုံးရှီယို့မှာ ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်သွားခဲ့သည် ။ ကျုံးရှီယို့၏ လက်မောင်းကို ကျောက်ပတ်တီးစည်းခဲ့ရပြီး သူ၏ ချောမောသည့်မျက်နှာက ကုတ်ခြစ်ခံခဲ့ရသည် ။ ထို့ကြောင့် သူကိုကြိုက်နေသော ကလေးမလေးသည် တိတ်တဆိတ် စိတ်ဆင်းရဲစွာ ခံစားရပြီး ခါတိုင်းထက် ပိုများပြားသည့် အချစ်စာများ ပေးပို့လာသည်။
ထိုအရာများက ကျုံးရှီယို့ အလေးအနက်ထားသောအရာမဟုတ်ပေ။ သူကဲ့သို့ သူများသည် ငယ်စဉ်ကတည်းက ပြင်ပကမ္ဘာမှ အားကျခြင်းနှင့် အထင်ကြီးလေးစားမှုများစွာဖြင့် အကြည့်များကို လက်ခံရရှိထားသောကြောင့် ၎င်းတို့ကို လုံးဝဂရုမစိုက်ပေ။
ရှစ်ကျစ်ထန်သည် ထိုမေတ္တာစာများကို လက်ခံရရှိသောအခါတွင် သူသည် ယဉ်ကျေးစွာ ပြုမူပြီး အိတ်ထဲတွင် မေတ္တာစာများထည့်ကာ ယူသွားမည်ဖြစ်သည်။
သူက အသည်းမာပြီး ထိုချစ်မေတ္တာစာများကို အမှိုက်ပုံးထဲသို့သာ ပစ်ထည့်လိုက်ပြီး အခြားလူများကို တနေကုန်တနေခမ်း ညည်းတွားစေသည်။ " မင်းက ဒီလောက်ကောင်းတဲ့အရင်းအနှီးတွေ ဖြုန်းတီးနေတာပဲ၊ မင်းမျက်နှာနဲ့ မိသားစုပိုက်ဆံတွေကို ဘာလို့ ငါ့ကို မပေးတာလဲ။ တစ်သက်လုံး ရည်းစားမထားဖူးဘူး "
" ထွက်သွား " ကျုံးရှီယို့သည် ညာဘက်လက်တွင် ဘတ်စကတ်ဘောကို ကိုင်ကာ ထွက်သွားလေသည်။ သူ၏ရည်းစားဟူသည့် အကြောင်းအရာကို လုံးဝစိတ်မဝင်စားချေ။သူသည် တစ်သက်လုံး ရိုမန့်တစ်ဖြစ်သည့် အချစ်ရေးတစ်ခု တစ်ခါမျှ မရှိခဲ့ဖူးပေ။
မကြာသေးမီက သူ စိတ်ဝင်စားဆုံးအကြောင်းအရာမှာ ကျုံးယို့ယို့၏ နိုင်ငံလုံးဆိုင်ရာ ဖိုင်နယ်ပွဲဖြစ်သည်။ ကျောင်း၌ လူပြောများသော အကြောင်းအရာတစ်ခုဖြစ်ပြီး အထက်တန်းကျောင်း ဒုတိယနှစ်မှ လူများသည်ပင် ဤအကြောင်းကို မကြာခဏ ပြောလေ့ရှိကြကာ ဖိုရမ်တွင်လည်း ပို့စ်များစွာ ရှိနေသည်။
ကျုံးရှီယို့သည် ကစားကွင်းတွင် ဘတ်စကတ်ဘော ကစားရင်း မိန်းကလေးများစွာက သစ်ပင်ရိပ်အောက်တွင် ငြိမ်သက်စွာထိုင်ကြရင်း ယနေ့ ကျောင်းပန်းပွင့်လေး၀တ်လာသည့်အ၀တ်အစားများ နှင့် လမ်းလျှောက်သွားသည့်အခါ သူမ ဆွတ်ထားသည့် ရေမွှေးအမျိုးအစားများ ဆွေးနွေးနေကြသည်ကို သူကြားနေရ၏ ။
ကျုံးယို့ယို့သည် ယခင်ကတည်းက ကျောင်းတွင် လူကြိုက်များနေပြီဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် သူမသည် လတ်တလောနာမည်အကြီးဆုံးရှာဖွေရေးခေါင်းစဉ်တစ်ခု ဖြစ်လာသည်။ ယခင်က ကျောင်းပန်းပွင့်များနှင့် အဆင့်မတူညီဘဲ ယခင်က မရှိခဲ့ဖူးသည့်ကျောင်းပန်းပွင့်လေးတစ်ယောက် ဖြစ်လာနိုင်သည်။
ကျုံးရှီယို့က သူ့အစ်မအကြောင်း သူတို့ပြောနေသည်ကို ကြားရခြင်းအား သဘောကျပြီး ဂုဏ်ယူဝင့်ကြွားသလို ခံစားရသည်။ နောက်ဆုံးတွင် နိုင်ငံတော်အဆင့်ဖိုင်နယ်ကို ရောက်ရှိသွားသည့် ထူးချွန်လွန်းသောအစ်မတစ်ေယာက်သည် လူတိုင်းမှာ မရှိနိုင်ပေ။
ထိုအရာကို စဉ်းစားမိသောအခါ ကျုံးရှီယို့၏ နှုတ်ခမ်းက ကွေးတက်သွားသည်။ ကျုံးယို့ယို့က ချင်းယောင်ကို ဘာကြောင့် ရုတ်တရက် ချစ်မိသွားသနည်းဆိုသည်ကို သူ မသိချေ။ ချင်းယောင်တွင် ထူးချွန်ထက်မြက်သည့် အရည်အချင်းများရှိပြီး သူ၏ ယောက်ဖဖြစ်ရသည်က ကောင်းလေသည်။ သို့သော် ရှစ်ကျစ်ထန်သည် ပိုရင်းနှီး၏။ နောက်ဆုံးတွင် သူနှင့် ရှစ်ကျစ်ထန်က အတူတူကြီးပြင်းလာသည်ဖြစ်ပြီး ချင်းယောင်သည်က အတော်လေး သူစိမ်း ဖြစ်နေ၏။ ချင်းယောင်က သူကို ကြည့်လိုက်သည့်အခါ သူသည် ကျုံးယို့ယို့ရှေ့တွင် မည်သည်ကိုမှ မပြောရဲခဲ့ပေ။
ပြီးခဲ့သည့်အကြိမ်က ပို့လိုက်သော ဓာတ်ပုံများသည် အကျိုးသက်ရောက်ပုံ မပေါ်ပေ။ ချင်းယောင်သည် စကားအပြောအဆိုကင်းမဲ့သော ပီသျှူးကဲ့သို့ဖြစ်ပြီး သူ မျက်နှာချိုသွေးသော်လည်း သူအစ်မ၏အချက်အလက်များကို မကြာခဏ မျှဝေခြင်းမရှိပေ။
သို့သော် ထိုကဲ့သို့ထင်နေလျှင်တောင် ကျုံးရှီယို့သည် ကျူံယို့ယို့နှင့် ချင်းယောင်ရှေ့မှာ ဤစကားတွေကို သေချာပေါက် ပြောမည်မဟုတ်ချေ။ သူ စိတ်အနှောက်အယှက်ဖြစ်နေေသာ်လည်း ထိုကဲ့သို့ပြောလျှင် သူ့ယောက်ဖနှင့် အစ်မက သူ့အား အေးစက်စက် စူးစူးဝါးဝါး ကြည့်ရန်ကိုလိုချင်သည်ဖြစ်နေသည်မဟုတ်ပေလား။
ဘတ်စကတ်ဘောကစားနေစဉ် သစ်ပင်ရိပ်အောက်က မိန်းကလေးတချို့က ပြောဆိုနေသည့် အကြောင်းအရာကို ရုတ်တရက် ကြားလိုက်ရသည်။
" တကယ်တော့ နိုင်ငံတွင်းဖိုင်နယ်ပွဲက ငါတို့ထင်ထားသလိုမျိုး အံမခန်းမဟုတ်တာလည်း ဖြစ်နိုင်တာပဲ။ ကျုံးမိသားစုက အရမ်းချမ်းသာတဲ့ဟာ၊ ကျုံးယို့ယို့ဝယ်ခဲ့တာ ဖြစ်နိုင်တယ်..."
" ဟာဟား၊ မင်းတကယ်ပြောရဲတာဘဲ၊ ဒါပေမယ့် ငါသံသယဖြစ်မိတယ်။ ဒီလိုမှမဟုတ်ရင် တစ်နှစ်အတွင်းမှာ မြို့ထဲမှာ ပထမအဆင့်၊ ပြီးတော့ နိုင်ငံတွင်းကို တိုက်ရိုက်၀င်သွားတယ်၊ ဒီဖြစ်စဉ်ကြီးက ဒုံးပျံလိုမျိုးကို မြန်လွန်းတယ်မဟုတ်လား "
ကစားကွင်း၌ လူအများအပြားမရှိချေ။မိန်းကလေးများက စကားစမြည်ပြောနေကြပြီး မည်းမှောင်စွာဖြင့် ဘတ်စကတ်ဘောကစားနေသည့် ကျုံးရှီယို့ကို သတိမပြုမိကြချေ။
xxxxx