Chapter 152
လူ့အဖွဲ့အစည်းအပြင်ဘက်၌ ဘာမှမသိဘဲ အခြေခံအကျဆုံး ပြဋ္ဌာန်းစာအုပ်တွေကိုတောင် မလေ့လာနိုင်ပေ။ ထိုအချိန်တွင် သူမ ဘဝကို မည်သို့ဆက်လက်နေထိုင်ရမည်နည်း။ အတိုချုပ်ပြောရလျှင် ရှောင်းမိန်သည် ဤအချိန်အတောအတွင်း များစွာတွေးတောခဲ့ပြီး သူမ၏ စိတ်နေစိတ်ထားတစ်ခုလုံးသည် အလွန်အမင်း စိတ်မြန်လက်မြန်မရှိတော့ပေ။
ဤနေရာက ထူးဆန်းသည့် လူလေးယောက် အုပ်စုကို အသက်မွေးပညာအထက်တန်းကျောင်းမှ ဖြတ်သွားသူတိုင်း မယုံနိုင်လောက်အောင် ခံစားရသည်။
ရှီးယွိချီနှင့် ရှောင်းမိန်တို့သည် အသက်မွေးပညာအထက်တန်းကျောင်းတွင် ညီအစ်မငယ်များအဖွဲ့မှ မိန်းကလေးများအဖြစ် ကျော်ကြားခဲ့ကြပြီး တဖြည်းဖြည်း သူတို့၏ ပုံစံနှင့် အဆင့်များက ပြောင်းသွားကြသည်။ ယခု သူတို့သည် ကျုံးယို့ယို့ရှေ့မှာ ရပ်နေကြပြီး တစ်ယောက်က ကျုံးယို့ယို့ကို အလွန်ချစ်ခင်ပြီး နောက်တစ်ယောက်က တောင်းပန်နေသည် ။ နောက်လိုက်ငယ်တစ်ယောက်ကဲ့သို့ပင်....ဘာဖြစ်သွားသနည်း။
သူတို့၏ အသက်မွေးပညာအထက်တန်းကျောင်းသည် မင်းသယ်မှ ကျောင်းသားများကို အမြဲလှောင်ပြောင်နေသည် မဟုတ်လော။ ဤလူနှစ်ယောက်ကို အနိုင်ရခဲ့သည့် ကျုံးယို့ယိို့၌ မည်ကဲ့သို့ ဘယ်လိုမှော်စွမ်းအားမျိုး ရှိနေသနည်း။
အသက်မွေးဝမ်းပညာ အထက်တန်းကျောင်းနှင့် မင်းသယ်သည် လမ်းကြောင်းတစ်ခုတည်းတွင် မရှိချေ။ ရှီးယွိချီနှင့် ရှောင်းမိန်တို့သည် ကျုံးယို့ယို့အား နှုတ်ဆက်ပြီး ကျောင်းသို့ ပြန်ခဲ့ကြသည်။
ယွမ်ယွမ်သည် လမ်းမလျှောက်နိုင်တော့ဘဲ ဆယ်မိနစ်လောက် အနားယူပြီးတောင် မတ်တပ်ရပ်မနေနိုင်သဖြင့် ကျုံးယို့ယို့ကိုသာလျှင် အရင်သွားခိုင်းခဲ့ရာ သူမတစ်ယောက်တည်း တောင်တက်လာသည်။
ခြေသလုံးများက ခဲများကဲ့သို့ ခံစားရပြီး လေးလာပြီးရင်း ပိုလေးလာနေသည်..
ကျုံးယို့ယို့ ခေါင်းကို မြှောက်လိုက်ပြီး တောင်ထိပ်ကို မော့ကြည့်လိုက်သည် ။ သူမသည် တောင်ထိပ်သို့ တက်လမ်း၏ တစ်ဝက်ကျော်သာသာရှိသေးပြီး မျက်လုံးများက မည်းနက်သွားသည် ။ ဌာနမှူးက တကယ်ပင် ဆန်ကုန်မြေလေးဖြစ်၏ ။ တစ်နေခင်းလုံး အေးအေးဆေးဆေး ကားမောင်းပြီး ညနေခင်း၌ ဗီလာမှာ ကောင်းကောင်းအိပ်စက်နိုင်သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သည့် မာရသွန်ပြိုင်ပွဲတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။
ကျုံးယို့ယို့ အနားယူရန် တုံ့ဆိုင်းနေချိန်မှာပဲ သူမ အိတ်ကပ်ထဲက ဖုန်းက ရုတ်တရက် တုန်ခါသွားသည်။ ဖန်သားပြင်ကို ဖွင့်ကြည့်လိုက်ပြီး ချင်းယောင်၏မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။
" မင်းရဲ့ တည်နေရာကို ပို့ပေး ကိုယ်လာခေါ် ပေးမယ် "
ဤစကားတွေက ရေငတ်ပြီး အိပ်ငိုက်နေသည့် ကျုံးယို့ယို့ထဲကို ရုတ်တရက် စိမ့်ဝင်လာသည့် ကြည်လင်သော နွေဦးကဲ့သို့ပင်ဖြစ်ပြီး ရေငတ်သည်ကို သက်သာစေသည်။ သူမ နှလုံးသားထဲ၌ ချိုမြိန်သွားသကဲ့သို့ ခံစားလိုက်ရကာ ပြုံးပြီး သူမတည်နေရာကို ပို့လိုက်သည်။
ယခု ချင်းယောင်က ဤကိုရောက်နေပြီဖြစ်သည့်အတွက် ခဏလောက် အနားယူနိုင်လေသည်။ ကျုံးယို့ယို့က အနီးနားက သစ်ပင်ကြီးတစ်ပင်အောက်မှာ သန့်ရှင်းသပ်ရပ်သည့်နေရာကို ရှာတွေ့ပြီး ကျောင်းလွယ်အိတ်ကို ကူရှင်အဖြစ်သုံးကာ ထိုင်ချလိုက်သည်။
ကျုံးယို့ယို့နှင့် ကျင်းမင်တို့သည် အထက်တန်းကျောင်းဒုတိယနှစ်မှ ထွက်ခွာသွားကြပြီးဖြစ်သည်။ ပရမ်းပတာဖြစ်မှုကို အခွင့်ကောင်းယူကာ ကျုံးရှီယို့သည် ကျုံးယို့ယို့ကို ရှာဖွေချင်ခဲ့သည်။ သူ့အစ်မသည် ဤမျှလောက်မြင့်သောတောင်ပေါ်ကို တက်ရခြင်းအတွက် ပင်ပန်းမည်ဟု သူထင်သည်။ သူက ဤအခွင့်အရေးကို အခွင့်ကောင်းယူနိုင်သည်။
သို့သော် ကျောင်းတွေ အများကြီး၊ အတန်းတွေ အများကြီးရှိမည်ဟု မထင်ထားချေ။ကျုံးယို့ယို့မည်သည့်နေရာ၌ ရှိနေမှန်းလုံး၀မသိသောကြောင့် နေ့တစ်၀က်လောက်ရှာဖွေရသည်။
နောက်ဆုံးမှာ ကျုံးယို့ယို့၏အတန်းထဲက ရင်းနှီးသည့်မိန်းကလေးတစ်ယောက်ကို လူအုပ်ထဲ၌ တွေ့လိုက်ရသည်။ သူမနာမည်က ရွှီရှောင်ယွဲ့ သို့မဟုတ် တစ်ခုခုဖြစ်မည်။ ကျုံးရှီယို့၏မျက်လုံးများ တောက်ပလာပြီး အမြန်ပြေးပြီး ထိုနေရာဆီသို့ အမြန်ခုန်လိုက်သည် ။
ကျင်းမင်က သူ့နောက်မှာ လိုက်လာပြီး ဒူးထောက်လိုက်ရင်း တုန်ရီနေသည်။ ကျုံးရှီယို့သည် အတော်သန်မာပြီး အခုထိ ပြေးရန် ခွန်အားများ ရှိနေဆဲပင်ဖြစ်ပြီး သူကတော့ ခြေထောက်တွေကိုတောင် မမြှောက်နိုင်ချေ။
ကျုံးရှီယို့သည် ကျုံးယို့ယို့၏ အနီးစပ်ဆုံး တည်နေရာအကြောင်း ရွှီရှောင်ယွဲ့ကို မေးမြန်းခဲ့ပြီး ရွှီရှောင်ယွဲ့ထံမှ မနာလိုစိတ်နှင့်အားကျစိတ်က ပေါက်ကွဲထွက်လာသည်။ ကျုံးယို့ယို့သည် ဘဝမှာ အောင်မြင်သူ တစ်ဦးဖြစ်သည်။ သူမသည် အချမ်းသာဆုံး မိသားစုတွင် မွေးဖွားလာခဲ့ခြင်းမှာ အရေးမကြီးေချ။ သူမမောင်လေးက သူမ အရမ်းပင်ပန်းသွားမည်ကို ကြောက်နေပြီး အမှန်တကယ်ပင် သူမနေရာ အတိအကျရှာနေသည်။
ကျုံးရှီယို့သည် တဟုန်ထိုး ပြေးလာခဲ့ပြီး နောက်ဆုံးတွင် ရွှီရှောင်ယွဲ့အထက် မီတာ ရာဂဏန်းအကွာတွင် ကျုံးယို့ယို့ကို တွေ့ရှိသည်။ သစ်ပင်အောက်တွင် သူမက အနားယူနေသည်။
ကျုံးရှီယို့ ဝမ်းသာအားရနှင့် ချွေးတွေကို လက်ဖြင့် သုတ်ရင်း အလွန်ရှက်သလို မထင်ရအောင် ခြေလှမ်းရင်း လမ်းလျှောက်သွားသည်။
သို့သော် သူ မရောက်မီတွင် မလှမ်းမကမ်း လမ်းမပေါ်မှ ကားတစ်စီးလာသံကို ကြားလိုက်ရပြီး သူ မရေမတွက်နိုင်အောင် ညည်းတွားခဲ့ဖူးသော ယောက်ဖလာနေသည်ကို တွေ့လိုက်ရသည်။
ယောက်ဖရောက်လာတာနှင့် သူ့အစ်မကို ကျောပေါ် ကုန်းပိုးသွားလေသည်။
သူမက ယောက်ဖလည်ပင်းကို လက်များဖြင့် ပွေ့ဖက်ထားကာ တစ်စုံတစ်ခုကိုပင် ရယ်မောနောက်ပြောင်လိုက်ပြီး ယောက်ဖလည်ပင်းကို နီရဲသွားစေသည်။
ထို့နောက် ယောက်ဖက သူ့အစ်မကို တောင်ပေါ်သို့ ချီခေါ်သွားသည်။
ကျုံးရှီယို့ : "…..."
သူ ရပ်တန့်လိုက်သည်။ သူ့ေယာက်ဖ ချင်းယောင်ကို ယခု နည်းနည်းမှ မကြိုက်တော့ချေ။ ဤအရာမည်သို့ ခေါ်သနည်း။ သူများတန်ဖိုးထားရသည့်အစ်မကိုလုယူခြင်း။တစ်ယောက်ယောက်ကို ခေါ်ဖို့လာလျှင် နောက်မှာ တစ်ယောက်ယောက်ရှိသလားပင် မမြင်ကြချေ။ သူတို့နှစ်ယောက်လုံး သူ့အား သတိမပြုမိကြပေ။ သူက လေထုနှင့်တူနေသည်လား။
သူသည် စူးစူးဝါးဝါးစိုက်ကြည့်ရင်း ချင်းယောင်နှင့် ကျုံးယို့ယို့၏နောက်သို့ စိတ်ပျက်လက်ပျက် လိုက်သွားသည်။
ခဏကြာပြီးနောက် ကျင်းမင်က အမြန်ပြေးလာပြီး ညည်းညူသည်။ " မင်း အရမ်းမြန်ချက်ပဲ၊ မင်းကို ရှာမတွေ့လုနီးပါးပဲ၊ မင်းအစ်မကို တွေ့ပြီလား "
" တွေ့ပြီ " ကျုံးရှီယို့က နှာမှုတ်ထုတ်လိုက်ပြီး သူ့ဦးခေါင်းဖြင့် ညွှန်ပြသည်။
" သူက ငါ့ယောက်ဖနဲ့ရှိနေတယ် "
ကျုံးရှီယို့ပြောသည့်စကားက အနည်းငယ်ချဉ်နေလေသည်။ ကျင်းမင်က သူ့ကို ကြည့်ပြီး သေလောက်အောင် ရယ်မောသည်။ ကျုံးရှီယို့ စိတ်အားထက်သန်မှုနှင့် ပြေးလွှားခဲ့သော်လည်း ယခုအခါ ချွေးများရွှဲပြီး ပင်ပန်းညှိုးနွမ်းနေပုံပေါ်သည်။
ကျင်းမင်နောက်သို့ ကောင်မလေးတစ်ယောက်လိုက်လာသည်။ ရှဲ့ရှောင်၀မ်သည် သူ၏နောက်သို့ အလျင်အမြန် လိုက်လာကာ အလွန်အမင်း မောမနေစေရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း မိန်းကလေးတစ်ယောက်၏ ကာယကြံ့ခိုင်မှုမှာ ယောက်ျားလေးလို မကောင်းမွန်ဘဲ ဖြူဖျော့နေပြီဖြစ်သည်။
သူမ ကျုံးရှီယို့နောက်ကို ပြေးလိုက်လာပြီး သက်ပြင်းချရင်း သူမလက်ထဲက ဓာတ်သတ္တုရေကို ကျုံးရှီယို့ကို ပေးကာ
" ကျုံးရှီယို့ နင် ဒီထိလာခဲ့ပြီး ရေမသောက်ရသေးဘူး။ ရေငတ်နေလောက်မှာမို့ ငါ ရေယူလာပေးတယ် "
" မင်းက အာရုံစိုက်ရမဲ့မိန်းကလေးပဲ " ကျင်းမင် အနည်းငယ် အံ့သြသွားသည်။
ကျုံးရှီယို့သည် ငယ်စဉ်ကပင် အခြားမိန်းကလေးများအပေါ် ယဉ်ကျေးပြူငှာတတ်သည်။ ထို့ကြောင့် သူသည် ထိုအကြောင်းကို သိပ်မစဉ်းစားတော့ဘဲ ကျေးဇူးတင်ကြောင်းပြောကာ ရေကိုယူ၍ တစ်ဝက်ကို ကိုယ်တိုင်သောက်ကာ ကျန်တစ်ဝက်ကို ကျင်းမင်ထံ လွှင့်ပစ်လိုက်သည်။
ရေသောက်ပြီးနောက် ရှဲ့ရှောင်ဝမ်ထံသို့ ရုတ်တရက် ကျောပေးကာ ငုတ်တုတ်ထိုင်ချလိုက်သည်။
ကျုံးရှီယို့က ကျုံးယို့ယို့နှင့် ချင်းယောင်တို့ အတိုင်းပဲ သူမကို ကျောပေါ် ကုန်းပိုးမည်ထင်ပြီး ရှဲ့ရှောင်၀မ် ပျော်ရွှင်နေသည်။
သူမနှင့် ကျုံးရှီယို့တို့သည် ယခုရက်ပိုင်းအတွင်း အတော်လေး အဆင်ပြေနေကြပြီး နောက်အပတ် လက်ဆောင်များရွေးချယ်ရန် ချိန်းထားပြီးဖြစ်သည်။
မထင်မှတ်ပဲ သူမ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ကျောပေါ် တက်မည့်ဆဲဆဲတွင် ကျုံးရှီယို့က ရုတ်တရက် ထရပ်လိုက်သည်။
ရှဲ့ရှောင်၀မ်က ရပ်တန့်ရန် မမှီဘဲ ကျုံးရှီယို့၏ နောက်ကျောကို တိုက်မိလိုက်သည် ။
"...."
ကျုံးရှီယို့က သူမကို နားမလည်နိုင်စွာ စိုက်ကြည့်ရင်း " လမ်းလျှောက်တာ ကြည့်လျှောက် "
ရှဲ့ရှောင်၀မ်သည် ကျုံးရှီယို့၏ ဖိနပ်ကြိုးများကို ကြည့်ရင်း သူမ၏မျက်နှာသည် တောင့်သွားသည်။ ကျုံးရှီယို့သည် သူ၏ ဖိနပ်ကြိုးများကို ကြိုးချည်ရန် ပြုလုပ်နေခဲ့ခြင်းဖြစ်လေသည်။
"....."
ကျုံးရှီယို့သည် ကျင်းမင်၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး အပေါ်ထပ်သို့ အလျင်အမြန် လျှောက်သွားရင်း ကျုံးယို့ယို့နှင့် ချင်းယောင်တို့၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ သူ့မျက်နှာအမူအရာက 'ငါ့အစ်မကို တခြားသူလုသွားလို့ ငါမပျော်ဘူး ' ဟု ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီး သူက ရှဲ့ရှောင်၀မ်၏ ကသိကအောက်အမူအရာကို လုံးဝ သတိမထားမိပေ။
တောင်ထိပ်ပေါ်ရှိ ဗီလာသည် အလွန်ကျယ်ဝန်းပြီး အပြင်ဘက်မှကြည့်လျှင် ရှေးကျပြီး အတွင်းပိုင်းတွင်တော့ ရေကူးကန်နှင့် ရေပူစမ်းများပါသည့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည်။
မင်းသယ်အထက်တန်းကျောင်းသည် လွန်ခဲ့သည့်နှစ်တွင် ကျောင်းတစ်ခုလုံး စုပေါင်းလှုပ်ရှားမှုအတွက် ပြည်နယ်ပြင်ပရှိ ပြတိုက်တစ်ခုသို့ သွားခဲ့သည်။ အတိုချုပ်အားဖြင့် မင်းသယ်ကို သာမာန်လယ်ယာအိမ်တွင် တည်းခိုသော အခြားကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် အားကျကာ နာကြည်းခဲ့ကြသည်။
ထိုအချိန်တွင် မင်းသယ်မှ ကျောင်းသားများသည် အလွန်ဂုဏ်ယူကြပြီး နှစ်စဉ်ကျူရှင်ခများ မြင့်မားနေသဖြင့် ကျောင်းက ကြိုးစားအားထုတ်မှုလေး မရှိပါက ၎င်းတို့အတွက် စိတ်မကောင်းဖြစ်ရမည်။ လိုရာခရီးကို ရောက်သောအခါ ပညာရေးဌာနမှူးက ဘာမျှမေကြညာမီတွင် အတန်းတိုင်းမှ ကျောင်းသားများသည် သူတို့၏ ဇက်ကြိုးများမှ လွတ်မြောက်လာသော သိုးများကဲ့သို့ပင် ဗီလာထဲသို့ ပျော်ရွှင်စွာ ပြေးသွားကြသည်။
ကျုံးယို့ယို့သည် ယွမ်ယွမ်နှင့်အတူအခြားသူများအတွက် ကျောင်းမှစီစဉ်ထားသော အခန်းများသို့ မသွားဘဲ ချင်းယောင်နှင့်အတူ ဗီလာနောက်ဘက်ရှိ VIP အခန်းသို့ လာသည်။
" ဒီမှာ မြင်ကွင်းအရမ်းကောင်းတယ် " ကျုံးယို့ယို့သည် အခန်း၏ ပြင်သစ်စတိုင်ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ကာ အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ဗီလာ၏ ညမြင်ကွင်းက ဖမ်းစားလုနီးပါးပင်။
ချင်းယောင်က ခရီးဆောင်အိတ်ကို ဖြည်လိုက်ပြီး " မင်းအရင်ရေချိုးပြီး နောက်မှထမင်းသွားစားချင်လား "
ကျုံးယို့ယို့က သူ့နဖူးပေါ်က ချွေးပေါက်တွေကို ကြည့်လိုက်ပြီး လမ်းလျှောက်လာကာ နဖူးကို သုတ်ပေးလိုက်သည်။
" အရမ်းလေးနေလို့လား "
ချင်းယောင်က သူမကို တစ်ချက်ပြုံးလိုက်ပြီး " ဘယ်လိုထင်လဲ၊ မင်း အလေးချိန်ဘယ်လောက်လဲ "
ကျုံးယို့ယို့က ဒေါသထွက်ဟန်ဆောင်ကာ ပါးစပ်ကို ဖုံးအုပ်ထားပြီး " ချင်းယောင် ရှင်ကျွန်မကို မကြိုက်ဘူးပေါ့လေ။ တခြားသူရဲ့ ကိုယ်အလေးချိန်ကို မေးတာဟာ သိပ်ကို မယဉ်ကျေးတဲ့ အပြုအမူပဲ"
ချင်းယောင်က "မင်းက တခြားသူမဟုတ်ဘူး "
" ဒါဆိုရင် ရှင်ကံမကောင်းတော့ဘူး။ ကျွန်မ ဆက်စားတော့မယ်၊ ပိုလေးလာတဲ့အခါ ရှင့်ကို သယ်ခိုင်းလိုက်အုံးမယ် " ကျုံးယို့ယို့ သူမ၏နှလုံးသားထဲတွင် ချိုမြိန်စွာခံစားလိုက်ရသည်။
သို့သော် ချင်းယောင်က ပင်ပန်းလွန်းနေသဖြင့် သူမ စိတ်မကောင်းဖြစ်ပြီး လက်ကိုလွှတ်လိုက်ကာ ရေချိုးခန်းထဲ တွန်းပို့လိုက်သည်။
" ရှင်အရင်ရေချိုးလိုက်၊အေးအေးဆေးဆေး ရေချိုးပြီးနေလိုက်။ထွက်လာရင် ကျွန်မ လက်တွေ ခြေထောက်တွေကို နှိပ်ပေးမယ် "
ချင်းယောင်ပြုံးလိုက်သည်။
ချင်းယောင်သည် ရေချိုးခန်းထဲဝင်သွားပြီးနောက် ကျုံးယို့ယို့ ခရီးဆောင်အိတ်များကို စတင်ဖြည်ရန် ထိုင်ချလိုက်သည်။ တစ်ညတည်းသာ တည်းခိုမည်ဖြစ်သောကြောင့် ပစ္စည်းအများကြီးမယူခဲ့ဘဲ တောင်ေပါ်လေကိုခံစားဖို့ စကတ်ရှည်လေးသာယူလာသည် ။
မနက်ဖြန် နေထွက်မည်ကို သူမ စောင့်မျှော်နေမိသည်။
ကျုံးယို့ယို့ ထိုကြည်နူးဖွယ်အခိုက်အတန့်အတွက် ဘာဝတ်ရမည် စဉ်းစားနေချိန်တွင် တံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်ရသည်။ သူမ ချက်ချင်းထဖွင့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော ချီဖောင်(တရုတ်ရိုးရာမော်ဒန်၀တ်စုံ) ၀တ်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် သူ့ထက် နှစ်နှစ်ခန့်ကြီးပုံရပြီး ချောမောလှပသည်။ သူမက ကျုံးယို့ယို့ကိုမြင်သောအခါ မျက်နှာပေါ်ရှိ အပြုံးသည် သိသိသာသာ အေးခဲသွားသည်။
ခဏရပ်တန့်ပြီးနောက် သူမက " မင်းက ကျုံးယို့ယို့လား" ဟုမေးသည်။
" ရှင် ကျွန်မကို သိတာလား " ကျုံးယို့ယို့က တုံ့ပြန်လိုက်၏ ။ " အလုပ်ကိစ္စရှိလို့ ချင်းယောင်ကိုရှာနေတာလား။ သူရေချိုးနေတယ် "
" ချင်းယောင်က အခန်းကိုကြိုတင်ပြီး ဘိုကင်တင်ထားခဲ့တာ ကျွန်မထင်တာ..." အမျိုးသမီးက တုံ့ဆိုင်းသွားသည်။
ကျုံးယို့ယို့က လက်နှစ်ဖက်ကို ပိုက်ပြီး တစ်ခုခုကို အာရုံခံမိသည်။ ' ဘာလဲ ချင်းယောင် တစ်ယောက်တည်း လာတယ်လို့ ထင်နေတယ်လား '
အမျိုးသမီးက စကားမဆုံးသွားချေ။ သို့သော် သူ့မျက်နှာမှာ အပြုံးတစ်ခုပြန်ပေါ်လာသည်
"ကျွန်မက ဖုန်းစစ်ပါ။ ဒီဗီလာက ကျွန်မမိသားစုပိုင်ပါ။ ချင်းယောင်က မင်းကိုပြောနေတာ ခဏခဏကြားရတယ်။ တွေ့ရတာဝမ်းသာပါတယ် "
ကျုံးယို့ယို့သည် သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ " ရှင် ကိစ္စတစ်ခုခုရှိလား ချင်းယောင်ကို ဘာစကားပါးရမလဲ "
ဖုန်းစစ်က ပြုံးပြီး လေးနက်စွာပြောလာသည်။ " ဒါက.. သိပ်အဆင်မပြေဘူး "
ကျုံးယို့ယို့ : "……"
ဖုန်းစစ်က ထပ်မံပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။
ကျုံးယို့ယို့၏ မျက်နှာသည် မည်းမှောင်လာပြီး တံခါးကို ကြမ်းတမ်းစွာ ပိတ်လိုက်သည်။
သူမသည် ဒေါသတကြီးဖြင့် ရေချိုးခန်းကို လှမ်းကြည့်ကာ ရုတ်တရက် " ချင်းယောင် ဒီလောက်ကြာအောင် ရေချိုးနေတာ ဘာလို့ ချော်လဲမကျသွားတာလဲ "
ရေချိုးခန်းထဲတွင် ချင်ယောင်သည် စကားအနည်းငယ်သာ ကြားလိုက်ရသည်။
"..."
ကျုံးယို့ယို့သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အာရုံလွှဲရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ဤဖုန်းစစ်သည် ဘယ်ကလာသနည်းဟု သူမ မတွေးမိသေးပေ။
xxxxxxx