Chapter 155
ကျုံးယို့ယို့က သူ့ကို ဘယ်သောအခါမှ သ၀န်တိုခြင်းမဖြစ်ခဲ့သဖြင့် ထိုအကြောင်း အမြဲတွေးနေခဲ့ပေမယ့် ကျုံးယို့ယို့ သ၀န်တိုလာသည့်အခါ အနည်းငယ် မပျော်ရွှင်ဖြစ်ကာ သူက ပြန်ပြီး စိတ်မကောင်းဖြစ်မိပြန်သည်။ လူတွေက ဤကဲ့သို့ ဆန့်ကျင်ဘက်သတ္တ၀ါများ ဖြစ်နေသနည်း။
ကျုံးယို့ယို့သည် သူမ၏ပါးပြင်ကို သူ့ရင်ခွင်ထဲတွင် မြှုပ်ထားပြီး နူးညံ့စွာ နှာမှုတ်ရင်း" ကျွန်မက မကြာခဏ သ၀န်တိုပုံမပေါ်ပေမယ့် တကယ်တော့ ကျွန်မက အရမ်းသ၀န်တိုတတ်တယ်။ နောင်တစ်ချိန်မှာ ရှင်ကျွန်မကို သ၀န်တိုတာ လုံးဝမဖြစ်စေရင် တခြားမိန်းမတွေနဲ့ အကွာအဝေးခပ်ကြီးကြီး နေကိုနေရမယ် "
သူမစကားတွေက နည်းနည်း ယုတ္တိမဲ့ပုံပေါက်ပေမယ့် ချင်းယောင်၏မျက်လုံးတွေက တောက်ပနေပြီး သူ၏ပါးစပ်ထောင့်ကပြုံးနေလေသည်။
" ကောင်းပြီ၊ မင်းကို ကတိပေးတယ်၊ တခြားအမျိုးသမီးကို ကပ်ရောဂါအဖြစ်နဲ့ ဝေးဝေးမှာ ထားပြီး ပြောဆိုမယ် "
ချင်းယောင်က ကျုံးယို့ယို့၏ အနက်ရောင်ဆံပင်တွေေပါ်ကို မေးစေ့တင်ပြီး သူ့ရင်ခွင်ထဲ ပိုတင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
ဤလောကမှာ သူအလွန်ချစ်ရသည့်လူက သူ့ကို နက်နက်ရှိုင်းရှိုင်း ပြန်ချစ်မိလာသည့်အရာထက် သူ့အား ပို၍ပျော်ရွှင်စေသည့်အရာ မရှိချေ။
ထို့နောက် တိတ်ဆိတ်သော ညလေးတစ်ညကုန်ဆုံးသွားသည်။
.....
ဤနွေဦးခရီးတိုသည် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီ နောက်ဆုံးပြင်ပလှုပ်ရှားမှုဖြစ်သည်။ ကျောင်းသို့ပြန်ရောက်ပြီးနောက်တွင် လေထုသည် သိသိသာသာ ပြင်းထန်လာသည်။ ကျောင်းတစ်ခုလုံးသာမင အခြားကောလိပ်နှင့် တက္ကသိုလ်များပင်လျှင် အတူတူပင်။
အတန်းတစ်ခုလုံးတွင် ဤရုတ်တရက်ပြောင်းလဲမှုကို လူအတော်များများက အသားမကျကြသော်လည်း ဤတင်းမာသောလေထုထဲသို့ ပေါင်းစည်းရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေမီ ရက်နှစ်ဆယ်သာကျန်တော့သည်ဖြစ်သောကြောင့် စင်္ကြံတွင် လူသွားလူလာကို တွေ့ရခဲသည်။ အတန်းတိုင်း၏ ကျောက်သင်ပုန်းပေါ်တွင် နေ့ရက်နောက်ပြန်ရေတွက်သည့် ဇယားဆွဲသားထားပြီး ဆိုးရွားသောလေထုကို တိုးလာစေသည်။
အတန်းအားလုံး၏ အခြေအနေသည် ဤကဲ့သို့ဖြစ်ပြီး အခန်း (၁၉) သည် ခြွင်းချက်မဟုတ်ပေ။
နွေဦးရာသီမစခင်မှာ ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့သည် တစ်တန်းလုံးကို အချိန်အတော်ကြာ ပြန်လည်လေ့ကျင့်ရန် ပြင်ထားပြီးသားပြီးဖြစ်သည်။
အခန်း(၁၉)သည် ပြီးခဲ့သည့် လစဉ်စာမေးပွဲတွင် ကောင်းမွန်စွာ တိုးတက်မှု ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း ဤအတန်း၏ အခြေခံအုတ်မြစ်မှာ အခြားအတန်းများထက် များစွာ အားနည်းသည်။
ကျုံးယို့ယို့သည် တခါတရံ နောက်တန်းမှ ယောက်ျားလေးအချို့ ဆရာမပြောသော အခြေခံမေးခွန်းကို နားမလည်သည့်အခါ သို့မဟုတ် အချို့သော အခြေခံမေးခွန်းကို မဖြေနိုင်သောအခါတွင် ခေါင်းကုတ်သည်ကို မြင်ရပြီး သူမ စိတ်ပူလာသည်။
နောက်ဆုံးတွင် သူမသည် ဤအတန်း၌ တစ်နှစ်ခန့်နေခဲ့ပြီး အတန်းဖော်တိုင်းအတွက် ခံစားချက်များရှိလေသည်။
သို့သော် ကျုံးယို့ယို့က အများကြီး လုပ်မနိုင်ဘဲ ပြန်လည်သင်ခန်းစာများကို ပြုလုပ်ရာတွင်သာ သူမအတတ်နိုင်ဆုံး ပိုကြိုးစားနိုင်သည်။
ရန်ကျီအန်းသည် ခိုင်မာသောအခြေခံအုတ်မြစ်ရှိပြီး အသိပညာရမှတ်များကို ခွဲထုတ်ရာတွင် အလွန်ကောင်းမွန်သောကြောင့် ကျောင်းသားများအတွက် အခြေခံမှစပြီး အရေးကြီးဆုံး အသိပညာရမှတ်များပါသည့် လေ့ကျင့်ခန်းများစွာကို ရွေးထုတ်ရန် အဓိကတာဝန်ရှိပြီး အတန်းပြီးသောအခါ လူတိုင်းက အတူဝိုင်းဖွဲ့ကြသည်။
ကျုံးယို့ယို့သည် သင်္ချာနှင့်ရူပဗေဒ၏ နောက်ဆုံးမေးခွန်းကြီးများကဲ့သို့သော ပိုခက်ခဲသော မေးခွန်းများအတွက် အဓိက တာဝန်ရှိသည်။ သူမသည် ထိုမေးခွန်းများအတွက် ဖြစ်နိုင်ချေရှိသော အဖြေအားလုံးကို စာရင်းပြုစုပြီး ကျောင်းသားတစ်ဦးစီအတွက် ရှင်းလင်းသော လမ်းကြောင်းကို ညွှန်ပြသည်။
ဤအရာက အတန်းဖော်တွေကို တိုက်ရိုက်ခွဲေပးထားသည့်အရာတွေကို ပေးခြင်းနှင့် ညီမျှ၏။ ယခုအချိန်ထိရောက်နေပြီဖြစ်သဖြင့် အတန်းထဲက ကျောင်းသားတွေက ထိုအရာများကို အသေးစိတ်ခွဲထုတ်ဖို့ အချိန်မရှိသည်က သဘာဝဖြစ်သည်။
ဟုတ်ပါ၏၊ ဤအရာများကို သင်ကြားရေးအထောက်အကူပြုစာအုပ်များမှာ တွေ့နိုင်သည်။ ယုတ္တိမရှိညံ့ဖျင်းသော သင်ကြားရေးအေထာက်အကူမဟုတ်သရွေ့ ၎င်းတို့သည် အခြေခံအားဖြင့် ဤအရာများကို စာရင်းပြုစုထားမည်ဖြစ်သည်။
ကျုံးယို့ယို့သည် မေးခွန်းအမျိုးအစားများစွာအတွက် သူမကိုယ်ပိုင်အဖြေများ ရှိသော်လည်း ၎င်းတို့သည် လူတိုင်းအတွက် မသင့်လျော်ပေ။ အတန်းရှိလူအများစုသည် ခိုင်မာသောအခြေခံအုတ်မြစ်မရှိသည့်အပြင် ထိုအဖြေများ၏ အတွင်းစနစ်က နားလည်ရန်ခက်ခဲသည်။
သို့သော်ငြား ရိုးရိုးသားသားပြောရလျှင် သင်ယူခြင်းနှင့် ပတ်သက်သည့် အရေးကြီးဆုံးအရာက ညွှန်ကြားချက်စာအုပ်မဟုတ်ဘဲ စိတ်အားထက်သန်မှုဖြစ်သည်။
ထိုသို့မဟုတ်လျှင် အခန်း ၁၉ မှကျောင်းသားများရှေ့တွင် သုံးနှစ်ကြာအောင် သင်ထောက်ကူတွေ ချထားခဲ့သော်လည်း သူတို့အတန်းက အဘယ့်ကြောင့် ဤကဲ့သို့ ညံ့နေရသနည်း။
အဘယ့်ကြောင့်ဆိုသော် သူတို့က ထိုအရာများကို ယခင်က မဖွင့်ခဲ့ကြသောကြောင့်ပင်။
သို့သော် ယခုအခါတွင်မူ တကယ်ပင် ကွာခြားသွားသည်။ သူတို့သည် ကျုံးယို့ယို့စာသင်သည့်အခါ ကျုံးယို့ယို့၏မျက်မှောင်ကြုတ်ပြီး လေးနက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူတို့ထက် ပိုမိုထူးချွန်ကာ ပို၌ ကြိုးစားနေသည်ဖြစ်ပြီး ဆော့ကစားနေရန်က မည်ကဲ့သို့ အရည်အချင်းရှိမည်နည်း။
ကျုံးယို့ယို့သည် လူတိုင်းကို အကြပ်အတည်းခံစားရစေသည့် ဤစံနမူနာကို ချမှတ်ခဲ့သည်။ ထို့ကြောင့် ပြန်လည်သင်ကြားချိန်များတွင် ကျောင်းသားများ၏ စိတ်စွမ်းအင်များသည် လွန်ခဲ့သော သုံးနှစ်အတွင်း မည်သည့်အချိန်များထက်မဆို သိသိသာသာ အာရုံစူးစိုက်လာကြသည်။
ရလဒ်အနေဖြင် ပိုလေ့လာလေလေ ပိုစွဲလမ်းလာလေလေဖြစ်စေသည်။ အမှန်တကယ် စွဲလမ်းစေခြင်းဖြစ်ပြီး သူမလိမ်ညာခြင်းမဟုတ်ပေ။
ရက်နှစ်ဆယ်အတွင်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို မကြည့်ဘဲ သုံးရက်အတွင်း ဖြေဆိုရမည့် ပေါင်းစည်းစာမေးပွဲကိုသာ ကြည့်ပြီး နောက်ဆုံး လစဉ် စာမေးပွဲထက် သာလွန်ပါက သူတို့၏ ခါးများ မည်မျှမာေတာင့်နေမည်နည်း။
……
ထို့ကြောင့် ဤပြန်လည်သင်ကြားချိန်အစတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာ ရေဘားတန်းတွင် ပါဝင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အတန်းတွင်းရှိလူများ ပိုမိုများပြားလာပြီး ရေဘားသည် ပြည့်လုနီးပါးဖြစ်ခဲ့သည်။
စွန်းမန့်၏ဝမ်းကွဲသည်လည်း အလွန်ပျော်ရွှင်နေ၏။ အကြောင်းမှာ ဤအရာက သူ့ဆိုင်ကိုလုပ်ငန်းပိုဖြစ်လာသောကြောင့်ဖြစ်ကာ ဧည့်ခံသည်မှာလည်း အလွန်နွေးထွေးလေသည်။
သို့သော် နွေဦးရာသီအပြီးမှာ အတန်းတက်လိုသည့်သူများက ပိုများလာသည့်အတွက် အရင်ဧရိယာမှာ လူများများမထိုင်နိုင်တော့ချေ။
ထို့ကြောင့် ကျောင်းတံခါးကိုဖွင့်ထားရန် အစောင့်ကိုမေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ ပြန်လည်သင်ကြားချိန်အတန်းကိုစာသင်ခန်းထဲသို့ ရွှေ့လိုက်ရသည်။
သို့သော် လူတိုင်းသင်ခန်းစာများကို ပြင်းပြင်းထန်ထန် လုပ်နေချိန်မှာ စွန်းမန့် အနည်းငယ် စိတ်ဓာတ်ကျနေသည်။
သူမသည် ယခင်မှားယွင်းခဲ့သောမေးခွန်းများကို ထပ်ခါတလဲလဲ အမှားပြင်ဆင်ခဲ့ပြီး အမှားအယွင်းများသော ဗဟုသုတရမှတ်များကို အလွတ်ကျက်ခဲ့သည်။ သို့သော် သူမ၏ မှတ်စုစာအုပ်ကို ပိတ်ပြီး ပြန်လည်ဖြေဆိုသောအခါတွင် အမှတ်မြင့်မြင့်ရရန် ခက်ခဲနေဆဲဖြစ်သည်။ အထူးသဖြင့် သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ၉၀ ၀န်းကျင်၌သာ အမြဲရှိနေသည့် သူမ၏ ရှက်စရာရမှတ်များကို ကြည့်ရင်း စာရွက်များကို အရူးအမူး ဖြဲပစ်လိုသည်။
သူမတွင် ယွီမုသစ်သားကဲ့သို့ ဦးနှောက်ရှိသည်ဟုပင် ထင်သည်။
ငယ်စဉ်ကတည်း အခြားသူများ တစ်ရက်တည်းဖြင့် သင်ယူနိုင်သည်များကို သူမ သင်ယူနိုင်ရန် နှစ်ရက်ခန့် အချိန်ယူခဲ့ရသည်။
ငယ်စဉ်အချိန်ကမူ ကိစ္စမရှိဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နိုင်ခဲ့သည်။ လိပ်နှင့်ယုန်တို့၏ အပြေးပြိုင်ပွဲမှာ လိပ်က အမြဲအနိုင်ရသည်။ ငှက်အုပ်စုတစ်စု ပျံသန်းသည့်အခါ ငတုံးငှက်က အမြဲတမ်း အရင်ပျံသန်းသည်။ သူမလိုအပ်သည်က လုံ့လဝီရိယရန်သာဖြစ်သည်။ ထို့ကြောင့် သူမသည် ငယ်စဉ်ကလေးဘဝကတည်းက ကြိုးစားအားထုတ်မှုဖြင့် လူများစွာကို ကျော်ဖြတ်ခဲ့သော်လည်း ယခုအခါ သူမလုပ်ချင်သည်ကို မလုပ်ဆောင်နိုင်တော့ဟု ခံစားလာရသည်။
အထူးသဖြင့် ကျုံးယို့ယို့နှင့်ရန်ကျီအန်းတို့ က တစ်တန်းလုံးကို သူတို့ဝမ်းကွဲ၏ဆိုင်တွင် ကျူရှင်ဆရာလုပ်နေသည်ကို တွေ့လိုက်သောအခါတွင် သူမစိတ်နှလုံးအောက်ခြေမှ ထွက်လာသော စိတ်ပျက်အားငယ်မှုနှင့် အားအင်မဲ့မှုတို့သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ရွှီရှောင်ယွဲ့ကဲ့သို့ပင် သူမသည်လည်း ပြန်လည်သင်ကြားရေးအတန်းကို မတက်ခဲ့ပေ။
ရွှီရှောင်ယွဲ့သည် မာနကြီးပြီး ဟန်ဆောင်ကာ ပါဝင်ရန်ပင် စိတ်မရှိချေ။ သို့သော် သူမအတွက်မူ ရှက်မိနေလေသည်။
သူမကား စာမေးပွဲတိုင်းတွင် အဆင့်တစ််ဆယ်အတွင်း ၀င်ခဲ့ပြီး ယခင်က ရန်ကျီအန်းအပါအ၀င် တခြားသူများနှင့် ယှဉ်ပြိုင်ခဲ့ဖူးရာ ယခုအခါ စာညံ့သောကျောင်းသားအုပ်စုနှင့် မည်ကဲ့သို့ အတူသင်ကြားနိုင်မည်နည်း။ ၎င်းသည် အတန်းတွင်းရှိ အတန်းဖော်နှစ်ဦးမှ စီစဉ်ပေးသည့် အတန်းတစ်ခုလည်းဖြစ်ပေသည်။
သူမအတန်းဖော်များ၏ အထင်အမြင်တွင် သူမ၏အမှတ်များသည် အမြဲတမ်း ကောင်းမွန်သော်လည်း ဘာသာရပ်အသီးသီး၏ ရမှတ်များကို အနီးကပ် လေ့လာကြည့်လျှင် အမှန်တကယ် တစ်ဖက်စောင်းနင်းဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ တရုတ်နှင့် အင်္ဂလိပ်ရမှတ်တွေက တကယ်ပင် အလွန်မြင့်မားပေမယ့် သင်္ချာ၊ရူပဗေဒနှင့် ဓာတုဗေဒရမှတ်တွေက တကယ်ပင် ရှုပ်ေထွးသည်။
ထို့အပြင် သူမသည် မူလက တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများကို ယုံကြည်မှုရှိပြီး အနည်းငယ်ရှိခဲ့သည်။ နောက်ဆုံးတွင် သူမသည် ဤဘာသာရပ်နှစ်ခုတွင် အတန်းထဲတွင် ပထမဆုံးဖြစ်သည်။ သို့သော် ကျုံးယို့ယို့ရောက်ရှိလာပြီးနောက် ကျုံးယို့ယို့၏ တရုတ်၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒတို့ကို သူမမြင်လိုက်ရပြီး ဘာသာရပ်အားလုံး၏ အမှတ်များသည် အလွန်ကောင်းမွန်ပြီး လူတိုင်း၏စိတ်ကူးယဥ်မှုများကို ဖြတ်ကျော်နိုင်သည်။
သိပ္ပံပြိုင်ပွဲတွင် မြို့နယ်ပထမအဆင့်ဖြစ်ခြင်းမှ နိုင်ငံလုံးဆိုင်ရာ ဖိုင်နယ်သို့ ဝင်ရောက်ကာ သုတေသနဌာနမှ ဖိတ်ကြားခြင်းခံရခြင်းထိပင်။
တရုတ်နှင့် အင်္ဂလိပ်စာတို့ထံမှ ရရှိခဲ့သော ယုံကြည်မှုအနည်းငယ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
နောက်ဆက်တွဲဖြစ်လာသည်က ပြင်းထန်လာသည့် ပြိုလဲမှုနှင့် သိမ်ငယ်မှုပင်။
စွန်းမန့် ဤခံစားချက်များအကြောင်း တခြားသူများကို မပြောနိုင်ချေ။ သူမသည် အတန်းထဲ၌ သူငယ်ချင်းအများအပြားမရှိဘဲ အိမ်ပြန်ရောက်သည့်အခါ သူမမိဘများက နွားနို့မြန်မြန်သောက်ခိုင်းပြီး စာကျက်ဖို့ တိုက်တွန်းကြသည်။
ကျောင်းလွယ်အိတ်က ပိုပိုလေးလာပြီး သူမသည် သင်ယူမှုစက်တစ်ခုလို ပို၍ပို၍ခံစားလာရကာ သင်ယူမှုက မည်သည့်အတွက်ကြောင့်ဆိုသည်ကိုပင် မသိချေ...
ကျောင်းဆင်းသည့်အခါတိုင်း စွန်းမန့် သည် စာသင်ခန်းထဲမှ မထွက်သေးဘူးဟု ပြောပြီး စာသင်ခန်းတံခါးကို အဆုံးမှာ ပြန်ပိတ်ခဲ့ေလ့ရှိသည်။ သို့သော် စိတ်ဖိစီးလွန်းခြင်းကြောင့် စာသင်ခန်းထဲမှာ ငိုယိုပြီး ပုန်းနေခဲ့ရသည်ကိုသူမသာလျှင် သိသည်။ စာသင်ခန်းထဲတွင်သာလျှင် စားပွဲပေါ်ခေါင်းတင်ကာ တစ်ခဏတာ ငိုကြွေးနိုင်လေသည်။
ထိုနေ့ ကျောင်းဆင်းခါနီးတွင် စွန်းမန့်သည် မေးခွန်းစာရွက်အစုံလိုက်လုပ်နေသည် ။ ပြီးဆုံးသွားသောအခါ သူမကိုယ်သူမ ပြန်လည်စစ်ဆေးသည် ။ အဖြေကို စစ်ကြည့်သည့်အခါ နောက်ထပ် ကြက်ခြေခတ် အနီကြီးများရှိသေးသည်ကို တွေ့လိုက်ရသည်။ ရမှတ်များ တွက်ချက်ရာတွင် အနည်းငယ် ပိုခက်ခဲသော စာမေးပွဲစာရွက်ဖြစ်သရွေ့ သူမ မ ဖြေဆိုနိုင်ဘဲ ရမှတ် ၉၀ ကျော်သာလျှင် ရသည်...
သူမ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုကုတ်ကာ အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးတွင် သူမ၏ စိတ်ဓာတ်ကို ချိန်ညှိကာ အဖြေမှန်များကို သူမဘေးရှိ ဘောပင်အနီဖြင့် သေသေသပ်သပ်ရေးခြင်းတွင် သူမကိုယ်သူမနှစ်မြှုပ်နေလိုက်သည်။
xxxxxx