Chapter 158
စွန်းမန့်ကအဖြေလွှာအပ်ပြီးနောက် သူမထိုင်ခုံတွင်ထိုင်နေချိန်တွင် သူမ၏မျက်နှာအမူအရာတစ်ခုချင်းစီအား အနားတွင်ရှိနေသော ကျောင်းသားများသည် တိတ်တဆိတ်ကြည့်နေကြသည်ကိုမသိလိုက်ပေ။
ကျုံးယို့ယို့အပါအဝင် အတန်း(၁၉)မှ ကျောင်းသားများသည် ဘာမှမပြောကြသော်လည်း သူတို့အားလုံးသည် နာရီဖယ်လိုက်ပြီးနောက် စွန်းမန့်သည်စာမေးပွဲတွင် အခြေအနေမည်သို့ရှိသည်ကို စိတ်ပူနေကြသည်။
လီသုန်းဖျင်သည်လည်း တာဝန်ကျသည့်အခန်းမှ အတန်း(၁၉)သို့အမြန်ပြေးလာခဲ့ပြီး စွန်းမန့်၏ စိတ်အခြေအနေမည်သို့ရှိသည်ကိုသိချင်မိ၏။
သူကစွန်းမန့်ကို ပြတင်းပေါက်အပြင်မှကြည့်လိုက်သည်။ သူမသည် ချွေးတွေစိုရွှဲနေသော်လည်း မျက်နှာသည် စိတ်ဓာတ်ကျနေပုံမပေါ်ဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုတို့အနည်းငယ်ရှိနေသယောင်ပင်ပေါ်နေသည်။
ဆရာတစ်ယောက်လုပ်ရသည်မှာမလွယ်ကူပေ။ ကျောင်းသားများ၏ အဆင့်များကို ဂရုတစိုက်ရှိရုံသာမက ကျောင်းသားများ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကိုလဲ စိတ်ပူရန်လိုအပ်သည်။
စုပေါင်းစာမေးပွဲကျင်းပသည့် နောက်သုံးရက်တွင်လည်း အတန်း(၁၉)မှ လူတိုင်းသည် သတိထားနေကြပြီး စွန်းမန့်ရှေ့တွင် စကားတစ်ခွန်းမှမဟခဲ့ပေ။
စွန်းမန့်သည်လည်း သင်္ချာတွင် ယုံကြည်မှုအနည်းငယ်ရရှိလာပြီးနောက် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒများတွင် သေချာဖြေနိုင်လိုက်သည်။ စာမေးပွဲခန်းထဲသို့ဝင်လိုက်လျှင်တောင် ယခင်နှင့်မတူဘဲ စိတ်သက်သက်သာသာ ဖြစ်နေသည်။
ကျုံးယို့ယို့သည် နိုင်ငံလုံးဆိုင်ရာဗိုလ်လုပွဲအတွက် ကြော်ငြာချက်ရရှိ၏။ ၎င်းက ကောလိပ်ဝင်ခွင့်စာမေးပွဲမစခင် ပိတ်ရက်တွင်ဖြစ်ပြီး သေချာစီစဥ်ထားခြင်းမဟုတ်ပေ။ ဗိုလ်လုပွဲသို့ရောက်ရှိထားသည့် ထိပ်ဆုံးအယောက်နှစ်ဆယ်သော ကျောင်းသားများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မစိုးရိမ်ကြသော်လည်း ဗိုလ်လုပွဲသည်သုံးရက်ကြာမြင့်သည့်နောက်ဆုံးစာမေးပွဲဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဖို့ သူတို့ခွန်အားကို ဘယ်လောက်ထိခိုက်စေလိုက်မလဲ။
သို့သော် ၎င်းသည်နောက်ဆုံးအဆင့်ဖြစ်ပြီး မည်သူမှ လွယ်လွယ်နှင့်လက်မလျော့နိုင်ကြပေ။ သုတေသီအဖွဲ့အစည်းမှ ဖိတ်ကြားခြင်းခံရရန် နောက်ဆုံးအခွင့်အရေးပင်ဖြစ်သည်။
ရလဒ်အနေနှင့် ကျုံးယို့ယို့သည် တခြားကျောင်းသားများထက်ပို၍ အလုပ်ရှုပ်နေသည်။
ချင်းယောင်အနေနှင့် ကျုံးယို့ယို့အလုပ်ရှုပ်နေသည်ကိုတစ်ခါမှမမြင်ဖူးပေ။ သူမသည်ကားတွင်ပေါ်လဲ မေးခွန်းအချို့ကိုလေ့ကျင့်နေသေးသည်။
မင်းသယ်အထက်တန်းကျောင်းမှကျောင်းသားများသည် ကန်တင်း၌ ထမင်းစား၍ မေးခွန်းတို့ကိုလေ့ကျင့်နေသော ကျုံးယို့ယို့ကိုမြင်သောအခါ မနေနိုင်ဘဲသက်ပြင်းချလိုက်ကြသည်။ သေချာပေါက် ဉာဏ်ကြီးရှင်တို့သည် တစ်ညတည်းနှင့် အောင်မြင်လာသည်မဟုတ်ချေ။ ကျုံးယို့ယို့ကဲ့သို့ ကောင်းကင်ထက်တွင် တောက်ပနေသော နိုင်ငံလုံးဆိုင်ရာဗိုလ်လုပွဲနောက်ဆုံးပြိုင်ပွဲဝင်တို့သည်လည်း နောက်ကွယ်တွင် လူမဆန်သည့် ပြင်းထန်လှသော ကြိုးစားအားထုတ်မှုတို့ကို လုပ်နေလျက်ရှိ၏။
လွန်ခဲ့သောဆယ်ရက်တွင် တစ်မြို့လုံးရှိ အထက်တန်းကျောင်းသားများသည် အလွန်ကြပ်တည်းနေခဲ့ကြသည်။
မင်းသယ်မဆိုထားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာအထက်တန်းကျောင်းများ၊ ဖေးယွင်၏ မြို့နယ်ကျောင်းများနှင့် တခြားသောကျောင်းများမှ ကျောင်းသားများသည်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စက်ရုပ်များကဲ့သို့ စာလုပ်ခြင်းအပေါ် အာရုံစိုက်လေကျင့်နေကြသည်။
…
အချိန်ကန့်သတ်ချက်ကြောင့် စုပေါင်းစာမေးပွဲ၏ ရလဒ်များသည် သုံးရက်အတွင်းစစ်ဆေးအပြီးသတ်ရသည်။
ယခုစာမေးပွဲတွင် အတန်း(၁၉)၏ အမှတ်များသည် ယခင်လပတ်စာမေးပွဲများထက် ပိုကောင်းလာသည်။ ကျုံးယို့ယို့၏ဦးဆောင်မှုနောက်သို့ ကျောင်းသားများသေချာလိုက်ပါကြပြီး ရန်ကျီအန်းသည်လည်း သူတို့အတွက် သင်ခန်းစားများကိုပြပေးရာ အားလုံး၏ လုပ်ဆောင်ချက်သည် အမြင့်သို့ခုန်တက်သွား၏။
ရုံးခန်းထဲတွင် လီသုန်းဖျင်နှင့် အတန်း(၁၉)မှတခြားသော ဆရာ၊ဆရာမများသည် အလွန်ဝမ်းသာနေကြသည်။ သို့သော် လီသုန်းဖျင်အတွက် ပိုအရေးကြီးသောအရာတစ်ခုရှိပြီး ၎င်းသည် စွန်းမန့်၏ သိပ္ပံအမှတ်ဖြစ်သည်။
ထိုအချိန်တွင် စွန်းမန့်သည် အဖြေလွှာများကိုကြည့်နေပြီး မယုံနိုင်ဖြစ်နေကာ မျက်ဆံတို့ပင် တုန်လှုပ်နေသည်။ သူမသင်္ချာတွင် အမှတ်၁၂၀ကျော်သည်။ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ အမှတ်များလည်းသိသိသာသာ တိုးတက်လာပြီး သိပ္ပံဘာသာရပ်တစ်ခုချင်းစီတွင်လည်း အမှတ်ဒါဇင်ကျော်တိုးလာသည်။ တစ်နည်းပြောရလျှင် ဘာသာရပ်တစ်ခုချင်းစီတိုင်းတွင် ယခင်ကထက် မေးခွန်းများကိုမှန်အောင်ဖြေနိုင်ခဲ့သည်။
သူမမြင်နေရသည်များကိုမယုံကြည်နိုင်ဘဲ နောက်တစ်စက္ကန့်တွင် မျက်လုံးများထဲမှ မျက်ရည်များကျဆင်းလာမည်ကို စိုးရိမ်ကာ စိတ်လှုပ်ရှားစွာနှင့် ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိသည်။
ဘာသာရပ်တစ်ခုစီကို ဆယ်မှတ်စီတိုးစစ်ထားပြီး သူမအမှတ်ပေါင်းက အမှတ်၄၀တောင်တိုးသွားတယ်။ ဘယ်လိုဖြစ်တာလဲ။
စာမေးပွဲခန်းထဲဝင်ဝင်ချင်းဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုနဲ့တုန်လှုပ်မှုကို ကျော်လွှားနိုင်ခဲ့တာကြောင့်များလား။
စွန်းမန့်အနေနှင့် အထက်တန်းစီနီယာနှစ်တစ်နှစ်လုံးတွင် ထိုကဲ့သို့ပြင်းထန်သည့် စိတ်ဖိစီးမှုနှင့် ဖိအားတို့ခံစားရသည်မှာ ပထမဆုံးအကြိမ်ဟုဆိုနိုင်သည်။ ပထမဆုံးအကြိမ် ထိုဖိအားတို့ကို လွှတ်ချလိုက်ပြီး စာမေးပွဲတွင် အပြည့်အဝအာရုံစိုက်နိုင်ခဲ့သည်။
နံရံကပ်နာရီနှင့် ပတ်ပတ်လည်မှ ကျောင်းသားတို့ကို စိုးရိမ်တကြီး ခဏခဏကြည့်နေသည့်အခါ ပိုတုန်လှုပ်လာခဲ့ပြီး ခေါင်းထဲတွင်ဗလာဖြစ်သွားခဲ့သည်။
ဒါကြောင့်ပဲ သူမအမှတ်ကောင်းကောင်းရနိုင်ရက်သားနဲ့ မရခဲ့တာများလား။
...
စွန်းမန့်သည် စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းတို့တုန်ယင်လာသည်။ ဘေးနားမှအတန်းဖော်များသည် သူမစိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်နေကြသဖြင့် ဂရုတစိုက်နှင့်မသိမသာကြည့်နေကြသည်။
သူမအလွန်ပျော်နေသော်လည်း မည်သူ့ကိုပြောပြရမှန်းမသိချေ။ နောက်ဆုံး၌ သူမတွင် သူငယ်ချင်းတစ်ယောက်မှ မရှိသောကြောင့် အဖြေလွှာကိုစားပွဲပေါ်တွင်မှောက်ထားခဲ့ပြီး သန့်စင်ခန်းသို့ပြေးသွား၍ အခန်းထဲတွင်ပုန်းကာ တိတ်တိတ်လေးငိုနေလိုက်သည်။
သူမထွက်သွားပြီးနောက် ဘေးပတ်လည်မှ အတန်းဖော်တို့သည် သူမအဖြေလွှာကိုကြည့်လိုက်ကြပြီး သူမ၏ တုန်လှုပ်နေသည့် မျက်နှာအမူအရာများက အမှတ်ကောင်းသောကြောင့်ဖြစ်ကြောင်းသိသွားကြသောအခါ စိတ်သက်သာရာရသွားကြသည်။
စွန်းမန့်၏ ဖိအားတို့ကိုလျှော့ချ၍ စာမေးပွဲကိုအာရုံစိုက်ဖြေပြီး အမှတ်ကောင်းသည်ကိုတွေ့ရသောအခါ ကျောင်းသားများက စာမေးပွဲတွင်သူတို့လုပ်နိုင်ခဲ့သည်ထက်ပို၍ ပျော်ရွှင်သွားကြသည်။
“ငါပြောခဲ့တယ်လေ နာရီကိုဖယ်လိုက်ရင် စွန်းမန့်ကခဏခဏကြည့်မနေတော့ဘဲ သေချာပေါက် အမှတ်ကောင်းလာလိမ့်မယ်လို့”
“သူမအမှတ်ကောင်းသွားလို့တော်သေးတယ် မဟုတ်ရင် နာရီကိုဖယ်ဖို့ ငါတို့လက်မှတ်ထိုးထားတာတွေရော သရုပ်ဆောင်ထားတာတွေရော သဲထဲရေသွန်ဖြစ်သွားနိုင်တယ်”
“စွန်းမန့်ကို မတော်ဘူးလို့ပြောလို့မရဘူး သူမကစိုးရိမ်စိတ်လေးနည်းနည်းများနေလို့ပါ”
ကျောင်းသားများပြောသမျှစကားလုံးတိုင်းသည် အကောင်းဘက်မှဖြစ်သည်။
ကိစ္စအားလုံး၏စီစဥ်ဆောင်ရွက်သူဖြစ်သော ကျုံးယို့ယို့က ဤကိစ္စသည် သူမနှင့်မဆိုင်သကဲ့သို့ နားကြပ်တပ်ထားပြီး မေးခွန်းတို့ကိုသာလေ့ကျင့်နေသည်။
ထိုင်ခုံဖော်က ခေါင်းကိုစောင်း၍ကျုံးယို့ယို့ကိုကြည့်လိုက်သည်။ တစ်ခါတရံတွင် ကျုံးယို့ယို့ကထူးဆန်းသည်ဟု တွေးမိသည်။ သူမနှလုံးသားသည် ကြံ့ခိုင်မာကျောသည့်တိုင် သံယောဇဥ်အစွဲလဲမရှိချေ။
ထိုင်ခုံဖော်က စိတ်ထဲတွင် ဖော်ပြရန်စကားလုံးတို့ပေါ်မလာသောကြောင့် ထိုခံစားချက်ကို မည်သို့ဖော်ပြရမှန်းမသိပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ခါတရံတွင် ကျုံးယို့ယို့နှင့် သူတို့သည် ကမ္ဘာတစ်ခုတည်းမှ လူများမဟုတ်သလို ခံစားရသည်။
စွန်းမန့်မျက်ရည်တို့ကိုသုတ်ပြီး သန့်စင်ခန်းထဲမှထွက်လာလိုက်သည်။
သို့သော်အပြင်ဘက်တွင် မိန်းကလေးနှစ်ယောက်သည် လက်ဆေးရင်း စကားပြောနေသည်ကိုကြားလိုက်သည်။ သူတို့သည် အတန်းထဲမှဖြစ်ပြီး အသံများကိုမှတ်မိသည်။
တစ်ယောက်ကပြော၏။ “စွန်းမန့်က ဒီတစ်ခေါက် သိပ္ပံမှာ အမှတ်၄၀ကျော်တိုးလာတာ အရမ်းပျော်နေမှာပဲ ဒါပေမယ့် အခုသူမအတန်းထဲမှာမရှိဘူးမလား”
“ဟုတ်တယ် သူမကျုံးယို့ယို့ကိုကျေးဇူးတင်သင့်တယ်လို့ထင်တယ် ကျုံးယို့ယို့ကအတန်းပိုင်ဆရာကို အကြံပေးလိုက်တာလို့ကြားတယ် နာရီကိုဖယ်လိုက်တာက စွန်းမန့်ရဲ့ ယုံကြည်မှုကိုတိုးလာစေပြီး နာရီခဏခဏကြည့်တဲ့အချိန်ကုန်တာကိုလဲသက်သာစေတယ်လို့ဆရာ့ကိုပြောလိုက်တာတဲ့”
အခြားတစ်ယောက်ကပြောလိုက်သည်။ “ဒါပေမယ့် ဒီအကြောင်းကို စွန်းမန့်မသိစေနဲ့လို့ ယို့ယို့ပြောထားတယ် သူမကို မပြောပြတာကောင်းမယ်ထင်တယ် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလဲ အခုတစ်ခေါက်လို သေချာဖြေနိုင်ဖို့ မျှော်လင့်တယ်”
“စွန်းမန့်တကယ်ကိုကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသင့်တယ် သူ့အဆင့်တွေက အတန်းထဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နေတာပဲလေ ဘာလို့အဲ့လောက်တောင်ကြောက်နေရတာလဲ သူမသာဆက်ကြောက်နေမယ်ဆိုရင် အတန်းထဲမှာ အဆင့်တွေပြောတဲ့အချိန်ကျ ငါတို့ဘာလုပ်သင့်လဲ ဟားဟား”
မိန်းကလေးနှစ်ယောက်သည် စနောက်ကျီစယ်၍ သန့်စင်ခန်းမှထွက်သွားကြသည်။
စွန်းမန့်ကနေရာတွင်ရပ်နေပြီး တံခါးလက်ကိုင်ကိုကိုင်ထားကာ မယုံနိုင်ဖြစ်နေသည်။
သူတို့ပြောသွားတာက သူမရဲ့ယုံကြည်မှုပြန်လည်တည်ဆောက်တာကို ကူညီပေးခဲ့တာ ကျုံးယို့ယို့တဲ့လား ဒါဆိုရင်...
ဒါပေမယ့်ဘာလို့လဲ...
စွန်းမန့်က အတန်းထဲသို့ပြန်ဝင်လာပြီး သူမထိုင်ခုံတွင်ပြန်ထိုင်နေလိုက်သည်။ ကျုံးယို့ယို့ကို လှမ်းကြည့်ချင်သည်။ ထို့နောက် လူကိုယ်တိုင်သွား၍ ကျေးဇူးတင်ချင်သည်။ သို့သော် ခါတိုင်းလိုပင် သတ္တိမရှိဘဲ ခေါင်းငုံ့နေလိုက်ကာ နှာခေါင်းထိပ်လေးက နီရဲနေ၏။
ထိုအချိန်တွင် သူမစိတ်ထဲ၌ ခံစားချက်များရှုပ်ထွေးနေသည်။
သူမမထင်မှတ်ထားခဲ့ပေ။ ထိုနေ့ကသူမသည် ကိစ္စတို့ကိုလူသိရှင်ကြားဖြစ်စေပြီး နာမည်ပျက်လုနီးပါးဖြစ်သွားသော်လည်း ကျုံးယို့ယို့က အတန်းဖော်များနှင့်စုပေါင်း၍ သူမကိုကူညီပေးခဲ့သည်။
ထိုကြိုးစားအားထုတ်ပေးမှုတို့ကို တကယ်ကျေးဇူးတင်မိသည်။
သူမ၏အထက်တန်းတတိယနှစ်တွင် ထိုကဲ့သို့စိတ်သက်သက်သာသာနှင့် စာမေးပွဲမဖြေခဲ့ဖူးပေ။ အတိတ်ကစာမေးပွဲများ၌ ဖိအားအချုပ်အနှောင်တို့အောက်တွင်ဖြေခဲ့ရပြီး ယခုတစ်ခေါက်တွင်တော့ အချုပ်အနှောင်တို့ကို ဖောက်ထွက်လာခဲ့ပြီး စာမေးပွဲအပေါ် အလုံးစုံအာရုံစိုက်၍ ဖြေနိုင်ခဲ့သည်။
အလွန်စိတ်လှုပ်ရှားပြီးကြောက်လန့်မနေလျှင် ယခင်ကထက်ပိုလုပ်နိုင်ကြောင်းကိုလဲ သက်သေပြနိုင်ခဲ့သည်။
လက်ရှိအမှတ်များသည် သူမ၏စစ်မှန်သောအမှတ်များဖြစ်သည်။
စွန်းမန့်တွေးရင်း စားပွဲခုံပေါ်သို့ မှောက်ချလိုက်ကာ မျက်ရည်တို့နောက်တစ်ဖန်ကျလာသည်။ သူမသည် စိတ်လွယ်သူတစ်ယောက်ဖြစ်ပြီး ယခုတစ်ခေါက်တွင်ကျုံးယို့ယို့အပေါ် မကုန်ခမ်းနိုင်သောကျေးဇူးတို့ရှိသော်လည်း အချိန်အကြာကြီးတွန့်ဆုတ်နေသည်။ သူမကလူကိုယ်တိုင် ကျေးဇူးတင်စကားသွဦးနပြောရဲသောကြောင့် မက်ဆေ့ချ်သာပို့လိုက်၏။
နံရံဘေးတွင်ထိုင်၍ စာလုပ်နေသော ကျုံးယို့ယို့သည် ရုတ်တရက် သူမအိတ်ကပ်ထဲမှ ဖုန်းတုန်သွားသည်ကို ခံစားလိုက်ရသည်။
ဖုန်းကိုထုတ်ကြည့်လိုက်သောအခါ စွန်းမန့်၏စာဖြစ်နေလေသည်။ ကျေးဇူးတင်စကားတို့ကို အများကြီးပြောထားပြီး အနည်းငယ်ဗလုံးဗထွေးနိုင်သော်လည်း ကျုံးယို့ယို့နားလည်နိုင်သည်။
ပိန်ပါး၍ ပုခုံးတို့ကိုကျုံ့ကာ ရှေ့ဆုံးတန်းတွင်ထိုင်ပြီး စာအမြဲလုပ်နေတတ်သော စွန်းမန့်သည် ယခင်ကထက် ပိုပျော်နေပုံပေါက်ပြီး ယုံကြည်မှုလဲရှိလာသည့်ပုံပင်။
ကျုံးယို့ယို့၏ နှုတ်ခမ်းထောင့်စွန်းလေးများသည် အနည်းငယ်ကွေးတက်သွားပြီး ယဥ်ကျေးသည့်မျက်နှာလေးနှင့် နောက်တွင် ပြုံးရယ်နေသော အီမိုဂျီတို့ကိုပို့လိုက်သည်။
သူမခေါင်းမော့ကြည့်လိုက်လျှင် စွန်းမန့်သည်မျက်ရည်တို့ကိုသုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ကျောက်သင်ပုန်းကိုကြည့်၍ မှားသွားသော ပုစ္ဆာတို့အား ယခင်ကကဲ့သို့ အသေအချာပြန်လည်ဆန်းစစ်နေသည်ကိုတွေ့ရသည်။
သူမပြုံးလိုက်ကာ ဒီကမ္ဘာကိုရောက်ရှိလာပြီးနောက် သူမအတန်းဖော်များအတွက် အရေးပါသောအရာများလုပ်ပေးခဲ့သည်ကိုပျော်မိသည်။
ဒီခံစားချက်ကသိပ်လဲမဆိုးပါဘူး...
xxxxxx