အပိုင်း ၁၅၉
Viewers 13k

Chapter 159


 ပိတ်ရက်တွင် ကျုံးယို့ယို့သည် ကျုံးပါးပါးနှင့်သွားတွေ့ပြီး ဒီတစ်ကြိမ်တွင်တော့ နှစ်ယောက်တည်း တွေ့ခြင်းဖြစ်သည်။ 


ကျုံးယို့ယို့သည် ကျုံးပါးပါးကအမွေခွဲဝေခြင်းအကြောင်းပြောလာသည့်အခါ ဘေးတွင်ကျုံးမာမားနှင့် ကျုံးရှီယို့တို့လည်း ရှိနေမည်ဟုထင်ထားခဲ့သည်။ ‌နောက်ဆုံးတွင် ၎င်းသည် သူတို့၏ ပိုင်ဆိုင်မှုအမွေအနှစ်တို့ကို ခွဲဝေသည့်ကိစ္စလဲဖြစ်၏။ သို့သော် သူမ မမျှော်လင့်ထားမိသည်မှာ ကျုံးမာမားကနိုင်ငံခြား‌သို့ရောက်နေပြီး ပြန်မလာသေးပေ။ ထို့အပြင် ကျုံးပါပါးသည် ဤကိစ္စတွင် ကျုံးရှီယို့ကိုပါဝင်ပတ်သက်စေချင်သည့် ပုံစံပေါ်မနေချေ။ 


တစ်နည်းဆိုလျှင် ကျုံးယို့ယို့က ပိုင်ဆိုင်မှုအမွေတို့ကို မည်မျှလိုချင်ပါစေ ကျုံးရှီယို့သည် လက်ခံရမည်ဖြစ်သောကြောင့် သူလိုက်ပါလာစရာအကြောင်းမရှိပေ။ 


ကျုံးယို့ယို့တံခါးဖွင့်၍ဝင်သွားလိုက်ချိန်တွင် ကျုံးပါပါးသည် ဟင်းလျာတို့ကို မှာပြီးနေပြီဖြစ်သည်။ 


ယခုတစ်ကြိမ်တွင် စားပွဲခုံကြီးသည် ကျုံးယို့ယို့ကြိုက်သော ဟင်းလျာများနှင့် ပြည့်နှက်နေတော့သည်။ ဒီနှစ်အတွင်းတွင် ကျုံးပါပါးသည် သူ့သမီး၏ ကြိုက်နှစ်သက်သောအရာများအားလုံးကိုသိခဲ့သော်လည်း လွန်ခဲ့သည့်၁၈နှစ်မှ လွတ်သွားသောအချိန်တို့ကိုတော့ ပြန်ရှာမတွေ့ခဲ့ပေ။


သူကျုံးယို့ယို့ကိုကြည့်လိုက်ပြီး စိတ်ထဲတွင်အပြစ်တို့ကိုခံစားလာရသည်။ 


ယခုတွင် ကျုံးယို့ယို့သည် အရပ်လဲရှည်လာကာ ခြေတံရှည်တို့ပိုင်ဆိုင်ထားပြီး အသားဖြူ၍ စိတ်ထားလဲကောင်းသည်။ သူမသွားသမျှနေရာတိုင်းတွင် သူမသည် တောက်ပနေသည့်ကြယ်ပွင့်တစ်ပွင့်ဖြစ်၏။ သူမအဖေကဲ့သို့ပင် ရန်ကျစ်မြစ်မှလှိုင်းလုံးများ၏ တွန်းတိုက်ခြင်းကိုခံခဲ့ရပုံပေါ်သည်။ ပြောင်းလဲနေသာ ခေတ်ရေစီးကြောင်း၏ နောက်ကွယ်မှအကြောင်းအရာများတွင် ပါဝင်ပတ်သက်ရသည်ကို စိတ်မဝင်စားပေ။ 


လူတွေအသက်ကြီးလာသည့်အခါ ခံစားလွယ်လာကြသည်ထင်သည်။ ခြုံပြောရလျှင် ကျုံးပါပါး၏ စိတ်သဘောထားသည် ဒီနှစ်များတွင် အတော်ပြောင်းလဲလာခဲ့သည်။ 


အတိတ်တွင် သူသည် သူ့ကလေးများအပေါ်တွင် တင်းကြပ်ခဲ့၏။ ကျုံးမိသားစုကိုပြန်လည် ပေါင်းစည်းပေးရန်အတွက် သူ့လုပ်ငန်းနှင့်သာအလုပ်ရှုပ်နေခဲ့သည်။ အိမ်သို့ထမင်းပြန်စားသည့်အချိန်သည် အနည်းငယ်သာရှိခဲ့၏။ 


ယခုတွင် ကျုံးယို့ယို့ကိုနေ့တိုင်းတွေ့ချင်နေပြီး လွန်ခဲ့သည့်၁၈နှစ်တွင် မပေးခဲ့ရသည့် မေတ္တာတို့ကိုပေးချင်မိသည်။ 


သို့သော်လည်း အရာအားလုံးကနောက်ကျသွားလေပြီ။ 


ကျုံးပါပါးထလာလိုက်ပြီး ကျုံးယို့ယို့အတွက် ထိုင်ခုံကိုဆွဲပေးလိုက်ကာ ပြောလိုက်သည်။ “ဒီမှာထိုင်လေ”


ခုံသည်သူ့ဘေးတွင်ဖြစ်ပြီး ကျုံးယို့ယို့တစ်ချက်ကြည့်လိုက်၍ မငြင်းလိုက်ဘဲ အိတ်ကိုတင်လိုက်ကာ ဝင်ထိုင်လိုက်၏။ 


မူလပိုင်ရှင်အပေါ် ကျုံးမိသားစု၏ အပြုအမူများကို ခွင့်လွှတ်ပေးရန်မဖြစ်နိုင်သော်လည်း ယခုတွင် မုန့်ချန်သည်လည်း ထောင်ကျသွားပြီဖြစ်သည်။ ကျုံးယို့ယို့အတွက် အမုန်းတို့ကို ချေဖျက်၍ ကျုံးမိသားစုကိုလဲ သူမနှင့်မဝေးကွာလှဟုမှတ်ယူနိုင်သည်။ ဆွေမျိုးများရှိနေခြင်းက မဆိုးပေ။ 


သူမ မေးလိုက်သည်။ “ဘာပြောချင်တာရှိလို့လဲ”


ကျုံးပါပါးနှလုံးသားထဲတွင် အနည်းငယ်နာကျင်နေသေးသည်။ အခုအချိန်အထိ သူမသည် သူ့ကို အဖေလို့ခေါ်မလာသေးပေ။ သို့သော် ကျုံးယို့ယို့ကိုတွန်းအားထပ်မပေးတော့ချေ။ သူမကို ပြုံးပြလိုက်ပြီး တူကိုကိုင်၍ ပြောလိုက်သည်။ “အရင်စားရအောင်” 


ကျုံးယို့ယို့က ကျုံးပါပါးထည့်ပေးလာသော အမဲသားကိုမထိဘဲ ပန်းကန်ထဲမှတိတ်တဆိတ်ဖယ်လိုက်ကာ အခြားဟင်းကိုသာ ထည့်စားလိုက်သည်။ 


ကျုံးပါပါးမျက်လုံးထောင့်မှမြင်လိုက်ပြီး နှုတ်ခမ်းတို့သည် ဝမ်းနည်းမှုတို့ကြောင့် ဖြောင့်တန်းသွားသော်လည်း ဘာမှမပြောလိုက်ပေ။ 


လက်ကိုဝှေ့ယမ်းလိုက်ပြီး လက်ထောက်အား စာရွက်စာတမ်းတို့ကို ယူခိုင်းလိုက်သည်။ “အရင်တစ်ခေါက်က ကျုံးမိသားစုမှာ ပြဿနာအကြီးကြီးဖြစ်ခဲ့တယ် သမီးနဲ့ချင်းယောင်ကြောင့်သာမဟုတ်ရင် ကျုံးမိသားစုလဲရှိတော့မှာ မဟုတ်ဘူး ကျုံးကုမ္ပဏီရဲ့ရှယ်ယာတွေကိုမလိုချင်မှန်း ပါးသိပါတယ် ကျုံးမိသားစုနဲ့လဲ မပတ်သက်ချင်ဘူးဆိုတာသိတယ် ဒါပေမယ့် ဒီရှယ်ယာတွေက အမွေမဟုတ်ဘူး အရင်တစ်ခေါက်က ကျုံးကုမ္ပဏီကို ကူညီခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့သဘောပဲ” 


“တကယ်ပြောနေတာလား” ကျုံးယို့ယို့အံ့ဩသွား၏။ ကျုံးပါပါးထိုသို့ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


သူမထင်ခဲ့သည်မှာ ကျုံးပါပါးက ယခင်ကကဲ့သို့ ဩဇာကြီးမားသည့်ပုံစံဖြင့် သူမကိုများပြားသောပိုင်ဆိုင်မှုတို့ ပုံပေးကာ ကျုံးမိသားစုကို လက်ခံလာရန် အတင်းအကြပ်တွန်းအားပေးလိမ့်မည်ဟူ၍ဖြစ်သည်။ 


ထင်မှတ်မထားဘဲ ကျုံးပါပါးသည် များစွာပြောင်းလဲသွားခဲ့သည်။ 


ကျုံးယို့ယို့၏ အံ့ဩမှုများသည် ဖုံးကွယ်၍မရပေ။ ထိုအခါမှ သူ့သမီးစိတ်ထဲတွင် သူသည် မည်မျှနိုင်ထက်စီးနင်းနိုင်ပြီး မကောင်းသည့်လူဖြစ်နေကြောင်း သိမြင်သွားရသည်။ 


သူကသက်ပြင်းချလိုက်ကာ ဘောပင်အား ကျုံးယို့ယို့ကို လှမ်းပေး၍ပြောလိုက်သည်။ “စာချုပ်မှာသေချာကြည့်လို့ရတယ် ပါးရှယ်ယာနေရာမှာဘာမှမရေးထားဘူး သမီးလိုချင်သလောက်သာရေးလိုက်”


ကျုံးပါပါးစနောက်လိုက်ချင်သော်လည်း ကျုံးယို့ယို့ ထိုကလေးသည် ပိုက်ဆံပေးနေသရွေ့ နည်းနည်းသာယူလိမ့်မည်။ သို့သော် ယခုအချိန်သည်စနောက်ရန်မသင့်သောကြောင့် ကျုံပါပါးက စကားလုံးတို့ကိုပြန်မျိုချလိုက်သည်။ 


ခဏကြာပြီးနောက် ကျုံးယို့ယို့ကို ရှုပ်ထွေးနေသော အမူအရာဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အတိတ်က မကျေနပ်ချက်တွေကို ဆုပ်ကိုင်ထားတုန်းပဲကိုး ပါးသမီးကိုအပြစ်မတင်ပါဘူး အခုကစပြီးတော့ ကျုံးမိသားစုနဲ့ ဆက်ပြီး အဆက်အသွယ်လုပ်တာဖြစ်ဖြစ် ဆက်ဆံရေးကိုဖြတ်ပစ်လိုက်တာဖြစ်ဖြစ် သမီးသဘောပါပဲ ပါးသမီးလေးကျန်းမာပျော်ရွှင်ပြီး လုံခြုံတဲ့ဘဝမျိုးပိုင်ဆိုင်ဖို့ကိုပဲ မျှော်လင့်တယ်” 


၎င်းသည်အဖေတိုင်းက သူ၏သမီးတိုင်းအပေါ် မျှော်လင့်လေ့သော အရာပင်ဖြစ်သည်။ 


ထို့နောက် သူသည် အဖေဖြစ်ရန်မထိုက်တန်ဘဲ ယခုလိုဂရုစိုက်မှုသည်လည်း အများကြီးနောက်ကျနေပြီဖြစ်၏။


ကျုံးပါပါးမျက်လုံးတို့စိုစွတ်လာပြီး ကျုံးယို့ယို့ကတော့ သူ့လောက် မခံစားရပေ။ သူမက သူ့ကိုကြည့်လိုက်ပြီး ဘာမှမပြောလာချေ။ 


ကျုံးယို့ယို့စာချုပ်ကို ဂရုတစိုက်ဖတ်၍ ချန်လှပ်ထားခြင်းများမရှိကြောင်း အတည်ပြုပြီးနောက်တွင် ကွက်လပ်နေရာ၌ ၅ရာခိုင်နှုန်းဟု ရေးလိုက်သည်။ 


၅ရာခိုင်နှုန်းဆိုလျှင်တောင်မှ တစ်ဘီလီယံကျော်နေပြီဖြစ်သည်။ 


“၅ရာခိုင်နှုန်းတည်းလား” ကျုံးပါပါးစာချုပ်ကိုလက်ခံလိုက်သော်လည်း အံ့ဩသွားသည်။ ကျုံးယို့ယို့ဘာကြောင့် ပို၍မလိုချင်ရသည်ကို နားမလည်နိုင်ချေ။ 


“တော်ပြီလေ အရင်တစ်ခေါက်အတွက် ပြန်ပေးတာပဲမလား အဲ့တာကဘာမှမဟုတ်ပါဘူး” ကျုံးယို့ယို့ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ 


ကျုံးပါပါးသတိမကပ်နိုင်သေးချေ။ အမှန်တကယ်တွင် ယနေ့မတိုင်ခင်အထိ ကျုံးယို့ယို့သည် သူ့ပိုင်ဆိုင်မှုများမှ အများကြီးယူသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုကလေးသည် ခိုင်မာသည့်ကိုယ်ရည်ကိုယ်သွေးတို့ရှိပြီး မိသားစု၏ မေတ္တာကိုမရရှိခဲ့သောကြောင့် သေချာပေါက် ညှာတာမှုမရှိဘဲ သူမပိုင်ဆိုင်မှုများကို ပြန်ယူလိမ့်မည်ဟု ထင်ထားခဲ့၏။ သူ့ကိုယ်သူရှက်မိသည်။ ထို့ပြင် သူသည် သူ့ပိုင်ဆိုင်မှုအားလုံးကို ခေါင်းတလားထဲသို့ ယူဆောင်သွား၍မရချေ။ ကျုံးယို့ယို့နှင့် ကျုံးရှီယို့တို့ကို ခွဲဝေပေးရမည်ဖြစ်ပြီး ကျုံးယို့ယို့၏ လိုအပ်ချက်မှန်သမျှကိုလဲ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ 


သို့သော် သူမက ၅ရာခိုင်နှုန်းသာလိုအပ်လိမ့်မည်ဟုထင်မထားခဲ့ပေ။ 


“တခြားဘာမှမရှိတော့ရင် အရင်သွားနှင့်တော့မယ်” ကျုံးယို့ယို့ကအိတ်ကိုလွယ်လိုက်ကာ “အမြတ်အတွက်ကတော့ နောက်မှ ဆက်သွယ်လိုက်ပါ့မယ်”


“နည်းနည်းလေးပဲစားရသေးတယ်လေ သွားတော့မလို့လား” ကျုံးပါပါးက ထူပူသွားပြီး ကျုံးယို့ယို့လက်ကိုဆွဲလိုက်သည်။ 


သူ့မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုတို့ပြည့်နှက်နေကာ မည်သည့်အချိန်တွင်ထပ်တွေ့ရတော့မည်ကို သူမသိချေ။


“ဒါဆိုလဲ နည်းနည်းထပ်စားတာပေါ့” ကျုံးယို့ယို့သည် ပြန်လှည့်လာပြီး တူဖြင့်အနည်းငယ်စားလိုက်ကာ စားပြီးသည့်နောက်တွင်တော့ တူကိုချ၍ ထွက်သွားတော့သည်။ 


ကျုံးပါပါးတစ်ယောက်တည်းကျန်ခဲ့ကာ ထိုင်ခုံတွင်ထိုင်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်၏။ 


သူသည် စားကောင်းသောက်ဖွယ်တို့ဖြင့် ပြည့်နေသော စားပွဲကိုကြည့်ကာ စားချင်စိတ်ပျောက်သွားတော့သည်။


လွန်ခဲ့သောသုံးနှစ်ကျော်အကြာက ကျုံးယို့ယို့အားအိမ်သို့ခေါ်လာသည့်နေ့ကို မှတ်မိနေသေးသည်။ မိသားစုသည် စုဝိုင်းကာ ထမင်းစားနေခဲ့ကြ၏။ ထိုအချိန်တွင် မုန့်ရှစ်ရွှမ်သည်လည်းအိမ်တွင်ရှိနေခဲ့ပြီး မုန့်ရှစ်ရွှမ်ကိုသာ အာရုံစိုက်ခဲ့ကြကာ ဟင်းလျာတိုင်းသည် သူမအကြိုက်တွေချည်းဖြစ်နေခဲ့သည်။ 


ထိုအချိန်၌ မုန့်ရှစ်ရွှမ်၏လက် အပူလောင်သွားသောကြောင့် လူတိုင်းသည် ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ကြပြီး အိမ်အကူ ချလာပေးသည့် စွတ်ပြုတ်မှောက်ကာအပူလောင်ခဲ့သော ကျုံးယို့ယို့ကိုတော့ လျစ်လျူရှုခဲ့ကြ၏။ 


ယခုတွင် ထိုအကြောင်းတို့ကိုစဥ်းစားရင်း အတိတ်သည်ဓားတစ်ချောင်းနှင့်တူကာ သူ့နှလုံးသားကိုလှီးဖြတ်နေပြီး စိတ်ထဲတွင် အတိုင်းထက်အလွန်နောင်တရလာတော့သည်။   အတိတ်သည် သံကြိုးများနှင့်တူကာ သူ့နှလုံးသားကို ရစ်ပတ်နေပြီး အသက်မရှူနိုင်အောင် တင်းကြပ်နေ၏။ 


ကျန်ရှိနေသောဘဝတစ်လျှောက်လုံးနောင်တရနေမည်ဖြစ်ကာ သူ့ကိုယ်သူခွင့်လွှတ်နိုင်မည်မထင်ပေ။ အုတ်ဂူထဲရောက်သည်အထိ ထိုအပြစ်တို့ကိုခံစားသွားရမည်။ 


ကျုံးယို့ယို့ဟိုတယ်မှထွက်လာလိုက်ပြီး တိမ်ကင်းစင်ကာနေပူနေသည့်အတွက် လက်ကိုမြှောက်၍ မျက်လုံးကိုကွယ်လိုက်ကာ မျက်စိမှေးကြည့်လိုက်သည်။ 


ဒီတစ်ခေါက်တွင် သူမသည်စိတ်ပေါ့ပါးလန်းဆန်းနေ၏။ ကျုံးမိသားစုနှင့် ဆက်ဆံရေးသည် အပြီးသတ်သွားပြီဖြစ်သည်။ သူမနှင့်ထိုက်တန်သော ပိုင်ဆိုင်မှုတို့လဲ ရရှိလိုက်၍ ကျုံးပါပါးသည်လည်း သူမ၏ ဆန္ဒကိုသိကာ ထပ်၍ပတ်သက်လာရန်စိတ်ကူးရှိတော့မည်မဟုတ်ပေ။  


၎င်းက သွေးသားတော်စပ်သောသူစိမ်းနှင့်တူပြီး သိသာသောအကွာအဝေးတစ်ခုခြားနေကာ နီးကပ်လာနိုင်ချေမရှိပေ။ 


ချင်းယောင် သူမဆီသို့ကားမောင်းလာရင်း ကျုံးယို့ယို့စိတ်အခြေအနေကောင်းနေသည်ကိုမြင်နိုင်သည်။ ကျုံးပါပါးနှင့် စကားဝိုင်းအကြောင်းကိုတော့အများကြီးမမေးလိုက်ချေ။ ကားမှန်ပြတင်းပေါက်ကို ချလိုက်၍ ပြုံးကာ မေးလိုက်သည်။ “ရှော့ပင်းထွက်ချင်လား”


ကျုံးယို့ယို့သည် နိုင်ငံလုံးဆိုင်ရာပြိုင်ပွဲသို့သွားရတော့မည်ဖြစ်ပြီး သေချာပေါက် အဝတ်အစားလှလှလေးတွေ ဝယ်ဖို့လိုအပ်လေသည်။ သူမမျက်လုံးတို့တောက်ပသွားကာ ပျော်ရွှင်စွာကားထဲဝင်လိုက်ရင်း “ကောင်းပြီလေ” 


ချင်းယောင် အားလပ်သည့်အချိန်သည်ရှား၏။ ကျုံးယို့ယို့က သူ့လက်ကိုဖက်ထားကာ နှစ်ယောက်သားသည် လမ်းပေါ်တွင် အတောက်ပဆုံးအတွဲဖြစ်နေပြီး ပတ်ဝန်းကျင်ရှိသူများအား ဆွဲဆောင်နေတော့သည်။ 


ခမ်းနားလှသည့် စျေးဝယ်စင်တာထဲသို့ဝင်လိုက်သည့်အခါ ကျုံးယို့ယို့သည် အသုံးအဖြုန်းကြီးသူမဟုတ်သော်လည်း ဝင်လိုက်လိုက်ချင်းပင် သူမကိုယ်သူမ သတိထားမိသွားသည်။ 


သန်း၉၀သည် အသက်ရှုမှားလောက်သော ပမာဏဖြစ်ပြီး စိတ်မထိန်းနိုင်ဘဲ ဝယ်နေမိကာ နောက်ပိုင်းတွင်တော့ အသုံးအဖြုန်းမကြီးစေရန် ဂရုစိုက်ရမည်။


သို့သော် ယခုတစ်ခေါက်တွင် ချင်းယောင်ပိုက်ဆံရှင်းပေးမည်ဖြစ်သောကြောင့် သူမကပို၍ပင် ဝန်လေးနေမိ၏။ 


တစ်ဖက်တွင်တော့ ချင်းယောင်က ကျုံးယို့ယို့ကြည့်သမျှအရာအားလုံးကို ထုတ်ပိုးပေးထားရန် ဝန်ထမ်းတို့ကိုပြောနေ၍ ကျုံးယို့ယို့က သေချာပင်မကြည့်ရဲတော့ချေ။ 


သူမက ချင်းယောင်လက်ကိုဖက်လျက်ထွက်လာလိုက်ပြီး လက်ထဲရှိ နောက်ဆုံးပေါ် အိတ်ကိုကြည့်လိုက်ကာ ညည်းညူလိုက်သည်။ 


“ဘာလုပ်တာလဲ ဒီတစ်ခုကမလှဘူး ကျွန်မကတခြားအိတ်နဲ့ ယှဥ်ကြည့်နေတာကို ဘာလို့နှစ်ခုလုံးဝယ်လိုက်တာလဲ” 


ချင်းယောင်က သူမ၏မရိုးသားမှုကိုတွေ့လိုက်ရသောကြောင့် ပျော်ရွှင်သွားကာ ပြုံး၍ပြောလိုက်သည်။ “မလိုချင်ရင် အိမ်မှာပဲထားထားလိုက်လေ”  

  

ကျုံးယို့ယို့ပြန်မပြောရသေးခင်မှာပင် ကျုံးရှီယို့နှင့်ကောင်မလေးတစ်ယောက်သည် သူမအမြင်ထဲသို့ တိုးဝင်လာ၏။ 


ထိုကောင်မလေးသည် ငယ်ရွယ်သည့်ပုံပေါ်၍ အထက်တန်းဒုတိယနှစ်ဖြစ်လိမ့်မည်။ သူမက ကျုံးရှီယို့နှင့်ဘေးချင်းကပ်လျှောက်လာကာ စကားတို့ တကျည်ကျည်ပြောနေ၏။ 


ကျုံးရှီယို့သည် အိတ်ကပ်ထဲသို့လက်ထည့်ထား၍ မျက်မှောင်ကြုတ်ထားသည်။ ရှဲ့ရှောင်ဝမ်သည် သူ့နောက်မှလိုက်လာပြီး မိန်းကလေးများကြိုက်နှစ်သက်သည့်အရာများအကြောင်း ရှင်းပြနေခဲ့သည်။ ပထမတွင်သူသည် သူ၏အစ်မအတွက် လက်ဆောင်ကောင်းကောင်းဝယ်နိုင်ရန်မျှော်လင့်ကာ ဂရုတစိုက်နားထောင်နေခဲ့၏။ ထို့‌နောက်တွင်တော့ အနည်းငယ် စိတ်ရှုပ်လာလေသည်။ 


ရှဲ့ရှောင်ဝမ်သည် ပစ္စည်းတို့ကိုမြင်သောအခါ တစ်လှမ်းမှမရွှေ့နိုင်ဘဲ စင်တာထဲမှ ပစ္စည်းအားလုံးအား အကုန်လိုချင်လာမိသည်။ 


ထို့ပြင် ကျုံးရှီယို့သည် အရူးမဟုတ်ပေ။ တစ်ကြိမ်၊ နှစ်ကြိမ်တွင် သတိမထားမိသော်လည်း တတိယအကြိမ်၌ ရှဲ့ရှောင်ဝမ်သည် သူ့ရှေ့တွင် သနားစရာဟန်ဆောင်ပြကာ သူမကြိုက်သည့်အရာများအား ဝယ်ပေးစေရန် မျှော်လင့်နေသည်ကို သတိထားမိလာသည်။ 


ထိုအချိန်တွင် ကျုံးယို့ယို့နှင့်ချင်းယောင်တို့ စျေးဝယ်ထွက်လာသည်ကိုတွေ့လိုက်၏။ ကျုံးရှီယို့မျက်လုံးများ တောက်ပသွားကာ ဥက္ကာပျံကြွေကျလာသကဲ့သို့ အမြန်လျှောက်သွားလိုက်သည်။ 


“အစ်မနဲ့ယောက်ဖတို့လဲဒီကိုရောက်နေတာကိုး”


ရှဲ့ရှောင်ဝမ်သည် နောက်တွင်ကျန်ခဲ့ကာ ခြေဆောင့်လိုက်၍ အမြန်ပြေးလိုက်လာ၏။ 


“ဒါက...” ချင်းယောင်က ကျုံးယို့ယို့သည် ကျုံးရှီယို့အား ဂရုမစိုက်သည်ကိုမြင်သောအခါ ရှက်စရာကောင်းသော အခြေအနေကိုဝင်ထိန်းလိုက်၍ တက်ကြွစွာမေးလိုက်သည်။ “ကျုံးရှီယို့ ဒါကမင်းရဲ့အတန်းဖော်လား” 


ရှဲ့ရှောင်ဝမ်သည် သွက်လက်စွာ သူမကိုယ်သူမမိတ်ဆက်လာသည်။ “မဂ်လာပါ ညီမက ကျုံးရှီယို့အတန်းရဲ့ ဘေးခန်းက အတန်းဖော်ပါ ရှဲ့ရှောင်ဝမ်လို့ခေါ်ပါတယ်။” 


ချင်းယောင်သည် သာမန်ကာလျှံကာ မေးလိုက်ရုံမျှဖြစ်ပြီး သူမ၏နာမည်ကို အလေးမထားလိုက်ပေ။ 


သို့သော် ရှဲ့ရှောင်ဝမ်၏ အကြည့်များသည် ချင်းယောင်မျက်နှာပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ရစ်ဝဲနေပြီးနောက် ပါးများနီလာတော့သည်။ ထို့နောက် သူမအကြည့်များသည် ကျုံးယို့ယို့ကိုင်ထားသည့် နောက်ဆုံးပေါ် အိတ်နှစ်အိတ်ပေါ်သို့ ကျရောက်သွား၏။ 


သူမခဏတာမှင်သက်သွားသည်။ 


သူမ ထိုအိတ်နှစ်အိတ်အား မဂ္ဂဇင်းတွင်မြင်ဖူး၏။ ထိုအိတ်များသည် ယခုလတွင်မှ တရုတ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ 


ငါမှတ်မိတာမှန်ရင် တစ်အိတ်ချင်းစီက သိန်း‌ပေါင်းများစွာ ကုန်ကျလိမ့်မယ်။ ဒီကျုံးရှီယို့ရဲ့ အစ်မက တစ်အိမ်မဟုတ်ဘဲ နှစ်အိတ်တောင်ဝယ်ထားတာဟ။ 


ရှဲ့ရှောင်ဝမ်၏နှလုံးသားတွင် ချဥ်စူးစူးဖြစ်လာ၍ မနာလိုဖြစ်လာကာ စကားပင်မပြောနိုင်တော့ပေ။ 


ကျုံးယို့ယို့နှင့် ချင်းယောင်သည် စျေးဆက်ဝယ်ချင်နေကြသည်။ သူတို့က ကျုံးရှီယို့၊ ရှဲ့ရှောင်ဝမ်တို့နှင့် စကားမပြောချင်သော်လည်း ကျုံးရှီယို့သည် သူမနောက်ကိုဆက်လိုက်နေကာ ထွက်သွားရန်ငြင်းဆန်နေလေသည်။ 


ထို့ပြင် ရှဲ့ရှောင်ဝမ်သည်လည်း ကျုံးရှီယို့နောက်မှတကောက်ကောက်လိုက်နေပြီး ထွက်မသွားနိုင်ဖြစ်နေသောကြောင့် ကျုံးယို့ယို့ကပဲ အလိုမကျစွာ ချင်းယောင်နှင့် ‌ရှေ့မှလျှောက်သွားလိုက်ပြီး ကလေးစုတ်နှစ်ယောက်အား နောက်မှလိုက်လာစေလိုက်သည်။ 


လမ်းတစ်လျှောက်၌ ရှဲ့ရှောင်ဝမ်၏ မျက်လုံးများသည် ကျုံးယို့ယို့ကိုသာ ဆက်တိုက်ကြည့်နေ၏။ ထိုကျောင်းသူအား အဝေးမှ မည်သည့်ခံစားချက်မှမပါဘဲ ကြည့်ခဲ့ဖူးသည်။ သို့သော် ယခုနီးကပ်စွာ အတူလမ်းလျှောက်ရသည့်အချိန်တွင် ထိုကဲ့သို့ ကောင်းကင်ဘုံနှင့်မြေကြီးကွာခြားချက်သည် လူများအား သိမ်ငယ်စိတ်တို့ဖြစ်စေကြောင်းသိရှိသွားတော့သည်။ 


ရှဲ့ရှောင်ဝမ်သည် ဤရက်များတွင် ကျုံးရှီယို့က သူမအပေါ် အလွန်ကောင်းပေးကာ သူမအတွက် အက်ပဲလ်ဖုန်းပင်ဝယ်ပေးခဲ့သည်။ 


သူမသည် ထိုကဲ့သို့အပြစ်ကင်း၍ ဟိတ်ဟန်မရှိဘဲ ချမ်းသာသည့် ဒုတိယမျိုးဆက်ဖြစ်သော ကျုံးရှီယို့နှင့် အတူရှိနိုင်လိမ့်မည်ဟုထင်ခဲ့မိ၏။ ထို့အပြင် သူမသာ ကြိုးစားအားထုတ်လိုက်ပါက သူ၏မိဘများနှင့်မိတ်ဆက်ပေးစေရန် ကျုံးရှီယို့အား ဆွဲဆောင်နိုင်လိမ့်မည်ဟုလဲထင်ခဲ့မိသည်။ 


ရှဲ့ရှောင်ဝမ်သည် ယုံကြည်ချက်ရှိခဲ့သော်လည်း ယခုအချိန်တွင် ကျုံးယို့ယို့အားတွေ့လိုက်ပြီးနောက် မရေမရာဖြစ်လာတော့သည်။



xxxxxx