အပိုင်း ၁၆၀
Viewers 14k

Chapter 160



"ဘာလို့ကျုံးရှီယို့က သူ့အစ်မနားပဲရှိနေတာလဲ...သူ့အစ်မကိုတွေ့လိုက်ကတည်းက ခွေးတစ်ကောင်လိုမျိုး တောက်လျှောက်အနားကပ်နေပြီး သူ့အစ်မကိုရေခဲမုန့်စားချင်လားမေးလိုက်၊ အိတ်တွေကူသယ်‌ပေးရမလား မေးလိုက်နဲ့လုပ်နေတာ ပြီးတော့ငါတစ်ယောက်လုံးကိုလျစ်လျူရှုထားသေးတယ်..."


ရှဲ့ရှောင်ဝမ်သည်လည်းမိန်းကလေးတစ်ယောက်ဖြစ်၍ အထူးသဖြင့် ကျုံးယို့ယို့အား ယောက်ျားလေးနှစ်ယောက်က အရေးတယူလုပ်နေသည်ကိုတွေ့ရသောအခါ သေချာပေါက် သည်းမခံနိုင်ဖြစ်လာတော့သည်။ 


ကျုံးယို့ယို့က အာရုံခံစားမှုထက်မြက်၍ အနှီရှဲ့ရှောင်ဝမ်သည် လောင်စာဆီမပြည့်ဝသည့် မီးအိမ်သာဖြစ်ကြောင်းခံစားမိ၏။ 


သို့သော် နှုတ်ဆိတ်နေလိုက်ကာ ဘာမှမပြောလိုက်ချေ။ 


အရူးလုံးလုံးဖြစ်နေသည့် ကျုံးရှီယို့သည် ထိုကဲ့သို့သောမိန်းကလေးကိုချစ်မိ၍ ပိုက်ဆံအလိမ်ခံလိုက်ရလျှင်တောင် သူမနှင့်မသက်ဆိုင်ပေ။ 


နောက်ဆုံးတွင် သူတို့အားလုံး စတိုးဆိုင်တစ်ခုကိုဝင်လာလိုက်ပြီး ရှဲ့ရှောင်ဝမ်သည် နာမည်ကြီးတံဆိပ်နှင့် အိတ်အစိမ်းရောင်အား မှန်အပြင်မှ လှမ်းမြင်လိုက်သည်။ ၎င်းကိုလိုချင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ဒီဇိုင်းကိုလဲ မဂ္ဂဇင်းတွင်မမြင်ဖူးသေးပေ။ သူမလိုချင်လာတော့သည်။


တစ်လှမ်းမှမရွေ့နိုင်ဘဲ သူမသည် အိတ်ကိုအနီးကပ်ကြည့်နေမိသည်။ 


သူမထွက်မလာခင် ပိုက်ဆံလုံလုံလောက်လောက်ထည့်လာခဲ့သော်လည်း ဈေးနှုန်းကိုကြည့်လိုက်သောအခါ သုညခြောက်လုံးပမာဏဖြစ်နေ၍ မတတ်နိုင်ချေ။ ကျုံးရှီယို့သာ သူမအတွက် ဝယ်ပေးမည်ဆိုလျှင် ကောင်းပေလိမ့်မည်။ 


သူမက ကျုံးရှီယို့၏ အကျီ်လက်ကိုဆွဲလိုက်ကာ ပြောမည်ပြင်လိုက်ချိန်တွင် ဘေးမှ သေးသွယ်ဖြူလျသော လက်တစ်စုံကိုမြင်လိုက်သည်။ ကျုံးယို့ယို့သည် အိတ်ကိုထိုးပြ၍ “ဒါလေး ထည့်ပေးပါနော်” 


ရှဲ့ရှောင်ဝမ် တွန့်ဆုတ်သွား၏။ 


ဝန်ထမ်းသည်ရယ်မောလိုက်သည်။ ဤမော်ဒယ်သည် ဖြန့်ဖြူးပြီးသိပ်မကြာခင်မှာပင် ရောင်းထွက်သွားသည်။ ဤမိန်းကလေးသည် အလွန်ချမ်းသာသည့်ပုံပင်။ 


သူမက ထုတ်ပိုးပေးရန် ပစ္စည်းတို့ကိုလျင်မြန်စွာရှာဖွေလိုက်သည်။ 


သို့သော် ရှဲ့ရှောင်ဝမ်၏ နှလုံးသည် တခဏမျှအခုန်မှားသွားခဲ့၏။ ကျုံးရှီယို့အစ်မ၏ လုပ်ရပ်ကိုနားမလည်နိုင်ပေ။ သူမ ထိုအိတ်ကိုသဘောကျနေသည်မှာ သိသိသာသာပင်ဖြစ်သည်။ ယခုလေးတင်ပင် ထိုအိတ်ရှေ့တွင်ရပ်ကာ အသေအချာကြည့်နေခဲ့သေးသည်။ အရိပ်အခြေနားလည်သောသူသည်သိနိုင်၏။ သူမထိုအိတ်ကိုလိုချင်နေခဲ့သည်။


ဒီကျုံးယို့ယို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ယူလိုက်တာမလား...


ရှဲ့ရှောင်ဝမ်သည် ကျုံးရှီယို့ဘက်သို့လှည့်ကြည့်လိုက်၍ သူမအတွက်ပြောပေးရန်မျှော်လင့်နေမိသည်။ 


သို့သော်လည်း ကျုံးရှီယို့သည် ချင်းယောင်၏လက်ထဲမှ ကတ်ကိုဆွဲယူလိုက်၍ သူ့ကတ်ထုတ်လိုက်သည်ကို မြင်လိုက်သည်။ “ကျွန်တော်ဝယ်ပေးမယ် ကျွန်တော်ဝယ်ပေးမယ် ကျွန်တော့်အစ်မအတွက်ဝယ်ပေးမယ်” 


ရှဲ့ရှောင်ဝမ် : “…” 


နောက်တစ်စက္ကန့်တွင် ရှဲ့ရှောင်ဝမ်သည် အေးခဲနေသော ခရမ်းသီးတစ်လုံးကဲ့သို့ စိတ်မပါဘဲ ကျုံးရှီယို့နောက်မှလိုက်နေရပြီး ကျုံးရှီယို့သည် သူမမျက်နှာထက်မှ မပျော်ရွှင်မှုများကိုမြင်ပုံမရချေ။ သူသည် စင်တာထဲတွင်လျှောက်သွားနေပြီး ချင်းယောင်၏လက်ထဲမှ အိတ်တို့ကိုယူလိုက်ကာ အတင်းပင် ကူ၍ကိုင်ပေးလိုက်သေး၏။ သူအလွန်ပျော်ရွှင်နေသည်။ 


ရှဲ့ရှောင်ဝမ်သည် ကျုံးရှီယို့၏ယခုလိုပုံစံအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။ 


အထက်တန်း ဒုတိယနှစ်ကျောင်းသားတစ်ယောက်အနေနှင့် ကျုံးရှီယို့သည် အေးစက်ကာ တည့်တိုးဆန်သည်ဟုဆိုနိုင်သည်။ ထို့အပြင် သူမသည် ကျုံးရှီယို့အား အထင်လွဲခဲ့၏။  


ကျုံးရှီယို့က သူမကိုလုံးဝသဘောမကျဘဲနဲ့ ဒီတိုင်းလက်ဆောင်ကူရွေးပေးဖို့သက်သက်ခေါ်လာခဲ့တာလား။ မိန်းကလေးတွေအတွက်မဟုတ်ဘဲ သူ့အစ်မကျုံးယို့ယို့အတွက် အကြီးကျယ်အလှပဆုံးလက်ဆောင်ကို ‌ရွေးချင်ခဲ့တာလား။ 


ရှဲ့ရှောင်ဝမ်သည် ကျုံးရှီယို့၏ အတွေးတို့ကိုနားမလည်နိုင်ဖြစ်နေ၏။ 


နောက်ဆုံးတွင်တော့ ကျုံးယို့ယို့နှင့်ချင်းယောင်တို့သည် ပစ္စည်းများတပွေ့တပိုက်နှင့်ပြန်သွားတော့သည်။ 


ကျုံးရှီယို့သည် သူ၏ လက်ကျန်ကုန်ခါနီးဖြစ်နေသော ကတ်ကိုကိုင်ထားကာ လမ်းတစ်ဖက်ရှိ သူ့အစ်မနှင့်ယောက်ဖတို့အား နှုတ်ဆက်နေ၍ စိတ်ထဲတွင်အလွန်ပျော်ရွှင်နေတော့သည်။ အခွင့်အရေးသည် သူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး သူကိုယ်တိုင်သူ့အစ်မအတွက် ငွေရှင်းပေးကာ လက်ဆောင်ရွေးပေးရန် ရှဲ့ရှောင်ဝမ်၏အကူအညီပင်မလိုလိုက်ချေ။  


ထို့နောက်ရှဲ့‌ရှောင်ဝမ်သည် သူ့နောက်သို့ဆက်လိုက်လာ၏။ သူမအား အိမ်ပြန်မပို့သေးသောကြောင့် မနေနိုင်ဘဲ မေးလိုက်သည်။


 “ကျုံးရှီယို့ ဒီနေ့ ဟိုအိတ်ကို ငါလိုချင်တယ်ဆိုတာ နင်သိတာပဲ ဒါပေမယ့် ဘာလို့...”


သူမအသံသည် ခက်ထန်နေပြီး နှာသံတို့လဲရောနှောနေ၏။ 


သို့သော် ကျုံးရှီယို့သည် နားမလည်နိုင်ဖြစ်သွား၍ သူမကိုလှည့်လိုက်ကာမေးလိုက်သည်။ “မင်းကငါ့အစ်မကို ယှဥ်နိုင်လို့လား” 


ရှဲ့ရှောင်ဝမ်ထိတ်လန့်သွားပြီး မျက်လုံးတို့နီရဲလာတော့သည်။ 


ကျုံးရှီယို့ကတော့ ရှဲ့ရှောင်ဝမ်၏ ဦးနှောက်လည်ပတ်ပုံကိုနားမလည်နိုင်ကာ သူမကိုတစ်ချက်ကြည့်လိုက်၍ တက်စီပေါ်တက်သွားတော့သည်။ ထို့နောက်တွင် နားလည်ရခက်သော ထိုမိန်းကလေးနှင့် ထပ်မပတ်သက်ရန် ဆုံးဖြတ်လိုက်သည်။


စုပေါင်းစာမေးပွဲ၏အမှတ်များ ပြသခဲ့ပြီးနောက် အတန်းထဲတွင် ‌ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေတော့သည်။ နောက်ဆုံးတွင် စုပေါင်းစာမေးပွဲ၌ လူတိုင်း၏ တိုးတက်မှုများကို သိသိသာသာ မြင်လာရ၏။ ဤနှုန်းအတိုင်းသာဆက်သွားနိုင်လျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲ၌လဲ အမှတ်ကောင်းကောင်း ရလာနိုင်သည်။ 


ထိုအကြောင်းကိုပြောရမည်ဆိုလျှင် သူတို့သည် ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့ကို အမှန်တကယ် ကျေးဇူးတင်ရမည်။ ရန်ကျီအန်းသည် စကားတစ်ခွန်းမှပြောလိမ့်မည်မဟုတ်ပေ။ သူက ပထမနှစ်မှစ၍ စာကြိုးစားပြီး အတန်းဖော်တို့ကိုကူညီခဲ့သည်။ သို့သော် ထိုအချိန်တွင် လူတိုင်းသည် အကောင်းအဆိုး သေချာနားမလည်ကြသေးဘဲ ရန်ကျီအန်းကဲ့သို့ စာကြမ်းပိုးတစ်ယောက်ကိုလဲ တစ်ယောက်မှ ဂရုမစိုက်ခဲ့ကြချေ။ 


ဘယ်အချိန်ကတည်းက လူတိုင်းရဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်းချင်းပြောင်းလဲသွားတာလဲ။ 


အတန်း(၁၉)မှ ကျောင်းသားများသည် ထိုအကြောင်းကိုသိချင်နေကြ၏။ သူတို့သေချာစဥ်းစားကြည့်လိုက်ရာ ကျုံးယို့ယို့၏အဆင့်များ ကောင်းလာခဲ့ပြီးနောက် သူတို့လည်း စာလုပ်သည့်အပေါ်တွင် အာရုံစိုက်လာခဲ့ကြခြင်းဖြစ်သည်။ လူတစ်ယောက်သည် အဆင့်ကောင်းကောင်းရပါက တောက်ပစွာ လင်းလက်နေမည်ဖြစ်ပြီး အလွန်အားကျစရာကောင်းသည်ကို ကျုံးယို့ယို့ထံမှ သိခဲ့ကြရသည်။ 


ယခုတစ်ကြိမ်တွင်တော့ အတန်း(၁၉)မှ ကျောင်းသားများသည် စုပေါင်းစာမေးပွဲတွင် အားလုံးအောင်ကြ၍ ကျုံးယို့ယို့နှင့် မခွဲနိုင်ဖြစ်လာကြ၏။ 


ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့ ကူညီပေးခဲ့ကြသော အတန်းဖော်တို့သည် ကျေးဇူးတင်လွန်းသောကြောင့်  အဖြေလွှာများကိုကိုင်၍ အတန်းတစ်ပတ် ပတ်ပြေးချင်မိကာ ငိုနေကြတော့သည်။ “အထက်တန်းစာမေးပွဲကို မအောင်တာ သုံးနှစ်ရှိပြီ ဒီတစ်ခေါက်တော့ငါအောင်သွားပြီကွ ဒီအဖြေလွှာကို အိမ်ကိုယူသွားပြီး ငါ့အမေကိုမြန်မြန်ပြချင်နေပြီ အမေလန့်သေသွားလောက်တယ်” 


ဘေးပတ်ပတ်လည်မှ အတန်းဖော်များသည် ဗိုက်များနာလာသည်ထိ အော်ရယ်ကြတော့သည်။ 


ထိုကျောင်းသားများအပြင် ကျုံးယို့ယို့အား ကျေးဇူးအတင်ဆုံးသူမှာ စွန်းမန့်ဖြစ်သည်။ 


သူမသည် ကျုံးယို့ယို့အား ကျေးဇူးတင်ကြောင်း စာပို့ခဲ့ပြီးဖြစ်သည်။ သို့သော် လူကိုယ်တိုင် နှုတ်မှမည်သို့ ကျေးဇူးတင်စကားပြောခြင်းသည် ကျုံးယို့ယို့သူမအားကူညီခဲ့သည့်အပေါ် ပို၍ရှင်းလင်းသက်ရောက်နိုင်လိမ့်မည်လဲ။ ၎င်းသည် အလွန်အရေးကြီးသည့် ကိစ္စပင်။


သူမသည် တွန့်ဆုတ်နေ၍ ကျုံးယို့ယို့အကြောင်းအား နှစ်ရက်ခန့် စောင့်ကြည့်နေခဲ့၏။ သို့သော် ကျုံးယို့ယို့ချို့တဲ့နေသည့် အရာများအားရှာမတွေ့ခဲ့ပေ။ သူမသည် ကျုံးမိသားစုမှချမ်းသာသည့် သခင်မလေးဖြစ်ပြီး အကောင်းဆုံးစာရေးကိရိယာများနှင့် အိတ်များကို သုံးနိုင်သူဖြစ်သည်။ သူမသည် ကျုံးယို့ယို့အား အံ့ဩစေနိုင်မည့် လက်ဆောင်အနည်းငယ် ပေးချင်မိ၏။ 


သို့‌သော် စွန်းမန့်သည် အမြဲသူမ၏ လက်မှုပညာတွင် ယုံကြည်ချက်ရှိသည်။ သူမသည် တီထွင်ဖန်တီးမှုအားကောင်း၍ ယခုအချိန်ထိ သူမဖန်တီးခဲ့သော အရုပ်များကလှပပြီး သူငယ်ချင်းများ၏ ချီးကျူးခြင်းခံခဲ့ရ၏။ 


ကျုံးယို့ယို့ကိုရော လုပ်ပေးရင်ကောင်းမလား...


အထက်တန်းမပြီးခင် ကျုံးယို့ယို့အား သူမပြုလုပ်ထားသည့် အလှဆုံးအရုပ်အား လက်ဆောင်ပေးနိုင်ရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။ ထိုနည်းဖြင့် ၎င်းသည် ဤဖြစ်ရပ်အတွက် အထိမ်းအမှတ်ကျေးဇူးလက်ဆောင်ဟု သတ်မှတ်နိုင်ပေမည်။ 


ထို့ကြောင့် စွန်းမန့်သည် လိုအပ်သည့်ပစ္စည်းများကိုဝယ်ထား၍ အံဆွဲထဲသို့ထည့်ထားလိုက်၏။ ကျောင်းမှပြန်လျှင် နေ့စဥ် အချိန်ပေးကာ ပြုလုပ်ရန် စီစဥ်လိုက်သည်။ သို့သော် ကောလိပ်ဝင်ခွင့်စာမေးပွဲသည်လည်း နီးကပ်လာပြီဖြစ်၍ အတန်းချိန်ပြီးလျှင် အချိန်နည်းနည်းယူကာ လုပ်နေလိုက်မည်။ 


လီသုန်းဖျင်သည် အတန်းဘေးမှဖြတ်သွားသည့် နှစ်ကြိမ်စလုံးတွင် အတန်းထဲရှိ အတန်းဖော်များအား လှမ်းမကြည့်ဘဲမနေနိုင်ချေ။ 


စုပေါင်းစာမေးပွဲပြီးသွားပြီးနောက် ကျောင်းသားများသည် လက်‌ဆောင်များအား တိတ်တဆိတ်ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၏။ ခုံအောက်ထဲတွင် လက်လုပ်အရုပ်လေးများလုပ်နေသူများ၊ စီဒီမှတ်တမ်းတင်နေကြသူများနှင့် ရှုပ်ရှက်ခတ်နေသည်။ 


ဒီကောင်စုတ်ကလေးတွေ... ဒါကမဟုတ်မှ သူတို့လေးတွေ ဒီအလုပ်ကြိုးစားတဲ့ဆရာ့ကို အထက်တန်းမပြီးခင် လက်ဆောင်ပေးချင်လို့လုပ်နေကြတာမဟုတ်လား။ အိုး သူဘာလို့ရှက်နေတာပါလိမ့်။  


လီသုန်းဖျင် စိတ်ထဲတွင် ဂုဏ်ယူပျော်မြူးနေတော့၏။ 


သို့သော် သူ့အတွက် လက်ဆောင်တို့ပြင်ဆင်နေခြင်းအား ဝင်သွား၍ နှောင့်ယှက်ရန်မသင့်ပေ။ ထို့ကြောင့် လီသုန်းဖျင်သည် ခါးထောက်လျက် ကော်ရစ်တာမှထွက်သွားလိုက်သည်။ 


နောက်နှစ်ရက်တွင် လီသုန်းဖျင်သည် စွန်းမန့်က အားလပ်ချိန်တွင် လက်မှုအရုပ်လေးအား မလုပ်တော့သည်ကို တွေ့လိုက်ရ၏။ သူမ အရုပ်ဖန်တီး၍ပြီးသွားသည်ဟု ခန့်မှန်းလိုက်သည်။ သူကပို၍ပင် မျှော်လင့်နေမိတော့သည်။ စွန်းမန့် သူ့အတွက် မည်သည့်အရုပ်ပေးမည်လဲမသိချေ။ 


ဘာလို့ခုထိ မပေးသေးတာလဲ...


သူ၏နှုတ်ခမ်းထောင့်သည် နားရွက်သို့ရောက်လုမတက် ကွေးညွတ်နေသည်အား မဖုံးကွယ်နိုင်ဘဲ စင်မြင့်ဆီသို့ လျှောက်သွားကာ ချောင်းဟန့်လိုက်သည်။ “အားလုံး တိတ်တိတ်နေကြမယ်”


အတန်း(၁၉)သည် ယခုတွင် ပို၍စည်းကမ်းလိုက်နာလာပြီဖြစ်သည်။ အခုလေးတင်ပင် ဆူညံနေသော်လည်း သူချောင်းဟန့်လိုက်သောအခါ ချက်ချင်းပင် သူ့ကိုအာရုံစိုက်ကာ ကြည့်လာကြ၏။ 


လီသုန်းဖျင်သည် အတန်းကိုဝေ့ကြည့်၍ တွေးလိုက်၏။ ဒီကလေးတွေဘာကိုရှက်နေကြတာလဲ လက်ဆောင်တွေအကုန်အဆင်သင့်ဖြစ်နေပြီလေ နှစ်ရက်တောင်ရှိနေပြီ ဘာလို့လာမပေးကြသေးတာလဲ။ 


ယနေ့မနက်တွင် လီသုန်းဖျင်သည် သူ၏ရုံးခန်းထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်လာ၍ ဟိုဟိုဒီဒီလိုက်ကြည့်ပြီး စားပွဲခုံတို့ကိုလှန်ကြည့်သော်လည်း လက်ဆောင်တစ်ခုမှမတွေ့ခဲ့ပေ။ သူ၏ကျောင်းသားများသည် ကျောင်းဆင်းမှ အံ့ဩအောင်လုပ်ကြလိမ့်မည်ဟုထင်ထားခဲ့၏။ 


“ဆရာ ဘာပြောမလို့လဲ မြန်မြန်ပြောလေ အတန်းစတော့မယ်” ရှေ့ဆုံးတန်းမှ အတန်းဖော်သည် စိတ်မရှည်ဖြစ်လာတော့သည်။ ယခုအချိန်သည် အရေးကြီးဆုံးအချိန်ဖြစ်ပြီး ထိုအချိန်အား လီသုန်းဖျင်ဖြုန်းပစ် လိုက်မည်ကို မလိုချင်ကြပေ။ 


လီသုန်းဖျင်စိတ်ထဲတွင် အပျော်လွန်သွားကာ ဖုံးကွယ်ထားရန်ကြိုးစားလိုက်သည်။ 


ကောင်းပြီလေ ဒီဆရာက မင်းတို့သရုပ်ဆောင်တာကို ကူပြီးအားဖြည့်ပေးပါ့မယ်။ 


ထို့ကြောင့်သူသည် မဖော်ထုတ်လိုက်ဘဲ ပြန်လည်လေ့ကျင့်ရမည်များကို ပြောပြီးနောက် အပြုံးကြီးပြုံးလျက် အတန်းထဲမှထွက်သွားတော့သည်။ 


အတန်း(၁၉)မှကျောင်းသားများသည် စိတ်ရှုပ်ထွေးသွားကြ၏။ 


ဒီနှစ်ရက်မှာ ဆရာ့မျက်မှာပေါ်က စွဲမက်စရာကောင်းတဲ့အပြုံးရဲ့ အဓိပ္ပာယ်ကဘာပါလိမ့်။ 


ကျောင်းဆင်းပြီးနောက် လီသုန်းဖျင်သည် အတန်းဘေးမှဖြတ်လျှောက်သွားရာ စွန်းမန့်က ထုတ်ပိုးထားသည့် လက်ဆောင်အား ခုံအောက်မှ ထုတ်နေသည်ကိုတွေ့လိုက်ရ၏။ သူကချက်ချင်းရပ်လိုက်ကာ ရုံးခန်းသို့ အမြန်ပြန်ရန်ပြင်လိုက်သည်။ ကျောင်းသားများ လက်ဆောင်ပေးရန်လာချိန်တွင် ရုံးခန်းထဲတွင်သူမရှိနေပါက စိတ်ပျက်သွားကြလိမ့်မည်။ 


ကျောင်းသူစွန်းမန့်သည် သူမ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုပြန်လည် တည်ဆောက်ရာတွင် များစွာ ကြိုးစားခဲ့၏။ 


သို့သော် ခြေလှမ်းနှစ်လှမ်းလောက် မလှမ်းရသေးခင်မှာပင် စွန်းမန့်သည် ကျုံးယို့ယို့ဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်သည်။ 


စွန်းမန့်ကယခင်ကလိုပင် ရှက်နေဆဲဖြစ်သည်။ သူမက လက်ဆောင်ကို ကျုံးယို့ယို့အား ပေးလိုက်၏။ သူမစကားကိုပင်သေချာမပြောနိုင်ပေ။ “ကျုံးယို့ယို့ ငါတို့အထက်တန်းမကြာခင်ပြီးတော့မယ် ဒါလေးက ငါကိုယ်တိုင်လုပ်ထားတာ အမှတ်တရအနေနဲ့သိမ်းထားမယ်လို့မျှော်လင့်ပါတယ် အရင်တစ်ခေါက်အတွက် ကျေးဇူးပဲ” 


ကျုံးယို့ယို့ အနည်းငယ်အံ့ဩသွားကာ ပြုံးလိုက်၍ ပြောလိုက်သည်။ “ကျေးဇူးပဲ အရုပ်လေးကအရမ်းလှတယ်” 


စွန်းမန့်စိတ်သက်သာရာရသွားပြီး ကျုံးယို့ယို့အား အားပေးသည့်အမူအရာလုပ်ပြလိုက်၍ “ဗိုလ်လုပွဲမှာ ကံကောင်းပါစေနော်” 


ပြတင်းပေါက်အပြင်ဘက်တွင် လီသုန်းဖျင်သည် သူ့ကိုပေးလိမ့်မည်ဟုထင်ထားသော လက်ဆောင်များ ကျုံးယို့ယို့၏စားပွဲပေါ်တွင် ပြည့်လျှံနေသည်ကိုတွေ့လိုက်ရသောအခါ သူ၏ပီတိဖြစ်နေသာစိတ်များ ကွဲကြေသွားတော့၏။ “...” 


နိုင်ငံလုံးဆိုင်ရာ ဗိုလ်လုပွဲမတိုင်ခင်တွင် သတင်းမီဒီယာများသည် နောက်ဆုံးပြိုင်ပွဲဝင်များအား စိတ်အားတက်ကြွလာစေရန် အကောင်းဆုံးမြှင့်တင်ပေးလျက်ရှိသည်။ 


ဤအစီအစဥ်မှ အဆုံးမရှိသော ပြိုင်ပွဲဝင်ကြယ်ပွင့်များ ထွက်ပေါ်လေ့ရှိသည်။ ဗိုလ်လုပွဲသို့ မတက်လှမ်းနိုင်ခဲ့သော သူများပင် ကျော်ကြားလာကြသည်။ ဥပမာအနေနှင့် မုန့်ရှစ်ရွှမ်နှင့် နာ့ချောင်လန် နှစ်ယောက်လုံးသည် ကျော်ကြားမှု တရှိန်ထိုးတက်လာခဲ့၏။ ပရိသတ်ထောင်ပေါင်းများစွာနှင့် အင်တာနက်တွင် နာမည်ကြီးသူများ ဖြစ်လာကြသည်။ 


သို့သော် ပဏာမပွဲစဥ်အစကပင် အာရုံစိုက်မှုတို့ကိုရရှိခဲ့သော ကျုံးယို့ယို့သည် Weibo ဖွင့်မထားပေ။ သို့မဟုတ်လျှင် လက်ရှိပရိသတ်အရေအတွက်သည် အနည်းဆုံးသန်းချီ၍ ရှိနေနိုင်သည်။ 


သူမ Weibo ဖွင့်မထားသည့်တိုင် ပွဲစဥ်အစမှ ဗိုလ်လုပွဲထိ သူမသည် ကြည့်ရှုမှုအများဆုံး ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်နေဆဲဖြစ်သည်။ 


ဗိုလ်လုပွဲသည် အလှည့်အပြောင်းများစွာနှင့် ပြိုင်ပွဲ၏ ယှဥ်ပြိုင်မှု အပြင်းထန်ဆုံးအပိုင်းဟုဆို၍ရနိုင်သည်။ ၎င်းသည် တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုတို့ကို ဆွဲဆောင်လျက်ရှိ၏။ အတိတ်တွင် သိပ္ပံသုတေသီအဖွဲ့အစည်းသည် တက္ကသိုလ်များအား နွေရာသီစခန်းသို့ဖိတ်ခေါ်‌လေ့ရှိသော်လည်း ယခုနှစ်တွင် ထင်မှတ်မထားဘဲ ပြိုင်ပွဲမှ ပြိုင်ပွဲဝင်နှစ်ယောက်အား လက်ခံဖိတ်ခေါ်မည်ဖြစ်သည်။ လေထုအားအမြင့်ဆုံးသို့ မြှင့်တင်ရန် ပြိုင်ပွဲစီစဥ်သည့် အဖွဲ့သည် ပိုက်ဆံများစွာအကုန်ကျခံ၍ သုတေသီအဖွဲ့အစည်းမှ လက်ထောက်ဌာနမှူးအားဖိတ်ခေါ်ပြီး ပြိုင်ပွဲဝင်များအား မှတ်ချက်ပေးစေခဲ့သည်။ 


ဤနည်းဖြင့် ဗိုလ်လုပွဲ ပွဲစဥ်တစ်ခုလုံးအား ပရိသတ်များသည် ပို၍မျှော်လင့်လာကြလိမ့်မည်။ 


ကျုံးယို့ယို့သည် လက်ထောက်ဌာနမှူးအား စတိတ်စင်နောက်ဘက် နားနေခန်းတွင်တွေ့လိုက်သောအခါ အနည်းငယ်အံ့ဩသွား၏။ ထိုသူသည် မူလဇာတ်ကြောင်းတွင်ပါသည့် ဇာတ်ကောင်တစ်ခုဖြစ်သည်။ သေချာပေါက် မူလဇာတ်ကြောင်းတွင်တော့ ပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်သည့်အကြောင်းမပါခဲ့ပေ။


မူလဇာတ်ကြောင်းတွင် ချန်ပီယံဆုကိုရရှိခဲ့သောသူမှာ ရှစ်ကျစ်ထန်ဖြစ်သည်။ ထိုအချိန်တွင်ရှစ်ကျစ်ထန်သည် ဂုဏ်ယူဝင့်ကြွား၍ ယုံကြည်မှုပြည့်ဝနေခဲ့၏။ သူသည် အကြီးအကဲကျန်းအား ဆရာတစ်ယောက်အဖြစ် ကိုးကွယ်ခဲ့ပြီး ကြီးကျယ်ခမ်းနားသူတစ်ယောက်အဖြစ်မှတ်ယူကာ အကောင်းမြင်ခဲ့သည်။ 


ထိုအချိန်က သူမဖတ်ကြည့်လိုက်သောအခါ စာရေးသူသည် အမျိုးသားဇာတ်လိုက်အတွက် ခန့်မှန်းချက်တစ်ခုပေးခဲ့ကြောင်း ကျုံးယို့ယို့ခံစားခဲ့ရ၏။ 


သေချာသည်ကတော့ ဌာနမှူးသည် တစ်နှစ်ခွဲအတွင်းတွင် ဦးနှောက်သွေးယိုစိမ့်ခြင်းဖြင့် ဆုံးပါးသွားခဲ့သည်။ ရှစ်ကျစ်ထန်သည်လည်း သုတေသီအဖွဲ့အစည်းတွင် လက်ထောက်ဌာနမှူးကို ငြင်းဆန်ခဲ့သောကြောင့် အခက်အခဲတို့ကြုံတွေ့နေရသည်။ လက်ထောက်ဌာနမှုးသည် သိက္ခာရှိသောသူတစ်ယောက်ဖြစ်ပြီး သူ့အား အရှက်ရစေသည့်ကိစ္စမရှိစေခဲ့‌သော်လည်း သုတေသီအဖွဲ့အစည်းသည် သေးငယ်သောအဖွဲ့အစည်းဖြစ်ကာ လူတိုင်းသည် သုတေသနလုပ်ငန်းတို့နှင့်သာ အလုပ်ရှုပ်နေကြသည်မဟုတ်ပေ။ တချို့လူများသည် ရှစ်ကျစ်ထန်နှင့် ပြဿနာရှိခဲ့ကြ၏။ 


နောက်ဆက်တွဲဇာတ်ကြောင်းမှာ ရှစ်ကျစ်ထန်သည် လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာအား ဖြတ်ရိုက်ခဲ့၍ သုတေသီအဖွဲ့အစည်းတွင် သူ့စွမ်းဆောင်ရည်တို့အားပြကာ သိပ္ပံနှင့်နည်းပညာခေတ်သစ်တစ်ခုအား တီထွင်ခဲ့သည့် အကြောင်းများပင်ဖြစ်သည်။ 


သို့သော် ကျုံးယို့ယို့မမျှော်လင့်ထားခဲ့သည်မှာ ယခုအချိန်တွင် သူမကိုယ်တိုင် လက်ထောက်ဌာနမှူး၏ အနှစ်သက်ဆုံး ကျောင်းသားတစ်ယောက်ဖြစ်လာခြင်းပင်ဖြစ်သည်။ 


သူမသည် တက်ကြွမှုတို့ကိုဖုံးကွယ်မထားလိုက်ဘဲ ယုံကြည်ချက်ရှိရှိနှင့် လျှောက်သွားလိုက်ကာ လက်ထောက်ဌာနမှူးအတွက် လက်ဖက်ရည်ထည့်ပေးလိုက်၍ သူမကိုယ်သူမမိတ်ဆက်လိုက်သည်။




xxxxxxx