Chapter 161
လက်ထောက်ဌာနမှူးသည် အရှေ့ရှိ မိန်းကလေးအားအထက်အောက်ကြည့်လိုက်၍ သူမ၏တက်ကြွနေသည့် ပုံစံအားမြင်ရသောအခါ ပို၍ကျေနပ်သဘောကျလာတော့၏။
အစီအစဥ်မစခင်၌ ၎င်းသည် ဖျော်ဖြေရေးလောကမှဖန်တီးထားသော အစီအစဥ်သက်သက်ဟု ထင်ထားခဲ့မိသည်။ တကယ်တမ်းတွင် စွမ်းဆောင်ရည်အားကောင်းသော ကလေးများ ပါဝင်လာလိမ့်မည်မထင်ထားခဲ့ချေ။ သို့သော် အစီအစဥ်ကိုကြည့်ပြီးနောက် ကျုံးယို့ယို့နှင့် ရှစ်ကျစ်ထန်ဆိုသည့် ကလေးနှစ်ယောက်အား ချက်ချင်းပင် သဘောကျသွားခဲ့၏။ ထိုကလေးနှစ်ယောက်သည် ပါရမီရှိသည့်သူများဖြစ်ပြီး သုတေသီအဖွဲ့အစည်းသည် သူတို့အား နွေရာသီစခန်းသို့ဖိတ်ခေါ်ရမည်။
သို့သော်လည်း သုတေသီအဖွဲ့အစည်းသို့ဝင်ရန် သတ်မှတ်ချက်များမှာ အတော်လေးမြင့်သည်။ လက်ထောက်ဌာနမှူး၏ စကားနှင့်တင် ဝင်ခွင့်မရနိုင်ချေ။ ထိုကလေးနှစ်ယောက်သည် သိပ္ပံနှင့်ပတ်သက်သည့် အကြောင်းအရာမျိုးစုံလုပ်ဆောင်ရဦးမည်ဖြစ်သည်။ သို့မဟုတ်လျှင် အများဆုံးအနေနှင့် အလုပ်သင်များအဖြစ်သာ ဝင်ရောက်လုပ်ကိုင်နိုင်သည်။
လက်ထောက်ဌာနမှူးသည် ကျုံးယို့ယို့အား ပြုံးပြလိုက်၍
“ဗိုလ်လုပွဲမှာ ကံကောင်းပါစေ”
ဘေးတွင်ရှိနေသော ကင်မရာသည် ဤအခြေအနေအား ဖမ်းယူရိုက်ကူးလိုက်ကာ အင်တာနက်ပေါ်သို့ တင်လိုက်၏။
အင်တာနက်ပေါ်တွင် အားကျမနာလိုကြသူများ ခံစားချက်ပြင်းထန်နေကြသည်။ အင်တာနက် အသုံးပြုသူများက တစ်ယောက်ပြီးတစ်ယောက်ပြောလာကြတော့သည်။
“သူမက အသက်ငယ်ငယ်လေးနဲ့ သုတေသီအဖွဲ့အစည်းရဲ့ အရေးပေးတာကိုခံရတာပဲ အနာဂတ်မှာ နိုဗယ်ဆုတောင်ရသွားနိုင်တယ်”
“ဒီခေတ်ကလေးတွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တကယ်ကို ပါရမီထူးကဲကြတာပဲ။ တစ်ယောက်ချင်းစီရဲ့ ထူးချွန်မှုတွေက တကယ်ကိုအံ့ဩဖို့ကောင်းတယ်”
ဗိုလ်လုပွဲမစသေးခင်မှာပင် တက်ကြွမှုမီးခိုးလုံးတို့သည် ပျံ့နှံ့နေပြီဖြစ်သည်။ ကျုံးယို့ယို့သည် နားနေခန်းတွင် ထိုင်မနေနိုင်တော့ဘဲ ချင်းယောင်သူမအတွက်ဘိုကင်တင်ပေးထားသည့် ဟိုတယ်သို့ပြန်သွားလိုက်၏။
ကျုံးယို့ယို့က အင်တာနက်ပေါ်တွင် လုံးဝနာမည်ကြီးလာခဲ့သည်။ ဤအစီအစဥ်၏ အကျိုးသက်ရောက်မှုများသည် အတိုင်းအဆမရှိဖြစ်၍ ကျုံးကော်ပိုရေးရှင်းသည်ပင် သူမအလင်းရောင်၏ ဖြန့်ကျက်ခြင်းခံလိုက်ရသည်။ အချိန်ခဏလေးအတွင်းမှာပင် စတော့စျေးနှုန်းများသည် တရွေ့ရွေ့တက်လာခဲ့သည်။ ကျုံးမိသားစုသည်လည်း ဂုဏ်ယူ၍မဆုံးဖြစ်နေတော့၏။ ကျုံးယို့ယို့သည် တစ်နိုင်ငံလုံးရှိပရိသတ်တို့ရှေ့တွင် စတိတ်စင်ပေါ်၌ ရပ်နေသည့် နေ့တစ်နေ့ရောက်လာလိမ့်မည်ဟုထင်မထားခဲ့ပေ။
မင်းသယ်အထက်တန်းကျောင်းမှ ကျောင်းသားများသည် ကျုံးယို့ယို့မြို့နယ်တွင် အဆင့်တစ်ရကတည်းက မယုံမကြည်နိုင်ဖြစ်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် ကျုံးယို့ယို့ဆိုသည့် နာမည်သုံးလုံးအား ဂုဏ်ယူမဆုံးဖြစ်လာကြတော့သည်။
ကျုံးယို့ယို့နှင့် ရှစ်ကျစ်ထန်နှစ်ယောက်လုံးသည် သူတို့ကျောင်း၏ ဂုဏ်ယူစရာသူများပင်ဖြစ်သည်။ နှစ်အနည်းငယ်အကြာတွင် ကျောင်းသို့ဂျူနီယာလေးများရောက်လာလျှင် ဤကျော်ကြားသည့်ပုဂ္ဂိုလ်နှစ်ဦး၏ အံ့ဩဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို မဖြစ်မနေနားထောင်ကြရမည်။
သို့သော် သူတို့နှစ်ယောက်ကို ယှဥ်ကြည့်ပါက ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်ထက်ပိုတော်ကြောင်း သူတို့စိတ်ထဲတွင် ခံစားရ၏။
နောက်ဆုံးတွင် ရှစ်ကျစ်ထန်၏ ခမ်းနားကြီးကျယ်သောအချိန်တို့ကုန်ဆုံးသွားခဲ့ပြီး ယခုနှစ်များတွင် ရှစ်ကျစ်ထန်သည် ပြန်လည်တိုက်ခိုက်၍မရနိုင်အောင်ပင် ကျုံးယို့ယို့၏ ဖိနှိပ်ထားခြင်းကို ခံနေရသည်။
မင်းသယ်အထက်တန်းကျောင်းမှကျောင်းသားများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်ပြင်ဆင်ရင်း အချိန်လုနေရသော်လည်း ဗိုလ်လုပွဲသည် သူတို့အတွက် အလွန်အရေးကြီးလေသည်။ အထူးသဖြင့် အတန်း(၁၉)သည် ပြန်လည်လေ့ကျင့်နေကြရင်း ကျုံးယို့ယို့အတွက်လည်း အချိန်ပေးကာ အားပေးနေကြသည်။
ဗိုလ်လုပွဲအကြောင်းအရာများသည် ဦးနှောက်ပွင့်ထွက်မတတ် အံ့ဩစရာကောင်းနေသော်လည်း မုန့်ရှစ်ရွှမ်က ထိုအကြောင်းတို့ကိုမသိသေးပေ။
သူမသည်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူတစ်ဦးဖြစ်ပြီး Weiboတွင် ပြောနေသမျှသည် ပြိုင်ပွဲနှင့်ပတ်သက်သည့်အကြောင်းများသာဖြစ်သည်။ ပြိုင်ပွဲမှ ထွက်လာခဲ့ပြီးနောက်ပိုင်းမှစ၍ သူမသည် Weiboအား မသုံးဖြစ်ပေ။ ပြိုင်ပွဲမှ ထွက်လာသည့်အကြောင်းများပျံ့နှံ့ပြီးနောက် သူမ၏ကျော်ကြားမှုတို့သည် တဖြည်းဖြည်း တိုးတက်လာခဲ့၏။ ထို့နောက်တွင် ကြော်ငြာအသေးစား တစ်ခုနှစ်ခုဆက်တိုက် ရိုက်ရကာ အဆက်အသွယ်တချို့လဲ ရရှိလိုက်သည်။ ပွဲစားများသည် သူမအား ဤလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် ဆန္ဒရှိလာ၏။
သူမသည်အခြေအနေကောင်းနေဆဲပင်။ ဤရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်တို့သည် အနုပညာလောကထဲရှိ စတားများထက် ပို၍သာလေသည်။ ကုမ္ပဏီတော်တော်များများသည် သူမကိုကမ်းလှမ်းလာကြပြီး သူမအား ဝိုင်းဝန်းမြှောက်ပင့်ရန်ကြိုးပမ်းနေကြတော့သည်။
သို့သော် မုန့်ရှစ်ရွှမ်သည် စတားတစ်ယောက်ဖြစ်ခြင်းက မည်သည်ကိုဆိုလိုကြောင်း သေချာနားလည်သည်။ သူမက ယခုတိုင် မည်သည့်ကုမ္ပဏီနှင့်မှ စာချုပ်မချုပ်ရသေးပေ။ သူမစဥ်းစားနေဆဲဖြစ်သည်။ သူမ၏ ပုံရိပ်ကိုသေချာမြှင့်တင်ပေးနိုင်မည့် ကုမ္ပဏီနှင့်သာ သေချာသည့်အနာဂတ်တစ်ခုတည်ဆောက်ချင်သည်။
ယနေ့တစ်ရက်တည်းမှာပင် သူမ စိတ်ဘဝင်မကျဖြစ်နေသည်။
ကျုံးယို့ယို့သည် ဗိုလ်လုပွဲပြိုင်ဝင်ပွဲတစ်ယောက်ဖြစ်နေပြီး ရှာဖွေမှုထိပ်ဆုံးတွင်ရှိနေကာ သူမ၏ ဓာတ်ပုံအောက်တွင် ကောမန့်တို့တက်လာသည်။
“ဒါက နောက်ဆုံးပြိုင်ပွဲဝင် ကျုံးယို့ယို့ရဲ့ အစ်မမလား”
“ အတိတ်မှာအထုံးလေးတွေရှိခဲ့ပုံပဲ ကလေးလဲခဲ့တာမျိုးလေ အဲ့ဒီလိုကြားမိတယ်”
အင်တာနက်ပေါ်တွင် သတင်းအကြောင်းအရာများသည် လျင်မြန်စွာပျံ့နှံ့တတ်သည်။ ကျုံးယို့ယို့ မုန့်ချန်အား တရားခွင်သို့ပို့လိုက်သည့်အကြောင်းအရာသည် တဟုန်ထိုးအုန်းအုန်းကျက်ကျက်ဖြစ်သွားသော်လည်း ငါးဦးနှောက်နှင့်အင်တာနက်အသုံးပြုသူများက ခုနစ်ရက်ကြာသည့်အခါ မေ့ပျောက်သွားကြ၏။ ထို့အပြင် ၎င်းသည် Zမြို့တော်တွင်သာဖြစ်ပျက်ခဲ့သောအရာဖြစ်ပြီး တစ်နိုင်လုံးသိစေသည့် ကြီးမားသောသတင်း မဟုတ်ခဲ့ချေ။
မုန့်ရှစ်ရွှမ်သည် ဤလမ်းကြောင်းပေါ်သို့လျှောက်လှမ်းလိုက်သည်နှင့် အတိတ်မှဖြစ်ရပ်များသည် အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ကိုသိ၏။ သို့သော် သူမသည် အဖြေတို့ကိုကြိုတင်ပြင်ဆင်ထားပြီး မုန့်ချန်နှင့်လည်း အဆက်အသွယ်မရှိတော့ပြီဖြစ်ကာ သူမကိုယ်သူမ အပြစ်ကင်းသည့်ပုံအား တည်ဆောက်ထားပြီးဖြစ်သည်။
လူထုအမြင်နှင့်ပတ်သက်၍ ကူညီပေးမည့် ကုမ္ပဏီရှိလာပါက ပြဿနာကြီးကြီးမားမား ရှိလာမည်မဟုတ်ချေ။
သူမသည် မုန့်ချန်ကဲ့သို့အမေတစ်ယောက်၏ သမီးဖြစ်ပြီး ၎င်းသည် သူမအပေါ် မစွန်းထင်းခဲ့ပေ။ထို့အပြင် သူမအား ကရုဏာသက်ကြသောသူများလည်း ရှိကြသည်။
ထို့ကြောင့်ပင် တစ်ယောက်ယောက်က သူမအား ကျုံးယို့ယို့နှင့် ဆက်စပ်ပြောဆိုလာလိမ့်မည်ဟုထင်မထားခဲ့ချေ။
သူမသည် ကျုံးယို့ယို့၏ အစ်မဟု အခေါ်ခံလိုက်ရ၏။
သူမမှာနာမည်မရှိလို့လား...သေချာပေါက် သူမက တက်သစ်စ စတားတစ်ယောက်ဖြစ်နေတာတောင်မှ သူကကျုံးယို့ယို့ကိုပဲ ပြောသွားခဲ့တယ်...
ထိုကွန်မန့်သည် သူမနှလုံးသားတွင် စူးဝင်နေတော့သည်။ ဒေါသထွက်လာ၍ ထိုကွန်မန့်နှစ်ခုအား ဖျက်ပစ်လိုက်သည်။ သို့သော် နေ့လည်ခင်းတစ်လျှောက်လုံးတွင် စိတ်အခြေအနေမကောင်းနေပေ။
ကျုံးယို့ယို့ ဗိုလ်လုပွဲမှာ နေရာမရခဲ့ရင်ကောင်းမယ် ဒါမှမဟုတ်ရင်…
မုန့်ရှစ်ရွှမ်သည် ကျုံးယို့ယို့အား ဗိုလ်လုပွဲတွင် ရှစ်ကျစ်ထန်အပါအဝင် များစွာသောသူတို့အား အနိုင်ရလိမ့်မည်ဟု ထင်မှတ်နေခြင်းကို အဓိပ္ပာယ်မရှိဟုတွေးလိုက်သည်။
သူမမှာအဲ့ဒီလိုအရည်အချင်းရှိလို့လား...သူမကိုယ်သူမစိုးရိမ်နေတာကသာ ကျိုးကြောင်းဆီလျော်လိမ့်မယ်...
သို့သော် သူမမျက်ခွံတို့လှုပ်ရှားနေပြီး နာကျင်စရာကောင်းသည့်သင်ခန်းစာသည် သူမကျုံးယို့ယို့အား အထင်သေးလိုက်တိုင်း သူမသာမျက်နှာဖြတ်ရိုက်ခံရကြောင်း သတိပေးနေ၏။
ဗိုလ်လုပွဲမတိုင်ခင် အချိန်များသည် အကုန်မြန်၍ ဗိုလ်လုပွဲတွင် စုစုပေါင်း အယောက်၂၀သာ ကျန်ခဲ့ပြီး ၃၆၀ ဒီဂရီ ကင်မရာတို့အား ပြိုင်ပွဲဝင်တို့ကိုချိန်ထားသည်။ ပြိုင်ရမည့် အကြောင်းအရာအား လျှို့ဝှက်ထားကာ ပြိုင်ပွဲဝင်အားလုံးစင်ပေါ်သို့မရောက်မချင်း ဖော်ပြမည်မဟုတ်ချေ။
ကျုံးယို့ယို့သည် ပြိင်ပွဲဝင်များအား သုံးရက်ဆက်တိုက်ရိုက်ကူးလိမ့်မည်ဟုကြားမိသည်။ သုံးရက်လုံးတွင် ပြိုင်ပွဲဝင်များ၏ လုပ်ငန်းဆောင်တာများအား ရိုက်ကူးလိမ့်မည်ဖြစ်သည်။ တစ်ယောက်ယောက်ပြိုင်ပွဲမှထွက်သွားခြင်း၊ အဆင့်တစ်ခုအောင်မြင်သွားခြင်း၊ သို့မဟုတ် သုံးရက်မပြည့်ခင်အထိ ပြိုင်ပွဲဝင်များ၏ ထမင်းစားခြင်းနှင့်အိပ်ယာဝင်ခြင်းတို့ တစ်စက္ကန့်တောင်လွတ်မသွားစေဘဲ ရိုက်ကူးမှာဖြစ်သည်။ နောက်ဆုံးတွင် သူမက ပြိုင်ပွဲအကြောင်းအရာသည် ခက်ခဲလိမ့်မည်ဟု သံသယရှိလာသည်။
သုံးရက်တောင်အချိန်ယူပြီးဖြေရှင်းရလောက်တဲ့ထိ ခက်နေတာများလား...
မဖြေရှင်းရသေးတဲ့ သချာ်ထင်မြင်ချက်တစ်ခုများဖြစ်နေနိုင်လား...
သို့သော် သူမမျှော်လင့်မထားသည်မှာ စီစဥ်သူအဖွဲ့က ဖန်တီးလိုက်သော ပုစ္ဆာသည် အမှန်တကယ်အံ့ဩဖို့ကောင်း သည်ပင်။ ထို့အပြင် ၎င်းသည် နှစ်ပေါင်းများစွာကြာအောင် မဖြေရှင်းရသေးသော ပုစ္ဆာပင်ဖြစ်၏။ အဖြူရောင်ပိတ်စအား ဖယ်လိုက်တော့သည်။ မေးခွန်းပေါ်လာသည့်အခါ ပြိုင်ပွဲဝင်များ၊ ဒိုင်များနှင့် တီဘီရှေ့တွင် ရှိနေကြသော ပရိသတ်များသည် အသက်ရှူအောင့်လိုက်မိကြသည်။
ရူးသွားပြီလား....နှစ်ရာပေါင်းများစွာကြာအောင်မဖြေရှင်းနိုင်ခဲ့တဲ့ Poincare ယူဆချက်ကို အသက်၂၀တောင် မရှိသေးတဲ့ပြိုင်ပွဲဝင်ကလေးတွေကို ဖြေရှင်းခိုင်းနေတာလား...
Poincare ယူဆချက်သည် ပုံသဏ္ဌာန်၊ အရွယ်ပမာဏ၏ ပြောင်းလဲမှုကြောင့် အကျိုးမသက်ရောက်စေသော ဂျီဩမေတြီအာနိသင်များအား လေ့လာသည့်ဘာသာရပ်၏ အခြေခံယူဆချက်ပင်ဖြစ်သည်။ ၎င်းသည် စိတ်ကူးယဥ်ဆန်၍ မျက်နှာပြင်သုံးခုပါဝင်ပြီး ဖော်မြူလာများနှင့် အဖြေထုတ်နိုင်၏။ ယခင်ကပင် များစွာသော သိပ္ပံပညာရှင်တို့သည် သူတို့၏ သုတေသနများတွင် တိုးတက်မှုနည်းနည်းလေးသာရှိသော်လည်း ကြီးမားသည့် သုတေသနဆုများကိုရရှိခဲ့ကြသည်။
သို့သော်လည်း Poincare ထင်မြင်ယူဆချက်သည် လေထဲတွင်ရှိနေသေးသည်။
ဤမေးခွန်းအားဖော်ထုတ်လိုက်ပြီးနောက် နောက်ဆုံးပြိုင်ပွဲဝင်များသည် အလုံးစုံသက်သေပြနိုင်ရန် သေချာပေါက်မျှော်လင့်မထားချေ။ သို့သော် အနည်းငယ်သော ပြောင်မြောက်သည့်ရှင်းပြချက်များအား ပြုလုပ်နိုင်သည့် မည်သူမဆို အနိုင်ရမည်ဖြစ်သည်။
မျိုးဆက်တစ်ခုမှတစ်ခု ပါရမီထူးချွန်သောသူများသည် ထွက်ပေါ်လာကြသည်ဟု ပြောကြသည်။ ယခု ဦးနှောက်ခြောက်အောင်တွေးတောတွက်ချက်ရမည့် နောက်ဆုံးဗိုလ်လုပွဲ သုံးရက်တွင် ရှာဖွေတွေ့ရှိမှုအသစ်အား ပြုလုပ်နိုင်မည့် ပါရမီရှင်များရှိလာနိုင်မည်လား။
သို့သော် ပြိုင်ပွဲစီစဥ်သူအုပ်စုသည် လူတိုင်းအား ရူးခါသွားအောင်ပြုလုပ်နေဆဲပင်။
တစ်ဖက်တွင် သုတေသီအဖွဲ့အစည်း၏ လက်ထောက်ဌာနမှူးသည် ချက်ချင်းပင်မတ်တပ်ရပ်၍ ပုစ္ဆာအတွက်လက်ခုပ်တီးလိုက်ကာ စိတ်ဝင်စားလာတော့၏။
အင်တာနက်ပေါ်တွင်လည်း ကွန်မန့်တစ်ခုတက်လာ၏။
“ဒါကတကယ်ပဲ လူသားမဆန်တဲ့ အိုင်ကျူပုစ္ဆာကြီးလေ ပြိုင်ပွဲစီစဥ်သူအစုတ်အပြတ်တွေရူးသွားတာလား...”
စင်မြင့်ပေါ်ရှိ ပြိင်ပွဲဝင်များသည်လည်း ဖြေရှင်းမရနိုင်သည့် ပုစ္ဆာအပေါ် ပြောစရာမရှိဖြစ်နေကြသည်။
...
ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်က သူမဘေးတွင်ရပ်နေသည်ကိုသိရသောအခါ အသက်အောင့်လိုက်မိသည်။
ထို့နောက် သူမမျက်လုံးများပြူးကျယ်သွားကာ အံ့ဩသွား၏။ သို့သော် သူမသည် တခြားအရာတစ်ခုကြောင့် ပို၍ပင် အံ့ဩသွားလေသည်။
Poincare ယူဆချက်။ ၎င်းသည် သူမကမ္ဘာတွင်လည်းရှိသည်။ သို့သော် သူမဖြတ်သန်းလာခဲ့သည့် ကမ္ဘာတွင် ထိုယူဆချက်သည်ဖြေရှင်းပြီးနေပြီးဖြစ်သည်။
ဒီကမ္ဘာမှာခုထိမဖြေရှင်းသေးဘူးတဲ့လား.....
???
xxxxxxxx