Chapter 162
ကျုံးယို့ယို့သည် တခဏလောက် ပြောစရာမရှိဖြစ်သွားသည်။
ဗိုလ်လုပွဲတွင် ဤအခြေအနေအားမျှော်လင့်မထားခဲ့ချေ။ အမှန်တကယ်ကိုပင် စာအုပ်ထဲမှအကြောင်းအရာ တော်တော်များများသည် တကယ့်ကမ္ဘာနှင့်ထပ်တူကျနေသောကြောင့် စိုးရိမ်မှု၊ မနာခံမှုတို့မရှိဘဲ လက်ခံနေထိုင်ခဲ့သည်။
သို့သော် ယခုတွင် ဤကမ္ဘာသည် သူမ၏မူလကမ္ဘာနှင့် ကွာခြားကြောင်း သိရှိလိုက်ရ၏။
သူမကမ္ဘာတွင် Poincare ယူဆချက်သည် သိပ္ပံပညာရှင်တစ်ယောက်မှဖြေရှင်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူမသည် ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်၍ Poincare ယူဆချက်ကဲ့သို့ ထင်ရှားကျော်ကြားသည့် ကမ္ဘာ့အဆင့်မှီသင်္ချာပုစ္ဆာအား စိတ်ဝင်စားပြီး ၎င်းနှင့်လည်းရင်းနှီးသည်။ အမျိုးမျိုးသော သိပ္ပံပညာရှင်များသည် ရာကျော်သော စာရွက်စာတမ်းများဖြင့်တွက်ချက်ကာ အဖြေထုတ်ခဲ့ကြ၏။
များပြားလှသည့် တွက်ချက်ပုံနှင့် ဆွေးနွေးခဲ့ကြပုံအဆင့်ဆင့်တို့သည် သူမစိတ်ထဲတွင် ရှင်းလင်းစွာစွဲထင်နေလျက်ရှိပြီး ယခုချက်ချင်းပင်လျှင် ရေးချကာတွက်ပြနိုင်၍ သူမအတွက် ပြဿနာမရှိချေ။
သို့သော်ယခုတွင် ၎င်းသည် မေးခွန်းတစ်ခုဖြစ်ပြီး သူမတွက်သင့်သလားမသိပေ။ ဤနည်းအားဖြင့် ကမ္ဘာ့အဆင့်မှီ Poincare ယူဆချက်ကို အထက်တန်းကျောင်းသူလေးတစ်ယောက်ကဖြေရှင်းနိုင်လိုက်လျှင် ယုံကြည်နိုင်ကြမည်လား...
မည်သို့ပင်ဖြစ်စေ အနည်းငယ်တော့ ယုံကြည်ကြလိမ့်မည်မထင်ချေ။
ကျုံးယို့ယို့က သူမစိတ်ထဲတွင် မတင်မကျဖြစ်နေ၍ ကင်မရာသည် သူမအားချိန်ထားပြီး ရိုက်ကူးနေသည်ကိုမသိလိုက်ပေ။
သူမသည် Poincare ယူဆချက်၏ ဖြေရှင်းချက်အဆင့်ဆင့်ကိုရင်းနှီးနေပြီးဖြစ်သောကြောင့် အခြားပြိုင်ပွဲဝင်များကဲ့သို့ နားလည်ရခက်ပြီး ရှုပ်ထွေးနေသောမျက်နှာအမူအရာတို့ရှိမနေပေ။
တီဘီကြည့်နေသောပရိသတ်များမှာ မအံ့ဩဘဲမနေနိုင်ကြချေ။
ဒီပြိုင်ပွဲဝင်ဘာလုပ်နေတာလဲ...အရင်က ထူးကဲတဲ့စွမ်းဆောင်ရည်တွေပြခဲ့သလို အခုလဲချက်ချင်းဖြေရှင်းပြပြီး သတင်းကြီးကြီးမားမားတွေနဲ့ လူထုကို အံ့ဩထိတ်လန့်စေရမှာမဟုတ်ဘူးလား...သူမ မဖြေရှင်းနိုင်တာများလား...
အခြားသောပြိုင်ပွဲဝင်များသည် ကျုံးယို့ယို့ကနေရာတွင် တည်ငြိမ်စွာရပ်နေသည်ကို တွေ့သောအခါ သူတို့မျက်နှာပေါ်တွင်ရှုပ်ထွေးမှုများရှိနေ၍ ဤကမ္ဘာ့အဆင့်မှီ ယူဆချက်ပုစ္ဆာအားမြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေကြသည်။
သူတို့အားလုံးစိတ်ထဲတွင် ဆဲရေးလိုက်မိကြ၏။ ထိုအံ့ဩစရာကောင်းသည့်မိန်းကလေးသည် ကြီးကြီးမားမား တစ်ခုခုလုပ်သင့်သည်မဟုတ်လား။ လူတိုင်းသည် ကျုံးယို့ယို့အား အမြင့်ကြီးမျှော်မှန်းနေကြသည်မဟုတ်ဘဲ ကြောက်ရွံ့နေကြ၍ဖြစ်သည်။
သူမအားအထင်သေးလိုက်သည့်အချိန်တိုင်းတွင် မျက်နှာဖြတ်ရိုက်ခံသည်။ ယခုတွင် သူတို့မျက်နှာများသည် အတော်နာနေပြီဖြစ်သည်။
မယုံကြည်နိုင်ဆုံးဖြစ်နေသူမှာ ရှစ်ကျစ်ထန်ပင်။ သူသည် ဘေးတွင်ရပ်နေသော မိန်းကလေးအား ကြည့်လိုက်၏။
ဤအချိန်တွင် စလိုက်မီးများအားလုံးသည် ကျုံးယို့ယို့ပေါ်သို့ကျရောက်နေသည်။ ကျုံးယို့ယို့က သူ့ဘေးတွင် ရပ်နေသော်လည်း တစ်ကမ္ဘာတည်းမှလူများမဟုတ်သလို ခံစားလိုက်ရသည်။ သူကဟိုးအရင်ကပင် ကျုံးယို့ယို့အား အမှီမလိုက်နိုင်ခဲ့သည်လား မသိတော့ချေ။ သို့သော် ကျုံးယို့ယို့ကတော့ သူ့အတွက် နှလုံးသားတံခါးအား အပြီးတိုင်ပိတ်သွားခဲ့ပြီဖြစ်သည်။
ထို့ပြင် သူငယ်ချင်းအဖြစ် အခွင့်အရေးပင်မရှိတော့ပေ။
ရှစ်ကျစ်ထန် သက်ပြင်းချလိုက်၏။ သူ့မျက်လုံးထဲတွင် ဖုံးကွယ်မရနိုင်သည့် ဝမ်းနည်းမှုအနည်းငယ်ရှိနေသည်။
…
ဤသို့ဖြင့် သုံးရက်ကြာဗိုလ်လုပွဲသည် အပြင်းအထန်စတင်တော့သည်။
လွန်ခဲ့သောသုံးရက်တွင် အခြားပြိုင်ပွဲဝင် ၁၉ယောက်တို့သည် သူတို့၏ခေါင်းများအား ကုတ်ကာ ဖြေရှင်းခဲ့သည်မှာ စာရွက်ဒါဇင်ကျော်လိုက်ရှိပြီး သိပ်သည်းစွာထုတ်ပိုးထားရသည်။ ကင်မရာက ထိုအရာများအား ရိုက်ပြသောအခါ တီဘီကြည့်နေသော ပရိသတ်များသည် အံ့ဩသွားကာ သက်ပြင်းချလိုက်ကြ၏။ ဤပြိုင်ပွဲဝင်များသည် အမှန်တကယ်ကို ကြိုးစားနေကြသည်ပင်။
ရှစ်ကျစ်ထန်က ထိုပြိုင်ပွဲဝင်များထဲတွင် အနီးစပ်ဆုံးဟုဆိုနိုင်သည်။ သူက နည်းလမ်းကျစွာ ပုံကြမ်းနှင့်စတင်လိုက်၏။ ဤယူဆချက်နှင့်ပတ်သက်သည့် ဖြေရှင်းမှုများသည် အမျိုးမျိုးရှိခဲ့ပြီးဖြစ်သည်။ သို့သော် သေချာပေါက် ယခင်ကပြုလုပ်ခဲ့သော ဖြေရှင်းချက်များသည် အကျုံးမဝင်ခဲ့ပေ။ ထို့ကြောင့်လဲ ဤ Poincare ယူဆချက်ပုစ္ဆာသည် မဖြေရှင်းနိုင်သည့် သချာ်ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိနေခြင်းဖြစ်သည်။
ယခုပြိုင်ပွဲ၌ အထောက်အကူဖြစ်စေမည့် နည်းလမ်းတို့နှင့် ဖြေရှင်းလာနိုင်သူရှိပါက သိပ္ပံသုတေသီအဖွဲ့အစည်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့် လက်မှတ်ရနိုင်ကြောင်း သူကောင်းစွာသိသည်။
အခြားပြိုင်ပွဲဝင်များက စိတ်အားထက်သန်စွာ ဖြေရှင်းနေကြသော်လည်း ရှစ်ကျစ်ထန်သည် ထက်မြက်စွာ ချဥ◌်းကပ်လိုက်၍ ယခင်ကရှိခဲ့သော ဖြေရှင်းချက်များနှင့် တွက်ချက်ပုံများအား အခြေခံကာ မှန်ကန်သောနည်းလမ်းကို မှန်းဆ၍ဖြေရှင်းရန်ကြိုးစားလိုက်သည်။
ကျုံးယို့ယို့လောက်တော့ ရှင်းရှင်းလင်းလင်းရှိပါ့မလား...
ကျုံးယို့ယို့စိတ်ပူနေသော တစ်ချက်မှာ Poincare ယူဆချက် ပုစ္ဆာသည် ဖြေရှင်းချက်တစ်ခုသာရှိပြီး ထိုဖြေရှင်းချက် အဆင့်ဆင့်သည် သူမခေါင်းထဲတွင် နက်ရှိုင်းစွာစွဲထင်နေပြီးဖြစ်သည်။ ဤပုစ္ဆာအား တခြားနည်းလမ်းနှင့် မဖြေရှင်းနိုင်ချေ။
သူမတွင် ရွေးချယ်စရာနှစ်ခုရှိ၏။ မဖြေရှင်းဘဲ ဒီတိုင်းလက်လျှော့လိုက်မည် သို့မဟုတ် ဖြေရှင်းသည့်နည်းလမ်းကိုသာ ဖော်ပြလိုက်မည်။
သို့သော် ကျုံးယို့ယို့သည် နောက်ဆုံးဗိုလ်လုပွဲသို့ရောက်နေပြီး အလွယ်တကူနှင့် လက်လျှော့လိုက်ရန်မဖြစ်နိုင်ချေ။
သူမကအနည်းငယ် မတင်မကျဖြစ်နေသော်လည်း သုံးရက်ကြာပြီးနောက် ပြိုင်ပွဲဝင်အားလုံး ဖြေရှင်းရန်မတတ်နိုင်ဖြစ်နေသည့်အချိန်တွင် သူမက ဖြေရှင်းနိုင်သည့်နည်းလမ်းကိုသာ ချရေးလိုက်၏။
ဖြေရှင်းနိုင်သည့်နည်းလမ်းသာဖြစ်ပြီး အဆုံးထိတွက်ချက်ပုံအဆင့်အဆင့်မဟုတ်ပေ။
သူမက အဆုံးထိဖြေရှင်းချက်အားလုံးအား မဖော်ပြလိုက်ချေ။ သို့မဟုတ်လျှင် နိုဗယ်ဆုရှင်အဖြစ် ဝိုင်းအုံခံရဦးမည်။ သူမက ဤနည်းလမ်းဖြင့်ဖြေရှင်းနိုင်ကြောင်း ခန့်မှန်းချက်အချို့ကိုသာ ဖော်ပြလိုက်သည်။
သူမ နည်းလမ်းအားဖော်ပြလိုက်ပြီးချက်ချင်းတွင် သိပ္ပံသုတေသီအဖွဲ့အစည်းမှ လက်ထောက်ဌာနမှူးအပါအဝင် ဒိုင်တစ်ဖွဲ့လုံးသည် ထိတ်လန့်အံ့ဩသွားကြ၏။
အင်တာနက်ပေါ်တွင်လည်း ဗလောင်ဆူနေကြသည်။
ဤဖြေရှင်းချက်နည်းလမ်းအား သုတေသီအဖွဲ့အစည်းမှ တက္ကသိုလ်ကျောင်းသားအများအပြားသည် တိုးတက်မှုအနည်းငယ်ရှိလာစေရန် နှစ်ပေါင်းများစွာကြာအောင်ကြိုးစားအားထုတ်ခဲ့ရသည်။ သူတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဤဖြေရှင်းချက်နည်းလမ်းအား ပြိုင်ပွဲမစခင်တွင် မထုတ်ဖော်မပြောကြားခဲ့ကြောင်း အာမခံနိုင်သော်လည်း ယခုကျုံးယို့ယို့မှာ သူတို့ရှေ့တွင်ပင် အံ့ဩဖွယ်ရာလုပ်ဆောင်ပြနေလေ၏။
"ဒီပြိုင်ပွဲဝင်အကြောင်းတွေးမိကြရဲ့လား... ဒါဆိုရင် သူမရဲ့ဉာဏ်ရည်က တက္ကသိုလ်ကျောင်းသားတွေနဲ့ ယှဥ◌်လို့ရနေပြီဆိုတဲ့ အဓိပ္ပာယ်မလား..."
၎င်းသည်တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။ Poincare ယူဆချက်ပုစ္ဆာကိုဖြေရှင်းရန် အသေးစိတ်တိကျသော သချာ်တွေးခေါ်မှုများ လိုအပ်သည်။ သူမက နည်းလမ်းကိုသာပြသသွားသော်လည်း ၎င်းက သူမ၏ ဉာဏ်ရည်သည် သာမန်ထက်ကျော်လွန်နေပြီဖြစ်ကြောင်းပြသနေ၏။
ကျုံးယို့ယို့အပြင် ရှစ်ကျစ်ထန်၏ တွက်ချက်မှုသည်လည်း အနည်းငယ်တိုးတက်မှုရှိသည်။ အရင်ဘဝက ရလဒ်ကဲ့သို့ပင် သူ၏နည်းလမ်းသည် အနည်းငယ်သွေဖယ်နေသော်လည်း သုတေသီအဖွဲ့အစည်းအား အံ့ဩအောင် လုပ်နိုင်နေဆဲဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ကျုံးယို့ယို့၏ မှန်ကန်သောနည်းလမ်းနှင့် ယှဥ္ကြည့်ပါက ရှစ်ကျစ်ထန်၏အဖြေသည် အံ့ဩစရာမကောင်းချေ။
ဤဗိုလ်လုပွဲသည် ကျုံးယို့ယို့အတွက် မတော်တဆသာဖြစ်၏။
မထင်မှတ်ထားခဲ့သော်လည်း နိုင်ငံကိုယ်စားပြုချန်ပီယံနေရာတွင် သူမရပ်တည်နိုင်လိုက်သည်။ ဖြစ်နိုင်လျှင် သူမသည် ပြိုင်ပွဲစီစဥ◌်သူတို့ကို လက်ထောက်ဌာနမှူးကဲ့သို့ ပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များအတွက် ပုစ္ဆာအသစ်တစ်ပုဒ္အား ပြင်ဆင်စေချင်ခဲ့မိသည်။
သို့သော် ဝတ္ထုထဲတွင် ဇာတ်ကြောင်းသည် ထိုသို့ရေးဆွဲမထားခဲ့ချေ။ သူမကရလဒ္တို့ကိုပြောင်းလဲနိုင်သော်လည်း မူလဇာတ်ကြောင်း၏ ဇာတ်ကွက်များကိုတော့မပြောင်းလဲနိုင်ပေ။
ဇွန်လတစ်ရက်နေ့သည် ဗိုလ်လုပွဲနောက်ဆုံးရလဒ်အားကြေညာသည့်နေ့ဖြစ်ပြီး အစီအစဥ◌်သည် နှစ်လကြာအောင်ကြာမြင့်ခဲ့၏။ ပရိသတ်အားလုံးသည် ကျုံးယို့ယို့က QYXLWအမည်နှင့် စင်မြင့်ပေါ်ရှိ ချန်ပီယံနေရာ၌ ရပ်နေသည်ကိုကြည့်နေကြသည်။
ယနေ့တွင် ပြိုင်ပွဲစီစဥ်သူများသည် ရှာဖွေမှုအများဆုံးတွင်ရပ်တည်နေပြီး အင်တာနက်ပေါ်တွင် အုန်းအုန်းကျက်ကျက်ဖြစ်နေတော့၏။
ထိုငယ်ရွယ်သည့်မိန်းကလေးသည် Poincareယူဆချက်ပုစ္ဆာတွင် သိသာသည့် ဖြေရှင်းနည်းအား ပြုလုပ်နိုင်လိုက်သည်မှာ မယုံနိုင်စရာကောင်းလှသည်။ သည် ကျုံးယို့ယို့ကဲ့သို့ အံ့ဩစရာကောင်းသည့်ပြိုင်ပွဲဝင်မျိုး ယခင်ကမရှိခဲ့ဖူးဟုဆိုကာ မြှောက်ပင့်နေတော့သည်။ သေချာပေါက် ကျုံးယို့ယို့သည် ထိုမြှောက်ပင့်နေမှုများနှင့် ကျော်ကြားမှုတို့သည် ပူဖောင်းများကဲ့သို့ အချိန်တစ်ခုကြာလျှင်ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း စိတ်ထဲတွင် ကောင်းကောင်းသိလေသည်။
သို့သော် မပျောက်ကွယ်သွားသည့်အရာများလည်းရှိ၏။ ဥပမာဆိုရလျှင် ယခုပြိုင်ပွဲ၌ သုတေသီအဖွဲ့အစည်းသည် သူမအား ပညာရှင်တစ်ယောက်အဖြစ်သတ်မှတ်လိုက်၍ အဖွဲ့အစည်းထဲသို့တိုက်ရိုက် ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်းအတည်ပြုလိုက်သည်။ ယနေ့မှစ၍ လေ့လာသူတစ်ယောက်၏ တာဝန်ကိစ္စများ ရှိလာတော့မည်ဖြစ်သည်။
ရှစ်ကျစ်ထန်သည် မူလဝတ္ထုထဲကလိုပင်ဖြစ်သော်လည်း နွေရာသီစခန်းသို့သွားနိုင်သည့် အခွင့်အရေးကိုသာရလိုက်သည်။
ဗိုလ်လုပွဲထိရောက်ရှိလာကြသော အခြားပြိုင်ပွဲဝင်များသည် ဝမ်းနည်းစွာနှင့်ပြန်ကြရတော့မည်။ သို့သော် အရှုံးမရှိလိုက်ပေ။ နောက်ဆုံးတွင် သူတို့သည် ဒီအထိရောက်လာ၍ တစ်နိုင်ငံလုံးရှေ့တွင် မျက်နှာပြနိုင်ခဲ့ပြီး သူတို့၏ လူငယ်အိပ်မက်အတွက် အကောင်းဆုံးတိုက်ခိုက်ခဲ့ကြသည်ပင်။
ရှစ်ကျစ်ထန်၏အိမ်ပြန်ခရီးတွင်တော့ သူကရှစ်ပါပါး၏ မန်မဲခြင်းကိုသာခံလိုက်ရသည်။
ရှစ်ကျစ်ထန်သည် အသစ်ပြန်လည်မွေးဖွာလာသည့်ကျုံးယို့ယို့အား အံ့ဩမဆုံးနိုင်ဖြစ်မိ၏။ သူက ကျုံးယို့ယို့သည် ပြန်လည်မွေးဖွားလာခြင်းဖြစ်ရမည်ဟု ခန့်မှန်းထားခဲ့သည်။ သို့သော် သူမပြန်လည်မွေးဖွားခဲ့လျှင်တောင် ထိုကဲ့သို့ အပြောင်းအလဲများစွာနှင့် ပြန်လည်မွေးဖွားမလာနိုင်ချေ။ သူမက သူ့အား အရာအားလုံးတွင် ဖိနှိပ်ထားကာ သိသိသာသာနှင့် အနိုင်ယူနေ၏။
အကြောင်းအမျိုးမျိုးကြောင့် ရှစ်ကျစ်ထန်သည် ယခင်ကဲ့သို့ပင် ယုံကြည်ချက်ရှိနေဆဲဖြစ်သည်။ သုတေသီအဖွဲ့အစည်း၏ နွေရာသီစခန်းကိုသွားနိုင်သည်ဆိုကတည်းက အချိန်တစ်ခုကြာလျှင် သိပ္ပံသုတေသီအဖွဲ့အစည်းသို့သေချာပေါက် ဝင်ရောက်နိုင်ရမည့်ယုံကြည်ချက်ရှိခဲ့၏။ သို့သော် သူမျှော်မှန်းထားသည့်လမ်းနှင့်တော့ လွဲချော်မှုရှိသွားခဲ့သည်။
ယခုတွင် ကျုံးယို့ယို့သည် ကျော်ကြားခြင်း၊ ကံကောင်းခြင်းများနှင့် ပြည့်ဝနေတော့သည်။
အကြိုဗိုလ်လုပွဲစဥ်တွင် သူမတစ်ယောက်သာ သုတေသီအဖွဲ့အစည်းမှ ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ထိုအချိန်တွင် သတင်းမီဒီယာတစ်ဒါဇင်ကသာ သူမအား အင်တာဗျူးရန် ဖိတ်ခေါ်ချင်ခဲ့ကြ၏။
သို့သော် ယခုတွင် သူမသည် သိပ္ပံသုတေသီအဖွဲ့အစည်းသို့ တိုက်ရိုက်ဝင်ရောက်သွားနိုင်ပြီဖြစ်သည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း သုတေသီအဖွဲ့အစည်းသို့ဝင်ရောက်နိုင်လိုက်သည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်ပြီး အလွန်အံ့ဖွယ်ကောင်းလေသည်။ ထို့ကြောင့် သူမအားဖိတ်ခေါ်ချင်ကြသော မီဒီယာများနှင့်ကုမ္ပဏီများမှာ ထောင်နှင့်ချီလာတော့သည်။
လူတိုင်းကသူမ၏ သကြားဖေဖေဖြစ်ချင်နေကြသော်လည်း အင်တာနက်အသုံးပြုသူများသည် နိုင်ငံ့ချန်ပီယံဖြစ်သော သူမကိုယ်တိုင်မှာ သကြားမေမေဖြစ်နေကြောင်း စနောက်နေကြ၏။
"အားလုံး သူမရဲ့ ကံကိုသွားကြည့်ကြစမ်းပါ..."
"ကျုံးမိသားစုက မြို့ကြီးတစ်ခုရဲ့ အချမ်းသာဆုံးဖြစ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုကမနည်းမနောပဲ... ပြီးတော့ အားလုံးပဲ သူမရဲ့ ကောင်လေးကရောဘယ်သူလဲသိကြလား... ကောင်လေးရဲ့မိသားစုကလဲ အရမ်းချမ်းသာပြီး နှိမ့်နှိမ့်ချချပဲနေတယ်လို့ပြောကြတယ်... ပြိုင်ပွဲဝန်းထဲကိုဝင်မလာခင် သူမကိုင်လာတဲ့ အိတ်ကိုပဲကြည့်ကြစမ်းပါ... အဲ့ဒါက သန်းချီတန်တယ်ဟ...
ဤသို့နှင့် အကြောင်းအရာသည် ကျုံးယို့ယို့ ချန်ပီယံဆုရသည်မှ ကျုံးယို့ယို့ကိုယ်ပေါ်မှများစွာ နာမည်ကြီး ဘရန်းများဆိုသည့်အကြောင်းအရာသို့ ပြောင်းလဲသွားတော့သည်။
…
ထိုကိစ္စနှင့်ပတ်သက်၍ ကျုံးယို့ယို့သည် ကူကယ်ရာမဲ့နေ၏။ သူမမြို့တော်မှထွက်မည့်နေ့တွင် ချင်းယောင်ကိုယ်တိုင် သူမအားလာကြိုသည်။
ကျုံးယို့ယို့သည် နိုင်ငံလုံးဆိုင်ရာဗိုလ်လုပွဲတွင် အနိုင်ရရှိသွား၍ ဤကမ္ဘာသို့ရောက်လာပြီးနောက်တွင် အိပ်မက်တို့ အမှန်တကယ်ဖြစ်လာခဲ့ပြီဟု သတ်မှတ်၍ရနိုင်သည်။ နေကျဲကျဲပူနေပြီး သူမက ချင်းယောင်ရင်ခွင်တွင်းသို့ ပစ်ဝင်လိုက်ကာ ချင်းယောင်အားတင်းကြပ်စွာဖက်ထားလိုက်သည်။
ယခုအချိန်တွင် ကျုံးပါပါး၊ ကျုံးရှီယို့နှင့် ကျုံးမာမားတို့ တီဗီမှ တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်နေသည်ကို သူမမသိလိုက်ချေ။ ကျုံးယို့ယို့ နိုင်ငံ့ချန်ပီယံဖြစ်လာသည်ကို ကြည့်ကြရသောအခါ သူတို့အားလုံးသည် ခံစားချက်မျိုးစုံ ပြင်းထန်လာကြ၏။
လွန်ခဲ့သည့်တစ်နှစ် ကျုံးယို့ယို့ ဒုတိယသခင်လေးမလေးဖြစ်နေပြီး ဧည့်သည်ခန်းထဲတွင် နေခဲ့ရကာ သူတို့၏ ဂရုစိုက်ချစ်ခင်ခြင်းမခံခဲ့ရသည့်အချိန်က ကျုံးယို့ယို့သည် ယခုလို အောင်မြင်မှုရရှိလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ကြချေ။
ကျုံးယို့ယို့ သုတေသီအဖွဲ့အစည်းသို့ဝင်လိုက်သည်နှင့် သူမပိုင်ဆိုင်လာမည့် အရာများသည် ကျုံးမိသားစု၏ ပိုင်ဆိုင်မှုများနှင့် ယှဥ်မရပေ။
ကျုံးမိသားစုသည် စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်၍ သုတေသီအဖွဲ့အစည်းကတော့ ခေတ်ရှေ့ပြေးနေသည့် နည်းပညာတို့နှင့် ဆက်စပ်လုပ်ကိုင်ရ၏။ တစ်ချိန်ချိန်တွင် ကျုံးမိသားစုက ကျုံးယို့ယို့အပေါ်သို့ မှီခိုအားထားလာရနိုင်သည်။ သို့သော် သူမသည် ကျုံးမိသားစုအား သဘောမကျ၍ သူတို့မှီခိုရမည့် အချိန်ရောက်လာလျှင်တောင်မှ ကူညီပါမည်လော။
ကျုံးရှီယို့သည် ကျုံးပါပါးနှင့်ကျုံးမာမားကဲ့သို့ အတွေးများမနေဘဲ တီဗီထက်ရှိ သူ့အစ်မကိုသာ လေးစာမှုအပြည့်ဖြင့်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် သူက ကျုံးပါပါး၏ပြင်းထန်သည့်ရိုက်ချက်ကိုခံလိုက်ရသည်။
“တစ်နိုင်ငံလုံးရှေ့မှာ ရဲရဲဝံ့ဝံ့ရပ်နေပြီး နိုင်ငံ့ချန်ပီယံဖြစ်လာတဲ့ မင်းအစ်မကိုကြည့်စမ်း...မင်းကရော... နောက်ဆုံးစုပေါင်းစာမေးပွဲမှာ အဆင့်တွေကျသွားတယ်မလား... ဘယ်လောက်ကျသွားတာလဲ...”
ကျုံးရှီယို့က ဖိအားတို့ကိုခံစားနေရ၏။ သူသည် ပြန်လည်မွေးဖွားလာသူဖြစ်ပြီး အထက်တန်းသင်ခန်းစာတို့ကို သင်နေရမည့်သူဖြစ်သည်။
အဆင့်များကျသွားသော်လည်း သူသည် မှတ်ဉာဏ်ကောင်းနေဆဲဖြစ်သည်။
သူကအပေါ်ထပ်သို့ အမြန်ပြေးတက်သွားလိုက်သည်။ ကျုံးယို့ယို့သာ သူတို့မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်လာလျှင် အခွင့်အရေးယူကာ ကျုံးယို့ယို့အတွက် ဟိုတယ်တွင် ပျော်ရွှင်တက်ကြွစွာ ဧည့်ခံပွဲကျင်းပပေးရမည်ဟု တွေးလိုက်၏။ အတူထမင်းလက်ဆုံမစားရသည်ကတော့ စိတ်မကောင်းစရာပင်။
ယခုအချိန်တွင် သူကချင်းယောင်အားကျေးဇူးတင်မိပြီး ကံကောင်းစွာနှင့် ချင်းယောင်သည် သူ့အစ်မနှင့် အတူရှိပေးနေနိုင်သည်။
ဇွန်လ ၃ရက်နေ့။ ရာသီဥတုသည် ပူအိုက်နေ၍ ပုစဥ်းရင်ကွဲတို့ကလည်း အော်ဟစ်နေကာ ပြတင်းပေါက်အပြင်တွင် နေကခြစ်ခြစ်တောက်ပူနေတော့သည်။
ဘောသင်ပုန်းထက်ရှိ ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပရန် လိုတော့သည့်ရက်က တစ်ရက်လျော့သွားပြန်၏။
မင်းသယ်အထက်တန်းကျောင်းသားများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် ရက်ဘယ်လောက်မှမလိုတော့ သည်ကိုသိသော်လည်း ကျုံးယို့ယို့နှင့် ရှစ်ကျစ်ထန်တို့သည် နိုင်ငံလုံးဆိုင်ရာဗိုလ်လုပွဲတွင် ချန်ပီယံနှင့် ဒုတိယဆုတို့ အသီးသီးရခဲ့သည့်အကြောင်းအား တီးတိုးမပြောဘဲမနေနိုင်ကြချေ။ မထင်မှတ်စွာဖြင့် နောက်ဆုံးတွင် ကျုံးယို့ယို့က ရှစ်ကျစ်ထန်အား အပြတ်အသတ်အနိုင်ပိုင်းလိုက်သည်ပင်။
xxxxxxx