အပိုင်း ၇၃
Viewers 6k

🍬Chapter 73

------------



ပြည်တွင်းစံတော်ချိန် မနက် ခုနစ်နာရီတိတိကျကျတွင်၊ Stu က အမျိုးမျိုးသော channel များမှတဆင့် စာတစ်ထောင်ကို ထုတ်ပြန်လာလေသည်။ 


"Stu က နာမည်ကျော်အဆိုတော်နှင့် သရုပ်ဆောင် ရွှီလော့ယန်ကို brand ရဲ့ global spokesperson အဖြစ် ခန့်အပ်လိုက်ကြောင်း ဝမ်းမြောက်စွာဖြင့် ကြေငြာအပ်ပါတယ်။"


ထိုသတင်းက ပြည်တွင်းဖက်ရှင်လောကကို လိုင်းများ #ရွှီလော့ယန် Stu ဟူသော ဝေးပေါ် hot search နှင့်အတူ ကြီးမားစွာ ရိုက်ခတ်သွားစေသည်။ 


"- ဒါက ဒဏ္ဌာရီဆန်တဲ့၊ ဘာမှမလုပ်ရင်လည်းမလုပ်ဘူး။ လုပ်ရင်လည်း ကမ္ဘာကြီးကိုပါ ကိုင်လှုပ်နိုင်တယ်ဆိုတာမျိုးလား။ ငါ သင်္ချာနည်းနည်းတွက်ကြည့်လိုက်တယ်။ အရင်က ငါတို့ လော့ယန်ရဖူးခဲ့တဲ့ အမြင့်တုံး brand တွေက ထွမ်နင်းနဲ့ Cherish ပဲလေ။ ဒါပေမယ့်အခုတော့ တိုက်ရိုက်ကြီး Stu ရဲ့ global spokesperson အဖြစ် ပြောင်းသွားပြီတဲ့လား။ ငါ တစ်ညလောက် ကောင်းကောင်းအိပ်ပြီးတော့မှ ပြန်လာကြည့်တော့မယ်။ ငါ အိပ်မက်မက်နေသလိုပဲ။"


"- အခုတော့ Stu ရဲ့နာမည်ကိုပါ သုံးပြီးတော့။ စန်းတင်နေပြန်ပြီပေါ့။ မင်း အမည်ပျက်စာရင်းအသွင်းခံရပြီး အဝတ်အစားငှားလို့မရတော့မှာကို မစိုးရိမ်ဘူးလား။ ဟဲဟဲ။"


"XLY Stu ကို ကြော်ငြာပေးတယ်ဟုတ်လား။ ဒါဆို စုန့်ယောင်ကို ဘယ်နားသွားထားမလဲ။ ဘာတွေပဲဖြစ်ဖြစ်၊ အဲ့ဒါက XLY ရဲ့အလှည့်မဟုတ်ဘူးလေ။ ဒါက အရယ်ရဆုံးဟာသတစ်ခုပဲ။"


"-ဦးနှောက်မရှိတဲ့ sunspot တွေ၊ ဘေးဖယ်နေကြစမ်း။ ပြီးတော့ ဘာလို့ ငါတစ်ယောက်တည်းက တည်ငြိမ်နေရတာလဲ။ Cherish က ရွှီလော့ယန်ရဲ့ နာရီကြော်ငြာကို မနှစ်ကနှစ်စမှာ တကမ္ဘာလုံးမှာတင်လိုက်တည်းက ရွှီလော့ယန်က ဒီထက်ပိုပြီး အမြင့်ကိုတက်နိုင်လိမ့်မယ်လို့ ငါသိထားပြီးသား။ အမြင့်ကို...တက်သွားမှာ...။ အဲ့ဒီတော့ အခု Stu ဆီကနေ endorsement ရတယ်ဆိုတာ ပုံမှန်ပါပဲ။ မဟုတ်ဘူးလား။ ဘာတွေများ ဒီလောက်ထိ ဇီဖာချဲ့နေကြတာလဲ။ ငါကတော့ ပရိတ်သတ်တစ်ယောက်ပဲမို့ ၊ လာပါ၊ ဟော့ပေါ့သွားစားပြီး ပျော်ပျော်နေလိုက်ကြရအောင်။"


"- လော့ယန်ရဲ့ ကြော်ငြာကာလအတွင်း ထွမ်နင်းရဲ့ ရေမွှေးတွေအကုန် ရောင်းကုန်သွားတာ။ Cherish ရဲ့ နာရီတွေကလည်း နာမည်ကြီးလာတယ်။ Cherish ရဲ့ နေကာမျက်မှန်တွေလည်း အကုန်ရောင်းထွက်သွားတယ်။ အဲ့ဒီ အရင်ကသင်ခန်းစာတွေကြောင့် Stu ကလည်း အဲ့ဒီဘရန်းတွေဆီက နည်းနည်းလောက် လေ့လာလိုက်တာဖြစ်မှာပေါ့။"


တရားဝင်ကြေငြာချက်ထုတ်ပြီး တစ်မိနစ်ပင်မကြာသေးသည့်အချိန်အတွင်း၊ ရွှီလော့ယန်က ပြန်ရှယ်လိုက်လေ၏။ သို့သော် ထိုသို့လုပ်ပြီးနောက်၊ သူက လူထုအမြင် ဘယ်ဘက်ယိမ်းနေလဲဟု ဂရုမစိုက်တော့ပေ။ ထိုအစား၊ ဖုန်းပိတ်ကာ အိပ်ရာဝင်ရန်သာ ပြင်လိုက်လေသည်။


သို့သော်လည်း ဆယ်မိနစ်ခန့် သူ့မျက်လုံးများမှိတ်ထားသော်လည်း အိပ်ချင်စိတ်ဖြစ်မလာသောအခါ၊ ရွှီလော့ယန်က ချီချန်အန်းအနားသို့ လျှောဝင်သွားပြီး အသံတိုးတိုးလေးဖြင့် ညည်းညူလိုက်သည်။ 


"သွားပါပြီ။ ငါဘယ်လိုလုပ်ရမလဲ။ အိပ်လို့မရဘူး။ တစ်ဆယ့်နှစ်နာရီတောင် ကျော်နေပြီ။"


Stu ၏ ဖန်တီးမှုဒီဇိုင်နာ ဝယ်လ်ဆင်က ကြိုတင်ပြင်ဆင်မထားပဲ စိတ်ကူးစိတ်သန်းများရလာသည်နှင့် တန်း၍ထလုပ်တတ်သောလူမျိုးပင်။ သူက ရွှီလော့ယန်အား hard copy နှင့် ပုံရိပ်နှစ်ခုလုံးကို မနက်ဖြန် ရှုတင်စရိုက်မည်ဟုသာ ပြောလာခဲ့သည်။ ထို့ကြောင့်၊ ရွှီလော့ယန်သာ ညနက်သည့်ထိ မအိပ်ပဲနေပါလျှင်၊ နောက်တစ်နေ့ရောက်လျှင် မိတ်ကပ်ဆရာဆီမှ အထင်အမြင်သေးမှုကို ခံရပေလိမ့်မည်။


ချီချန်အန်းက သူ့ကိုရင်ခွင်ထဲထည့်ကာ သူ့ဆံနွယ်လေးများကို နမ်းရှိုက်လာသည်။ 


"ကိုယ် မင်းကို သီချင်းဆိုပြီးချော့သိပ်ပေးရမလား။"


"နားထောင်လိုက်ရင် ငါပိုပြီးစိတ်လှုပ်ရှားလာမှာ သေချာတယ်။" 


ရွှီလော့ယန်က ဟိုဒီလူးလှိမ့်နေသည်ကို မရပ်ဘဲ ညည်းညူရင်း မေးလာသည်။ 


"ချန်အန်း ၊ မင်း ဒီလိုအခြေအနေမျိုးများဆို ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် လုပ်လေ့ရှိလဲ။" 


"ဘယ်လိုအခြေအနေမျိုးလဲ။"


ရွှီလော့ယန်က ဉပမာတစ်ခုပေးရန် အခက်တွေ့သွားရသည်။


 " မင်း [နှင်းမုန်တိုင်း] မှာ ခေါင်းဆောင်မင်းသားအဖြစ် ဒါရိုက်တာ ချူးဝေ့ဆီက အရွေးခံရတုန်းကလိုမျိုးပေါ့။ မင်းရော အရမ်းစိတ်လှုပ်ရှားပြီး ညမအိပ်နိုင်ဖြစ်ခဲ့သေးလား။"


"သိပ်တော့ စိတ်မလှုပ်ရှားပါဘူး။" 


ချီချန်အန်းက ပြန်တွေးကြည့်လိုက်သည်။ 


"ကိုယ်တက္ကသိုလ်တင်တုန်းက ချူးဝေ့ကို လန်ဒန်မှာတွေ့ခဲ့တာ။ အဲ့ဒီတုန်းက စနေ၊တနင်္ဂနွေပိတ်ရက်လေ။ ကိုယ်က သူငယ်ချင်းတွေနဲ့ ညစာသွားစားတာ။ ချူးဝေ့က စားသောက်ဆိုင်အပြင်က မှန်ပြတင်းပေါက်ကနေ ကိုယ့်ကို‌တွေ့လိုက်ပြီး အထဲဝင်လာပြီးတော့ စားပွဲနားရပ်ရင်း ကိုယ့်ကို မင်းရုပ်ရှင်ရိုက်ချင်လားလို့ မေးလာတာ။" 


ရွှီလော့ယန်က အသေအချာသိနေဟန်ဖြင့် ပြော‌လိုက်လေသည်။ 


"မင်း သူ့ကို ငြင်းခဲ့မှာပေါ့။"


"အင်း ကိုယ်သူ့ကို ချက်ချင်း ငြင်းလိုက်တာ။"


"ဟားဟား၊ ဒါရိုက်တာချူးဝေ့အတွက် ရင်နာလိုက်တာ။" 


ချီချန်အန်း၏အရင်တုန်းက ကိစ္စရပ်များအကြောင်း သိချင်စွာနှင့် ရွှီလော့ယန်က ထပ်မေးလိုက်သည်။ 


"ထပ်ပြီးတော့ရော၊ ပြီးတော့ရော။ မင်းဘာလို့ နောက်ကျတော့ လက်ခံလိုက်တာလဲ။"


ရွှီလော့ယန်၏ကျောပြင်သို့ လက်များဖြင့် ပွတ်သပ်နေရင်း ချီချန်အန်းက ဖြေသည်။


"ဒါရိုက်တာချူးက ကိုယ့်ကို နောက်ထပ်နှစ်ခါလောက် ဆက်သွယ်လာသေးတယ်။ ဒါပေမယ့် ကိုယ်က စိတ်မဝင်စားပဲ သူ့ကို ငြင်းခဲ့တာ။ နောက်တော့ သူက C နိုင်ငံကို ပြန်သွားပြီး ရုပ်ရှင်တိုလေးတစ်ခု ရိုက်ကူးရတော့မှာမို့ ကိုယ့်ကို ရိုက်ကွင်းကို လာပြီးကြည့်ဖို့ခေါ်တယ်လေ။ အကယ်၍ ကိုယ်စိတ်ဝင်စားရင်၊ အရင်ဆုံး စမ်းရိုက်ကြည့်ဆိုပြီးတော့ပေါ့။ အဲ့ဒီအချိန်တုန်းက ကိုယ့်စာမေးပွဲတွေ ပြီးသွားတဲ့အချိန်လည်းဖြစ်နေတာနဲ့ ကိုယ်လည်း လိုက်သွားလိုက်တာ။"


သူ ရိုက်ကွင်းကို သွားပြီးကြည့်ဖို့တောင် သုံးကြိမ်လောက် ဖိတ်ခေါ်ရတာပဲ။


ရွှီလော့ယန်က ချီချန်အန်းကို အားကျစွာကြည့်ရင်း - သေချာပါတယ်။ ဘုရင်တွေရဲ့လောကကို ငါနားမလည်နိုင်ဘူးပဲ။


သူ့မျက်ဝန်းထဲ သဘောကျနေမှုတို့ ပြည့်နေသည်ကို မြင်ရသောအခါ၊ ချီချန်အန်းက ပြုံးလိုက်ပြီး သူ့နားရွက်ဖျားလေးများကို နမ်းလာလေသည်။ 


"ကိုယ်ရိုက်ကွင်းကို ရောက်တော့ ရုပ်ရှင်ရိုက်တာက စိတ်ဝင်စားစရာကောင်းတာပဲလို့ သိသွားပြီးတော့ ရိုက်ကွက်တစ်ခုထဲမှာ၊ ကိုယ်က လုံးဝကွဲပြားတဲ့တခြားလူ‌တစ်ယောက်ဖြစ်သွားနိုင်တယ်လို့ သိခဲ့ရတယ်လေ။ အဲ့ဒါကြောင့်ပဲကိုယ် ဒါရိုက်တာချူးရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့တာ။ ဒါရိုက်တာချူးက အရမ်းကို ပျော်ရွှင်သွားပြီး ကိုယ့်ကို အသားကင်တောင် လိုက်ကျွေးတာကို မှတ်မိနေသေးတယ်။"


အသားကင်.... အဓိကစကားလုံးကို ဖမ်းမိလိုက်ကာ အချိန်ကို ပြန်တွက်ကြည့်ပြီးသည်နောက်၊ ချီချန်အန်း၏ဝတ်ရုံကိုဖက်တွယ်ထားသည့် ရွှီလော့ယန်၏လက်သီးဆုပ်လေးက တင်းကြပ်သွားလေ၏။ 


ဒီတော့ အဲ့ဒီအကြောင်းပြချက်ကြောင့် လွန်ခဲ့တဲ့နှစ်နှစ်က ချီချန်အန်းက သူ့ကားကို တိုက်မိသွားခဲ့တာလား။


အသက်ရှုသံများ မြန်ဆန်လာကာ၊ ရွှီလော့ယန်က တတ်နိုင်သလောက် ပုံမှန်ဖြစ်အောင် ထိန်းပြီးမေးလိုက်သည်။ 


"ဒါရိုက်တာချူး မင်းကို အသားကင်ဝယ်ကျွေးဖို့ ခေါ်သွားတဲ့နေရာက Nob ဆိုတဲ့ နေရာမို့လား။ အဲ့ဒီနေရာက တော်တော်လေးချောင်ကျပြဖ်း ကားပါကင်ကလည်း ကျောက်စရစ်တွေနဲ့ ခင်းထားပြီး ပျက်စီးနေသေးတယ်လေ။"


ချီချန်အန်းက ခေါင်းညိတ်လိုက်သည်။


"မင်းလည်း အဲ့ဒီကို ရောက်ဖူးတာလား။ ကိုယ် အဲ့ဒီကားပါကင်က တော်တော်ဆိုးဆိုးရွားရွားကို အလင်းရောင်လည်းမရဘူးလေ။ ကိုယ်ကားမောင်းတုန်းက ဗိုက်လည်းနာနေတာမို့ သေချာမမြင်ရဘဲနဲ့ ကိုယ့်ကားဘေးနားမှာ ပါကင်ထိုးထားတဲ့ကားကို မတော်တဆ ဝင်တိုက်မိခဲ့သေးတယ်။"


နှလုံးသားကို ချိတ်ဖြင့် ချိတ်ဆွဲထားသလို ခံစားလိုက်ရကာ၊ ရွှီလော့ယန်က ဘာတွေဖြစ်ခဲ့လဲဆိုသည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။ ထိုအချိန်က ချီချန်အန်းမှာ ရုတ်တရက်ဗိုက်‌နာသည့်ဝေဒနာကို ခံစားရပြီး သူ့ညာဘက်မျက်လုံးမှာလည်း တစ်ချိန်တည်း အမြင်အာရုံဆုံးရှုံးသွားခဲ့သည်မို့ အနားပတ်ဝန်းကျင်ရှ် ခပ်မှိန်မှိန်အလင်းရောင်ကိုပါပေါင်းထည့်လိုက်ပြီး၊ မတော်တဆဖြစ်ပွားခဲ့ခြင်းပင်။ 


"အင်း သေချာပေါက် ငါအဲ့ဒီကို ရောက်ဖူးတာပေါ့။ အဲ့ဒီဆိုင်က ဒါရိုက်တာကျန်းနဲ့ သူ့သူငယ်ချင်း ဖက်စပ်ဖွင့်ထားတာလေ။" 


ချီချန်အန်း၏ပခုံးထက် သူ၏နှာခေါင်းထိပ်လေးဖြင့် ပွတ်သပ်လိုက်ကာ ရွှီလော့ယန်က တွေးလိုက်သည်။ 


ငါအဲ့ဒီကို ရောက်ဖူးရုံတင်မကဘူး။ မင်းတိုက်လိုက်တဲ့ကားက ငါ့ကားလေ။


ဒါပေမယ့် ကံကောင်းစွာနဲ့ မင်းတိုက်လိုက်တာက ငါ့ကားဖြစ်နေတယ်။


ထပ်ပြီး ပျော်ရွှင်သွားပြန်ကာ၊ ရွှီလော့ယန်၏လေသံက ပြေလျော့သွားလေသည်။ 


"အခွင့်အရေးရရင် အဲ့ဒီကို နောက်တစ်ခေါက်လောက် ထပ်သွားရအောင်လေ။ အဆင်ပြေလား။"


ရွှီလော့ယန်က ထိုနေရာမှ အစားအသောက်တစ်ခုခုကိုသာ အာသီသဖြစ်နေသည်ဟုထင်လိုက်ပြီး ချီချန်အန်းက ခေါင်းညိတ်လိုက်လေသည်။ 


"ကောင်းပြီလေ။"


နောက်တစ်နေ့၊ နေအလင်းရောင်ပင် မထွက်သေးခင်၊ ရွှီလော့ယန်က အိပ်ရာမှထလာခဲ့သည်။ ပထမဆုံး သူလုပ်သည့်အရာမှာ ရေချိုးခန်းထဲသို့ပြေးဝင်သွားကာ သူ့မျက်လုံးအောက် မျက်အိတ်များဖောင်းနေသလားဟု အသေအချာ ကြည့်ရှုခြင်းပင်။ 


သူ့ကိုယ်သူ မှန်ထဲအချိန်တော်တော်ကြာအောင် ကြည့်ပြီးသော်လည်း မသေချာသေးသဖြင့် ချီချန်အန်းထံပြေးသွားကာ "ငါ့အသားအရည်ကော ကောင်းနေရဲ့လား။ ငါ့ချွေးပေါက်တွေရော ကျယ်နေလား။ ငါ့မျက်အိတ်တွေရော ဖောင်းနေလား" 


သူ့မေးကို ပင့်မကာ ချီချန်အန်းက အနီးကပ်ကြည့်လာသည်။ "တစ်ခုမှ မဖြစ်ဘူး။ မင်းက ကြည့်ကောင်းနေတုန်းပဲ။"


"ငါမနေ့က အိပ်ရာအစောကြီးဝင်လိုက်တာက အလဟာသမဖြစ်ဘူးပဲ။" 


ရွှီလော့ယန်၏စိတ်ထဲမှ ခဲလုံးကြီးက နောက်ဆုံးတော့ ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။ သူက ချီချန်အန်းကို အင်္ကျီကြယ်သီးကူတပ်ပေးပြီး မေး‌စေ့ကို လှမ်း၍နမ်းလိုက်သည်။ 


"မစ္စတာချီ၊ ကောင်းသော မနက်ခင်းပါ။ နောက်ထပ် သာယာလှပတဲ့နေ့လေးတစ်နေ့ပဲ။"


သူ့မျက်ဝန်းထဲရှိ အပြုံးကိုကြည့်ကာ ချီချန်အန်းက "အမ်း။ နျောင်နျောင်၊ ကောင်းသောမနက်ခင်းပါ။ သာယာလှပတဲ့ နောက်ထပ်နေ့လေးတစ်နေ့ပဲ။"


စတူဒီယိုသို့ဝယ်လ်ဆင်ရောက်လာသည့်အချိန်၌၊ ရွှီလော့ယန်က ယနေ့မှာ ကောင်းသောနေ့ဖြစ်လိမ့်မည်မဟုတ်ဟု အာရုံရနေခဲ့သည်။


အခန်းတစ်ဝက်လောက် နေရာယူထားသည့် အဝတ်တန်း ငါးတမ်းလောက်ရှိသည်။ ဝယ်လ်ဆင်က သူ့အား ချည်အင်္ကျီတစ်ခုတည်းသာ ကျန်သည်အထိ သူ၏ ဂျက်ကတ်များကို ချွတ်စေကာ‌၊ ရွှီလော့ယန်အား မိနစ်နှစ်ဆယ်ခန့်မျှ လေ့လာပြီးသည့်နောက် သူ၏လက်ထောက်ကို ရွှီလော့ယန်၏ဘေးရှိ အဝတ်အစားပုံထဲမှ ဝတ်စုံတစ်ဆယ့်တစ်စုံကို ထုတ်လာရန် ဝယ်လ်ဆင်က ညွှန်ကြားလိုက်လေသည်။


အဝတ်များဝတ်လိုက်၊ချွတ်လိုက်လုပ်နေစဉ် ရွှီလော့ယန်က ပလတ်စတစ်အရုပ်မော်ဒယ်တစ်ခုကဲ့သို့သာ နေနေခဲ့သည်။


 ကိုးစုံမြောက် ဝတ်စုံကိုလဲပြီးသောအခါ၊ ဝယ်လ်ဆင်က လက်ဖျောက်တီးလိုက်ပြီး "ဒီတစ်စုံပဲ" 


သူ့မျက်လုံးထဲ ရူးသွပ်ဟန်များပေါ်လာကာ "အိုဟောင်းပျက်စီးနေတဲ့ ရဲတိုက်ကနေ ပြန်လည်ရှင်သန်လာတဲ့ မှူးမတ်တစ်ယောက်၊ ဟုတ်တယ်။ ဒါပဲ။" 


တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ဝယ်လ်ဆင်က ခဲတံကိုထုတ်၍ စာရွက်ပေါ်၌ ရေးလိုက်၊ဆွဲလိုက်လုပ်နေပြီး သူ၏ကိုယ်ပိုင်ကမ္ဘာထဲ၌သာ နစ်မြောနေတော့သည်။


ထို့နောက်၊ ရွှီလော့ယန်၏ဆံပင်ကို ခဲပြာရောင်ဆိုးလိုက်ကာ၊ အလွန်တရာမှ တန်ဖိုးကြီးပြီး ‌တောက်ပနေ‌သည့် ပတ္တမြားနားကတ်ကို နားတွင် ပန်ဆင်လိုက်သည်။ သူ့မျက်လုံးမိတ်ကပ်က ခပ်မှိုင်းမှိုင်းသဏ္ဍာန်သွားကာ၊ နှုတ်ခမ်းနီကိုလည်း အရောင်ရင့်ရင်တင်ထားပေးသဖြင့် သူ့အသားအရည်ကို အနည်းငယ်ဖြူဖျော့သည့်ဟန်ပေါ်နေစေသည်။ ဘယ်ဘက်လက်ခလယ်၌ မြလက်စွပ်တစ်ကွင်းနှင့်၊ စိန်ပုံသဏ္ဍာန် ‌ပွင့်ဖတ်လေးခုပါသည့် ရွှေဖြင့်လုပ်ထားသည့်ပန်းပွင့်ပုံစံ ရင်ထိုးနှင့် ကြွေထည်အဆင်တန်ဆာတစ်ခုကို အင်္ကျီကော်လာအောက်၌ ချိတ်ဆွဲထားလေသည်။


မှန်ထဲမှ သူ့ကိုယ်သူပြန်ကြည့်ကာ၊ သူ၏လက်ထောက်မှ လှမ်းပေးလာသည် ပိုးသားလက်အိဝ်တစ်စုံကို သူ၏ညာဘက်လက်တွင် ဖြည်းညှင်းစွာဝတ်ဆင်လိုက်ကာ၊ မသိမသာဖြင့် သူ၏မေးကို အနည်းငယ်လောက် ‌ပင့်ထားလိုက်သည်။ ထိုအခိုက်အတန့်၌၊ မှူးမတ်တစ်ဦးထံ၌ ရှိသည့် အေးစက်စက်မာန်မာနတို့က ရွီလော့ယန်၏ မျက်ခုံးမျက်လုံးတို့မှထွက်ပေါ်နေကာ၊ သူ့အား အလွန်မှ ထက်မြက်သည့်ဟန် ပေါ်နေစေသည်။


လက်ချောင်းများကြား ခဲတံကိုညှပ်ထားရင်း ဝယ်လ်ဆင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ 


"မင်း ဒီဝတ်စုံရဲ့ ရောင်ဝါတွေနဲ့ လုံးဝလိုက်ဖက်နေမယ်ဆိုတာ ငါသိသားပဲ။ သေချာတာပေါ့၊ လုံလုံလောက်လောက်ကို သေချာတာပေါ့။"


နှစ်နာရီကြာပြီးသည့်အခါ၊ ရွှီလော့ယန်က အဖွဲ့သားများနောက်မှ ရိုက်ကွင်းရှိရာနေရာဖြစ်သည့်၊ မြို့၏အစွန်အဖျား၌တည်ရှိသော အပျက်အစီးပုံကြီးဖြစ်လုနီးပါး ရဲတိုက်အိုကြီးထံသို့ လိုက်သွားလေသည်။တစ်ချိန်တစ်ခါတုန်းက ထိုရဲတိုက်ကြီးမှာ ပြိုကျပျက်စီးနေသည့်နံရံများ၊ အက်ကွဲနေသည့်ကျောက်ဆစ်ရုပ်တုများ၊ ‌ရှည်လျားစွာပေါက်ရောက်နေသည့် မြက်ပင်များရှိနေခဲ့သည်။ အဖွဲ့သားများက ရှုတင်ရိုက်မည့်နေရာကို ဆုံးဖြတ်နေစဉ်၊ အနုပညာရှင်၏ကားထဲ၌ ရွှီလော့ယန်က ချီချန်အန်းနှင့်အတူတူ အနားယူနေခဲ့သည်။


ကားထဲတွင် သူတို့နှစ်ယောက်သာရှိနေပြီး သူက ဖျော်ရည်အနည်းငယ်ကို ပါးစပ်ထဲကိုက်ထားသည့်ပိုက်မှတဆင့်သောက်နေစဉ်၊ ချီချန်အန်း၏စကားကို ကြားလိုက်ရသည်။


 "လော့ယန်။ ကိုယ်အခု ဘာကိုအလုပ်ချင်ဆုံးလဲဆိုတာ သိလား။"


ပိုက်ကိုကိုက်ကာ ၊ သိချင်စိတ်အနည်းငယ်ဖြင့် ရွှီလော့ယန်က သူ့ကို ကြည့်လိုက်သည်။ 


"မင်း ဘာလုပ်ချင်တာလဲ။"


ချီချန်အန်းက သူ့ကို နမ်းချင်နေတာလား။ ဒါပေမယ့် သူ့မိတ်ကပ်က အထူကြီးလိမ်းထားရတာမို့ နမ်းလိုက်ရင်လုံးဝကို ပြဿနာကြီးဖြစ်သွားမှာပဲ။ 


ထို့နောက် ချီချန်အန်းက သူ့ရှေ့၌ဒူးတစ်ဖက်ထောက်ကာ၊ ညင်သာစွာဖြင့် သူ့လက်ကိုဆွဲယူပြီး ခေါင်းငုံ့၍ သူ့လက်ဖမိုးကို နမ်းလိုက်သည်ကို မြင်လိုက်ရသည်။ သူ့အသံက ဝိုင်ကဲ့သို့ ရစ်မူးဖွယ်ကောင်းလှပေသည်။ 


"ချစ်လှစွာသော ကျွန်တော့်ရဲ့မှူးမတ်ကြီး၊ သခင်က ကြယ်တွေလိုမျိုး နှစ်သက်ဖွယ်ကောင်းလှပါတယ်။"


ရွှီလော့ယန်၏မျက်နှာတစ်ပြင်လုံးနီရဲသွားကာ၊ သူက စကားပင် ကောင်းကောင်းပြန်မပြော‌နိုင်တော့ပေ။ 


"မင်း.....ငါ..... " 


သူ့ဦးနှောက်က ဗလာဖြစ်သွားပြီး သူ့အတွေးများလည်း ကြိုးထုံးတစ်ခုလို ရှုပ်ထွေးသွားသည်။ 


သူတွေးနိုင်သည့်တစ်ခုတည်းသောအရာမှာ 'အား အား အား' ဟူသည့် အော်သံများသာ။


ချီချန်အန်းက သူ၏လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်မှာ အလွန်တရာမှ သာမန်ဖြစ်သည့် လုပ်ရပ်တစ်ခုဖြစ်သော်ငြား၊ ထိုအပြုအမူက အဓိပ္ပာယ်နှစ်ခွထွက်နေကာ သူ၏လက်ဖဝါးများက လောင်ကျွမ်းတော့မည်အလား ရွှီလော့ယန်ခံစားမိနေသည်။


ထိုအချိန်၌ပင်၊ ကားတံခါးမှခေါက်သံထွက်လာသည့်အတွက် ရွှီလော့ယန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်မှအပူငွေ့များပျောက်ဆုံးသွားသည်အထိ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အသံကိုတိုးကာ၊ ချီချန်အန်းကို နှုတ်ဆက်လိုက်လေသည်။ 


"ငါအရင် ဆင်းနှင့်မယ်နော်။"


ချီချန်အန်းအနားသို့ တိုးကပ်မသွားမီ သူကအနည်းငယ် ရှုပ်ထွေးနေသည်။ 


မျက်လုံးကိုမှိတ်ကာ၊ ထူထဲသောမျက်တောင်များက တဖျတိဖျတ်လှုပ်ခတ်နေရင်း၊ သူ၏စိုစွတ်နေသည့်လျှာလေးကို အနည်းငယ်ထုတ်ကာ၊ ချီချန်အန်း၏နှုတ်ခမ်းသားများထက် လျက်ကာ နူးညံ့စွာဖြင့် "မင်းကမှ ကြယ်တွေဝန်းရံနေတဲ့ လမင်းကြီးပါ"


ထိုသို့ဆိုကာ၊ ကားပေါ်မှ သူကမန်းကတန်းဆင်းပြေးလိုက်တော့၏။


____


Translated By IQ-Team.