အပိုင်း ၃၃
Viewers 13k


Chapter 33



နောက်တစ်နေ့ ညနေခင်းမတိုင်ခင်တွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ မျှော်လင့်ထားသည့်အတိုင်း ပို၍များပြားသည့် ငှက်ဥများနှင့်အတူ ပြန်လာကြလေသည်။ ယင်ရှောင်ရှောင်း မျက်လုံးဝေ့ကြည့်လိုက်သည်။ ယင်တပိုင်မှာ ဥများပြည့်လျှံနေသည့် ငှက်သိုက်တစ်ခုအား ဆွဲကာဖြင့် ပြန်လာသည်။ ဟွားရှောင်ဟွားအား ကြည့်လိုက်သည့်အခါ ယင်ရှောင်ရှောင်းမှာ ပြောစရာစကား မဲ့သွားတော့သည်။ ဟွားရှောင်ဟွားမှာ အမြဲလိုလို ယင်တပိုင်နှင့် လိုက်သွားလေ့ရှိသော်ငြား အမြီးနှင့် ပါးစပ်တွင် ဘာမှမပါဘဲ ပြန်လာလေ့ရှိသူ ဖြစ်သည်။ ယနေ့တွင်မူ ငှက်သိုက်တစ်ခု ဆွဲကာဖြင့် ပြန်လာလေသည်။ အမြင်နှင့် ခန့်မှန်းမည်ဆိုလျှင်ပင် ဟွားရှောင်ဟွား ပြန်သယ်လာသည့် ငှက်ဥများမှာ ယင်တပိုင်ထက် မနည်းလောက်ချေ။ ယင်ရှောင်ရှောင်း စိတ်ဖိစီးလာသည်။ ဤနည်းအတိုင်း ဆက်သွားမည်ဆိုလျှင် အနာဂတ်တွင် ဤတောင်တန်းတစ်ဝိုက်၌ မည်သည့်ငှက်မျှ အသိုက်လာဆောက်တော့မည် မဟုတ်ချေ။

“အိုး.. ဒီနေ့ မြစ်ကမ်းစပ်ကိုသွားပြီး စားကြမယ်ဆိုရင် ဘယ်လိုလဲ..”

ဟွားရှောင်ဟွား မျှော်လင့်တကြီး အကြံပေးလေသည်။ ယင်တပိုင်မှာ သူ၏ ခင်ပွန်းသည် ပြောသည့်အတိုင်း တစ်ခွန်းသာလျှင်ဖြစ်သည်။ ပါပါးနှင့် ဖေဖေတို့ သဘောတူလက်ခံပြီးသည့်နောက်တွင် မြွေပေါက်လေးများ၏ စိတ်ကူးအား မေးနေရန် မလိုတော့ချေ။

“ရှောင်ယိရယ်.. ရှောင်အာရယ်.. ရှောင်စန်းရယ်က ဒီအသိုက်ကို ယူလာခဲ့.. ရှောင်စစ်ရယ်.. ရှောင်ဝူရယ်.. ရှောင်ရှောင်းရယ်က ဒီတစ်ခု.. တပိုင်က ဒီသစ်ငုတ်ကို ယူခဲ့..”

ဟွားရှောင်ဟွား တာဝန်အသီးသီး ခွဲဝေပေးလိုက်သည်။ ထိုသစ်ငုတ်မှာ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ အသုံးပြုပြီးသား ဖြစ်သော်ငြား ယင်တပိုင် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ နောက်ထပ်တစ်ခု ထပ်ရှာရန်မှာလည်း အဆင်မပြေလှချေ။ ထို့အပြင် ထိုသစ်ငုတ်အား အမြဲတမ်းသုံးနိုင်မည် မဟုတ်သော်လည်း လတ်တလော အသုံးဝင်နေသေးသည်။ ခုနစ်ကြိမ် ရှစ်ကြိမ်မျှ သုံးပြီးသည့်နောက်တွင်မူ အသုံးဝင်တော့မည် မဟုတ်ချေ။

“ပါပါးကကော ဘာလုပ်မှာလဲဟင်..”

ယင်ရှောင်ရှောင်းမှာ အကြံဆိုးလေးများ ရှိနေလေသည်။

‘ငါတို့ကျ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ပါပါးကျ ဘာမှမလုပ်ဘူး.. ဒီလောက် အရွယ်ရောက်နေပြီးမှ ဘာမှမလုပ်ဘဲနေတာ မရှက်ဘူးလားလို့..’

ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်းအား စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်း တုန်လှုပ်သွားကာ အခွေအဖြစ်သို့ ပြောင်းလဲသွားချင်စိတ်အား သည်းခံထားလိုက်သည်။ ခေါင်းမော့ကာဖြင့် ပြန်ကြည့်လိုက်သေးသည်။

ဟွားရှောင်ဟွားမှာ ခေတ္တမျှကြာသည့်အထိ သားဖြစ်သူအား ကြည့်နေလိုက်သော်လည်း အကျိုးသက်ရောက်မှု မရှိသည့်အတွက် စိတ်မရှည်စွာဖြင့် အကြည့်ပြန်ရုတ်လိုက်သည်။ ယမန်နေ့ကျန်သည့် သစ်ကိုင်းများကို စုစည်းလိုက်ပြီးနောက် ပြောလေသည်။

“ပါပါးက ဒါတွေသယ်မှာလေ..”

ယင်ရှောင်ရှောင်း : “...”

ယင်ရှောင်ရှောင်း၏ ပုန်ကန်မှုမှာ မျှော်လင့်ထားသည့်ရလဒ် ရမလာခဲ့သော်ငြား မြွေပေါက်လေးများ၏ လေးစားအားကျသည့် အကြည့်များအား လက်ခံရရှိလေသည်။

အဲလိုလေး ပြန်ပြောဖို့ သတ္တိရှိနေတာကကို ချီးကျူးဖို့ကောင်းနေပါပြီနော်..

ထိုလေးစားအားကျသည့် အကြည့်များထဲတွင် ယင်တပိုင်သည်လည်း ပါဝင်နေလေသည်။ ယင်တပိုင်၏ စိတ်ထဲတွင် မျက်ရည်ချောင်းစီးနေလေပြီ။ သူနှင့် ရှောင်ဟွားမှာ ငယ်ချစ်များဖြစ်ကြသည်။ ရှောင်ဟွားအား စမြင်သည့်နေ့မှ စ၍ ကလေးများရလာသည့်တိုင်အောင် တစ်ကြိမ်တစ်ခါလေးမျှပင် မနာခံဘဲ မနေဝံ့ခဲ့ချေ။ သူ၏ ရှောင်ရှောင်းလေးမှာ အလွန်အမင်း ရဲစွမ်းသတ္တိပြည့်ဝလွန်းလှသည်။

ဟွားရှောင်ဟွားမှာ မြွေများ၏ မျက်နှာရှိ ဒေါသအရိပ်အယောင်များကို မြင်သည့်အခါ ယင်တပိုင်အား အမြီးဖြင့် ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။

“ဘာတွေ အချိန်ဆွဲနေတာလဲ.. သွားမယ်လေ..”

ထိုသို့ပြောပြီးနောက် ထွက်ခွာသွားတော့သည်။

ယင်တပိုင်မှာ သစ်ငုတ်ကို ဆွဲလျက်၊ မြွေပေါက်လေးများမှာ ငှက်သိုက်များအား ဆွဲလျက်နှင့် ဟွားရှောင်ဟွားနောက်သို့ ဝမ်းနည်းပက်လက်နှင့် လိုက်ပါသွားကြသည်။ ဟွားရှောင်ဟွားမှာ ထင်းစည်းနှင့်အတူ အရှေ့ဆုံးတွင် ကားကားကားကားနှင့် လျှောက်သွားနေလေသည်။

သူတို့သည် လန်ယိယိတို့ မိသားစုအိမ်အား ရည်ရွယ်ချက်ရှိရှိ ရှောင်ကွင်းသွားကြပြီး နုန်းများရှိရာတစ်ဝိုက်သို့ တိုက်ရိုက်သွားလေသည်။

ဤအစားသမားများအတွက် အလုပ်ခွဲဝေပေးမှုမှာ အရေးကြီးသည့်အပိုင်း ဖြစ်သည်။ ထို့ကြောင့် ဦးတည်ရာနေရာသို့ ရောက်သည်နှင့် မြွေတိုင်းမှာ သူတို့နှင့် သင့်လျော်ရာ အလုပ်ကိုယ်စီ ယူလိုက်ကြသည်။ မြွေပေါက်လေးများမှာ ဥများအား ရွှံ့ဖြင့်လုံးရန် တာဝန်ကျပြီး အန္တရာယ်များသည့်အလုပ်လည်း ဖြစ်သည်။

အကြောင်းမှာ သေချာစွာ ဂရုမစိုက်မိလျှင် နုန်းထဲသို့ကျကာ တစ်ကိုယ်လုံး ရွှံ့ပေပြီး မြွေညစ်ပတ်လေး ဖြစ်သွားနိုင်ခြင်းကြောင့်ပင်။ ရှောင်ရှောင်းမှအပ မည်သည့်ကုန်းမြွေမှ ရေထဲသို့ မဆင်းချင်ကြပေ။ ထို့ကြောင့် ထိုသို့ဖြစ်လာခြင်းမှ ရှောင်ကြဉ်ရန် မြွေပေါက်လေးများ အားလုံးမှာ သူတို့၏ ခန္ဓာကိုယ်အား ရွှံ့ပေခြင်းမှ သေသေချာချာ ကာကွယ်ကြလေသည်။

ယင်ရှောင်ရှောင်း အာရုံစူးစိုက်စွာဖြင့် ငှက်ဥများအား ရွှံ့ဖြင့်လုံးနေလေသည်။ ထိုအချိန်တွက် မျက်လုံးထောင့်မှ အလင်းရောင်အား မြင်လိုက်ရသည်ကြောင့် သူ၏ အာရုံမှာ မီးမွှေးနေသည့် ယင်တပိုင်နှင် ဟွားရှောင်ဟွားတို့ထံ ရောက်သွားလေသည်။

အကြည့်တစ်ချက်နှင့်ပင် ယင်ရှောင်ရှောင်းအား ထိတ်လန့်တကြား ထခုန်မိရန်လုံလောက်လေသည်။ တစ်ချိန်တည်းမှာပင် ယင်ရှောင်ရှောင်း၏ စူးရှသည့်အသံမှာ ငြိမ်သက်မှုအား ချိုးဖြတ်လိုက်လေသည်။

“ရပ်! လိုက်!”

ယင်ရှောင်ရှောင်း၏ အော်သံကြောင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ထိတ်လန့်သွားကြပြီး ပူးကပ်နေရာမှ ချက်ချင်း ခွဲလိုက်ကြသည်။ တစ်စုံတစ်ခု လုပ်နေစဉ် အမိခံလိုက်ရသည့် မြွေများနှင့်ပင် တူလှသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ လူကြီးများကိစ္စကို တွေးတောဖို့ရန် အချိန်မရှိပေ။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ထံ အလျင်စလို ပြေးသွားလိုက်သည်။

“ဖေဖေနဲ့ ပါပါးက သားကို လန့်သေအောင် လုပ်နေတာပဲ..”

ဟွားရှောင်ဟွား ဒေါသတကြီး ပြောလေသည်။

“မင်းကမှ ငါ့ကို လန့်သေအောင်လုပ်နေတာကွ.. ဘာကိစ္စနဲ့ ထအော်ရတာတုန်း ပြောပါဦး..”

ရှောင်ရှောင်း စိတ်ထဲတွင်သာ မျက်လုံးလှိမ့်လိုက်သည်။

“ပါပါးနဲ့ ဖေဖေက ဒီမြက်တွေကြား မီးညှိဖို့ လုပ်နေတာ မကြောက်ဘူးလားဟင်.. ဒါမှမဟုတ် ဒီချုံပုတ်တွေအားလုံးကို မီးညှိပြီး ဥတွေတစ်ပြိုင်နက်တည်း ချက်မလို့ ပြင်နေတာလား..”

ယင်ရှောင်ရှောင်း ထိုသို့ပြောသည့်အခါ ယင်တပိုင်နှင့် ဟွားရှောင်ဝူတို့မှာ ‘ချစ်စရာ နုံနုံအအလေး.. ချစ်စရာ နုံနုံအအလေး.. ဒါပေမဲ့လည်း မြွေနတ်ဘုရားကြီး ဒေါသထွက်လာရင်တော့ နုံအတာက ချစ်စရာမကောင်းတော့ဘူးနော်..’ ထိုသို့တွေးမိပြီးနောက်တွင် ယင်တပိုင်နှင့် ဟွားရှောင်ဝူတို့ ချွေးအေးများ ထွက်လာကြသည်။ ဤတောင်တန်းကြီးသား မီးကျွမ်းသွားမည်ဆိုလျှင်....။ မှတ်ဉာဏ်အမွေများအရ သူတို့ ဖြစ်တည်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤတောင်တန်းအား ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

“အဲ.. အဲဒါဆိုရင် ပါပါးတို့ ဘယ်လိုလုပ်ရမလဲ..”

ယင်ရှောင်ရှောင်း တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။

“ချောင်းနားမှာ လုပ်ကြမယ်လေ.. အရင်ဆုံးတော့ အဲဒီနေရာမှာရှိတဲ့ မြက်တွေကို အမြစ်နားအထိ ကိုက်ပြီး ဆွဲနှုတ်ရမယ်.. ပြီးရင် စက်ဝိုင်းတစ်ခုဆွဲပြီး စက်ဝိုင်းရဲ့ အနားတွေကို ရေဖြန်းရမယ်.. အဲဒါပြီးရင်တော့ စက်ဝိုင်းရဲ့ အလယ်မှာ မီးဖိုမယ်.. အဲဒီအခါကျရင်တော့ စိုးရိမ်ဖို့ မလိုတော့ပါဘူး.. ကိုက်ဖြတ်ထားတဲ့ မြက်တွေကို ထင်းတွေအစားလည်း သုံးလို့ရတယ်.. ပါပါးက မြက်ကိုသုံးပြီး မီးဖိုလိုက်.. မြက်တွေက ပိုမြန်မြန် လောင်ကျွမ်းနိုင်တယ်ဆိုတော့ သားတို့ မြန်မြန်လေးလုပ်ဖို့နဲ့ မြက်တွေကို အချိန်မီထည့်ပေးဖို့လိုတယ်..”

ယင်ရှောင်ရှောင်း ပြောပြီးသည်နှင့် ယင်တပိုင် စတင်လုပ်ဆောင်တော့သည်။ ဟွားရှောင်ဟွားမှာမူ ယင်တပိုင်၏ စက်ဝိုင်းထဲသို့ သစ်ငုတ်အားဆွဲယူလာပြီး ထိုနေရာမှာပင် ရပ်နေလေသည်။ ယင်တပိုင် အရာအားလုံးကို လုပ်ဆောင်ပြီးစီးသည်အထိ စိတ်လက်ချမ်းသာစွာ စောင့်ဆိုင်းနေလေသည်။

ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွားအား ခေတ္တမျှ စိုက်ကြည့်လိုက်ပြီး အခြားတစ်ဘက်သို့ မျက်နှာလှည့်လိုက်သည်။ ဟွားရှောင်ဟွား၏ သားတစ်ကောင်အနေဖြင့် ရှက်ရွံ့နေမိသည်။

ပျားပန်းခပ်တစ်မျှ လှုပ်ရှားနေရင်းဖြင့် အချိန်ကုန်မြန်လာသည်။ မြွေပေါက်လေးများမှာ ဥများအား နုန်းထဲတွင် လှိမ့်နေကြပြီး မီးပုံလည်း ဖိုပြီးဖြစ်သည်။ ထို့နောက်တွင် မြွေမိသားစုမှာ ဥမီးဖုတ်ရန်အတွက် စုဝေးလိုက်ကြသည်။ ငှက်ဥများမှာ ယင်ရှောင်ရှောင်း၏ အဓိကအစာဖြစ်သော်လည်း မီးနှင့် ဥများ ချက်ပြုတ်နိုင်လာသဖြင့် မိသားစုတစ်ခုလုံး အလွန်စိတ်ဝင်စားနေကြခြင်းပင်။

မြွေများ၏သက်တမ်းမှာ ရှည်လျားလွန်းသည်ကြောင့် သူတို့အနေဖြင့် ပျော်စရာလေးများနှင့် စိတ်ဝင်စားဖွယ်ရာလေးများအား ရှာဖွေရန် လိုအပ်ပေသည်။ ထို့ကြောင့် မီးနှင့်ဥများအပေါ် အလွန်စိတ်ပါဝင်စားနေကြခြင်း ဖြစ်ကြသည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ထိုအခြင်းအရာနှင့် ပတ်သက်၍ ထူးထူးခြားခြား မခံစားရချေ။

ယင်ရှောင်ရှောင်း တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။

‘နည်းနည်းတော့ များနေတယ်ဗျ.. ပါပါးတို့ မီးပုံထဲက ဥတွေကို စိုက်ကြည့်နေပုံက အတော်လေး ကြောက်စရာကောင်းနေတာ.. ပါပါးတို့အကြည့်ကြောင့် မီးက ကြောက်သွားရင်တောင်မှပဲ မြန်မြန်ကျက်လာမှာ မဟုတ်ဘူးနော်..’

ယင်ရှောင်ရှောင်းမှာ ပုံမှန်ကိုယ်တွင်းအပူချိန်နှင့် တိရိစ္ဆာန်တစ်ကောင် ဖြစ်နေသဖြင့် နွေးထွေးကောင်းမွန်သည့် ခံစားချက်အား နားလည်နိုင်စွမ်း မရှိချေ။ ချမ်းအေးသည့်ညတွင် ခပ်နွေးနွေးအစာလေးမှာ ပါးစပ်ထဲမှ ဝမ်းဗိုက်ထိတိုင် လျှောဝင်သွားသည့် ခံစားချက်လေး။ ယင်ရှောင်ရှောင်း၏ မိသားစု အလွန်အမင်း တက်ကြွနေရသည့် အကြောင်းမှာ ချက်ပြုတ်ပြီး ဥများမှာ ပို၍အရသာရှိနေခြင်းကြောင့်နှင့် သူတို့၏ အစာစားချင်စိတ်အား ပို၍မြင့်တက်လာစေခြင်းတို့ကြောင့် မဟုတ်ဘဲ ထိုဥများ၏ အပူချိန်ကြောင့်သာ ဖြစ်ကြသည်။ ယင်ရှောင်ရှောင်းသာ ထိုအကြောင်းအား သိမည်ဆိုပါက ဒေါသတကြီး အံကြိတ်မိမည်သာမကဘဲ အစာများကို ဖြုန်းတီးနေသည့်အတွက် မကျေမချမ်းလည်း ဖြစ်ပေလိမ့်မည်။

ကောင်းကင်အရောင်မှာ တဖြည်းဖြည်း မှောင်လို့လာသည်နှင့်အမျှ မြွေတစ်အုပ်၏ ဥဖုတ်များ အပေါ် စိတ်အားထက်သန်မှု အပြည့်နှင့် ရှိနေဆဲပင်။ ယင်ရှောင်ရှောင်း ဗိုက်ပြည့်သည်အထိ ခုနစ်ဥ ရှစ်ဥမျှ စားသောက်လိုက်ပြီး သူ၏အရှေ့တွင် နှစ်ဥ သုံးဥသာလျှင် ကျန်လေသည်။ မြွေအရေအတွက်မှာများနေပြီး လက်ကျန်ဥအရေအတွက် နည်းနေသည့်အား တွေ့သည့်အခါ ထိုဥများအတွက် စတင်တိုက်ခိုက်ကြလေသည်။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ လေးလေးနက်နက် တိုက်ခိုက်ခြင်း မပြုကြချေ။ မြွေပေါက်ကလေးများ၏ ခွန်အားမှာ သူတို့နှစ်ကောင်ကို မယှဉ်နိုင်သည့်အတွက် ဤသို့သော တိုက်ပွဲမျိုးတွင် သူတို့ဘေးထွက်နေခြင်းမှာ သဘာဝပင်။ ထိုသို့မဟုတ်လျှင် မြွေပေါက်လေးများအတွက် အလွန်အမင်း ခက်ခဲသွားပေလိမ့်မည်။

ကံမကောင်းရှာသည့် ယင်ရှောင်ရှောင်းမှာ အလွန်သေးငယ်ကာ ‌နှေးကွေးလွန်းလှသဖြင့် အစောဆုံးထွက်ရသည့်သူ ဖြစ်လာသည်။ ကံကောင်းသည့်အချက်မှာမူ သူ၏ မိသားစုဝင်များမှာ အသိစိတ်ရှိရှိနှင့်ပင် ယင်ရှောင်ရှောင်းအား ချက်ပြုတ်ပြီးသားဥ ၈ လုံး ၉ လုံးအထိ ပေးရန် ရည်ရွယ်ချက်ရှိကြလေသည်။ ထိုသို့ဖြင့် မကြာမီမှာပင် ယင်ရှောင်ရှောင်း အမှောင်ထဲသို့ ဆုတ်ခွာလိုက်သည်။ ကျန်မြွေများမှာမူ သားကောင်ကိုချောင်းနေသည့် ကျားတစ်ကောင်သဖွယ် မီးပုံရှေ့တွေ အလွန်သတိရှိရှိဖြင့် ရှိနေကြပြီး မီးထဲရှိ ဥများကို ကြည့်နေကြလေသည်။ ယင်ရှောင်ရှောင်းမှာ ပြည့်ဝသည်အထိ စားသောက်ပြီးသော်ငြား ထိုသက်ဝင်လှုပ်ရှားသည့် အခြေအနေသို့ ဝင်ပါချင်နေဆဲပင်။ သို့သော်လည်း ဟွားရှောင်ဟွားထံမှ ဘေးသို့တွန်းပို့ခြင်းအား ခံလိုက်ရသည်။

ယင်ရှောင်ရှောင်းမှာ အရိပ်ထဲတွင်သာ မည်းမှောင်သည့် မျက်နှာထားနှင့် ရှိနေရလေသည်။ သူ၏အနောက်ဘက်တွင် လေတိုက်ခတ်မှုကြောင့် မြက်ပင်များယိမ်းထိုးလျက်ရှိသည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း၏ အမြီးအား တစ်စုံတစ်ခုမှ လာပုတ်လေသည်။

ယင်ရှောင်ရှောင်း ကြောက်လန့်တကြား ထခုန်လိုက်သည်။ လှည့်ကြည့်လိုက်သည့်အခါ သူ၏အနောက်ရှိ ချုံပုတ်ထဲတွင် အတော်လေးကြီးမားသည့် အရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း အော်ဟစ်တော့မည့် ဆဲဆဲမှာပင် ချုံပုတ်ထဲမှ ခေါင်းလေးတစ်ခု ဆန့်ထွက်လာပြီး ခပ်နိမ့်နိမ့်အသံတစ်ခုအား ယင်ရှောင်ရှောင်း ကြားလိုက်ရသည်။

“ငါပါ..”

မိုးနတ်မင်းကြီးရေ...

ဒီမြွေရဲ့အသံက အရမ်းကို ညှို့ငင်ဆွဲအားရှိလိုက်တာနော်..

ယင်ရှောင်ရှောင်း ခေတ္တမျှကြာပြီးသည့်နောက်တွင် အသိစိတ်ပြန်ဝင်လာပြီး သွားရည်များပင် ကျလာသည်။

ဒီအသံက ဦးဦးဟေး မလား.. လုံးဝ သေချာတယ်..

ချုံပုတ်ထဲတွင် ပုန်းနေသည့် ဟေးအာပန်မှာ သူ့အားမှတ်မိသွားသည့် ယင်ရှောင်ရှောင်းကို မြင်သည့်အခါ ပါးစပ်ဖွင့်လိုက်ပြန်သည်။

“ဦးဦးနောက်ကို လိုက်ခဲ့..”

ယင်ရှောင်ရှောင်း တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ဟွားရှောင်ဟွားတို့ ရှိရာသို့ ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်သည်။ မည်သူမျှ သူရှိရာသို့ ကြည့်မနေသည်ကို တွေ့လိုက်လေသည်။ ထိုသို့ဖြင့် သူ့ထံတွင် ကျန်နေသည့် ဥသုံးခုအား သူနှင့်အတူ ယူလာခဲ့လိုက်သည်။ အရှေ့မှသွားနေသည့် ဟေးအာပန်မှာ ယင်ရှောင်ရှောင်း အနက်ရောင် အလုံး သုံးခုအား သူနှင့်အတူ သယ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအလုံးများအကြောင်း မေးလိုက်ချင်သော်ငြား ယခုအချိန်မှာ သင့်လျော်သည့်အချိန် မဟုတ်သေးချေ။ ထိုသို့ဖြင့် ဟေးအာပန်မှာ ယင်ရှောင်ရှောင်းအား ကူညီကာဖြင့် ထိုအနက်ရောက် အလုံးများကို သူတို့နေရာသို့ သယ်ဆောင်ပေးလိုက်လေသည်။

နှစ်မိနစ် သုံးမိနစ်ခန့် သွားပြီးသည့်နောက်တွင် ဟေးအာပန် ရပ်တန့်သွားသည်။ လုရှောင်ဟွမ်၏အသ့မှာ အလွန် အံ့အားသင့်နေပုံရလေသည်။

“ရှောင်ရှောင်းးး”

မကြာမီမှာပင် မြွေစိမ်းတစ်ကောင် ယင်ရှောင်ရှောင်းထံသို့ လျောတိုက်လာနေလေသည်။

“အားလု.....”

လုရှောင်ဟွမ်အားမြင်သည့်အခါ ယင်ရှောင်ရှောင်းသည်လည်း အလွန်ပျော်ရွှင်သွားသည်။

“ဘာလို့ အားလုနဲ့ ဦးဦးဟေးက ဒီမှာရှိနေကြတာလဲ..”

“အာပန်နဲ့ ငါက ချောင်းအထက်ဘက်က အလင်းရောင်ကို တွေ့လိုက်ရတယ်လေ.. အဲဒါနဲ့ ဘာလဲဆိုပြီး သိချင်လာလို့ ထွက်လာခဲ့ကြတာ.. ငါတို့ဒီနေရာရောက်တော့ အာပန်က မြွေအနံ့ရတယ်ဆိုပြီး ပြောတယ်.. ပြီးတော့ သူသွားကြည့်နေတုန်း ငါ့ကို ဒီနေရာမှာ စောင့်နေတဲ့.. အားပန်က မင်းနဲ့အတူ ပြန်လာမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး..”

လုရှောင်ဟွမ် ထိုသို့ရှင်းပြပြီးနောက်တွင် သူတို့မီးဖိုထားသည့်နေရာ၏ အောက်ဘက်တွင် လုရှောင်ဟွမ်တို့အိမ် ရှိကြောင်း အမှတ်ရမိလိုက်သည်။ ထိုနေရာမှဆိုလျှင် မီးတောက်များအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေမည်။ ထို့ကြောင့် သူတို့ တွေ့ရှိသွားခြင်းမှာ အံ့ဩရန် မလိုတော့ချေ။ လန်ယိယိတို့အိမ်မှာမူ ချောင်းအထက်တွင် ရှိနေသည့်အပြင် တောင်ကုန်းများကြားတွင် ရှိနေသည့်အတွက် သူတို့အား ကာကွယ်ပြီးသားဖြစ်ပေသည်။ ကမ်းစပ်သို့ တမင်ရည်ရွယ်ပြီး လာရောင်ခြင်းမဟုတ်လျှင် မီးလျှံအား တွေ့ရှိဖို့ရန် မဖြစ်နိုင်ချေ။

ယင်ရှောင်ရှောင်း သတိလက်လွတ်ဖြင့် ဟေးအာပန်အားကြည့်လိုက်သည်။ ထို့နောက်တွင် တုံ့ဆိုင်းဆိုင်းဖြစ် ပြောလေသည်။

“ဒါပေမဲ့.. ဖေဖေနဲ့ ပါပါးက ဦးဦးဟေးကို ဘာလို့ သတိမထားမိတာလဲ..”

“အဆိပ်ပိုပြင်းတဲ့ မြွေတစ်ကောင်က သူတို့ရဲ့ အနံ့အသက်ကို အားနည်းတဲ့ မြွေတွေဆီကနေ ဖုံးကွယ်ထားလို့ရတယ်လေ..”

လုရှောင်ဟွမ် ရှင်းပြသည်။ ယင်ရှောင်ရှောင်း ယူလာသည့် အနက်ရောင်အလုံးများမှာ သူ၏စိတ်ဝင်စားမှုအား ဖမ်းစားထားလေသည်။ မြွေများမှာ အပူချိန်နှင့် ပတ်သက်လာလျှင် အလွန်အထိအခိုက် မခံကြချေ။

“အဲဒါက ဘာတွေလဲ..”

ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်သည်။

“ဒါက... ဦးဦးဟေးနဲ့ အားလုအတွက် သားယူလာခဲ့တာ.. ဒါတွေက ငှက်ဥတွေလေ.. စားကြည့်လိုက်..”

မည်သို့ပင်ဖြစ်စေ ဟေးအာပန်မှာ သူ၏မိသားစုအား မီးပုံဘေးတွင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်ကြောင့် ‘အနက်ရောင်အလုံး’ များအားလည်း မြင်တွေ့ခဲ့ပေလိမ့်မည်။ ထို့ကြောင့် ဟေးအာပန်တို့အား သူပြောနိုင်ပေသည်။

“ငှက်ဥတွေလား..”

လုရှောင်ဟွမ် သတိအပြည့်နှင့် အော်လိုက်သည်။

“ဒါတွေက ငှက်ဥတွေလား..”

လုရှောင်ဟွမ်မျက်နှာရှိ မယုံကြည်နိုင်သည့် အကြည့်များအား မြင်သည့်အခါ ယင်ရှောင်ရှောင်း နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ယင်ရှောင်ရှောင်း ငှက်ဥများဆီသို့ သွားကာ အမြီးဖြင့်ရိုက်လိုက်သည့်အခါ ရွှံ့နှင့် ဥခွံများ အစစ ကွဲသွားလေသည်။ ထို့နောက်တွင် လုရှောင်ဟွမ်ထံသို့ တွန်းပေးလိုက်သည်။

“စားကြည့်ပါဆို..”

လုရှောင်ဟွမ် ယင်ရှောင်ရှောင်း ငှက်ဥများအား ရိုက်လိုက်သည်ကို ပြူးကျယ်သည့် မျက်လုံးများဖြင့် ကြည့်နေပြီး ယင်ရှောင်ရှောင်း သူ့ရှေ့သို့ တွန်းပို့ပေးလာသည့် အရာအားလည်း ကြည့်လိုက်သည်။ တုံ့ဆိုင်းခြင်းမရှိဘဲ လုရှောင်ဟွမ် ငှက်ဥအား မြိုချလိုက်သည်။ ချက်ချင်းဆိုသလို သူ၏မျက်လုံးများ မှေးစင်းသွားသည်။

“တကယ်အရသာရှိတာပဲ..”

ယင်ရှောင်ရှောင်း ပြုံးလျက်နှင့် ကျန်ရှိသည့် ဥနှစ်လုံးအား တွန်းပို့လိုက်သည်။

“ဒီမှာ နှစ်ဥကျန်သေးတယ်.. သားခုနက လုပ်ခဲ့သလိုမျိုး လုပ်ပြီး စားလိုက်.. သားက ပြန်သွားရတော့မယ်.. မဟုတ်ရင် သားပျောက်သွားလို့ ပါပါးနဲ့ ဖေဖေက စိုးရိမ်နေလိမ့်မယ်..”

“အာပန်ကို လိုက်ပို့ခိုင်းလိုက်မယ်..”

“မလိုပါဘူး.. သားလမ်းမှတ်မိတယ်..”

ယင်ရှောင်ရှောင်း လှည့်ကာ ထွက်ခွာသွားလေသည်။ လုရှောင်ဟွမ် ငှက်ဥများအကြောင်း တွေးနေမိပြီး တုံ့ဆိုင်းနေလေသည်။

“ရှောင်ရှောင်းရေ.. ဒါက.. ငါနဲ့ အာပန်...”

လုရှောင်ဟွမ်မှာ သူပြောချင်သည့်စကားများကို ပြောမထွက်ဘဲ တစ်ဆို့နေလေသည်။ သို့သော်လည်း လုရှောင်ဟွမ် ပြောချင်သည်အား ယင်ရှောင်ရှောင်း နားလည်သည်။

ယင်ရှောင်ရှောင်း လုရှောင်ဟွမ်အား တည်ကြစွာကြည့်လိုက်ပြီး သူ၏ လေသံမှာလည်း တည်ငြိမ်နေလေသည်။

“အားလု.. အားလုက ဒီ ယင်ရှောင်ရှောင်းရဲ့ သူငယ်ချင်းပဲ.. ဦးဦးဟေးကလည်း သားရဲ့ ထာဝရ သူငယ်ချင်းပဲ..”

လုရှောင်ဟွမ် ယင်ရှောင်ရှောင်းပြောသည်အား နားထောင်ပြီးနောက် ကြောင်အသွားပုံရသည်။ ထို့နောက်တွင် အရူးအမူး ပျော်ရွှင်သွားလေသည်။ ရှောင်ရှောင်းမှာ အာပန်၏ အနေအထားနှင့် ပတ်သက်၍ မည်သို့မျှ သဘောထားပုံ မရချေ။ ထို့ကြောင့် အာပန်အား မည်သည့်အခါတွင်မျှ ကျောခိုင်းလိမ့်မည် မဟုတ်ချေ။ ယင်ရှောင်ရှောင်း ပြောသည်အား ကြားသည့်အခါ ဟေးအာပန်၏ အသက်မဲ့နေသည့် မျက်နှာမှာလည်း တုန်လှုပ်မှုတို့ ရှိနေလေသည်။

ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့ ပြန်ပြောသည်ကို မစောင့်တော့ဘဲ ပြန်သွားလေသည်။

ယင်ရှောင်ရှောင်း နဂိုမူလ စခန်းချရာနေရာသို့ ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာခဲ့ပြီး အားလုံးမှာလည်း မီးပုံကိုသာလျှင် ကြောက်မက်ဖွယ်ရာ စိုက်ကြည့်လျက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ ဒေါသတကြီး အံကြိတ်ကာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။

ဒီမြွေတွေက နည်းနည်းလေးတောင် ယုံကြည်စိတ်ချလို့ မရဘူး..

ငါပျောက်သွားတာတောင် သူတို့က မသိကြဘူးတဲ့လေ..

ပြန်ပေးဆွဲခံလိုက်ရရင် ဘယ်လိုလုပ်ကြမတုန်း..

ယင်ရှောင်ရှောင်း ဒေါသတကြီးဖြင့် မကျေမနပ် ဖြစ်နေစဉ်တွင် ယင်ရှောင်စစ်မှာ မတော်တဆဟန်ဖြင့် ဟိုလှည့်ဒီလှည့်ကာ ယင်ရှောင်ရှောင်းအား ကြည့်လာလေသည်။ သူ၏နှုတ်ခမ်းထောင့်များမှာ နားမလည်နိုင်သည့် အဓိပ္ပါယ်တစ်ခုဖြင့် အပြုံးတစ်ခုသဖွယ် မြင့်တက်လာလေတော့သည်။