Chapter 34
*WARNING* ကြွက်ပေါက်လေးတွေကို အရှင်စားတဲ့အကြောင်း ရှင်းထားတာ endnote မှာ ထည့်ပေးထားပါတယ်။ အဲဒါကြောင့် စိတ်မခိုင်ရင် မဖတ်ဖို့ ကြိုပြောပါရစေ။ ကိုယ်လည်းပဲ မတတ်သာလို့ ဘာသာပြန်ရတဲ့ အပိုင်းပါ။
ယင်ရှောင်ရှောင်းတို့ တစ်မိသားစုလုံးမှာ စမ်းချောင်းနံဘေးသို့သွားကာ မီးဖိုပြီး ငှက်ဥဖုတ်စားရခြင်းအား အလွန်အမင်း စွဲလမ်းလျက်ရှိကြလေသည်။ ယင်ရှောင်ရှောင်း အဆိုအရ ပျော်ပွဲစားထွက်ခြင်း ဖြစ်ပြီး တစ်မိသားစုလုံး ညစဉ်ရက်ဆက် သွားနေကြခြင်းပင်။ အကြွင်းအကျန်များအား သန့်ရှင်းခဲ့ကြသော်လည်း မြက်ပင်များကိုမူ ပြန်အစားထိုးနိုင်ခြင်း မရှိပေ။ လန်ယိယိတို့ မိသားစုမှာ ချောင်းအောက်ပိုင်းသို့ လာခဲသည့်အတွက်သာ ပုံမှန်မဟုတ်သည့် အရာများအား သတိမထားမိကြသေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းတို့ မိသားစုမှာလည်း ထိုနေရာသို့သွားချင်းအား လျှော့လိုက်ရသည်။ ထိုအတောအတွင်း နွေလေရူးကလည်း တဖြူးဖြူး တိုက်ခတ်လျက်ရှိကာ လောင်ကျွမ်းခြင်းခံထားရသည့် မြက်ပင်များလည်း ပြန်ပေါက်လာကြသည်။
ယင်ရှောင်ရှောင်းတို့မိသားစုမှာ သုံးလခန့် စိတ်အားတက်ကြွစွာဖြင့် ငှက်ဥများ မီးဖုတ်ကာ အဆက်မပြတ် စားသောက်ခဲ့ကြသဖြင့် မကြာမီမှာပင် စိတ်အားထက်သန်မှု လျော့နည်းလာကြသည်။ သူတို့မိသားစုအတွက် မီးဖုတ်ထားသည့် ငှက်ဥများအား စားသောက်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ထိုစားသောက်မှုဖြစ်စဉ်တွင် ပါဝင်သည့် အပူချိန်အား ခံစားနိုင်ခြင်းနှင့် လွယ်ကူမြန်ဆန်စွာ အစာခြေဖျက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ ကျန်အကြောင်းအရင်းများမှာမူ စူးစမ်းလိုခြင်း၊ အပျော်ရှာလိုခြင်း စသဖြင့်သာ။ အဆုံးတွင်မူ တောရိုင်းတိရိစ္ဆာန်များအတွက် အသားစိမ်းစားခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။ ယင်ရှောင်ရှောင်းမှာ အခြားမြွေများအား သူတို့၏ သဘောသဘာဝကို ချိုးဖျက်ရန် ဖိအားပေးမည် မဟုတ်ချေ။ သို့သော်လည်း သူ့အတွက်မူ ချက်ပြုတ်စားသောက်ခြင်းအား စွန့်လွှတ်လိမ့်မည် မဟုတ်။
သို့သော်လည်း မီးကဲ့သို့သော အရာအတွက်မူ ယင်ရှောင်ရှောင်းတို့ မိသားစုမှာ စူးစမ်းလိုစစ်နှင့် အပျော်ရှာလိုခြင်းတို့ကြောင့် မဟုတ်ဘဲ အလွန်စိတ်ပါဝင်စား ရှိလှသည်။ ထိုသဘောထားအားလည်း ညစဉ်ညတိုင်း မီးဖိုခြင်းမှတဆင့် တွေ့မြင်နိုင်သည်။ လူသားများကဲ့သို့ အသိဉာဏ်ဖွံ့ဖြိုးလာသည်နှင့်အမျှ မြွေတိုင်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများလည်း ပြောင်းလဲလာကြသည်။ အကျင့်ဆိုးတစ်ခုမှာ အိပ်ယာဝင်နောက်ကျခြင်းနှင့် မနက်စောစော မထနိုင်ခြင်းပင်။ ယင်ရှောင်ရှောင်းမှာ သူ၏ အတိတ်မှ အမှားကြောင့် အပြစ်တင်စိတ်ကို တိတ်တဆိတ် ခံစားနေရသည်။ သို့သော်လည်း မြွေတစ်ကောင်၏ ဘဝမှာ စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် အပူအပင်မရှိ ဆော့ကစားခြင်းတို့သာ ဖြစ်သည်။ ဤကဲ့သို့သော ဘဝနေထိုင်မှု ပုံစံမှာ ကောင်းမွန်ခြင်းမရှိဟု ယင်ရှောင်ရှောင်း တဖြည်းဖြည်းချင်း ခံစားမိလာသည်။
ဟွားရှောင်ဟွားမှာ ‘ငါ့ကို ဝိုင်းပြီး မနာလိုဖြစ်ကြစမ်း’ ဟူသည့် စိတ်ထားမျိုးရှိသည့်အတွက် ဟုန်စန်းဟုန်တို့ မိသားစုအား မီးအကြောင်း ပြောချင်နေသည်။ ယင်တပိုင်မှာ ဟွားရှောင်ဟွားအား လေးနက်တည်ကြည်စွာဖြင့် တားလိုက်ပြီး ယင်ရှောင်ရှောင်းအား ခေါ်လိုက်သည်။
“ရှောင်ရှောင်းရေ.. တခြားမြွေတွေကို မီးနဲ့ပတ်သက်ပြီး ပြောဖို့ သဘောတူလား သား..”
ယင်ရှောင်ရှောင်း ယင်တပိုင်၏ စကားလုံးများအား လေလေးနက်နက် စူးစူးစိုက်စိုက် စဉ်းစားတွေးတောပြီးနောက်တွင် သူ၏ အမြင်အား ထုတ်ပြောလေသည်။
“မပြောတာကောင်းမယ်လို့ သားထင်တယ်..”
ယင်ရှောင်ရှောင်း၏ အတွေးများမှာ ဤသို့ဖြစ်သည်။ ‘သက်ရှိအားလုံး’ ၏ စွမ်းအင်များမှာ လူသားများကဲ့သို့ ဆင့်ကဲပြောင်းလဲနိုင်ကြခြင်း မရှိချေ။ လူသားများအတွက် မီးသည် အလွန်အရေးကြီးလှသော်လည်း မြွေပွေးများအတွက်မူ အရေးပါသည်ဟု မဆိုနိုင်ချေ။ မြွေပွေးများအနေဖြင့် ဆင့်ကဲပြောင်းလဲလာကြမည် ဆိုလျှင်ပင် လူသားများကို လိုက်မီနိုင်မည် မဟုတ်ချေ။
အဲလိုဆိုတာနဲ့ပဲ ငါလေးက အရှက်မရှိ ဝင်စွက်ဖက်နေမှာ မဟုတ်ပါဘူးနော်..
နောက်ပိုင်းကျ မြွေတွေက ချက်ပြုတ်စားသောက်ကြပြီး ခြေတွေဘာတွေ ပေါက် အင်္ကျီတွေဘာတွေ ဝတ်လာရင်လည်း ဘာကိစ္စနဲ့ မြွေဖြစ်လာမှန်းတောင်မသိတဲ့ ငါလေးက ညွှန်ကြားလိုက်တာမျိုး ဟုတ်မနေဘူးနော်..
ဤသို့ဖြင့် ထိုပြဿနာအား ဖြေရှင်းပြီးသွားလေသည်။ ဟွားရှောင်ဟွားမှာလည်း အခြားမြွေများကို ကြွားဝါပြောဆိုတော့မည် မဟုတ်ချေ။ ဟွားရှောင်ဟွားထံတွင် မကျေနပ်ခြင်း၊ စိတ်ပျက်ခြင်းများ မရှိသည်ကို တွေ့ရမှသာ ယင်ရှောင်ရှောင်း စိုးရိမ်နေခြင်းအား လွှတ်ချလိုက်နိုင်သည်။
ထိုအခြင်းအရာအား ဟုန်စန်းဟုန်တို့ မိသားစုထံမှ ဖုံးကွယ်လိုက်နိုင်သော်လည်း ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့ကို ဖုံးကွယ်နိုင်ခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ ထိုနေ့တွင် ဟေးအာပန်မှာ မီးပုံဘေး၌ ရှိနေသည့် ယင်ရှောင်ရှောင်းတို့ မိသားစု အားလုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့လေသည်။ မီး၏တည်ရှိမှုအား ဖုံးကွယ်မထားနိုင်ရုံမျှ မကဘဲ မီးဖုတ်ထားသည့် ဥများကိုပင် စားသောက်ခဲ့သေးသည်။
နောက်ပိုင်းတွင် ယင်ရှောင်ရှောင်းမှာ ဤထူးဆန်းသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့အား ရှင်းပြရန် ခိုးကြောင်ခိုးဝှက် ထွက်သွားလေသည်။ ဟေးအာပန် နားထောင်ပြီးသည့်အခါတွင် မည်သည့်စကားမျှ မဆိုသည့်အပြင် မီးပြုလုပ်နည်းအားလည်း ယင်ရှောင်ရှောင်းထံ မေးမြန်းလာခြင်း မရှိချေ။ လုရှောင်ဟွမ်မှာမူ သူ၏စိတ်ထဲမှနေ မီးဖုတ်ထားသည့် ငှက်ဥများအား စားသောက်နေလေသည်။ ကနဦးတွင် ယင်ရှောင်ရှောင်းမှာ ထိုဥများအား လုရှောင်ဟွမ်ထံ မကြာခဏဆိုသလို ယူသွားပေးတတ်သည်။ ထို့နောက်တွင်မူ ယင်ရှောင်ရှောင်း အားမလိုအားမရဖြစ်လာသည့်အတွက် မီးပြုလုပ်နည်းကိုသာ သင်ပေးလိုက်တော့သည်။ ထို့နောက်တွင် လုရှောင်ဟွမ်မှာ ငှက်ဥများ မီးဖုတ်စားခြင်းကို မရပ်တန့်တော့ချေ။
ယင်ရှောင်ရှောင်းတို့ မိသားစုနှင့် မတူညီသည်မှာ လုရှောင်ဟွမ်မှာ ယင်ရှောင်ရှောင်းနှင့်ထပ်တူ ချက်ပြုတ်ထားသည့် ဥများကို စားသောက်ရခြင်းအား နှစ်သက်ခြင်းကြောင့်ပင်။ ဟေးအာပန်မှာ စိတ်ထင်၍လာတော့ မသိချေ။ လုရှောင်ဟွမ် မီးဖုတ်ထားသည့် ငှက်ဥများအား စားသောက်ပြီးသည့်အချိန်မှစကာ လုရှောင်ဟွမ်နှင့် စုံမက်သည့်အခါတိုင်းတွင် လုရှောင်ဟွမ်၏ ခံနိုင်ရည်မှာ ယခင်ကထက်စာလျှင် ပို၍ပို၍ ကြာမြင့်လာသည်ဟု ခံစားနေမိသည်။ ပြောရမည်ဆိုလျှင် လုရှောင်ဟွမ်မှာ အမြဲလိုလို အားနည်းသည့် လက်ခံသူ ဖြစ်ခဲ့သော်ငြား ယခုအခါတွင်မူ ပိုမိုသန်မာလာခဲ့သည်။
လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့အကြောင်း ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်းတို့ မိသားစု၏ သဘောထားမှာ ထိုစုံတွဲအပေါ် ပြောင်းလဲသွားကြသည်။ ထိုအဖြစ်အပျက်မှာ ယင်ရှောင်ရှောင်းအနေဖြင့် လုရှောင်ဟွမ်အား မီးပြုလုပ်နည်း သင်မပေးခင်မှ စလေသည်။
တစ်ရက်တွင် ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့ စုံတွဲမှာ ယင်ရှောင်ရှောင်းတို့ မိသားစုအိမ်နားသို့ ရောက်လာသည့်အတွက် ယင်ရှောင်ရှောင်းအနေဖြင့် မီးဖုတ်ပြီးသား ဥများကို ပေးနိုင်လေသည်။ ယင်တပိုင်မှာ ထိုအပြုအမူအား မြင်သွားခဲ့ခြင်းပင်။ ယင်ရှောင်ရှောင်းနှင့် ဟေးအာပန်တို့ ခိုးကြောင်ခိုးဝှက်ဖြင့် သွားလိုက်လာလိုက် လုပ်နေသည်ကို ယင်တပိုင် ထိပ်တိုက်တိုးမိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အော်ဟစ်ခြင်း မပြုချေ။ မည်းမှောင်နေသည့် မျက်နှာဖြင့်သာ ယင်ရှောင်ရှောင်းအား အိမ်သို့ ခေါ်လိုက်သည်။
လုရှောင်ဟွမ်မှာ အလွန်အမင်း စိုးရိမ်နေမိပြီး ယင်ရှောင်ရှောင်း၏ ဖခင်ဖြစ်သူ စိတ်ဆိုးဒေါသထွက်နေရသည့် အကြောင်းမှာ သူနှင့် အာပန်တို့ကြောင့် ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း လုရှောင်ဟွမ်၏ တစ်ကောင်တည်းသော သူငယ်ချင်းဖြစ်သူအား ဟေးအာပန် ဆုံးရှုံးခွင့် မပြုနိုင်ချေ။ ထို့ကြောင့် ယင်ရှောင်ရှောင်းတို့ မိသားစု၏ ဂရုတစိုက် စောင့်ကြည့်နေသည့် မျက်လုံးများအောက်မှာပင် ယင်တပိုင်နှင့် စကားပြေရန် ရောက်လာခဲ့သည်။
မည်သို့ဆွေးနွေးပြောဆိုခဲ့သည်ကို မသိရသော်လည်း ယင်တပိုင်မှာ ယင်ရှောင်ရှောင်းအား ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့ကို ဆက်သွယ်ပေါင်းသင်းရန် ခွင့်ပြုခဲ့ပြီး ဟွားရှောင်ဟွား၏ ကန့်ကွက်ဆန္ဒပြမှုကိုပင် ဖိနှိပ်ခဲ့သေးသည်။
ရှေ့ဆက်ဖြစ်လာသည့် ကိစ္စရပ်များမှာ မျှော်လင့်ထားသလိုပါပင်။ ကနဦးတွင် ယင်ရှောင်ရှောင်း၊ ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့သည်သာလျှင် မိတ်ဆွေသူငယ်ချင်းများ ဖြစ်ကြပြီး တဖြည်းဖြည်း အချိန်ကုန်လွန်လာသည့်နောက် မြွေပေါက်လေးများမှာလည်း ဟေးအာပန်၊ လုရှောင်ဟွမ်တို့နှင့် ခင်မင်ရင်းနှီးလာခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုစုံတွဲအပေါ် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ သဘောထားများလည်း ပျော့ပျောင်းလာခဲ့သည်။
မော့မြွေနှင့် ဟေးမြွေများကို သတိထားဆက်ဆံခြင်းမှာ မမှားပေ။ သို့သော်လည်း မြွေမျိုးနွယ်များ၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးခြင်း မရှိချေ။ ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့ကို အချိန်ကာလတစ်ခုအထိ ဆက်ဆံပြီးသည့်နောက်တွင် သူတို့၏ ကြင်နာမှုကို ခံစားမိသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာလည်း ကျိုးကြောင်းမသင့်သည့်မြွေများ မဟုတ်ကြချေ။ မော့မြွေနှင့် ဟေးမြွေများတွင် ကောင်းသည့်မြွေနှင့် ဆိုးသည့်မြွေများ ရှိသည်ကို သူတို့သိထားကြသော်လည်း သူတို့အနေဖြင့် ထိုမြွေများနှင့် ယခင်က ဆက်သွယ်ဖူးခြင်း မရှိသည့်အတွက် သတိထားခဲ့ကြခြင်းသာ။
အချိန်ကြာလာသည်နှင့်အမျှ ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့မှာ ရိုးသားသည်ကို မြင်တွေ့လာရသဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ထိုစုံတွဲအား ငြင်းပယ်နိုင်ရန် အကြောင်းပြချက် မရှိတော့ချေ။ သူတို့၏ ဆက်ဆံရေးမှာ ဟုန်စန်းဟုန်တို့ မိသားစုလောက် ရင်းနှီးခြင်း မရှိသေးသော်လည်း လုရှောင်ဟွမ်နှင့် ဟေးအာပန်တို့ အတွက်မူ ထိုမျှနှင့်ပင် ကျေနပ်ပီတိဖြစ်နှင့်ပြီး ဖြစ်လေသည်။ ထို့အပြင် သူတို့ထံတွင် ရင်းနှီးကျွမ်းဝင်ရသည့် သူငယ်ချင်းလေး တစ်ကောင်နှင့် အခြားသူငယ်ချင်းငါးကောင်လည်း ရှိနေသေးသည်။ ထို ‘အရင်းနှီးဆုံး သူငယ်ချင်း’ ဟူသည့် စကားမှာ ယင်ရှောင်ရှောင်းမှ လုရှောင်ဟွမ်အား သင်ပေးထားခြင်းပင်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ မြွေပေါက်လေးများမှာလည်း တဖြည်းဖြည်း ကြီးထွားလာကြသည်။ သူ၏ အစ်ကိုများနှင့် မယှဉ်နိုင်သေးသော်ငြား ယင်ရှောင်ရှောင်းမှာ ချွင်းချက်မဟုတ်ချေ။ တဖြည်းဖြည်းချင်း ကြီးပြင်းလာနေသည်။ ကနဦးတွင် ယင်ရှောင်ရှောင်းမှာ တိုင်းတာသည့်ကျောက်တုံးဆီသို့ နေ့စဉ်နေ့တိုင်း သွားလာပြီး အကြိမ်တိုင်းမှာလည်း အလွန်စိတ်ပျက်အားလျော့နေလေသည်။ နောက်ပိုင်းတွင် ယင်ရှောင်စစ် ထိုအပြုအမူအား မကြည့်နိုင်တော့သည်ကြောင့် ယင်ရှောင်ရှောင်းအား တစ်လခန့် ထိုနေရာသို့ မသွားရန် တားမြစ်လိုက်သည်။ တစ်လကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းမှာ နှစ်စင်တီမီတာ ရှည်လာသည်ကို သိလိုက်ရသဖြင့် အလွန်ပျော်ရွှင်နေလေသည်။
မဖြစ်မနေ ဖော်ပြသင့်သည့် အရာတစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ ယင်ရှောင်ရှောင်း၏ အစာများလည်း တိုးလာခြင်းပင်။ ယင်ရှောင်ရှောင်းအနေဖြင့် ငှက်ဥများအား နည်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက်နိုင်ခြင်း မရှိသေးသော်ငြား သူ့အနေဖြင့် ရွေးချယ်ရန် နည်းနှစ်မျိုး ရှိလေသည်။ အစိမ်းစားမလား မီးဖုတ်စားမလား..။ သူ၏အစ်ကိုများနှင့် လျှောက်သွားရင်း ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လိုသည့်အတွက် ယင်ရှောင်ရှောင်း အသားစားရန် ဆုံးဖြတ်ခဲ့ရသည်။
ဘာ.. ဥတွေက အသားလို့ ပြောနေတာလား.. တစ်ယောက်တည်း ပြောနေလိုက်နော်.. ¯\_(ツ)_/¯
ဆုံးဖြတ်ပြီးသည်နှင့် သူ၏တာဝန်အား စတင်လုပ်ဆောင်တော့သည်။ ယင်ရှောင်ရှောင်း၏ ဆုံးဖြတ်ချက်ကြောင့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာလည်း အလွန်ပျော်ရွှင်နေကြသည်။ မြွေတစ်ကောင်အနေဖြင့် သက်တမ်းတစ်လျှောက်လုံး အသားမစားဘဲ နေရန်မှာ မဖြစ်နိုင်ချေ။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ အစာရှာထွက်လျှင် များနိုင်သမျှ ကြွက်များများ ပြန်သယ်လာရန်အတွက် ပျော်ရွှင်စွာဖြင့် လမ်းညွှန်မှု ပေးနေသည်။ ယင်ရှောင်ရှောင်းအား လှည့်ကြည့်လိုက်သည့်အခါတွင်မူ မျက်နှာမှာ အစိမ်းရောင် ပြောင်းနေလေပြီ။
“အားးးး ကြွက်မစားဘူး.. ကြွက်မစားဘူးလို့..”
ယင်ရှောင်ရှောင်း မြေပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း လူးလှိမ့်နေသည်။ သူ၏ ခံပြင်းမှုတို့အား ကမ္ဘာပေါ်ရှိ မည်သည်မြွေမှ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။
ဟေ့.. ဟေ့.. နင်က လူလေ.. ဘာကိစ္စနဲ့ မြွေတွေက နင့်ကို နားလည်ပေးရမှာတုန်း.. (˵•⤙•˵)૭
ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား စိတ်ရှည်လက်ရှည် မေးလာသည်။
“အဲဒါဆို ရှောင်ရှောင်းက ဘာစားချင်လို့လဲ..”
ယင်ရှောင်ရှောင်း မြေပြင်ပေါ်တွင် တအီအီနှင့် ကျီကျနေပြီး မျက်နှာမှာလည်း အသက်မပါချေ။
“မြွေတွေက ကြွက်တွေအပြင် ဘာစားသေးလဲ..”
“ငှက်တွေ.. ငှက်တွေဖမ်းရတာတော့ အတော်လေး ပြဿနာရှိတာပေါ့.. ဖားလည်းစားတယ်.. ဒါပေမဲ့ ခဏခဏတော့ မစားဘူး.. မြစ်နဲ့လည်း မနီးဘူးလေ.. အိမ်မြှောင်တို့ ဘာတို့လည်းစားတယ်.. အဲအကောင်တွေကတော့ ရှာဖို့ခက်တယ်.. မှဲ့လည်းစားသေးတယ်.. ဒါပေမဲ့ သားပါပါး ဖမ်းလာတုန်းက အဲဒါကိုလည်း သားမကြိုက်ဘူးလေ.. အဆိပ်မရှိတဲ့ တခြားမြွေတွေကလည်း ပါပါးတို့အစာပဲ.. အာ.. ဟုတ်သားပဲ.. အင်းဆက်တွေအားလုံးလည်းပါတယ်..”
( T/N : မှဲ့က မြေအောက်မှာနေကြတဲ့ နို့တိုက်သတ္တဝါအမျိုးအစားပါ။ လုံးဝန်းတဲ့ခန္ဓာကိုယ်၊ အမွေးပွပွနဲ့ မျက်လုံးသေးသေး နားသေးသေးလေးတွေ ရှိကြပါတယ်။ ပုံစံက ကြွက်တို့ ပူးတို့နဲ့တူတယ် ဒါပေမဲ့ သူတို့လက်တွေက ဘဲခြေထောက်တွေလိုပဲ ကြီးတယ်။ ရှာတွေ့သလောက်ပေါ့။)
ယင်ရှောင်ရှောင်း : “...”
ယင်ရှောင်ရှောင်း စိတ်ပျက်သွားမိသည်။ အခက်အခဲများစွာ ကျော်ဖြတ်ပြီးမှသာ အသားစားချင်လာမိခြင်းပင်။
အင်းဆက်တဲ့.. အိမ်မြှောင်တဲ့.. မှဲ့တဲ့ အမလေးနော်.. လုံးဝ မတရားဘူးကွ..
ငှက်တွေကတော့ လက်ခံပေးလို့ရပေမဲ့လည်း ငှက်တွေကိုကော ငှက်ဥတွေကိုပါ စားတာက နည်းနည်းတော့...
ယင်ရှောင်ရှောင်း အလွန်သောကျရောက်နေရသည်။
အနာဂတ်မှာ ငါလေးက ငှက်ဖြစ်မသွားလောက်ဘူးမလားဟင်..
ဖားတွေကလည်း ကင်ထားမယ်ဆိုရင်တော့ စားလို့ရနိုင်ပါသေးတယ်.. ဒါပေမဲ့လည်း ဖားတွေက အကျိုးပြုသတ္တဝါလေ..
မြွေတွေကျတော့လည်း တခြားမြွေတွေအတွက်တော့ အဆိပ်မရှိတဲ့ မြွေတွေကို စားတာက သာမန်ပေမဲ့ ငါ့အတွက်ကတော့ တူမနေဘူးကွ..
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်များအရဆိုလျှင် ယင်ရှောင်ရှောင်းမှာ မြွေတစ်ကောင်အဖြစ် မွေးဖွားလာပြီး ဖြစ်သည်ကြောင့် မြွေများ၏ ရှင်သန်မှုလမ်းစဉ်အတိုင်း နေထိုင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ယခင်ဘဝ၏ မှတ်ဉာဏ်များ ရှိနေလေသည်။ ထို့ကြောင့် သူ့အနေဖြင့် ကြွက်များအား အစိမ်းစားဖို့ရန် မဖြစ်နိုင်ချေ။ ကံကောင်းစွာဖြင့် ဤနေရာတွင် ပြန်လည်မွေးဖွားလာရလေသည်။ သာမန်မြွေတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာမည် ဆိုပါက ဆာလောင်မှုကြောင့် သေဆုံးသွားမည်မှာ အသေအချာပင် ဖြစ်သည်။
ယင်ရှောင်ရှောင်း အပြစ်တင်ပြောဆိုလိုခြင်း မရှိပေ။ လူသားတစ်ဦးအနေဖြင့် မွေးဖွားလာမည်ဆိုလျှင် တောဝက်ရိုင်းများ၊ သမင်များအား စားသောက်ခြင်းမှာ လက်ခံနိုင်ဖွယ်ရာပင်။ အဆိုးဆုံးအနေဖြင့် ကမ္ဘာဦးခေတ်တွင် ပြန်လာမွေးဖွားလာရုံသာ။ သို့သော်လည်း ကြွက်များကို စားရန်မှာမူ.. ယင်ရှောင်ရှောင်း အန်ပင်အန်ချင်လာသည်။ ယင်ရှောင်ရှောင်း ယခင်ဘဝတွင် ကြားဖူးခဲ့သည့်အရာအား ပြန်သတိရလာမိသည်။
တောင်ပိုင်းတွင် ‘အော်သံသုံးသွယ်’ ဟုခေါ်သည့် ဟင်းလျာတစ်ခုရှိသည်။ ဘယ်လိုဟင်းလျာမျိုးပါလိမ့်။
အဟမ်း အဟမ်း.. လမ်းချော်သွားပြီ။
အဓိကအချက်အား ပြန်သွားရမည်ဆိုလျှင် အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းမှာ ငှက်နှင့်ဖား အား ရွေးချယ်လိုက်ရသည်။ ထိုသို့ဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ အစာရှာထွက်သည့်အခါတွင် ငှက်များ ဖားများနှင့် ပြန်လာကြလေသည်။ ထိုအရာများအားလည်း ရွှံ့ဖြင့်မံကာ မီးပုံထဲထည့်ဖို့ လိုနေဆဲပင်။ မြွေမိသားစု ထိုအရာများအား ပထမဆုံးအကြိမ် မြည်းစမ်းပြီးသည့်နောက်တွင် ထပ်မံစားသောက်ရန် ငြင်းပယ်ကြလေသည်။ ယင်ရှောင်ရှောင်း ခန့်မှန်းပြီးသားပင်။ မြွေများမှာ တောရိုင်းတိရိစ္ဆာန်များ ဖြစ်ကြသည်။ ချက်ပြုတ်ပြီး အစာများအား စားသောက်နိုင်ခြင်း မရှိသည်မှာ အံ့ဩဖို့ပင် မလိုချေ။
ယင်ရှောင်ရှောင်းတို့မိသားစုမှာ ဤတောင်တန်းတွင်သာ ပျော်ရွှင်ကောင်းမွန်စွာ နေထိုင်လျက်ရှိကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ၁၀ နှစ်တာ ကုန်လွန်သွားလေတော့သည်။
[[[*ALERT* ⚠️
အော်သံသုံးသွယ် _ တောင်ပိုင်းကစားသောက်ဆိုင်တွေမှာ ကိုယ်ဝန်ဆောင်ကြွက်မတွေကို စမ်းသပ်ခန်းထဲက ကြွက်တွေလို မွေးထားပြီး စားသုံးသူက မေးလာရင် ကြွက်မကို ကလေးမွေးအောင် ဆေးထိုးလိုက်တယ်.. မွေးပြီးတာနဲ့ သူတို့ကို ပန်းကန်ပြားပေါ်ထည့်ပြီး စားပွဲပေါ်တည်ခင်းလိုက်တယ်.. ဘာလို့ အော်သံသုံးသွယ်လို့ ခေါ်ရတာလဲဆိုရင် စားသုံးသူက ကြွက်ပေါက်လေးကို ယူလိုက်တာနဲ့ ကြွက်ပေါက်လေးက အော်တယ်.. ပြီးရင် အချဉ်ထဲနှစ်တဲ့အခါ တစ်ခါထပ်အော်တယ်.. ပါးစပ်ထဲထည့်ဝါးရင် တစ်ကြိမ်ထပ်အော်တယ်.. အော်သံသုံးကြိမ် အတိအကျပဲ.. ယင်ရှောင်းရှောင်းက အဲဒါကို နားမလည်ဘူးရယ်.. အငတ်ဘေးဆိုက်တဲ့အချိန်မှာ ရတာကို စားရတာမျိုးက နားလည်ပေးနိုင်ပေမဲ့ ခေတ်မီဖွံ့ဖိုးတိုးတက်ငြိမ်းချမ်းနေတဲ့ ခေတ်ကြီးမှာ ငွေကုန်ကြေးကျခံပြီး ကြွက်ပေါက်လေးတွေကို အရှင်စားတာမျိုးက နားလည်ပေးလို့မရပါဘူး.. ⚠️]]]]