အပိုင်း ၃၅
Viewers 12k


Chapter 35



ယခုအခါတွင် ယင်ရှောင်ရှောင်း အသားစားနေပြီဖြစ်သော်လည်း သူ၏ ညီအစ်ကိုများနှင့် နှိုင်းယှဉ်သည့်အခါတွင် နှစ်ဆိုဒ်မျှသေးကာ ၁၀ စင်တီမီတာခန့် တိုနေဆဲဖြစ်သည်။ သို့သော်လည်း သူမွေးဖွားလာစဉ်ကနှင့် နှိုင်းယှဉ်လျှင်မူ ကောင်းကောင်းဖွံ့ဖိုးလာသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း မော့လောင်တနှင့် ဆုံလျှင်မူ ဤသို့သာ ပြောပေလိမ့်မည်။

“မင်းက အသက် ၁၀ နှစ်လား.. ဟားဟား.. ငါကြည့်တာတော့ ၇ နှစ် ၈ နှစ် ကလေးအရွယ်ပါကွာ.. သွားတဲ့နှုန်းကလည်း ၅ နှစ် ၆ နှစ်သားလောက်လေးနဲ့..”

ယခုအချိန်မှာ ယင်ရှောင်ရှောင်း၏ အထိမခံသည့်အရာအား ပြောဖို့ရန် အချိန်ကောင်း မဟုတ်ချေ။ ထိုအထိမခံသည့်အရာမှာ သူ၏ ‘ရွေ့လျားနှုန်း’ ပင် ဖြစ်သည်။ ထို ‘ရွေ့လျားနှုန်း’ ဆိုသည့်အရာမှာ ယင်ရှောင်ရှောင်း၏ ထာဝရ အထိမခံသည့်အရာ ဖြစ်လိမ့်မည်။ ယင်ရှောင်ရှောင်း နားမလည်နိုင်ချေ။ သူ့အနေဖြင့် အသက် ၁၀ နှစ်သား ရှိပြီဖြစ်သော်ငြား ခန္ဓာကိုယ်အရွယ်အစားမှာမူ ၇နှစ် ၈ နှစ်ခန့်ဟုသာ ထင်ရသည်။ သို့သည်တိုင် သူ၏ ‘ရွေ့လျားနှုန်း’ မှာ မည်သည်ကြောင့် ၅ နှစ် ၆ နှစ်သား လောက်သာ ရှိရသနည်း။

ထိုသို့ဖြစ်ရခြင်းမှာ အလွန်အမင်း တက်ကြွလွန်းသည့် ဟွားရှောင်ဝူကြောင့်သာ ဖြစ်ရမည်။ မြွေကလေးများ အားလုံးတို့တွင် ဟွားရှောင်ဝူ၏ ရွေ့လျားနှုန်းနှင့် ခုန်နိုင်စွမ်းတို့မှာ အကောင်းဆုံးဖြစ်သည်။ အားလုံးသိကြသည်မှာ ဟွားရှောင်ဝူသည် ယင်ရှောင်ရှောင်းနောက်သာ အမြဲတမ်း လိုက်နေတတ်သည်။ ယင်ရှောင်ရှောင်းမှာ သုံးလခန့် စိတ်ထဲတွင် ကြိုးစားဖျောင်းဖျနေရသည်။ ‘ငါက စိတ်ကူးယဥ်နေမိတာ.. ငါက ငါ့နားမှာရှိတဲ့ လူတွေအကြောင်း စိတ်ကူးယဥ်နေတာ..’ ဟွားရှောင်ဝူမှာမူ သူ၏ အလျင်နှင့် ခုန်နိုင်စွမ်းတို့ကို ယင်ရှောင်ရှောင်းအား ကြွားဝါးနေလေသည်။ ယင်ရှောင်ရှောင်း ပေါက်ကွဲတော့သည်။

ထိုအခြင်းအရာမှာ ဟွားရှောင်ဝူ၏ သက်တမ်း အနှစ် ၂၀၀ အတွင်း အကြီးမားဆုံး အမှားတစ်ခု ဖြစ်လာနိုင်လေသည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ ယင်ရှောင်ရှောင်း၏ ပေါက်ကွဲမှုအား မတားရဲကြချေ။ ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဝူအား သုံးလတိတိ နောက်ကျောအားခုံးကာဖြင့် တီကောင်တစ်ကောင်ကဲ့သို့ သွားရန် ဖိအားပေးလေသည်။ ဟွားရှောင်ဟွားမှာ သုံးရက်ခန့် ကြိုးစားခဲ့သော်ငြား တီကောင်တစ်ကောင်ကဲ့သို့ မည်သို့သွားရမည်ကို သင်ယူနိုင်ခြင်း မရှိချေ။ ထို့နောက်တွင် ဟွားရှောင်ဝူ စိတ်ဆိုးမာန်ဆိုးဖြင့် ယင်ရှောင်ရှောင်းအား အော်လေသည်။

“ရှောင်းတိတိလည်း ဘယ်လိုလုပ်ရမလဲဆိုတာ မသိပဲနဲ့ ဘာလို့ ကောကောကို သင်ခိုင်းရတာလဲ..” ୧(๑•‌ᗝ•‌)૭

ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို သူလုပ်နိုင်ကြောင်း ဟွားရှောင်ဝူအား ပြကာဖြင့် ဟွားရှောင်ဝူ၏ ပေါက်ကွဲသံစဉ်အား တိတ်စေခဲ့သည်။ ကျန်ရှိတဲ့ရက်များတွင် ဟွားရှောင်ဝူမှာ လှုပ်ရှားခြင်းမရှိဘဲ နေတော့သည်။ အစာစားဖို့ရန်ပင် ယင်ရှောင်ရှောင်းမှ ခွံ့ကျွေးရသည်။ ထိုအဖြစ်အပျက်များအပြီးတွင် ယင်ရှောင်ရှောင်း၏ ရှေ့တွင် မည်သူမျှ သူတို့၏ ရွေ့လျားနှုန်းနှင့် ခုန်နိုင်စွမ်းတို့ကို ဝံ့ကြွားရဲခြင်း မရှိကြတော့ချေ။ ယင်ရှောင်ရှောင်း ကျေနပ်နေမိသည်။

မူလခေါင်းစဉ်အား ပြန်ဆက်ရမည်ဆိုလျှင် ယင်ရှောင်ရှောင်းမှာ ရွေ့လျားနှုန်းနှင့် ပတ်သက်သည့် သူ၏ စိတ်ဒဏ်ရာအား နာကျင်စွာဖြင့် ဖိနှိပ်ထားရသည်။ မည်သို့ပင်ဖြစ်စေ သူ၏ ယခုအလျင်မှာ ဖားများကိုဖမ်းခြင်းနှင့် ငှက်ဥများကို ရှာဖွေခြင်းတို့အတွက် လုံလောက်ပေသည်။ သူ့အနေဖြင့် ဆာလောင်မှုကြောင့် သေဆုံးသွားတော့မည် မဟုတ်ပေ။ ယင်ရှောင်ရှောင်းမှာ မည်သည့်အရာမျှ မှားယွင်းခြင်းမရှိဟု အမှန်တကယ် ခံစားမိသည်။

ဘာ.. ငှက်ဖမ်းနိုင်လားလို့ လာမေးနေတာလား.. ဘာတွေပြောနေတာလဲ.. ပြောတာကို သေသေချာချာ မကြားရပါဘူးနော်.. လေအရမ်းတိုက်နေလို့ ပြောနေတာတွေ မသဲကွဲဘူး.. တာ့တာ....

၁၀ နှစ်ကြာပြီးသည့်တိုင် ယင်ရှောင်ရှောင်းမှာ ယခင်ကကဲ့သို့ တစ်မိသားစုလုံး၏ အသည်းနှလုံးလေး ဖြစ်နေဆဲပင်။ ကြီးပြင်းလာသည့်တိုင် ဖူးဖူးမှုတ်ထားခံရခြင်းမှာ လွန်စွာကောင်းလှသည်။

အဲဒီ အကြေးခွံတွေအပေါ် ကျနေတဲ့ နေရောင်တွေကို ကြည့်ပါဦး..

အရည်လဲ့နေတဲ့ ငွေရောင်မျက်ဝန်းလေးတွေ..

သေးသွယ်ပြီး အမြဲတမ်း ရှင်းသန့်နေတဲ့ ခန္ဓာကိုယ်လေး.. (ယင်ရှောင်ရှောင်းမှာ နေ့စဉ်ရေစိမ်နေတတ်သည့်အတွက် အမြဲတမ်း သန့်ရှင်းနေတတ်သည်။)

သေးငယ်သော်လည်း ကျစ်လျစ်ကာ နူးညံ့သည်ဟု ဖော်ပြရပေမည်။ ယင်ရှောင်ရှောင်း၏ အလျားနှင့် ခန္ဓာကိုယ် လုံးပတ်အား ဖော်ပြရမည်ဆိုလျှင် ခေါင်းမှအမြီးထိတိုင် တစ်မီတာခွဲခန့် (၁၅၀ စင်တီမီတာခန့်) ရှိသည်။ လုံးပတ်မှာ အကြီးဆုံး နျုံဖူရေသန့်ပုလင်းသည်ပင်လျှင် သူ့ထက် ပိုကြီးသေးသည်။

ယနေ့တွင် ယင်ရှောင်ရှောင်းမှာ လုရှောင်ဟွမ်တို့အိမ်တွင် ငှက်ဥမီးဖုတ်များ စားသောက်ကာ ပြန်လာခဲ့သည့်အချိန် လန်ယိယိနှင့် ဆုံလေသည်။

ယင်ရှောင်ရှောင်းအား မြင်သည့်အခါ လန်ယိယိ၏ မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။

“ရှောင်ရှောင်းရေ..”

“ဟင်..”

အရှေ့သို့သွားနေရင်းဖြင့် ယင်ရှောင်ရှောင်းမှာ မြွေတစ်ကောင်မှ သူ့နာမည်အား‌ လှမ်းခေါ်သည်ကို ကြားလိုက်ရသည်။ တွေဝေမှုများဖြင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ အော်ခေါ်နေသည့် လန်ယိယိအား တွေ့လိုက်လေသည်။

“ရှောင်ရှောင်းရေ.. ငါဒီနေ့ အစာတွေအများကြီး ရလာတယ်.. ငါနဲ့အတူတူ စားမလား..”

လန်ယိယိမှာ ထိုသို့ပြောရင်း ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလေသည်။

‘ဟင်..’ ယင်ရှောင်ရှောင်း ပိုလို့ပင် နားမလည်နိုင်တော့ချေ။ ‘အဲအစာတွေ ရလာတာက လန်ယိယိလေ.. ဘာကိစ္စနဲ့ ငါ့လာမေးနေတာတုန်း.. ငါလေးက အခုလေးတင် စားပြီးခဲ့တာလေ.. ပြီးတော့ အစိမ်းတွေမှ မစားတာ.. လန်ယိယိ ဖမ်းလာတယ်ဆိုတဲ့ဟာ အများစုက ကြွက်တွေပဲနေမှာ..’

“မလိုပါဘူး.. ငါအခုလေးပဲ စားခဲ့တာ..”

ယင်ရှောင်ရှောင်း ထိုသို့ပြောလိုက်သည်။ ယင်းမှာ လန်ယိယိအား လိမ်ညာခြင်းလည်း မဟုတ်ချေ။

“အဲဒါဆိုလည်း ထပ်စားလေ.. မင်း ကြွက်တွေကို မကြိုက်ဘူးဆိုတာ ငါသိပါတယ်.. အဲဒါကြောင့် ငှက်တွေလည်း ဖမ်းခဲ့တယ်..”

လန်ယိယိ ချက်ချင်းပြန်ပြောသည်။

“ဒီနေရာကနေ သိပ်မဝေးတဲ့ နေရာမှာ အစာတွေကို ထားခဲ့တာ.. ငါတို့ မြန်မြန်လေး ရောက်သွားမှာ..”

ဟုတ်သည်။ ယင်ရှောင်ရှောင်းမှာ အလွန်အမင်း ပျင်းရိသည့် မြွေတစ်ကောင် ဖြစ်ခြင်းအား လန်ယိယိ သိထားသည်။

“ဒါပေမဲ့ ငါတကယ်ကြီး ဗိုက်ပြည့်နေတာ..”

ယင်ရှောင်ရှောင်း ကိုးယို့ကားယား ခံစားနေရသည်။ လန်ယိယိ၏ မျက်နှာမှာ တဖြည်းဖြည်း ငိုက်စိုက်ကျနေသည်ကို မြင်ရသည့်အတွက် ယင်ရှောင်ရှောင်း မနေနိုင်တော့ချေ။

သူနဲ့က ၁၀ နှစ်လောက် သူငယ်ချင်းတေါ ဖြစ်လာတာလေ.. ဘယ်လိုလုပ်ရပါ့..

သူက ငါ့အပေါ် ၁၀ နှစ်ကြီးတောင် အရမ်းကောင်းပေးခဲ့တာလေ.. ငါလေး ဘာပြန်ပြောရမလဲနော်..

“အဲဒါ.. အဲဒါဆိုလည်း ဒီလိုလုပ်ကြမလား.. အစာတွေကို ငါယူသွားလိုက်ပြီး ဗိုက်ဆာလာရင် ထပ်စားလိုက်မယ်လေ.. ဟုတ်ပြီလား..”

လန်ယိယိမှာ ချက်ချင်းဆိုသလို ပြန်လည်ပျော်ရွှင်သွားပြန်သည်။ ယင်ရှောင်ရှောင်း သူနှင့်အတူ စားမည် မဟုတ်သော်ငြား သူရှာဖွေဖမ်းဆီးလာခဲ့သည့် သားကောင်များကိုမူ လက်ခံပေးလေသည်။ ဤသည်ကပင် ကြီးကြီးမားမား တိုးတက်မှုဖြစ်သည်။ သူ့အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးကိုသာ ဆက်လက် လုပ်ဆောင်ရမည်။

လန်ယိယိမှ ဦးဆောင်သွားနေစဉ် သူ၏ အပြုအမူမှာ ကြက်သွေးထိုးခံလိုက်ရသကဲ့သို့ ရုတ်တရက် နားလည်ရခက်လာသည်ကို ယင်ရှောင်ရှောင်း မြင်လိုက်ရသည်။

တစ်ခုခု မှားနေတာမျိုးတော့ မဟုတ်ဘူးမလား..

ထိုသို့တွေးမိပြီးနောက် ယင်ရှောင်ရှောင်း၏ သွားနှုန်းမှာ မသိမသာ လျော့ကျသွားပြီး လန်ယိယိနှင့် သူ၏ကြား အကွာအဝေးမှာလည်း တိုးမြင့်သွားသည်။ ကြက်သွေးထိုးခံထားရသည့် လန်ယိယိမှာမူ ယင်ရှောင်ရှောင်း၏ ထူးဆန်းသည့် အပြုအမူအား သတိပင်မထားမိချေ။

လန်ယိယိပြောသည့်နေရာသို့ ရောက်သည့်အခါတွင် သူပြောခဲ့သည့်အတိုင်း အစာများကို နေရာချထားသည်ကို မြင်လိုက်ရပြီး ငှက်သေအချို့နှင့် ကြွက်သေအများအပြားကို တွေ့လိုက်ရသည်။

လန်ယိယိ ရုတ်တရက် အစီအစဉ်ပြောင်းလိုက်သည်။

“ဒီဟာတွေကို အကုန်ယူသွားလိုက်လေ ရှောင်ရှောင်း.. ငါလိုက်ပို့ပေးမှာပါ..”

“ဟင်.. မလိုပါဘူး.. မင်းက အခုထိ ဘာမှမစားရသေးဘူးမလား.. ဒီမှာပဲစားပြီး နေခဲ့ပါ..”

“အဲဒါက အဆင်ပြေပါတယ်.. စိုးရိမ်မနေနဲ့နော်.. ငါက ဗိုက်ပြည့်နေပါပြီ.. ဒါကို မင်းရဲ့ အစ်ကိုကြီးတွေရယ်.. ဦးဦးဟွားနဲ့ ဦးဦးယင်တို့ဆီ ယူသွားပြီး စားသောက်ကြပါ..”

လန်ယိယိ ထိုသိုဆိုလာသည့်အခါ ယင်ရှောင်ရှောင်း မငြင်းဆန်နိုင်တော့ချေ။ ‘ဒီလိုဆိုမှတော့လည်း ကြွက်လေး နည်းနည်းပဲဟာ.. ရှာဖို့လည်း ခက်နေတာ မဟုတ်.. သူက ယူသွားစေချင်မှာတော့ ယူသွားလိုက်ရုံပေါ့..’

“အဲဒါဆိုလည်း ကောင်းပါပြီ..”

လန်ယိယိမျက်နှာပေါ်ရှိ အပြုံးမှာ တစ်စထက်တစ်စ ကြီးမားလာပြီး သူ၏ခန္ဓာကိုယ်နောက်တွင်လည်း အမြီးမှာ ပျော်ရွှင်ကြည်နူးစွာ လှုပ်ယမ်းနေလေသည်။ သားကောင်များကို မြေပြင်တွင် စုပုံကာ သူ၏အမြီးဖြင့် သယ်လိုက်သည်။

“ရှောင်ရှောင်းရေ.. မင်းက ငှက်တွေကို ယူသွားလိုက်နော်.. ငါကျန်တာတွေ သယ်လာခဲ့မယ်..”

ယင်ရှောင်ရှောင်းမှာ ငှက်ကလေး သုံးကောင်သာ သယ်ရန်လိုပြီး တစ်ကောင်မှာ သူ၏ပါးစပ်ထဲ၌ ဖြစ်သည်။ လန်ယိယိ သူ့နောက်မှလိုက်လာပြီး ကြွက်သေအများအပြားကို ဆွဲလာလေသည်။ ယင်ရှောင်ရှောင်းမှာ ဒေါသဖြစ်လွန်းသဖြင့် သွားများပင် ကိုက်ခဲလာသည်။

‘အဲဒီ လန်ယိယိက အများကြီးပဲ သယ်လာတာ.. ဒင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို အထင်သေးနှိမ့်ချနေတာပေါ့လေ.. လုံးဝကို သေချာနေတယ်..’ ( 。 •‌ ᴖ •‌ 。)💢

လန်ယိယိသာ ယင်ရှောင်ရှောင်း တွေးနေသည်အား သိသွားမည်ဆိုလျှင် တရားမျှတမှုအတွက် အော်ဟစ်တောင်းဆိုပေလိမ့်မည်။ သူ့အနေဖြင့် ရှောင်ရှောင်းအား အမြတ်တနိုး တန်ဖိုးထားနေမိခြင်းဖြစ်သည်။ ရှောင်ရှောင်းအား အထင်သေး နှိမ့်ချနေခြင်း ဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

လန်ယိယိ ဦးဆောင်က ယင်ရှောင်ရှောင်း နောက်မှလိုက်သည်။ ယင်ရှောင်ရှောင်းတို့အိမ်သို့ရောက်ရန် အချိန်သိပ်မယူလိုက်ရပေ။ ဂူအတွင်းသို့ ဝင်လာသည့်အခါ လန်ယိယိမှာ ရှက်ရွံ့ခြင်းအား ခံစားလိုက်ရသည်။

“ဦးဦးဟွား.. ဦးဦးယင်.. ရှောင်ယိ.. ရှောင်အာ.. ရှောင်စန်း.. ရှောင်စစ်.. ရှောင်ဝူ.. ဒီဟာတွေက ကျွန်တော် ဖမ်းလာခဲ့တဲ့ အစာတွေပါ.. ဦးဦးတို့အတွက် လက်ဆောင်ယူလာခဲ့ပေးတာပါ.. ရှောင်ရှောင်းအတွက်လည်း ငှက်လေးတွေ ဖမ်းလာခဲ့ပါသေးတယ်..”

ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြသည်။ မည်သည့်စကားမျှ ပြောဖို့ရန် မလိုဘဲ ထိုစုံတွဲ၏ မျက်လုံးများတွင် အပြုံးရိပ်သန်းလာသည်။ ယင်ရှောင်ယိမှာ ပထမဆုံး ပြောလာသူဖြစ်ပြီး ရိုင်းစိုင်းစွာ ဆိုလေသည်။

“ငါတို့အစာကို ငါတို့ဘာသာ ရှာနိုင်တယ်.. မင်းရှာပေးဖို့ မလိုဘူး.. ပြန်ယူသွားလိုက်..”

“ရှောင်ယိ..!”

ဟွားရှောင်ဟွား ယင်ရှောင်ယိအား စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် လန်ယိယိအား ပြုံးပြကာဖြင့် ပြောသည်။

“ယိယိရေ.. ဦးဦးတို့က မင်းကို ခက်ခဲစေခဲ့ပြီ.. ကောင်းကောင်း အနားယူနော်.. မင်းယူလာခဲ့တာတွေကို ဦးဦးတို့ စားလိုက်ပါ့မယ်..”

ထိုသို့ပြောလိုက်သည့်အတွက် ယင်ရှောင်ယိမှာ ငြင်းဆိုရန် အခွင့်မရတော့ချေ။ လန်ယိယိမှာ ဟွားရှောင်ဟွား၏ စကားများကို ပျော်ရွှင်ဝမ်းမြောက်စွာ နားထောင်ပြီးနောက် နှုတ်ဆက်ထွက်သွားလေသည်။

“ရှောင်ရှောင်းရေ.. သားက လန်ယိယိရဲ့ ကြင်နာမှုကို မငြင်းပယ်ရဘူးနော်.. နားလည်လား.. သူ သားအတွက် ဖမ်းလာခဲ့တဲ့ ငှက်တွေကို အရင်စားလိုက်..”

ဟွားရှောင်ဟွားမှာ ပြုံးနေသည့်အတွက် မျက်လုံးများ မှေးကျဉ်းလို့နေသည်။

“သားအခု ဗိုက်မဆာသေးဘူး.. ဗိုက်ဆာလာရင် စားလိုက်မယ်နော်..”

ယင်ရှောင်ရှောင်း ထိုငှက်များအား ဂူထောင့်ထဲတွင် ထားလိုက်သည်။ ယင်ရှောင်စစ်သည်လည်း အလွန်လေးနက်သည့် မျက်နှာဖြင့် ကြွက်များအား ဂူထောင့်ထဲသို့ ပစ်လိုက်သည်။ ယင်ရှောင်စစ် စိတ်ထဲတွင် မျက်လုံးများ လှိမ့်လိုက်သည်။

ကျွတ်.. ကျွတ်.. တာ့ကောက တကယ်ကို brocon ပဲ..

ထို brocon ဆိုသည့် စကားလုံးမှာလည်း ယင်ရှောင်ရှောင်းမှ သင်ပေးထားခြင်း ဖြစ်သည်။

“ရှောင်ရှောင်းရေ.. ဒီနေ့ ရေသွားချိုးမှာလား.. ကောကော မှတ်မိသလောက်ဆို မင်းရေချိုးထားတာ လွန်ခဲ့တဲ့ နှစ်ရက်ကလေ..”

ဟွားရှောင်ဝူ ယင်ရှောင်ရှောင်း အနီးသို့ တိုးလာသည်။ ယင်ရှောင်ရှောင်း စဉ်းစားပြီးနောက် ‌ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြင့် မြွေကလေး ခြောက်ကောင်မှာ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့အား အသိပေးကာဖြင့် ဂူထဲမှ ထွက်ခွာသွားကြသည်။

ယခုအခါတွင် ယင်ရှောင်ရှောင်း နေရောင်ခြည်အား အတော်အသင့်ခံနိုင်ပြီဖြစ်သလို ကျန်မြွေလေးများမှာလည်း ရေချိုးသည့်အလေ့အကျင့် ရှိလာကြသည်။ ထိုအလေ့အကျင့်မှာ ယင်ရှောင်ရှောင်း၏ အကြေးခွံများ တလက်လက်တောက်ပနေရသည့် အကြောင်းအရင်းအား ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့ ရှာဖွေသိရှိသွားရမှစလေသည်။ သူတို့အမြဲလိုလို သွားရည်ရနေရသည့် တောက်ပမှုမှာ နေ့စဉ်နေ့တိုင်း ရေချိုးခြင်း၏ အကျိုးရလဒ်ဖြစ်နေသည်။ များမကြာမီ ထိုမြွေကလေးသုံးကောင်မှာ ရေထဲသို့ဆင်းရန်အတွက် အသည်းအသန် တောင်းဆိုကြတော့သည်။ ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့မှာလည်း မဲများသည့်ဘက်အား အရှုံးပေးရတော့သည်။ ထို ‘မဲများသည်/နည်းသည်’ ဟူသည့် စကားမှာလည်း ယင်ရှောင်ရှောင်း၏ အပြောဖြစ်သည်။ ယခုအခါတွင် မြွေကလေးအားလုံးထံ၌ ရေချိုးသည့်အကျင့်တစ်ခု ရှိလာကြလေသည်။

ဟွားရှောင်ဟွားမှာ ဂူထဲမှ ထွက်ခွာသွားသည့် မြွေကလေးများအား ကြည့်ကာကာဖြင့် ပြောလာသည်။

“အဲဒီကောင်လေး လန်ယိယိက မဆိုးဘူး..”

ယင်တပိုင် စဉ်းစားလိုက်သည်။

“သူက ကောင်းပါတယ်.. လန်မြွေတွေက မော့မြွေနဲ့ ဟေးမြွေတွေပြီးရင် ဒုတိယပဲလေ.. အဲဒီလို ကြည့်မယ်ဆိုရင်တော့ ကိုယ်တို့ရဲ့ ရှောင်ရှောင်းလေးအတွက် သူက စိတ်ချရပါတယ်.. ပြီးတော့ လန်ယိယိ ကြီးပြင်းလာတာကိုလည်း ကိုယ်တို့ မျက်စိရှေ့တင်ပဲလေ.. သူရဲ့အကျင့်စရိုက်ကလည်း အတော်လေးကောင်းပြီး ကလေးဘဝထဲက ရှောင်ရှောင်းနဲ့ အများဆုံး ဆော့ကစားလာတာ.. အနာဂတ်မှာ သေချာလေး ပျိုးထောင်ပေးရင် ဒီဆက်ဆံရေးက ပိုပိုပြီး ကောင်းလာနိုင်တယ်..”

ဟွားရှောင်ဟွား သဘောတူလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်.. ‌ရှောင်ရှေင်းအရွယ်ရောက်လာတာနဲ့ သူတို့ လက်ထပ်ပေးလို့ရပြီ.. အဲဒါဆိုရင်တော့ ငါတို့လည်း စိတ်အေးရပါပြီ..”

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ အကြီးအကျယ် ထိတ်လန့်စရာ ကြုံတွေ့ရပေတော့မည်။ ယင်ရှောင်ရှောင်း၏ လက်ထပ်ပွဲမှာ ဆုံးဖြတ်ပြီးသားဖြစ်လေသည်။

အခြားတစ်ဘက်တွင်မူ ယင်ရှောင်ရှောင်းနံဘေး၌ ကောင်းမွန်စွာ သွားနေသည့် ဟွားရှောင်ဝူမှာ ယင်ရှောင်ယိထံမှ ဖိအားပေးခြင်း ခံလိုက်ရသည်။ ယင်ရှောင်ယိ သိသိသာသာ အရှိန်လျော့လိုက်သည်။ ယင်ရှောင်ယိ ယင်ရှောင်ရှောင်းအမြီးအား ကိုက်လိုက်သည်။ တုံ့ပြန်လိုက်ပြီးနောက်တွင်မှ ယင်ရှောင်ယိထံတွင် ပြောစရာရှိနေကြောင်း သဘောပေါက်လိုက်သည်။

“ဘာဖြစ်လို့လဲ တာ့ကော..”

ယင်ရှောင်ယိ အရှေ့တွင်သွားနေသည့် မြွေလေးကောင်အား ကြည့်ကာ အသံနှိမ့်၍ ပြောသည်။

“ရှောင်ရှောင်းက လန်ယိယိကို သဘောကျလား..”

“ဟင်..”

ယင်ရှောင်ရှောင်း တုံ့ဆိုင်းသွားပြီးနောက် မေးသည်။

“ဘယ်လို သဘောကျတာကို ပြောတာလဲ..”

“ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက် အတူတူနေသွားချင်တဲ့ သဘောကျတာမျိုးလေ..”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..”

ယင်ရှောင်ရှောင်း မျက်လုံးပြူးလာပြီး ယင်ရှောင်ယိ ထိုသို့မေးရသည့် အကြောင်းအားလည်း မသိနိုင်ချေ။

“သားက လန်ယိယိကို မကြိုက်ပါဘူး.. ဘာလို့ အဲလိုမေးတာလဲ တာ့ကော..”

ယင်ရှောင်ရှောင်း၏အဖြေအား ကြားသည့်အခါ ယင်ရှောင်ယိမှာ ယင်ရှောင်ရှောင်းကို သေချာကြည့်လိုက်ပြီး လိမ်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ ထိုအခါမှ ယင်ရှောင်ယိမှာ စိတ်ချသွားလေသည်။

“အဲဒါကောင်းတယ် ရှောင်ရှောင်းရေ.. တာ့ကောပြောမယ် အဲဒီ လန်ယိယိက ရှောင်ရှောင်းကို ချဉ်းကပ်လာရင် ထွက်သာပြေးနော်.. နားလည်လား.. တစ်ခုခုပေးလာရင်လည်း မယူရဘူးနော်.. သိပြီလား..”

ယင်ရှောင်ယိမှာ သူ၏ အသေးဆုံးနှင့် အချစ်ရဆုံးသော ညီငယ်လေးအား ထိုအကောင်မှ ခိုးယူသွားမည်ကို လွန်စွာစိုးရိမ်ပူပန်နေမိသည်။ ထိုအကောင် လန်ယိယိမှာ သူမသိလောက်ဟု ထင်နေပုံပင်။ သင်းမှာ ရှောင်ရှောင်းအား စတွေ့သည့်အချိန်မှစကာ အကွက်ချလာခဲ့ခြင်း ဖြစ်သည်။ လန်ယိယိလို ကောင်စားမျိုးမှာ ရှောင်ရှောင်းနှင့် မထိုက်တန်ချေ။ သူတို့မိသားစု၏ အသည်းလေး ရှောင်ရှောင်းမှာ အကောင်းမွန်ဆုံးသောသူနှင့်သာ ထိုက်တန်ပေသည်။

“တာ့ကော.. တာ့ကော ပြောတာက.. လန်ယိယိက သားကို သဘောကျနေတာ ဟုတ်လား..”

ယင်ရှောင်ယိ တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။

“မဖြစ်နိုင်တာ..”

ယင်ရှောင်ရှောင်း ထိတ်လန့်သွားသည်။ သူတို့မှာ အသက် ၁၀ နှစ်သာလျှင် ရှိသေးသည်။ ထိုအသက်အရွယ်နှင့်..

အဲကောင်က အရမ်းအရွယ်နဲ့မလိုက်ဘူး ဖြစ်နေတာ မဟုတ်ဘူးလား..

“လန်ယိယိက သားကို တစ်ခုခု ပေးလာရင်တောင် သားကို သဘောကျနေလို့ဆိုတာ မဖြစ်နိုင်ဘူးလေ..”

ယင်ရှောင်ယိ နှာမှုတ်လိုက်သည်။

“အဲဒါက အမှန်တရားပဲ.. မဟုတ်ရင် လန်ယိယိက မင်းကို ဘာကိစ္စနဲ့ ကောင်းကောင်းဆက်ဆံမှာလဲ.. သေချာစဉ်းစားကြည့်ပါဦး.. လန်ယိယိအပြင် အာအာရယ်.. စန်းစန်းရယ်.. စစ်စစ်ရယ်က မင်းကို တစ်ခုခု ပေးလာသေးလား..”

ယင်ရှောင်ရှောင်း ထပ်ကာထပ်ကာ စဉ်းစားလေသည်။ ထိုအချက်အလက်များမှာ ယင်ရှောင်ယိ၏ အဆိုကို ထောက်ခံနေလေသည်။ ယင်ရှောင်ရှောင်း အနည်းငယ်မျှ လက်ခံလာနိုင်သည်။ သို့သော်လည်း လန်ယိယိ၏ အပြုအမူများအား စဉ်းစားလေလေ ထိုအဆိုမှာ အတော်လေး မမှန်လေဟု တွေးနေမိသည်။

“သားနာလည်ပြီ တာ့ကော..”

ယင်ရှောင်ရှောင်း၏အသံမှာ တည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲမှာမူ ရူးသွပ်လုနီးနီးပင်။

မြွေပွေးတွေက အသက် ၃၀ မှ အရွယ်ရောက်တာလေ.. ငါက အခုမှ ၁၀ နှစ်ပဲရှိသေးတာ.. အရင်ဘဝတုန်းကတော့ ၁၈ နှစ်ဆို အရွယ်ရောက်ပြီလို့ သတ်မှတ်ပေမဲ့ မြွေသက်တမ်းနဲ့ဆို ဒီနှစ်မှ အသက်က ၆ နှစ်တောင် မရှိသေးဘူးလို့.. ဒီပါပီအချစ်က အရမ်းကို စောလွန်းနေတယ်ကွ.. ပြီးတော့ လန်ယိယိအပေါ်မှာလည်း ဘာခံစားချက်မှ ရှိမနေဘူးနော်.. နောက်များတော့ အဲဒီလန်ယိယိနဲ့ အကွာအဝေးတစ်ခု ခြားထားတာ အကောင်းဆုံးပဲ.. လန်ယိယိကို မျှော်လင့်ချက် ပေးမနေသင့်ဘူး.. မျှော်လင့်ချက်ကြီးလေလေ စိတ်ပျက်ရဖို့ များလေလေပဲ..