Chapter 36
ချောင်းထဲတွင် ရေချိုးပြီးသည့်အခါ ဂူသို့ပြန်လာခဲ့ကြသည့် မြွေလေးများမှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ လေးနက်မှုကို မြင်တွေ့လိုက်ရသည်။ ရွှင်မြူးတက်ကြွနေသည့် အဖွဲ့မှာ တိတ်ဆိတ်သွားလေသည်။
တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြပြီး ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့အား စိတ်ဆိုးဒေါသထွက်အောင် မည်သူလုပ်ထားသနည်းကို မသိဘဲ ရှိနေကြသည်။ အဓိပ္ပါယ်ရှိသည့် အကြည့်များနောက်တွင် ယင်ရှောင်ရှောင်း ရှေ့ပို့ခံလိုက်ရသည်။
မင်းကို ရှေ့တန်းပို့လိုက်ပြီ.. ရွေးစရာမရှိတော့ဘူးနော်..
ယင်ရှောင်ရှောင်း နောက်လှည့်ကာဖြင့် ကျန်မြွေများအား စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်သည်။ ထို့နောက်တွင် မျက်နှာချိုသွေးကာဖြင့် ပြောလေသည်။
“နောက်ကျနေပြီလေ ပါပါးနဲ့ဖေဖေ.. အနားယူကြမယ်နော်..”
ဟွားရှောင်ဟွား ချောင်းဟန့်လိုက်သည်။
“မင်းတို့ ဖေဖေနဲ့ ပါပါးမှာ မင်းတို့နဲ့အတူ ဆွေးနွေးစရာရှိတယ်..”
ထို့နောက်တွင် စကားပြောနေခြင်းအား ရပ်လိုက်ပြီး အဓိပ္ပါယ်ရှိရှိဖြင့် မြွေလေးများအား ယင်တပိုင်နှင့်သူ ပြုလုပ်ထားသည့် မီးပုံထံ ညွှန်ပြလိုက်သည်။ ပြီးနောက် ယင်တပိုင်နှင့်အတူ မီးပုံထံသို့ ဦးဆောင်သွားလေသည်။
ယင်ရှောင်ရှောင်းမှာ ပထမဆုံးသွားသူဖြစ်ပြီးနောက်တွင် မြွေကလေး ခြောက်ကောင်မှာ မီးပုံနံဘေး၌ ဝန်းရံလျက်ရှိကြသည်။ ယင်ရှောင်ရှောင်း အခြေအနေအား ခိုးကြောင်ခိုးဝှက် ထောက်လှမ်းလိုက်သည်။
အဲတော့ ငါတို့က ညနေခင်းမှာ မီးပုံဘေးထိုင်ပြီး အစည်းအဝေး လုပ်ကြတာပေါ့..
ထိုသို့တွေးနေမိသည့် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွား၏ ပြောစကားကြောင့် အသိပြန်ဝင်လာသည်။
“မင်းတို့ဖေဖေနဲ့ ပါပါးက ဒီကနေ ထွက်သွားဖို့ စိတ်ကူးထားတယ်..”
ဟွားရှောင်ဟွားစကားဆုံးသည့်အခါ မီးပုံနံဘေးရှိ အခြေအနေမှာ တိတ်ဆိတ်သွားပြီး လေထုမှာလည်း အလွန်အမင်း လေးလံလာသည်။ သို့သော်လည်း ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့၏ ထွက်ခွာမှုမှာ တားဆီး၍ မရချေ။ လန်ယိယိတို့၏ မိဘများမှာလည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်က ထွက်ခွာသွားကြာသဖြင့် တစ်နေ့တွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ထွက်ခွာသွားကြမည်ကို မြွေကလေးများ သိနေကြပါသည်။ သို့သော်လည်း နှစ်နှစ်ကုန်လွန်ခဲ့သော်လည်း ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ထွက်ခွာမည့်အကြောင်း ပြောမလာခဲ့ချေ။ ထို့ကြောင့် မြွေကလေးများမှာ သူတို့၏ မိဘနှစ်ပါး ထွက်ခွာမသွားဖို့ရန် အကြီးအကျယ် မျှော်လင့်နေခဲ့ကြသည်။
“တကယ်က လန်ယိယိတို့ မိဘတွေ ထွက်သွားတဲ့ နှစ်ကတည်းက ဖေဖေတို့ကလည်း ထွက်သွားခဲ့သင့်တာ.. ဒါပေမဲ့ ရှောင်ရှောင်းရဲ့ အခြေအနေကြောင့် အဲဒီလို မလုပ်နိုင်ခဲ့ဘူး.. နှစ်နှစ်လောက် ရှိပြီဆိုတော့လည်း ရှောင်ရှောင်းက သားကောင်ကို ကိုယ်တိုင်ဖမ်းနိုင်နေပြီ.. ခန္ဓာကိုယ်ကလည်း ၈ နှစ်သား အရွယ်လောက် ရှိလာပြီဆိုတော့ ဖေဖေတို့ စိတ်ချနိုင်ပါပြီ.. အဲဒီကြောင့် နှစ်ရက်အတွင်း ထွက်ခွာဖို့အတွက် ဆုံးဖြတ်လိုက်တာပဲ..”
ယင်တပိုင် တည်ကြည်စွာဖြင့် ပြောသည်။
မြွေကလေးများမှာ တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြပြီး မည်သူမျှ စကားဆိုလာခြင်း မရှိပေ။
“ပါပါးနဲ့ဖေဖေတို့ ထွက်သွားမယ်ဆိုတာကလည်း လုံးဝ ပြန်မလာတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ.. ဒီနေရာက ပါပါးတို့မိသားစုရဲ့ ထာဝရအိမ်ကလေးပဲ.. သားတို့ ကြီးပြင်းနေတဲ့အတောအတွင်း ပါပါးတို့က တစ်နှစ်တစ်ခါ လာလည်မှာပေါ့..”
မြွေကလေးများမှာ ခေါင်းငုံ့လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ယင်ရှောင်ရှောင်း မနေနိုင်တော့သဖြင့် မေးလာသည်။
“သားတို့ကော အတူသွားလို့ မရဘူးလားဟင်..”
“ပါပါးတို့က ဒီတောင်ခြေက ထွက်သွားတော့မှာ..”
ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
“ဒါပေမဲ့ အရွယ်မရောက်သေးခင် ဒီတောင်ခြေကနေ ထွက်သွားလို့ မရဘူးနော်.. အပြင်မှာ အရမ်းအန္တရာယ်များတယ်.. မြွေငယ်လေးတွေက ထွက်မသွားရဘူး..”
အန္တရာယ်လား..
ယင်ရှောင်ရှောင်း ခေါင်းစောင်းလိုက်သည်။
ဒီမြွေပွေးတွေက အရမ်းကြမ်းတမ်းနေပြီးသား မဟုတ်ဘူးလား.. သူတို့ပိုင်နက်ထဲမှာ ဘယ်ဟာက အန္တရာယ်ဖြစ်နိုင်ဦးမှာလဲ..
‘အန္တရာယ်’ ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း ဟွားရှောင်ဟွား ပြောမလဲသေးသည့်အတွက် ယင်ရှောင်းရှောင်းလည်း မေးဖို့ရန် မဖြစ်နိုင်ချေ။ ထို့အတူ မေးဖို့ရန်လည်း မလိုအပ်သေးချေ။
ရုတ်တရက်ဆိုသလို ယင်တပိုင် တစ်စုံတစ်ခုအား သတိရလိုက်မိသည်။
“နောက်လာမယ့် နှစ်ပေါင်း ၂၀ အတွင်း ဒီဂူထဲမှာပဲ နေ့တိုင်းမနေဘဲ တောင်တစ်ဝိုက် လျှောက်သွားဖို့ လိုအပ်တယ်နော်.. နားလည်လား သားတို့.. ရှောင်ရှောင်းကတော့ မသွားချင်ရင် မသွားဘဲနေလို့ရတယ်..”
မြွေကလေးများမှာ မေးခွန်းများရှိနေသော်ငြား ခေါင်းသာညိတ်လိုက်ကြပြီး ခွဲခွာဖို့ရန်အတွက် ဆို့နင့်နေသည်ကြောင့် စကားမပြောနိုင်ကြချေ။
ယင်တပိုင် မှာကြားခဲ့သည့် နောက်ဆုံးစကားမှာ မြွေမျိုးနွယ်စုများအကြား blind date ပြုလုပ်နိုင်ရန်အတွက် ဖြစ်သည်။ အသက် ၃၀ မရောက်ခင်အထိ မြွေကလေးများအား တောင်ခြေသို့ သွားရန် တားမြစ်ထားသည်။ တောင်တစ်ဝိုက် လျှောက်သွားလေလေ အခြားမြွေများနှင့် တွေ့ဆုံရန် အခွင့်အရေး များလေလေဖြစ်သည်။ အခြားမျိုးနွယ်များနှင့် ပိုတွေ့လာသည်နှင့်အမျှ သူတို့အား ပြန်လည်သဘောကျနိုင်သည့် မြွေများနှင့် တွေ့ဆုံရန် အလားအလာ ပိုကောင်းလာနိုင်သည်။
ထိုသို့ဖြင့် နှစ်ဘက်ခံစားချက်များ တဖြည်းဖြည်း နက်ရှိုင်းလာနိုင်မည် ဖြစ်ကာ အရွယ်ရောက်လာသည်နှင့် လက်တွဲဖော်အဖြစ် သတ်မှတ်နိုင်ကြပေလိမ့်မည်။ မြွေအများစုမှာ ဤနည်းဖြင့် ဘဝလက်တွဲဖော်အား ရှာဖွေကြခြင်းပင်။ ယင်ရှောင်ရှောင်းအား ယင်တပိုင် ဂူထဲတွင်နေရန် ခွင့်ပြုထားခြင်းမှာ ယင်ရှောင်ရှောင်းအနေဖြင့် ဘဝလက်တွဲဖော် ရှာမတွေ့နိုင်ဟု ယူဆထားခြင်းကြောင့် မဟုတ်ဘဲ သူ့ထဲတွင် လန်ယိယိ ရှိနှင့်ပြီးသားကြောင့်ပင်။ ငယ်ချစ်များအဖြစ်မှ သက်ဆုံးထိတိုင်အောင်..။ ယင်းမှာ မဆိုးလှချေ။
အရွယ်ရောက်ပြီး မြွေပွေးတစ်ကောင်အနေဖြင့် ကလေးယူရန် အသင့်တော်ဆုံးအချိန်မှာ အနှစ် ၅၀ အတွင်းဖြစ်သည်။ ဆိုလိုသည်မှာ အရွယ်ရောက်လာသည့် အသက် ၃၀ မှစကာ အသက် ၈၀ ထိတိုင်အောင် ဖြစ်သည်။ ထို့နောက်တွင်မူ ကလေးမွေးဖွားရန်အတွက် မဖြစ်နိုင်တော့ဘဲ အောင်အောင်မြင်မြင် မွေးဖွားနိုင်မည် ဆိုလျှင်လည်း မြွေစဉ်မမီလေးများသာ ဖြစ်နိုင်သည်။ ထပ်ဆောင်းပြောရမည်ဆိုလျှင် မြွေများ၏ ကိုယ်ဝန်ဆောင်ခြင်းမှာ အလွန်အမင်း ခက်ခဲလှချေသည်။ အထူးသဖြင့် ဖို-ဖို စုံတွဲများတွင် ဖြစ်သည်။ အရွယ်ရောက်ပြီးစအချိန်မှစကာ ကိုယ်ဝန်ဆောင်မည်ဆိုလျှင်ပင် နှစ်ပေါင်းများစွာ အကောင်းဆုံး ကြိုးစားရန် လိုအပ်လေသည်။
ပျော်ရွှင်တက်ကြွကာ စိတ်လက်ပေါ့ပါးနေသည့် ဟွားရှောင်ဟွား ပြောသည်မှာ _
“ကောင်းပြီ ကောင်းပြီ.. ဒါဆို သားတို့အားလုံး မြန်မြန်လေး အိပ်ရာဝင်ကြတော့နော်..”
ထို့နောက်တွင် မြွေလေးများအားလုံး ဂူထဲသို့ စေပို့ခံလိုက်ရသည်။ လမ်းတစ်ဝက်တွင် ယင်တပိုင်မှာ အဓိပ္ပါယ်ရှိရှိ တစ်ချက်ကြည့်လာပြီး ခေါင်းအသာညိတ်လိုက်သည်။
“ရှောင်ရှောင်းက ခဏလေးနေဦး..”
ဂူဝသို့ရောက်နေသည့် ယင်ရှောင်ရှောင်းမှာ နောက်ပြန်ဆုတ်လိုက်ရသည်။
ဟွားရှောင်ဟွား ကျန်မြွေလေးများအား ဂူထဲသို့ အတင်းအကြပ် သွပ်သွင်းပြီးနောက် ပြန်ထွက်လာသည်။ မြွေဖေဖေနှစ်ကောင်မှာ ယင်ရှောင်ရှောင်းနံဘေး၌ ရှိနေကြပြီး ယင်ရှောင်ရှောင်း တံတွေးမြိုချမိလိုက်သည်။ ထိုနှစ်ကောင်မှာ သူ့အား စကားအကောင်းပြောမည့်ဟန် မရှိချေ။
“သားရဲ့ ဖေဖေနဲ့ ပါပါးက သားကိုအရမ်းစိတ်ပူနေမိတယ် ရှောင်ရှောင်း.. သားမှာ မှတ်ဉာဏ်အမွေလည်းမရှိဘူး.. အကောင်လေးလည်း သေးနေပြီး သွားနှုန်းကလည်း နှေးနေတယ်.. သားရဲ့အကျင့်စရိုက်ကလည်း သိပ်ကောင်းတယ်လို့ မဟုတ်ဘူး.. အစားလည်းရွေးတယ်.. ချက်ထားတာမဟုတ်ရင် မစားဘူး.. နေပူဆာလှုံတာ မကြိုက်တဲ့အပြင် ရေလည်းစိမ်တတ်သေးတယ်.. ဟေးမြွေနဲ့တောင် သူငယ်ချင်းတွေ ဖြစ်လိုက်သေးတယ်..”
ဟွားရှောင်ဟွားမှာ လိုရင်းကိုမရောက်နိုင်ဘဲ ယင်ရှောင်ရှောင်း၏ ချိုးယွင်းချက်များကိုသာ ပြောနေလေသည်။
ယင်ရှောင်ရှောင်းမှာ ဝမ်းနည်းပူဆွေးမှုနှင့်အတူ မခံမရပ်နိုင်စိတ်တို့ ပြည့်လာတော့သည်။
‘အဲတော့ ဘာဖြစ်လဲ.. ဘာဖြစ်လဲလို့.. ပါပါးတို့က ထွက်မသွားခင် သားကို လှောင်နေတာ ရပ်ဦးမှာလား.. ဘာမှ အပိုတွေ ပြောနေဖို့ မလိုဘူးနော်.. သားရဲ့ချို့ယွင်းချက်တွေကို သားသိတယ်လို့.. သားအပေါ် အမြဲတမ်း စိတ်မရှည်ဘူးမလား.. သဘောလည်းမကျဘူးလေ.. ဝန်ပိုတစ်ခုလို့ စဉ်းစားနေခဲ့တာ မဟုတ်လား.. သားကို ပါပါးတို့က အမြဲတမ်း အဲလိုတွေးနေကြတာလေ..’
“အဲဒီလို ချိုးယွင်းချက်တွေ ဘယ်လောက်များများပါ သားက ပါပါးနဲ့ မင်းဖေဖေရဲ့ ချစ်ရတဲ့သားလေး ဖြစ်နေတုန်းပါပဲ.. အဲဒါကြောင့် ပါပါးတို့က သားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ပူနေရတာ.. ရှောင်ရှောင်းလေးက ကိုယ်ကြိုက်တဲ့ ငှက်တွေကိုတောင် မဖမ်းနိုင်သေးဘူး မဟုတ်လား.. အခုအချိန်မှာတော့ သားရဲ့ကောကောတွေက သားအတွက် အစာကူရှာပေးလို့ရနေသေးတာပေါ့.. ဒါပေမဲ့လည်း သူတို့ ကြီးပြင်းလာပြီး အခြေကျသွားပြီဆိုရင် သားအတွက် အစာရှာပေးဖို့ မဖြစ်နိုင်တော့ဘူးလေ.. အဲဒီအပြင် သားတို့တွေက နှစ်နှစ် သုံးနှစ်လောက် မတွေ့ရတာမျိုးတွေတောင် ဖြစ်လာနိုင်တယ်.. ဒါတွေက အသေးအဖွဲလေးတွေ ဖြစ်ပေမဲ့လည်း ဘဝဆိုတာက ဒီအရာတွေနဲ့ပဲ ပြုလုပ်ထားတာလေ..”
ထိုသို့ပြောပြီး ဟွားရှောင်ဟွား ရပ်လိုက်သေးသည်။
“ပါပါးတို့က သားကို ကောင်းကောင်းမွန်မွန် ရှင်သန်သွားစေချင်တယ်.. သားကို သည်းသည်းလှုပ် ချစ်မြတ်နိုးပြီး အလိုလိုက်တတ်တဲ့သူမျိုးကို သားရှာရမယ်နော်.. အထင်ကြီးစရာကောင်းတဲ့သူမျိုးပေါ့.. သားကို အနိုင်ကျင့်နှိပ်စက်မယ့် ထူးထူးဆန်းဆန်း အကောင်တွေနဲ့ လက်တွဲဖော် ဖြစ်လာပြီး နာကျင်ခံစားရတာမျိုးကို ပါပါးတို့ မလိုချင်ဘူး.. သားအဆင်ပြေပျော်ရွှင်တဲ့ဘဝမျိုး ရမယ်ဆို ပါပါးတို့က ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြမှာပါ..”
ဟွားရှောင်ဟွား ပြောပြီးသည့်နောက် ယင်တပိုင် ပြောလေသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖေဖေကတော့ လန်ယိယိက အသင့်တော်ဆုံးလို့ ထင်တယ်.. လန်ယိယိက သားကို သဘောကျတယ်ဆိုတာ ဖေဖေတို့ သိကြတယ်.. ပြီးတော့ သူက ဖေဖေတို့ရဲ့ အိမ်နီးချင်းလေ.. သူ့ရဲ့နောက်ခံကိုလည်း သိတယ်.. ပြီးတော့ ဖေဖေတို့လည်း သူ့ကို အရမ်းသဘောကျတယ်.. အဲ့အပြင် လန်မြွေမျိုးနွယ်က အရမ်းသန်မာပြီး စွမ်းအားကြီးတယ်.. သူသာ သားကို ကာကွယ်ပေးမယ်ဆို ဖေဖေတို့ စိတ်အေးရမှာပဲ.. အနာဂတ်မှာ သားက သူနဲ့အတူ ရှိသွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့.. ဒါပေမဲ့လည်း သားဆန္ဒမရှိဘူးဆို ဖေဖေတို့က တွန်းအားပေးမှာ မဟုတ်ဘူးနော်.. သားကိုယ်တိုင် ရွေးချယ်လို့ရတယ်..”
ယင်ရှောင်ရှောင်း တိတ်တဆိတ်သာ ခေါင်းညိတ်လိုက်သည်။
ပါပါးနဲ့ဖေဖေက ငါ့ကို လန်ယိယိနဲ့ တအားကို ဖြစ်စေချင်နေကြတယ်ပေါ့လေ.. အဲဒီ လန်ယိယိကောင်ကို ကြိုက်မှမကြိုက်တာကို..
ကျန်တဲ့သက်တမ်း နှစ်ပေါင်း ၁၉၀ ကို နေ့တိုင်း လန်ယိယိရုပ်ကြီးကြည့်ပြီး မဖြတ်သန်းချင်ဘူးလို့.. °՞(ᗒᗣᗕ;)՞°
သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ထိုစကားများအား မပြောနိုင်ချေ။ ယခုအချိန်တွင် ဆန့်ကျင်လိုက်မည်ဆိုလျှင် ငယ်လွန်းသေးသဖြင့် ဆုံးဖြတ်ချက်မနိုင်နိုင်သေးဟု ပြောကြပေလိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် အဆက်အသွယ်မပြတ် ရှိနေပြီးမှ စစ်ဆေးကြည့်ရမည်၊ ထို့နောက် ဆွေးနွေးတိုင်ပင်ရမည်၊ စသည်..။ ဖခင်ဖြစ်သူမှာ သူ့အား လန်ယိယိထံ တွန်းပို့ကာ လန်ယိယိ၏ စောင့်ရှောက်မှုအောက် ထားပေလိမ့်မည်။ ထို့နောက်တွင် သူ့အနေဖြင့် အသူရာချောက်နက်ထဲသို့ ကျရောက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုသို့တွေးမိသည့်အခါ ယင်ရှောင်ရှောင်း တသိမ့်သိမ့်တုန်လှုပ်သွားလေသည်။ သူ့အနေဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ ဆုံးဖြတ်ချက်အား ဖီဆန်ဖို့ မရဲတော့ချေ။ မည်သို့ပင်ဖြစ်စေ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ ထွက်သွားပြီးသည်နှင့် သူကြိုးစားဖို့ရန် အခွင့်အရေးရလာပေမည်။ ယခုအချိန်တွင် ခုခံပြောဆိုနေခြင်းမှာ အကျိုးမရှိချေ။
ထိုသို့ဖြင့် ယင်ရှောင်ရှောင်း၏ ကျန်ရှိသည့်သက်တမ်း နှစ်ပေါင်း ၁၉၀ အား ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရေး ဆွေးနွေးမှုတွင် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့၏ စကားလုံးများအောက်တွင် မူးဝေကာဖြင့် ရှင်သန်နိုင်ခဲ့သည် ဟွားရှောင်ဟွား ဂူထဲသို့ ပြန်ဝင်သွားသည့် သာယာလှပသော အသံအား ကြားလိုက်ရချိန် ယင်ရှောင်ရှောင်းမှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် ခေါင်းလှည့်ကာ ဂူထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားလိုက်သည်။ သူ၏အမြီးမှာလည်း ပျော်ရွှင်တက်ကြွမှုတို့အပြည့်ဖြင့် ထောင်မတ်နေလေသည်။
ပါပါးနဲ့ ဖေဖေ စကားပြောပြီးဖို့ကို တစ်ကမ္ဘာလောက်ကြာတယ်ကော.. ( ˘ ^˘ )=3
ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ ဂူထဲသို့ဝင်လာသည့် ယင်ရှောင်ရှောင်းအား မျက်စိတောက်ထောက် ကြည့်နေလေသည်။ ထို့နောက် ဟွားရှောင်ဟွား သက်ပြင်းချလိုက်သည်။
“ရှောင်ရှောင်းက လန်ယိယိကို မကြိုက်ဘူးလို့ ဘာလို့များ ခံစားနေရတာလဲမသိဘူး..”
“အဲဒါက ပြဿနာမဟုတ်ပါဘူးကွာ.. ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ၂၀ တောင်ကျန်သေးတာ.. ရှောင်ရှောင်းက လန်ယိယိကို သေချာပေါက် လက်ခံမှာ..”
ဟွားရှောင်ဟွား မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။ လတ်တလောတွင် ထိုနည်းလမ်းတစ်ခုသာလျှင် ရှိသည်။
“အာ.. ဟုတ်သားပဲ.. ရှောင်ရှောင်းမှာက မှတ်ဉာဏ်အမွေမရှိဘူးလေ.. အဲဒီနေရာကို မသွားသင့်ဘူးနော်..”
ယင်တပိုင် တီးတိုးပြောနေမိသည်။
“ဒါက ကိစ္စအကြီးကြီးတော့လည်း မဟုတ်ပါဘူး.. မှတ်ဉာဏ်အမွေက ပြောထားတာကတော့ ကိုယ်တို့တွေက ဒီတောင်ကို ကာကွယ်ရမယ် ဆိုပေမဲ့လည်း တောင်ထဲမှာရှိတဲ့ အဲဒီအရာကိုလည်း ကာကွယ်ဖို့ လိုတယ်.. မြွေမျိုးနွယ်တွေက ဒီနေရာမှာ ရှိလာတာ နှစ်ပေါင်း ထောင်နဲ့ချီပြီး ရှိနေတာတောင် အဲဒီအရာကို ရှာတွေ့တယ်လို့ မကြားဖူးခဲ့ဘူး.. ပြီးတော့ အဲဒီအရာရဲ့ တည်နေရာကိုလည်း မှန်းခြေပဲရှိတာ.. အဲဒါကို ရှာမတွေ့နိုင်ဘူးလို့ မပြောနိုင်သလို ရှောင်ရှောင်းက ရှာတွေ့လိမ့်မယ်လို့လည်း မဆိုနိုင်ဘူး.. ရှောင်ရှောင်းရဲ့ ပျင်းရိမှုနဲ့ဆိုရင် သူ့ကို သွားရှာလို့ ပြောရင်တောင် သေချာပေါက် ငြင်းလိမ့်မယ်..”
ထိုအဆိုနှင့် ပတ်သက်၍ ဟွားရှောင်ဟွား အားတက်သရော ထောက်ခံလေသည်။ နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးခဲ့သည့်တိုင် ထိူအရာအား မည်သည့်မြွေမှ ရှာတွေ့ခဲ့ခြင်း မရှိချေ။ မည်သူမျှလည်း အချိန်ပြည့် စေ့စေ့စပ်စပ် ရှာဖွေမနေကြချေ။
“အဲဒါဆို ရှောင်ရှောင်းကို အဲဒီနေရာကို မသွားဖို့ ပြောမနေတော့ဘူးပေါ့နော်..”
“ပြောဖို့ မလိုပါဘူး.. ရှောင်ရှောင်းအကြောင်း မင်းလည်းသိသားပဲ.. ကိုယ်တို့က ဒါလုပ်ဆိုရင် သူကလုပ်မှာ မဟုတ်ဘူး.. မလုပ်နဲ့နော်လို့ သေချာမှာလိုက်တာနဲ့ လုပ်ပြီပဲ.. ကိုယ်တို့က အဲဒီနေရာကို မသွားနဲ့နော်လို့ မှာခဲ့လိုက်မယ်ဆို ကိုယ်တို့ထွက်သွားတာနဲ့ ချက်ချင်းသွားရှာမှာကို အကြောက်ဆုံးပဲ..”
ဟွားရှောင်ဟွား ခေါင်းညိတ်လိုက်သည်။ ယင်တပိုင်ပြောသည်မှာ ဆီလျော်လေသည်။ သနားစရာ ယင်ရှောင်ရှောင်းလေးမှာ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့ထံမှ ‘ငပျင်းလေးနှင့် ပုန်ကန်တတ်သူ’ ဟူ၍ ခေါင်းစဉ်တပ်ခံထားရကြောင်း မသိရှာပေ။
နှစ်ရက်ကုန်လွန်ပြီးသည့်နောက်တွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ မည်သည့်အရာမှ ယူဆောင်ခြင်း မပြုဘဲ ထွက်ခွာသွားကြလေသည်။
မြွေလေးများမှာ မိသားစုဂူဝတွင် ရပ်လျက်ရှိနေကြသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ မှာကြားချက်အရ သူတို့ထွက်ခွာသွားခြင်းအား ကြည့်ရန်မလိုဟု ဆိုသော်လည်း မိဘနှစ်ပါး၏ အရိပ်အား မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ထိတိုင်အောင် အကြည့်များ လိုက်ပါသွားကြသည်။ မြွေလေးများ၏ စိတ်နှလုံးထဲ၌ ဗလာကျင်းနေကြသည်။ ယင်ရှောင်ရှောင်းမှာ မျက်ရည်ဆို့လာသည်။ ဤတစ်ကြိမ်တွင်မူ မြွေလေးများမှာ ငိုနိုင်သည့် ယင်ရှောင်ရှောင်းအား မနာလိုလျက်ရှိကြသည်။ ယင်ရှောင်ရှောင်း ငိုပြီးသည့်အကြိမ်တိုင်းတွင် မျက်ရည်များကျဆင်းပြီးနောက် ပျော်ရွှင်သွားတတ်သောကြောင့်ပင်။ ထိုသို့သာ ဖြစ်နိုင်မည်ဆိုလျှင် သူတို့လည်းပဲ ငိုတတ်ချင်ပါ၏။ ငိုကြွေးပြီးနောက်တစ်နေ့တွင် သူတို့အနေဖြင့် ထပ်မံပြုံးနိုင်ပါဦးမည်လား။